သစ်ပင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

လူ့အကျိုးပြု ရွှေပင်ငွေပင်များ[ပြင်ဆင်ရန်]

ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီရသော သစ်ပင်နှင့် မြေကြီး၊ သစ်ပင်နှင့်လူသတ္တဝါတို့၏ ခြားနားချက်၊ သစ်ပင်တစ်ပင်၏ အင်္ဂါအစိတ်အပိုင်းတို့က ဆောင်ရွက်ရသော တာဝန်ဝတ္တရားများ၊ သစ်ပင်တပင်၏ အသက်မည်မျှရှိသည်ကို သိနိုင်သည့်နည်း၊ သစ်ပင်များ၏ ရန်သူများ၊ သစ်ပင်ဖိုးသက်ရှည်ကြီးများနှင့် အဓိကရ သစ်ပင်ကြီးများ စသည်တို့အကြောင်း စိတ်ဝင်စားဖွယ် ဖေါ်ပြထားသည်။

မြောက်ဖက်တောင်တန်းမှ သစ်ပင်များUtah during early autumn
Trunk base of a Coast Redwood tree in Jedediah Smith Redwoods State Park: Simpson Reed Discovery Trail, near Crescent City, California

သစ်ပင်[ပြင်ဆင်ရန်]

'သစ်ပင်'ဟူသော ဝေါဟာရတွင် အကျုံးဝင်သည်ဟု အသိအမှတ်ပြုကြသော အပင်များမှာ ယေဘူယျအားဖြင့် ပင်စည်တစ်ခုတည်းသာ ရှိပြီးလျှင် အနည်းဆုံး အမြင့် ၁ဝ ပေခန့် ရှိရပေသည်။ ထိုပြင် သစ်ပင်၏ ပင်စည်မှ သစ်သား ရရှိနိုင်လေသည်။ ချုံပင်သည် ပင်စည်တစ်ခုထက် ပိုရှိပြီးလျှင် ပင်စည်မှ သစ်သားလည်း မရနိုင်ပေ။ သစ်ပင်၏ ပင်စည်တို့သည် မြေမှထွက်၍အပေါ်သို့ ထောင်ကာ မိုးသို့မျှော်၍ ပေါက်ကြသည်။ သစ်ပင်တစ်ပင်၏ ပင်စည်ပိုင်းသည် အထက်သို့ တိုး၍တိုး၍ တက်ကာ အထက်ပိုင်းရှိ ရွက်အုပ်သည် လေနှင့် နေရောင်ကို ရနိုင်သလောက်ယူသည်။ အမြစ်ပိုင်းမှာမူ မြေကြီးထဲသို့ နက်သည် ထက်နက်အောင် ဝင်ရောက်ကာ အဖက်ဖက်သို့ အမြစ်များဖြာထွက်လေသည်။

သစ်ပင်အမျိုးမျိုး[ပြင်ဆင်ရန်]

အပင်လောကတွင် သစ်ပင်သည် အကြီးဆုံးသောအပင်မျိုးလည်းဖြစ်သည်။ အသက်အရှည်ဆုံး အပင်မျိုးလည်း ဖြစ်သည်။ ကမ္ဘာမြေပြင်ပေါ်၌ ပေါက်ရောက် သော သစ်ပင်တို့ကား အမျိုးအမည် များပြားလှစွာ ရှိပေသည်။ နေရာဒေသ၊ ရာသီဥတု၊ ရေမြေသဘာဝကို လိုက်၍ အပူပိုင်း ဒေသပေါက် သစ်ပင်မျိုး၊ သမပိုင်းဒေသပေါက် သစ်ပင်မျိုး၊ စိုစွတ်ထိုင်းမှိုင်းသော ဒေသပေါက်သစ်ပင်မျိုး စသည်ဖြင့် အမျိုးမျိုးရှိလေသည်။ သို့ရာတွင် သစ်ပင်အမျိုးပေါင်း ထောင်သောင်းချီ၍ ရှိသည့် အနက် အဓိကအားဖြင့် ခွဲခြားလိုက်လျှင် အပ်ရွက်ပင်မျိုးနှင့် ရွက်ပြန့်ပင်မျိုးဟူ၍ နှစ်မျိုးရှိလေသည်။

အပ်ရွက်ပင်မျိုးတို့ကား ထင်းရှူးမျိုးများဖြစ်ပေသည်။ သေးကျစ်ရှည်ချွန်၍ အပ်ချောင်းနှင့်တူသော ထင်းရှူးရွက်တို့ သည် အလွန်အေးမြသော ဆောင်းရာသီ၏ဒဏ်ကို ခံနိုင်ရည်ရှိပြီးလျှင် အရွက်ကြွေခြင်း မရှိကြချေ။ ထိုကြောင့် ထင်းရှူးတောများကို အမြဲစိမ်းတော၊ သို့မဟုတ် ရွက်မပြတ်တောဟု ခေါ်ဆိုကြ သည်။ အရွက်တို့သည် ကိုင်းများရှိ အဖုများမှ၎င်း၊ အခက်များမှ၎င်း တစ်ရွက်စီထွက်သည်။ အပ်ရွက်ရှိ သောသစ်ပင်များမှ ကတော့ပုံ အသီးမျိုးသီးသည်။

သစ်ပင်မှသီးသော အသီးများကို သစ်သီးဟုခေါ်ကြ၍ သစ်သီးမှအစေ့ကို သစ်စေ့ဟု ခေါ်ကြလေသည်။ သစ်စေ့များကို နှစ်မျိုးခွဲခြားနိုင်ရာ အသီးအတွင်း၌ အစေ့အိမ်ဖွဲ့၍ တည်တတ်သော အစေ့မျိုးကို မျိုးစေ့ဝှက် ဟူ၍၎င်း၊အသီးအတွင်း၌မနေဘဲ အသီးမျက်နှာပြင်သို့ ဟင်းလင်းပေါ်ထွက်နေသော အစေ့မျိုး ကို မျိုးစေ့ဖေါ်ဟူ၍၎င်း ခေါ်ဆိုခွဲခြားကြသည်။ထင်းရှူးစေ့များသည် ဒုတိယ အမျိုးအစား၌ ပါဝင်၍ မှည့်သောအခါ အစေ့များသည် အပသို့ စဉ်ထွက်လေသည်။ ယင်းသို့ဖြင့် လေထဲတွင်လွင့်ပါ၍ မြေသို့ ကျရောက်သော အစေ့များသည် အပင်ပေါက်နိုင်သော် လည်း မြေသို့မကျသည့် အစေ့များသည် အစေ့ အိမ်မပါသဖြင့် ပျက်စီးကုန်လေသည်။

အပ်ရွက်ပင်မျိုးသည် အအေးဒဏ်ကို ခံနိုင်ရည် ရှိသဖြင့် ကမ္ဘာ့အအေးပိုင်း ဒေသများ၌၎င်း၊ တောင်ပေါ်သစ်တောများအဖြစ်၎င်း ပေါက်ရောက်ကြသည်။ အပ်ရွက်ပင်မျိုးတို့၏ အသား၊ သို့မဟုတ် ထင်းရှူးသားတို့သည် အခြားသစ်သားများနှင့် နှိုင်းစာလျှင် အသားပွ၍ ခွဲဲစိတ် လွှတိုက်ရန် လွယ်ကူသည်။ သို့သော် အဖိုးတန် သစ်သားကိုမူ ထင်းရှူးပင်မှ မရရှိနိုင်ပေ။

ရွက်ပြန့်ပင်မျိုးတို့သည် ဆောင်းကူးရာသီတွင် အရွက်ကြွေသည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်း ဒေသများတွင် သစ်ပင်တို့သည် နွေရာသီ၌ အရွက်ကြွေကြသည်။ (မြန်မာနိုင်ငံ သစ်ပင်များ-လည်းရှု။) ယင်းသို့ အရွက်ကြွေသော အပင်များ ပေါက်ရောက်ရာ ရွက်ပြန့်တောများကို ရွက်ပြတ်တောဟု ခေါ်ကြလေသည်။ ရွက်ပြန့်ပင်တို့၏ အစေ့သည် အသီးအတွင်း ၌ အစေ့အိမ်ဖြင့် လုံခြုံစွာ ဖွဲ့လျှက်တည် ရှိသဖြင့် ထိုအစေ့မျိုးကို မျိုးစေ့ဝှက်ဟု ခေါ်လေသည်။ ရွက်ပြန့်မျိုးတွင်ပါဝင်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ယင်းမာ စသော အပင်မျိုးတို့၏ သစ်သား သည်မာကျော၍ လှပသောအကွက်များရှိသဖြင့် အိမ်တွင်းသုံးပစ္စည်းများ ပြုလုပ်ရန်ကောင်းသည့် အဖိုး တန် သစ်သားများ ဖြစ်ကြ ပေသည်။ လက်ပံ၊ မိုးမခနှင့် ပေါ့ပလာပင်တို့သည် ထင်းရှူးထက်ပင် အသားပွသေးသော်လည်း အရွက်ပြန့်ပြီးလျှင် မျိုးစေ့ဝှက်ပါသဖြင့် ရွက်ပြန့်ပင်မျိုးတွင် ထည့်သွင်းရလေ သည်။ ထင်းရှူးမျိုးတွင်ပါဝင်သော ရွက်ကြွေပင်မျိုး ရှိသည့်နည်းတူ ရွက်ပြန့်မျိုးဖြစ်သော်လည်း အရွက်မကြွေသော အပင်မျိုးလည်းရှိလေသည်။

အပူပိုင်းဇုံဒေသများ၌ ပေါက်ရောက်သည့် အချို့သော လမုမျိုးစေ့နှင့် ညောင်မျိုးစိတ်ဝင် အပင်များသည်လည်း တစ်မူ ထူးခြားပေသည်။ထိုအပင်မျိုးတို့၏ အကိုင်းအခက်များမှ မြေသို့သက်သော အမြစ်များထွက်သည်။ ထိုမြေထောက်မြစ်များ သည် တဖြည်းဖြည်းနှင့် ပင်တံလုံးများအဖြစ်သို့ ရောက်ရှိကြပြီး လျှင် ပင်မကြီး၏ အခြံအရံအပင်ပွားများ ဖြစ်လာကြသည်။ အိန္ဒိယနိုင်ငံ ကလကတ္တားမြို့၏ ရုက္ခ ဗေဒဥယျာဉ်ရှိ ညောင်တစ်ထောင် အပင်ကြီးသည် ထိုနည်းအားဖြင့် ညောင်တစ်ပင်မှ ညောင်တစ်အုပ် ဖြစ်လာ ခြင်းပေတည်း။ အခြား ထူးထူးဆန်းဆန်း သစ်ပင်များလည်း ရှိသေးသည်။ ဩစတြေးလီးယားတိုက်တွင် ပေါက်ရောက်သော သစ်ပင်တစ်မျိုးသည် ပုလင်းပုံသဏ္ဌာန်ရှိသည်။ ဗောတဲပင်

အမေရိကန် ပြည်ထောင်စုဖလော်ရီဒါ ပြည်နယ်မှ သစ်ပင်တစ်မျိုးသည် ပူဖောင်းရှည်ရှည်များနှင့် တူသော အသီးများ သီးသည်။အသီးများသီနေပုံမှာ သစ်ပင်၌ ပူဖောင်းရှည်များ ချိတ်ဆွဲ၍ အလှပြထားသည်နှင့် တူသည်။ အသီးများကိုမူ မစားရချေ။

ပျံ့နှံ့ပေါက်ရောက်ပုံ[ပြင်ဆင်ရန်]

သစ်ပင်တိုင်းသည် နေရာ ဒေသမရွေး ပေါက်ရောက်ကြသည်မဟုတ်ပေ။ အပူပိုင်းဒေသ၌ ပေါက်ရောက်သော အပင်မျိုး၊ သမပိုင်းဒေသ၌ ပေါက်ရောက် သော အပင်မျိုး စသည်ဖြင့် ရေမြေဒေသ ရာသီဥတုကိုလိုက်၍ သစ်ပင်များ ပေါက်ရောက်ကြလေသည်။ ကမ္ဘာအရပ်ရပ်ရှိ သဲကန္တာရ များစွာတို့၌၎င်း၊ အစဉ်အမြဲရေခဲနေသော ဝင်ရိုးစွန်းဒေသများ၌၎င်း သစ်ပင်များ မပေါက်ရောက်နိုင်ချေ။ သစ်ပင်များ ပေါက်ရောက်နိုင်သော ဒေသများအနက် မြောက်လတ္တီတွဒ်မျဉ်း ရဝ ဒီဂရီ ပတ်ဝန်းကျင် တစ်ဝိုက်တွင် ရှိကြသော အာတိတ်ဒေသများတွင် ကွန်နီဖာထင်းရှူးမျိုးတို့ ပေါက်ရောက်ကြသည်။ အမြင့် ပိုင်းသစ်တောရပ်ဝန်းတွင်၎င်း၊ ကမ္ဘာ့မြောက်ဘက်ပိုင်း တောင်ကုန်းဒေသပေါက် သစ်တောများ တွင်၎င်း၊ သမပိုင်းမြေနိမ့်ဒေသပေါက် သစ်တောများတွင်၎င်း စပရူး၊ ပိုင်း၊ ဒေါက်ဂလပ်ဖား စသော ထင်းရှူးတော အမျိုးမျိုး ပါဝင်လေသည်။

ဝက်သစ်ချ၊ မေပယ်၊ အက်ရှ၊ မိုးမခ စသည့် ရွက်ပြန့်ပင်များ ပါဝင်သော ရွက်ပြတ်တောတို့ သည် မြောက်ဘက် သမပိုင်းဒေသ၌ ပေါက်ရောက်ကြသည်။ မြောက်ဝင်ရိုးစွန်းနှင့် အနီးကပ်ဆုံး ဒေသ များ၌ ပေါက်ရောက်သည့် အပင်များတွင်လည်း မိုးမခနှင့် ချယ်ရီဖို မျိုးစိတ်တို့ကို တွေ့ရလေသည်။ အပူပိုင်းဇုံဒေသများတွင် များသောအားဖြင့် နွေရာသီ၌ အရွက်ကြွေသော ရွက်ပြန့်ပင်များ ပေါက်ရောက်သည်။ အပူပိုင်းဒေသပေါက် သစ်ပင်များအနက် ပိန္နဲ၊ အင်၊ ကညင် စသည့် ရွက်ပြန့်ပင် မျိုးတို့၏ အရွက်သည် ပိုမို ပြန့်ကားသည်။ အရွက်သေးပါကလည်း အရွက်များ ထွက်ရာဖြစ်သော ရွက်အုပ်သည် ပို၍ ထူထပ် သိပ်သည်း လေသည်။ တောင်ကမ္ဘာလုံးခြမ်း၏ အပူပိုင်းဇုံ ဒေသတွင်အာရကေး ရီးယား အုပ်စုဝင် အမြဲစိမ်း၊ သို့မဟုတ် ရွက်မပြတ်တောအချို့ ပေါက်ရောက်သည်ကို တွေ့ရလေသည်။ တောင်အမေရိကတိုက်၏ အလွန်အေးမြသော တောင်ဘက်စွန်း ကမ်းရိုးတန်း တစ်လျှောက်တွင် ပင်စည်ကြံ့ခိုင် တိုတုတ်သော အန္တာတိတ် ဗိချမျိုး သစ်ပင်ကြီးများ အဓိကအားဖြင့် ပေါက်ရောက်လေသည်။

ကွန်နီဖား ထင်းရှူးမျိုးနှင့် အခြား မျိုးစေ့ဖော် အစေ့မျိုးရှိသော အပင်မျိုးတို့သည် အပင် လောကတွင် အပင်သက် ရှေးအကျဆုံးဖြစ်သည်။ တောင်ကမ္ဘာလုံးခြမ်းတွင် အာရကေးရီးယားမျိုးဝင် အပင်တို့သည် တစ်ခေတ်က နေရာ ဒေသ အနှံ့အပြား၌ ပေါက်ရောက်ခဲ့သော မျိုးစုတစ်စု ဖြစ်ကြောင်း သိရှိရပေသည်။ သစ်ပင်များအနက် ရှေးအကျ ဆုံးသော အပင်မျိုးသည် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် ဂျင်ရိုဟု ခေါ်၍ အနောက်နိုင်ငံများတွင် 'ပျို့ကေသာ'(မေဒင်ဟဲယား)ဟုခေါ်သော သစ်ပင်မျိုး ဖြစ်သည်။ ထိုအပင်မျိုး၏ မျိုးသက်သည် နှစ်ပေါင်း သန်းပေါင်းရာနှင့်ချီ၍ ရှိခဲ့လေပြီ။ သို့တိုင်အောင် ရှေး ကျောက်ဖြစ်ရုပ်ကြွင်းများ၌ တွေ့ရသည့်အတိုင်း အရွက် အခက် အနေအအထား စသည်တို့သည် ပုံစံ အပြောင်းအလဲ မရှိဘဲ မျိုးဆက် တည်တံ့ခဲ့သဖြင့် ထိုအပင်မျိုးတို့ကို သက်ရှိ ကျောက်ဖြစ် ရုပ်ကြွင်းများဟု ခေါ်ဆိုကြလေသည်။

မျိုးစေ့ဝှက်၍ အရွက်ပြန့်သောသစ်ပင်မျိုးတို့သည် ပို၍ ရှင်သန် ကြီးထွားလွယ်ကြပြီးလျှင် အပင်သက်အားဖြင့် အပ်ရွက်ပင်မျိုးတို့လောက် မကြာရှည်ကြချေ။ရှေးခေတ်က ထိုအပင်မျိုးတို့သည် ယခု ခေတ်ထက်ပင် နေရာအနှံ့အပြား၌ ပေါက်ရောက်ကြောင်း တွေ့ရသည်။ အမေရိကန် တျူးလစ်ပင်၊ ဆဆဖရက်ပင်တို့နှင့် မျိုးစိတ်တစ်ခုတည်းဖြစ်သော အပင်မျိုးကို မကြာသေးမီနှစ်များက တုတ်နိုင်ငံ၌ တွေ့ရှိကြရာ ဤမျှမျိုးချင်းနီးစပ်ပါလျှက် ကမ္ဘာ့အရှေ့စွန်းနှင့် အနောက်စွန်းကဲ့သို့ အလှမ်းကွာဝေးလှစွာ ပျံ့နှံ့ပေါက်ရောက်ပုံ သည် ယခုတိုင် အဖြေရှာမတွေ့သေးသော ပြဿနာတစ်ရပ် ဖြစ်ပေသည်။ သစ်ပင် အမျိုးပေါ်င်း ထောင်သောင်းချီ၍ ရှိသော်လည်း တစ်မျိုးနှင့်တစ်မျိုး ခွဲခြားရန် မခဲယဉ်းပေ။ ခွဲခြားကြည့်ရန် အလွယ်ဆုံးနည်းသည် ပန်းပုံစံများကို နှိုင်းယှဉ်ကြည့်ခြင်း ဖြစ်သည်။ ပန်းပုံစံများမှာ သစ်ပင်တစ်ပင်၏ အရွက်၊ အပွင့်၊ အသီးတို့ကို စုဆောင်းပြီး လျှင် မင်နှိပ်စက္ကူကဲ့သို့သော ရေစုပ်စက္ကူများ၏အကြားတွင် ည|ပ်၍ အလေးချိန်ဖြင့် ဖိနှိပ်အခြောက်ခံထားသော နမူနာ ပုံစံများဖြစ်သည်။ သစ်ပင် တစ်မျိုးနှင့် တစ်မျိုးသည် အရွက်ချင်း မတူနိုင်ကြချေ။ ထိုပြင် အပွင့်ချင်း အစေ့ချင်းလည်း မတူကြကြောင်း တွေ့ရ လေသည်။ အချို့က ထင်းရှူး၊ ဝက်သစ်ချကဲ့သို့သော အချို့ အပင်တို့သည် အပွင့်မပွင့်ကြဟု ထင်ကြသည်။ စင်စစ် အလွန် သေးငယ်၍ ပွင့်ဖတ်မဲ့အပွင့်များကြောင့် ထိုသို့ထင်ကြခြင်း ဖြစ်ပေသည်။ ပန်းသီးပင်၊ ချယ်ရီပင်၊ မက်မွန်ပင်၊ လိမ္မော်ပင်၊ သစ်သော့ပင်တို့သည် အရသာကောင်းသော အသီးများကို သီးသည်သာမက၊ လှပသော အပွင့်များလည်း ပွင့်သည်။ အနောက်နိုင်ငံများ၌ အပွင့်လှသဖြင့် စိုက်ပျိုးကြသော သစ်ပင်တစ်မျိုးမှာ တတိုင်းမွှေးပင် ဖြစ်လေသည်။ ဝက်သစ်ချ၊ ပေါ့ပလာ၊ မိုးမခနှင့် သစ်ချပွင့် တို့သည် တွဲလောင်းကျသော ကြောင်မြီးပန်းခိုင်မျိုး ပွင့်သည်။ ထိုသို့ တွဲလောင်း ပွင့်သော ကြောင့် ထိုပန်းခိုင်မျိုးကို မြင်တွေ့ရန် လွယ်ကူပေသည်။

မျိုးဆက်ပြန့်ပွားခြင်း[ပြင်ဆင်ရန်]

ပန်းပွင့်ပန်းခိုင်များ၏ ဝတ်ဆံဖိုမှ ဝတ်မှုံများသည် လေဖြင့်လွင့်ပါရာမှ ၎င်း၊ လိပ်ပြာ၊ ပိတုန်းစသည့် ပိုးကောင်များ၏ သယ်ဆောင်မှုကြောင့်၎င်း ဝတ်ဆန်မရှိရာသို့ ရောက် ရှိပြီးလျှင် ဝတ်မှုံ ကူးယှက်ကြကာ မျိုဆက်တည်၍ မျိုးဆက်ပေးကြလေသည်။ လေထဲတွင် လွင့်ပါလာ သော ဝတ်မှုံသည် မျိုးတူသော အခြားအပင် တစ်ပင်၏ စေးကပ်ကပ်နေသည့် ဝတ်ဆံမတွင် သွား၍ကပ် သည်။ ယင်းသို့ဝတ်မှုံစပ်ယှက်ပြီးနောက်တွင် ပန်းပွင့်၏ အစေ့ အိမ်တွင် အစေ့တည်လေသည်။ အချို့ သော သစ်ပင်မျိုးတွင် အစေ့အိမ်၌ အစေ့တစ်စေ့ထက် အစေ့များ များပြားစွာ သန္ဓေ တည်လေ့ရှိ၍ အစေ့အိမ်သည် အသီးအဖြစ် ကြီးထွားလာသည်။ အစေ့အိမ်တည်ခြင်းသည် သစ်ပင်တစ်ပင်ပေါက်ဖွါးရန် စတင်၍ သန္ဓေပျိုးလာခြင်းပေတည်း။အစေ့တွင်း၌ အပင်လောင်းမှ စ၍ သန္ဓေတည်ပုံမှာ ဤသို့ဖြစ်ပေသည်။

အစေ့တွင်းရှိ အပင်လောင်းဖြစ်လာမည့် အင်္ဂါအစိတ်အပိုင်းတို့သည် အလွန်သေးငယ်သည်။ သို့သော် အပင်တစ်ပင်ဖြစ်လာရန် လိုအပ်သော အင်္ဂါအစိတ်အပိုင်းတို့ ပြည့်စုံသည်။ ထိုအစေ့ထဲ၌ အပ်ချည်နှင့်တူသော အမျှင် သေးသေးကလေးသည် တစ်နေ့တွင် သစ်ပင်၏ပင်စည် ဖြစ်လာပေလိမ့်မည်။ ထိုအမျှင်၏ အဖျားတစ်ခုသည် အမြစ် ဖြစ်လာမည့် အပိုင်းဖြစ်၍ အစေ့မြစ်ဟုခေါ်သည်။ အခြား အဖျား ပိုင်းသည် အညွန့်ပိုင်းဖြစ်၍ အစေ့ရွက်နှင့် အငုံတို့ ပါရှိရာ ထိုအပိုင်းကို အစေ့ညှောက်ဟုလည်း ခေါ်သည်။ ထိုအပင်လောင်းကလေးသည် စားရေရိက္ခာ အပြည့်အစုံနှင့် ထိုအစေ့တွင်း၌ တည်ရှိနေသည်ဖြစ်ရာ ယင်းသို့ တည်ရှိနေပုံသည် အထုပ်ကလေးတစ်ထုတ်ကို မိုးကာထည်ဖြင့် ထုပ်ပိုးထားသကဲ့သို့ ဖြစ်ပေသည်။ အသီးအဖြစ် ကြီးထွား လာသော အစေ့အိမ်သည် ရင့်လာသောအခါ မိခင်သစ်ပင်မကြီး ကို စွန့်ခွါ၍ မိမိ၏ ဘဝသစ်ခရီးကို စတင်လေသည်။ အချို့သစ်စေ့များတွင် အတောင်နှင့်တူသော အင်္ဂါအစိတ်အပိုင်းများပါရှိရာ ယင်းတို့အားဖြင့် သစ်စေ့များ သည် လေထဲတွင် ပျံဝဲလွင့်ပါကြသည်။ အင်၊ ကညင်သီးများ တွင် ငှက်တောင်နှင့်တူသော တောင်ပံ ပါရှိသည်။အက်ရှပင်၏ အစေ့တွင် လှော်တက်နှင့်တူသော တောင်ပံပါရှိသည်။ လက်ပံ၊ မိုးမခစေ့တွင် လေထဲ၌ လွင့်ပါနိုင်သော မွေးနုကလေးများ ရှိသည်။ ပိတောက်စေ့၊ ယင်းမာစေ့၊ ပျဉ်းမစေ့၊ ဒန့်သလွန်စေ့ တို့တွင်လည်း အတောင်နှင့်တူသော အင်္ဂါများပါရှိလေသည်။ ထိုအစေ့များသည် လေဖြင့်လွင့်ပါရာမှ မြေသို့ သက်ဆင်း ကျရောက်ပြီး သည့်နောက် သင့်တင့်လျောက်ပတ်သော ရေမြေ ဒေသတို့တွင် အချိန်တန်သည့်အခါ၌ အစို့အညှောက်ထွက်၍ အပင်ပေါက်ကလေးများ ပေါ်ထွက်လာလေ သည်။

သစ်ပင်ရှင်သန်ရန်လိုအပ်သောအချက်များ[ပြင်ဆင်ရန်]

သစ်ပင်သည် သက်ရှိတစ်မျိုးဖြစ်သည်။အကြောင်း မူ သစ်ပင်သည် အခြားသက်ရှိများနည်းတူ အသက်ရှူကြသည်။ အစာစားသည်။တစ်နေ့တစ်ခြား ထွားကျိုင်းကြီးမားသည်။ မျိုးဆက်မပျောက်မပျက်စေရန် ပေါက်ဖွားပေးလေသည်။ အစေ့မှ အပင်ဖြစ်လာပြီးနောက်တွင် သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားရန်အတွက် လိုအပ်သော အချက်များရှိသည်။ ယင်းအချက်များနှင့် ပြည့်စုံနိုင်အောင် အပင်၏ အစိတ်အပိုင်းများက တာဝန် အသီးသီးယူကာ ဆောင်ရွက်ကြ ရလေသည်။

လူတို့သည် အစာအာဟာရကိုမှီဝဲရမှ ကြီးထွားနိုင် သကဲ့သို့ သစ်ပင်တို့သည်လည်း မြေဩဇာကို စားသုံးရမှ ရှင်သန်နိုင်ကြရာ မြေဩဇာလိုအပ်ခြင်းသည် ပထမအချက် ဖြစ်သည်။ ဒုတိယလိုအပ်သော အချက်သည် ရေဖြစ်ရာ လူ တိရစ္ဆာန်စသည့် သက်ရှိသတ္တဝါတို့သည် ရေမသောက်ရလျှင် အသက် သေနိုင်ကြသကဲ့သို့ သစ်ပင်သည်လည်း ရေမသောက်ရ လျှင် သေနိုင်ပေသည်။ လေသည် သစ်ပင်များရှင်သန်ကြီးထွား နိုင်ရန် တတိယ လိုအပ်သော အချက်ဖြစ်သည်။ လူနှင့် တိရစ္ဆာန်သည် လေထဲတွင် ပါသော အောက်ဆီဂျင်ကို ရှူရမှသာလျှင် အသက်ရှင်နိုင်သကဲ့သို့ သစ်ပင်များသည်လည်း အောက်ဆီ ဂျင်ဓာတ် ရမှသာလျှင် အသက်ရှင်နိုင်လေသည်။ သစ်ပင်များအတွက် စတုတ္ထလို အပ်သောအချက်သည် အပူရှိန်ဖြစ်သည်။ သစ်ပင် အမျိုးအစားကို လိုက်၍ အပူရှိန် အနည်းအများ လိုအပ်သည်။ ပန်းသီးပင်၊ လိမ္မော်ပင်၊ သစ်သော့ပင်တို့သည် အပူရှိန်အနည်းငယ်သာလို၍ အေးသော အရပ်ဒေသများ၌ ပေါက်သည်။ ကျွန်း၊ ပိတောက်စသော အပင်များကား အပူရှိန်များများလို၍ အပူပိုင်းဒေသများ၌ ပေါက်လေသည်။ သစ်ပင်များအတွက်အရေးကြီးသော ပဉ္စမအချက်သည် အလင်းရောင် ဖြစ်ပေသည်။

အလင်းရောင်မရသောသစ်ပင်များ၊ သို့မဟုတ် အရိပ်အောက်တွင် ပေါက်ရသောသစ်ပင်များသည် သန်မာ ထွားကျိုင်းခြင်း မရှိပေ။သစ်ပင်များ ရှင်သန်ရန် ဆဌမလိုအပ် သော အချက်သည် မြေဆီလွှာ အမျိုးမျိုး ဖြစ်ပေသည်။ အချို့ သစ်ပင်များသည် ကျောက်စရစ်၊ ဂဝံကျောက် အစရှိသော မြေမာများ၌ ရှင်သန်၍ အချို့အပင်များသည် ရွှံ့စေးမြေ၌သာလျှင် ပေါက်ရောက်ဖြစ်ထွန်းနိုင်လေသည်။

အမြစ်[ပြင်ဆင်ရန်]

သစ်ပင်နှင့် လူ၊တိရစ္ဆာန်တို့၏ ခြားနားချက်မှာ သစ်ပင်သည် လူ တိရစ္ဆာန်တို့ကဲ့သို့ ရွေ့ရှား သွားလာလှုပ်ရှားမပြုနိုင်ခြင်း၊ ခြေလက်အင်္ဂါအစိတ်အပိုင်းတို့ မရှိခြင်း ဖြစ်ပေသည်။ သို့သော် သစ်ပင်ကို (၁) အမြစ်၊ (၂) ပင်စည်၊ (၃) ရွက်အုပ်ဟူ၍ အဓိကအားဖြင့် အပိုင်းသုံးပိုင်း ခွဲခြားနိုင် လေသည်။

သစ်ပင်၏ အဓိက အစိတ်အပိုင်း သုံးပိုင်းအနက် အမြစ်ပိုင်းသည် မည်သည့်အပင်မျိုးတွင်မဆို မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်ပြီးလျှင် သစ်ပင်ကို ထိုနေရာ၌ တည်တန့်ခိုင်မြဲစွာ ရပ်တည်နိုင် အောင် မြေကြီးကိုကုတ်တွယ် ထားရသော တာဝန်ဝတ္တရားကို ဆောင်ရွက်သည်။

သစ်ပင်များရှင်သန်ကြီး ထွားရန် လိုအပ်သောရေနှင့် ဓာတ်ဆားဟုခေါ်သည့် ရေတွင်ပျော်ဝင်နေသော ဝတ္ထုပစ္စည်း များကို အမြစ်များက စုတ်ယူကြသည်။ရေနှင့်ဓာတ်ဆားကို မြေဆီလွှာထဲတွင်လိုက်၍ ရှာဖွေစုတ်ယူဩသောကြောင့် အမြစ်များသည် မြေအောက်ထဲတွင် အဖက်ဖက်သို့ ဖြာထွက်နေသည်ကို တွေ့ကြရပေလိမ့်မည်။ အမြစ်များတွင် အမြစ်မကြီးနှင့် အမြစ်တက်များဟူ၍ ရှိရာ အမြစ်မွေးဟု ခေါ်သော နုနယ်သည့် အမွေး များရှိလေသည်။ မြေဆီလွှာရှိ ရေနှင့်ဓာတ်ဆားရည်တို့သည် အမြစ်မွေးများမှတစ်ဆင့်သာလျှင် အပင်ထဲ သို့ ဝင်ရောက်နိုင်၍ အပင်၏ အခြားအစိတ်အပိုင်း များမှ မဝင်ရောက်နိုင်ချေ။ သစ်ပင်၏ အထက်ပိုင်း တွင် အကိုင်းအခက်များ ဖြာ၍ထွက်သကဲ့သို့ သစ်ပင်၏အောက်ပိုင်း ဖြစ်သော အမြစ်များသည် မြေကြီးထဲတွင်ဖြာ၍ ထွက်ကြ သည်။ ရေသောက်မြစ်သည် ရေရှိရာအရပ်သို့ အနက်ဆုံး ဆင်းသက်ရသဖြင့် အရှည်ဆုံး အမြစ်ဖြစ်လေသည်။

ပင်စည်[ပြင်ဆင်ရန်]

သစ်ပင်တစ်ပင်တွင် အကိုင်း၊ အခက်၊ အရွက်၊ အပွင့်၊ အသီးဟူသော အစိတ်အပိုင်းများရှိရာ ယင်းတို့ကိုနေရာတကျဖြစ်စေရန် ပင်စည်ကထောက်ကူ ပေးရလေသည်။ အမြစ်များသည် မြေဆီလွှာရှိရေနှင့် ဓာတ်ဆားကိုအရွက်များထံသို့ပို့ဆောင်လေရာ ပို့ဆောင်ရေးလမ်းကြောင်းသည် ပင်စည်ပင်ဖြစ်လေသည်။ ပင်စည်၏အတွင်းသားဖြစ်သော သစ်သားကို အခေါက်ဟုခေါ်သည့် အခွံဖြင့် ဖုံးအုပ်လျက်ရှိသည်။ အခေါက်သည် သစ်ပင်အားထိခိုက်ပွန်းရှခြင်းမှ ကာကွယ်ပေးသည်။ သစ်ခေါက်တို့သည် စက္ကူနီးပါး ပါးလှပ်သည်လည်းရှိသည်။

လက်မပေါင်းများစွာထူသည်လည်းရှိသည်။ အချို့အခေါက်များသည်ပါး၍မာ ပြီးလျှင်အပေါ်ယံချောသည်။ အချို့သည် ထူ၍မာသည်။ အချို့ကားထူ၍ပွသည်။ အချို့အခေါက်သည်ထူ၍ကြမ်းတမ်းပြီးလျှင် ပပ်ကြားအက်များထနေသည်။

အခေါက်၏အရောင်သည်လည်းအဖြူ၊အနီ၊အဝါ၊အညို၊အနက် စသည်ဖြင့် အရောင်အမျိုးမျိုးဖြစ်သည်။ အရောင်နှစ်မျိုးသုံးမျိုး ကွက်ကျားပါဝင်သောအခေါက်မျိုးလည်းရှိသေးသည်။ အချို့အခေါက်များသည် အပေါ်အရောင်တစ်မျိုး၊ အတွင်းအရောင်တစ်မျိုးဖြစ်သည်။

ပင်မ၊သို့မဟုတ် ပင်လုံးနှင့်အကိုင်းအခက်များ၏ အခေါက်သည်လည်း ခြားနားတတ်ပေသည်။ သစ်ပင်တို့တွင် များသောအားဖြင့်အခေါက်၏အတွင်းသားသည် အရည်ရွွှမ်းလျက်အပေါ်သားဖြစ်သောအပွေးသည် သွေ့ခြောက်ပြီးလျှင် ကွာကျနိုင်သောအရေခွံဖြစ်လေသည်။ အခေါက်နှင့်သစ်သားအကြားတွင်တိုးပွားလွှာ (ကမ်ဗီယမ်) ဟုခေါ်သော ပါး လှပ်သည့် ဆဲလွှာရှိသည်။ ထိုတိုးပွားလွှာသည် အဆက်မပြတ်ဖြစ်ပေါ်နေကာ သစ်ပင်၏ပင်လုံးနှင့် အကိုင်းအခက်များကြီး ထွားစေရန် အသားတိုးပေးသည်။

ပင်လုံးနှင့်အကိုင်းအခက်များသည်အဖျားဘက်မှနေ၍ ရှည်ထွက်ခြင်းဖြင့်သစ်ပင်များသည်တဖြည်းဖြည်း ရှည်၍မြင့်မားလာကြသည်။ ပင်လုံးနှင့်အကိုင်းအခက်များ ရှည်ထွက်မြင့်မားသည်နှင့် တစ်ချိန်တည်းတွင် ယင်းတို့၏အလုံးအထည်သည်လည်း တိုးပွားလွှာအားဖြင့်ပင် တဖြည်းဖြည်း တုတ်ခိုင်ကြီးမားလာကြလေသည်။ ပိုင်းဖြတ်ထားသော သစ်လုံး၏ထိပ်ဝကိုကြည့်လျှင် မျက်နှာပြင်အသား၌ စက်ဝိုင်းသဖွယ်အရစ်များအဆင့်ဆင့် ဖြစ်ပေါ်နေသည်ကို တွေ့ကြရပေလိမ့်မည်။ ထိုအရစ်များကို သက်ရစ်၊သို့မဟုတ် နှစ်ကွင်းဟုခေါ်သည်။စက်ဝိုင်းတစ်ရစ် နှင့်တစ်ရစ်အကြား၌ ရှိသောသစ်သားသည် တစ်နှစ်အတွင်း တိုးပွားသော အသားဖြစ်သည်။ အထက်တွင်ဆိုခဲ့သော တိုးပွားလွှာသည် နွေရာသီရေမရရှိသောအချိန်၌ တိုးပွား ခြင်းရပ်ဆိုင်း လာသဖြင့် အရစ်ကဲ့သို့ဖြစ်ပေါ်လာစေသည်။ ထိုကြောင့်အပင်သက်မည်မျှ ရှိကြောင်းကိုထို အရစ်များကို ရေတွက်ကြည့်ခြင်းဖြင့် သိနိုင်သည်။ မိုးကောင်းသည့်နှစ်များတွင် အသက်ရစ်သည်ထူထဲ၍ ရာသီဥတု ဖောက်ပြန်သည့်နှစ်များတွင် အသက်ရစ်သည် သေးသိမ်တတ်လေသည်။

တိုးပွားလွွှာ၏အရေးပါသောအခြားလုပ်ငန်းတစ်ရပ်မှာ အရွက်များကထုတ်လုပ်သောအစာရိက္ခာတို့ကိုသစ်ပင်၏ အစိတ်အပိုင်းအရပ်ရပ်သို့ ပို့ဆောင်ပေးခြင်း ဖြစ်လေသည်။ သစ်သားဟုခေါ်သောပင်စည်၏အတွင်းသားကိုအကာ သားဟုခေါ်သော အပြင်ပိုင်းသည်အရောင်ဖျော့၍အသား ပွသည်။ အနှစ်သားဟုခေါ်သောအတွင်းပိုင်းသည် အရောင်ရင့်၍ အသားမာကျောသည်။အနှစ်သားသည်အကာသားထက် အဖိုတန်သောသစ်သားဖြစ်လေသည်။

သစ်သားသည် ကျစ်လျစ်သိပ်သည်း၍ပိတ်နေသည်ဟု ထင်ရ သော်လည်း စင်စစ်သစ်သားတွင်အလွန်သေးငယ်၍ သာမန်မျက်စိဖြင့်မြင်နိုင်ရန်ခဲယဉ်းသော ပြွန်ချောင်းကလေးများ ရှိသည်။ အကာသားအ တွင်းရှိ ထိုပြွန်ချောင်းကလေးများသည် အသက်ရှင်လျက်ရှိပြီးလျှင် ယင်းတို့အားဖြင့်အမြစ်များမှ ရေသည်ပင်မနှင့်အကိုင်းအခက်များသို့ရောက်ရှိသည်။

ရေနှင့်ချက်လုပ်ပြီးသားအစာရိက္ခာအချို့ကိုသိုလှောင်သောအပိုင်း ကိုရေကြောဟုခေါ်၍ အစာရိက္ခာသယ်ယူပေးသောအပိုင်းကို အစာကြောဟုခေါ်သည်။ အကာ သားသည်နှစ်ကာလကြာမြင့် လာသည့်အခါ အရွက်များနှင့်အဆက်အသွယ်မရှိတော့ဘဲ မာကျောလာ၍တ ဖြည်းဖြည်းအနှစ်သားဖြစ်လာလေသည်။ ပင်စည်သည်နှစ်ဖက်သွားလမ်းရှိသော လမ်းမကြီးနှင့် ဆင်ဆင်တူသည်။အမြစ်မှအရည်သည်သစ်သားရှိပြွန်ချောင်းများ အားဖြင့်အထက်သို့တက်၍အရွက်မှအစာရိက္ခာသည် တိုးပွား လွှာအားဖြင့်သစ်သားနှင့်အခေါက်အကြားမှအောက်ပိုင်းသို့ ပျံ့နှံ့သည်။ ထိုကြောင့်အခေါက်မှနေ၍ အနှစ်သားထိအောင် သစ်ပင်ကိုထွင်းထားလျှင်ထိုသစ်ပင်သည်ရိက္ခာပြတ်၍သေတတ် သည်။မြန်မာနိုင်ငံတွင်ခုတ်လှဲရမည့် ကျွန်းပင်များကို သင်းသတ်သည့်အခါ ထိုနည်းကိုအသုံးပြုလေသည်။

အရွက်များ[ပြင်ဆင်ရန်]

အကိုင်းအခက်အရွက်များရှိရာ အပိုင်းကို ရွက်အုပ်ဟူ၍ခေါ်သည်။ ရွက်အုပ်အပိုင်းသည် လေထဲတွင်လွင့်လျက်ရှိရာ အကိုင်းအခက်တို့သည် အရပ်ရှစ်မျက်နှာသို့ဖြာထွက်လျက်အရွက် တို့ဖြင့် ဝေဝေဆာဆာရှိပြီးလျှင်သစ်ပင်တစ်ပင်လုံး၏ကျက်သရေကို ဆောင်ရာအစိတ်အပိုင်းဖြစ်ပေသည်။ အချို့အရွက်အုပ်တို့သည် လုံးခြမ်းသဖွယ်ရှိ၍ အချို့သည်ပစ်ရမစ်ပုံသဏ္ဌာန်စသည်ဖြင့် သစ်ပင်အမျိုး အ စားကိုလိုက်၍ ပုံအမျိုးမျိုးဖြစ်လေသည်။ အရွက်များသည်လည်း ပုံစံအမျိုးမျိုးနှင့် အရွယ်အစားစားဖြစ်သည်။ ယင်းတို့သည်သစ်ပင်တစ်ပင်၏ တစ်သျှူးများအသားများဖြစ်ပေါ်၍ အပင်ရှင်သန်ကြီးထွားစေရန် ရိက္ခာပြုလုပ်ပေးရသည်။ တစ်နည်းအားဖြင့်ဆိုသော် အရွက်များသည်အပင်များ၏ရိိက္ခာအလုပ်ရုံဖြစ်လေသည်။ လူနှင့်တိရစ္ဆာန်တို့နည်းတူသစ် ပင်များသည်လည်း ကာဗိုဟိုက်ဒြိတ်၊ပရိုတင်း၊အဆီအပြားနှင့်ဆီများပါဝင်သော အစာကိုဆိုလိုသည်။ကာဗိုဟိုက်ဒြိတ်သည် ကာဗွန် ဟိုက်ဒရိုဂျင် နှင့်အောက်ဆီဂျင်ပါသောဓာတ်ပေါင်းဖြစ်သည်။ ပရိုတင်းသည် နိုင်တြိုဂျင်ပါသောဓာတ်ပေါင်းဖြစ်သည်။ အပင်များအတွက် ယင်းတို့လိုအပ်သောအာဟာရဓာတ်ပစ္စည်းများကိုအစာအဖြစ် သို့ရောက်အောင် အရွက်များကချက်လုပ်ပေးကြ ရလေသည်။ အရွက်များသည်ယင်းတို့တွင်ရှိသော ကလိုရိုဖီးခေါ် အစိမ်းရောင်ဒြဗ်၊ နေရောင်ခြည်၊ ကာဗွန်ဒိုင် အောက်ဆိုက်နှင့်ရေတို့ဖြင့်အစာချက်လုပ်သည်။

သစ်ပင်များတွင်သစ်ရွက်စိမ်းများသည်နေရောင်ခြည်ရနိုင်စေရန်၊ ဘေးသို့ဖြန့်၍ တစ်ရွက်နှင့်တစ်ရွက်ထပ်မနေအောင် အကိုင်းအခက်များမှ အစီအစဉ်နှင့်ထွက်ကြသည်ကို သတိပြုပါလေ။ ကာဗွန်ဒိုင်အောက်ဆိုက်ကို သစ်ပင်သည်လေထဲမှရရှိ၍ ရေကိုမြေဆီလွှာမှရရှိ လေသည်။

နေရောင်ခြည်ကိုအကြောင်းပြုပြီး သစ်ရွက်စိမ်းများတွင် ချက်လုပ်သောအစာသည် သကြားဖြစ်၍ ယင်းသည်ပျော်ဝင်နိုင်သော ကာဗိုဟိုက်ဒြိတ်ဖြစ်သည်။ ချက်လုပ်ပြီး သကြားအချို့ကိုအပင်များသည် အသက်ရှူရာ၌အသုံးပြု၍ အချို့သည်အပင်များ၏ ဆယ်လျူလို့အဖြစ်ပြောင်းသွားသည်။အချို့ကိုအပင်စာ ဖြစ်သော ကစီအဖြစ်သိုလှောင်ထား၍ အချို့သည် မြေဆီလွှာရှိပျော်ဝင်နေသောဓာတ်ဆားများမှ ရရှိသည့် နိုက်တြိုဂျင်ဆာလဖာနှင့်ဖော့စဖောရပ်တို့နှင့်ပေါင်းစပ်ကာ ပရိုတိန်းများဖြစ်သွားလေသည်။ ယင်းကား အရွက်များ၏အစာချက်ပုံလုပ်ငန်းပေတည်း။

အရွက်များ၏အခြားလုပ်ငန်းတစ်ခုမှာ လေစက်သဖွယ်ဆောင်ရွက်ရခြင်းဖြစ်သည်။ သစ်ပင်များ သည်အခြားသက်ရှိများကဲ့သို့အသက်ရှူရှိုက်ခြင်းပြုကြသည်။ အပင်များအသက်ရှူရှိုက်ခြင်းသည့်အခါ အရွက်များသည်အောက်ဆီဂျင်ကိုရှူသွင်း၍ ကာဗွန်ဒိုင်အောက်ဆိုက်ကိုရှူထုတ်ပစ်သည်။ထိုဓာတ်များရှူသွင်း ရှူထုတ်ခြင်းကို အရွက်များ၏အောက်ဘက်ရှိ သေးငယ်သောအပေါက်ကလေးများ၊ သို့မဟုတ် ပါးစပ်ကလေးများဖြင့်ပြုလုပ်လေသည်။

အရွက်များတစ်ခါတစ်ရံဆောင်ရွက်သောလုပ်ငန်းတစ်ခုမှာ အစာ ကိုသိုလှောင်ထားခြင်း ဖြစ်လေသည်။ အရွက်များသည်နေရောင်ခြည်ကိုလည်းကာကွယ်ပေးကြ ၍ လေထဲသို့ရေခိုးရေငွေ့များထုတ်လွှတ်ခြင်းဖြင့် အပူရှိန်ကို လည်းလျော့စေသည်။ အမြစ်များမှတင်ပို့သောရေကို ရိက္ခာလုပ်ငန်းအတွက်လိုအပ်သမျှယူ၍ ပိုလျှံသမျှကိုရေငွေ့အဖြစ်ထုတ်လွှတ်သည်။ ထိုပြင်လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို ယူ၍ အောက်ဆီဂျင်ဓာတ်ကိုယူ၍ အောက်ဆီဂျင်ဓာတ်ကို ပြန်ထုတ်သဖြင့် လေကိုလည်းသန့်ရှင်းသွားစေသည်။ ထိုကြောင့် နေပူသောနေ့တစ်နေ့တွင်အရိပ်ကောင်းသောသစ်ပင်ကြီးတစ်ပင် အောက်သို့ရောက်မိလျှင်အေးမြသောအရိပ်အာဝါသကိုခိုလှုံကြရ၍ သန့်ရှင်းလတ်ဆတ်သောလေကိုရှူရှိုက်ကြရလေသည်။ ယင်းသို့ ဖြင့်နေအိမ်အနီးအနားပတ်ဝန်းကျင်၌ သစ်ပင်ကြီးများရှိလျှင် လေကောင်းလေသန့်ရနိုင်သည်။

အဓိကရသစ်ပင်ကြီးများ[ပြင်ဆင်ရန်]

သစ်ပင်များသည် ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံးသော သက်ရှိများဖြစ်ကြသည်။ အမေရိကန်ပြည်ထောင်စုရှိ သစ်နီပင်ခေါ် ဆီကွိုင်းယားပင်ကြီး များသည် အနှစ် ၄ဝဝဝ ခန့်ရှိပြီဟုခန့်မှန်းကြ၍ အမြင့်ပေ ၃ဝဝကျော်ရှိသည်။ အနှစ် ၆ဝဝဝ ကျော်သောထိုအပင်ကြီး မျိုးကိုတွေ့ဖူးသည်ဟုလည်းဆိုကြသည်။ သို့သော် ဤမျှအသက်ရှည်ကြာ၍အပင်မြင့်မား သော်လည်း ထိုအပင်ကြီး များ သည်အိုမင်းပြီဟုမဆိုနိုင်ချေ။

ရုက္ခဗေဒပညာရှင်တို့၏အလိုမှာ သစ်ပင်တို့သည် အသက်ကြီးရင့်၍ အိုမင်းပြီးမသေနိုင်။ သစ်ပင်တို့သေရခြင်းသည်အပင်ရောဂါများကြောင့်၎င်း၊ ဒဏ်ရာအနာတရ ရှိသောကြောင့်၎င်း၊ သေဆုံးရခြင်းဖြစ်သည်ဟုဆိုကြသည်။ ထိုကြောင့်သစ်ပင်များနှင့် အခြားသက်ရှိများ တို့၏ခြားနားချက်ကား သစ်ပင်တို့သည် ရှင်နေသမျှကာလပတ်လုံးကြီးထွားနေကြခြင်းပင်ဖြစ်သည်။ ယင်းသို့ကြီးထွားစေရန် အခေါက်နှင့်သစ်သားကြားရှိ တိုးပွားလွှာများက အဆက်မပြတ်ပြုပြင်ပေးနေ သည်ဟုဆိုလေသည်။

သစ်ပင်များသည် အလွန်အသက်ရှည်ကြသဖြင့် အချို့အပင်ကြီးများသည် သမိုင်းဝင်အဓိကရ မှတ်တိုင်ကြီးများ သဖွယ်ဖြစ်သည်။ ဗုဒ္ဓအယူဝါဒီတို့၏ အထွတ်အထိပ်ဖြစ်သောဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြသည့် ဘုရားရှင်တို့သည် သစ်ပင်ကိုအမှီပြု၍သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီးလျှင် ဘုရား အဖြစ်သို့ရောက်ခဲ့ကြသည်။ ဘုရားရှင်တို့ပွင့်တော်မူရာသစ်ပင်တို့ကို ဗောဓိပင်ဟုခေါ်သည်။ ဂေါတမ မြတ်စွာဘုရားသခင်ပွင့်တော်မူရာ ဗောဓိပင်သည် ညောင်ပင်မျိုးဖြစ်သည်။ နှစ်ပေါင်း ၂ဝဝဝ ကျော်က ဂေါတမမြတ်စွာဘုရားပွင့်တော်မူခဲ့သော ဗောဓိညောင်ပင်သည်မရှိတော့ပြီဖြစ်သော်လည်း ထိုအပင်၏ အကိုင်းတစ်ကိုင်းကိုစိုက်ပျိုးရာမှပေါက်ပွားခဲ့သော ဗောဓိညောင်ပင်သည်သီဟိုဠ်ကျွန်းတွင် ရှိနေသေးရာ၊ ဗုဒ္ဓ အယူဝါဒီတို့ကပရိဘောဂစေတီတစ်ဆူအဖြစ်အထွတ်အမြတ် ထားကာပူဇော်ကြသောအဓိကရသစ်ပင်ကြီးတစ်ပင်ဖြစ်လေသည်။

အင်္ဂလန်ပြည်တွင် ဘုရင်နှင့်ပါလီမန်အာဏာလုကြသည့် အရေးတော်ပုံခေတ်က ရွိုင်ယယ်အုတ်ဟုခေါ်သော ဝက်သစ်ချပင်ကြီးကြောင့်ဒုတိယချားဘုရင်သည် ကရွမ်းဝဲတပ်များ၏ ဘေးရန်မှ လွတ်ကင်းခဲ့ရသည်။ ယင်းသို့သောဖြစ်စဉ်များတွင် အရေးပါ၍အဓိကမှတ်တိုင်ကြီးများ ဖြစ်ခဲ့ကြသော သစ် ပင်ကြီးများအမြောက်အမြားရှိပေသေးသည်။ ကမ္ဘာပေါ်တွင်အမြင့်ဆုံးသောသစ်ပင်များဟု အသိအမှတ်ပြုကြသည့်သစ်ပင်များကားအမေရိကန်ပြည်ထောင်စု ပစိဖိတ်သမုဒ္ဒရာကမ်းခြေရှိ သစ်နီပင်များနှင့် ဒေါက်ဂလပ်ဖားထင်းရှူးပင်များဖြစ်သည်။

ဩစတေးလီးယားတိုက်ရှိယူကလစ်တပ်ပင် (ငှက်ခြောက်ပင်၊ သို့မဟုတ် ပြည်လုံးချမ်းသာပင်) များသည် ကမ္ဘာ့ဒုတိယအမြင့်ဆုံးအပင်များဟုဆိုကြသည်။ အချင်းလုံးပတ်အကြီးဆုံးသစ်ပင်ဘိုးအေကြီးသည် မက္ကဆီကိုနိုင်ငံရှိဝါဟာကာမြို့အနီးရွာတစ်ရွာ၌ရှိသော တူလီပင်ကြီး ပင်ဖြစ်သည်။ ထိုအပင်ကြီးသည် လုံးပတ် ၁ရ၅ ပေ၊ အမြင့်ပေ ၁၅ဝ ရှိ၍ ထိုအပင်ကြီး၏ ဤသက်ကို အနှစ်၃ဝဝဝ မှ အနှစ် ၅ဝဝဝအထိ ခန့်မှန်းကြ လေသည်။

သစ်ပင်များ၏အသုံးဝင်ပုံ[ပြင်ဆင်ရန်]

သစ်ပင်များသည် လူ့လောကအတွက်လိုအပ်လှပေသည်။အကြောင်းမူ သစ်ပင်များသည် လူ့လောကအတွက် အကျိုးကျေးဇူး များစွာ ပြုနိုင်ကြသောကြောင့် ဖြစ်သည်။ ယင်းတို့၏အကျိုးပြုပုံတို့မှာ သစ်ပင်၏အမြစ်များသည်မိုးရေ၊ လေ၊ ရေစီးတို့ကြောင့် မြေဆီလွှာများကို တိုက်စားခြင်းမှကာကွယ်ထိန်းသိမ်းပေးသည်။ သစ်ရွက်ဆွေးများသည်မြေဩဇာဖြစ်လာသည်။ မြေပေါ်၌ ထူထပ်စွာကြွေကျနေသောအရွက်များနှင့် အမြစ်များသည်မိုးရေကိုမြစ်ချောင်းများအတွင်း လျင်မြန်စွာလျှောကျစီးဆင်းသွားခြင်းမပြုနိုင်လေအောင် စုပ်ယူထိန်းသိမ်းထားသည်။ သစ်ပင်များရှိနေသဖြင့်မြစ်ချောင်း များတွင်ရေစီးရေလာမှန်သည်။

ထိုပြင်သစ်ပင်များသည်လေကိုကာကွယ်ပေးသည့်အပြင် ယုတ်စွအဆုံး လမ်းဘေး၌သစ်ပင်များရှိလျှင် နေအိမ်များ၌ဖုန်တက်သက်သာလေသည်။ သစ်ပင်တို့သည်အေးမြသောအရိပ်အာဝါသကိုပေးသည်။ ယင်းတို့ရှိသောအနီးအနားပတ်ဝန်းကျင်သည် စိမ်းလမ်းစိုပြည်၍ သာယာအေးချမ်းကာအပူရှိန်လည်းသက်သာသည်။ လေလည်းသန့်ရှင်းသည်။ပတ်ဝန်းကျင်ကိုသာယာချမ်းမြေ့မှု ပေးနိုင်သောသစ်ပင်များသည် လူတို့၏စိတ်သဘာဝကိုလည်း ပြုပြင်ပေးနိုင်သည်။ထိုကြောင့်ကမ္ဘာ့နိုင်ငံကြီးများတွင် သစ်ပင်စိုက်အသင်းများကိုပင် တည်ထောင်ထားကြ လေသည်။

လူ့လောကအားသစ်ပင်တို့ကကျေးဇူးပြုမှုများမှာ ဤမျှသာမဟုတ်သေးချေ။ လူတို့၏အစားအစာ အဝတ်အစား၊ နေအိမ်အဆောက်အအုံ၊ အသုံးအဆောင်ပစ္စည်းနှင့် ထင်းမီးစသောလူနေမှုအတွက် လိုအပ် သည့်ပစ္စည်းများစွာတို့ကို သစ်ပင်များမှထုတ်လုပ်ရရှိသည်။

နေ့စဉ်နေ့တိုင်းလူတို့စားသောက်သုံးဆောင်နေသော အရာဝတ္ထုပစ္စည်းများစွာတို့သည် သစ်ပင်နှင့်မကင်းကြချေ။ စားသောက်သုံးဆောင်ရန်အတွက်၎င်း၊ ပရဆေးဝါးပစ္စည်းအဖြစ်၎င်း၊ သစ်ပင်အမျိုးပေါင်းများ စွာတို့၏အဖူး၊အပွင့်အသီးအရွက်တို့ကိုသာမက ရံဖန်ရံခါ အခေါက်အမြစ်များကိုပင်အသုံးချရသည်။

သစ်ခေါက်သည်ဆိုးဆေးများအတွက်အရေးပါအသုံးဝင်သည်။ သစ်စေးအဆီများကိုလည်း လူ့အသုံးအဆောင် ပစ္စည်းများ လုပ်ကိုင်ရာ၌အသုံးပြုကြသည်။သစ်ပင်မှထုတ်လုပ်ရရှိသော ပစ္စည်းများအနက် စက္ကူသည်အရေး ပါသော လူသုံးပစ္စည်းတစ်ရပ်ဖြစ်သည်။

စက္ကူကိုမှော်ပင်၊ကောက်ရိုး စသည်တို့ဖြင့် ပြုလုပ်နိုင်သော်လည်းစက္ကူ အကောင်းစားများကို သစ်သားပျော့ဖတ်များဖြင့်သာလုပ်ကိုင်ရနိုင်လေသည်။ ထိုပြင်ဓာတ်ပစ္စည်းများဖြင့်ရောနှောကာ ပစ္စည်းအသုံးအဆောင်များစွာကို ပြုလုပ်နိုင်သေးသည်။ သစ်သားတွင်ပါဝင်သောသကြား ဓာတ်ကိုထုတ်၍ အယ်လကိုဟောအရက်ပြန်ပြုလုပ်ကြသည်။ သစ်သားမှ ထုတ်ယူရရှိသော ဆဲလျူလို့သည် ပလပ်စတစ်လုပ်ငန်းတွင်အရေးပါသော ဝတ္ထုပစ္စည်းတစ်ရပ်ဖြစ်လေသည်။

သစ်ပင်များပျက်စီးရခြင်းအကြောင်းရင်း[ပြင်ဆင်ရန်]

သစ်ပင် တစ်ပင် သည်နှစ်ကာလအတန်ကြာမြင့်မှသာလျှင်အပင်ကြီး အဖြစ်သို့ ရောက်ရှိနိုင်သည်။ သို့သော်သစ်ပင်များကို တိုတောင်းလှ သောအချိန်အတွင်း၊တစ်မဟုတ်ချင်း ပျက်စီးအောင်ပြုလုပ် နိုင်သူတို့သည်လူသားများဖြစ်သည်။

လူတို့သည်သစ်ပင်များ၏ အကြီး ဆုံးသောရန်သူများဖြစ်သည်။ တောမီးရှို့ခြင်း၊ သစ်ပင်များကိုအရမ်းမဲ့ခုတ်လှဲခြင်းတို့ကြောင့် အချို့သစ်ပင်များမျိုးပြုန်းခဲ့ရသည်။အချို့သစ်တောကြီးများပင် ဤနည်းဖြင့်ပြုန်းတီးခဲ့ရသည်။ သစ်ပင်များသေကြေ ပျက်စီးစေသောအခြားရန်သူများမှာ သစ်ဖောက်ပိုးများ၊မှိုများနှင့်အပင်ရောဂါများဖြစ်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)