မ​တ္တ​ရာ​မြို့

ဝီကီပီးဒီးယား မှ

မတ္တရာမြို့ သည် မန္တလေးတိုင်းအတွင်းတွင် တည်ရှိပြီး မန္တလေးမြို့၏မြောက်ဘက် (၁၅)မိုင်အကွာတွင်တည်ရှိသည်။ မန္တလေးမြို့မှ မတ္တရာမြို့သို့ မီးရထားလမ်း၊ မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားသည်။ မတ္တရာမြို့ နှင့် ပတ်သက်၍ အနော်ရထာမင်းလက်ထက်တွင် ရှမ်းပြည်ဒေသ နှင့် မြန်မာပြည်နယ်စပ်၌ အမတ်ပေါင်း(၁ဝဝ)အား တည်စေခဲ့သော မြို့ဖြစ်သည်။ မှတ်တမ်းတစ်စောင်၌မူ ခရစ်နှစ် ၁၃၆၄-ခုနှစ်တွင် အင်းဝဘုရင် သတိုးမင်းဖျားက ထူထောင်ခဲ့ကြောင်းဆိုသည်။ မတ္တရာသည် ညောင်ရမ်းခေတ်တွင် ပြန်လည်မှေးမှိန်သွားခဲ့၏။ ခရစ်နှစ်(၁၆⁠၆၈ - ၁၆၇၈)ခုနှစ်များတွင် မတ္တရာကို တိုက်နယ်အဝင် ကျေးရွာကြီးတစ်ရွာ အဖြစ် ဖော်ပြကြသည်။ ကုန်းဘောင်ေခတ်သို့ရောက်သောအခါ မတ္တရာမှာ မြို့ဖြစ်လာပြီး မြို့ သူကြီးတစ်ဦးက အုပ်ချုပ်ရ၏။ ၁၈⁠၈၆ ခုနှစ်တွင် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်လိုက်သောအခါ မတ္တရာမြို့လည်း အင်္ဂလိပ်လက်အောက်သို့ ကျရောက်သွား၏။ မြောက်ပိုင်းခရိုင်ကို စတင်ဖွဲ့စည်းစဉ် မတ္တရာမှာ မန္တလေး စီရင်စုအတွင်း ပါဝင်ခဲ့သည်။ မတ္တရာမြို့မှာ ၁၈၉၇ ခုနှစ်တွင် အိမ်ခြေ(၅ဝဝ)၊ လူဦးရေ (၂၅ဝဝ) ခန့်ရှိခဲ့သည်။ သို့သော နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုများသောကြောင့် မြို့အုပ်ချုပ်ရေးကို ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပေ။ မတ္တရာနယ် ချောင်းခွရွာတွင် အခြေပြုလျှက် မက္ခရာမင်းသားကြီး၏ သားတော်များ ဦးဆောင်ကာနယ်ချဲ့တို့ကို တွန်းလှန်ခဲ့ကြခြင်းဖြစ်သည်။ မတ္တရာမြို့မှာ အင်္ဂလိပ် ခေတ်၁၉ဝ၂ ခုနှစ်ကပင် တည်ဆောက်ခဲ့သည့် ဆည်တော်ကြီးကြောင့်လည်း ထင်ရှားခဲ့သည်။ မတ္တရာ ဆည်တော်ကြီးကို နရပတိစည်သူမင်းလက်ထက်ကပင် ဆည်ဖို့တည်ဆောက်ခဲ့သည်ဆို၏။ မင်းတုန်းမင်းလက်ထက်တွင် ဆည်တော်ကြီးမှရေကို တူးမြောင်းဖြင့် သွယ်ယူကာ မန္တလေးနန်းတော် နှင့် ကျုံးတော်အတွင်းသို့ ရေသွင်းယူခဲ့သည်။ ဗြိတိသျှအစိုးရက ဆည်ဟောင်းကြီးအား လယ်ယာစိုက်ပျိုးရေးအတွက် အသစ်တဖန် ပြုပြင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မျက်မှောက်ကာလတွင် ဆည်တော်ကြီးကို အသစ်တဖန်ပြုပြင်ကာ စိုက်ပျိုးရေးအတွက် အသုံးပြုပါသည်။ နှစ်စဉ်အထင်ကရ ကျင်းပလေ့ရှိသော တောင်ပြုန်းပွဲတော် ကို မတ္တရာမြို့နယ် တောင်ပြုန်းအရပ်၌ ကျင်းပကြခြင်းဖြစ်၏။ တောင်ပြုန်းမှာ မန္တလေးမှ(၉)မိုင်ခန့် ကွာဝေးပြီး ကားလမ်း၊ ရထားလမ်းတို့ဖြင့် ဆက်သွယ်ထား၏။ နှစ်စဉ် ဝါခေါင်လဆန်း(၈)ရက်နေ့တွင် တောင်ပြုန်းပွဲတော်ကို စတင်လေ့ရှိပြီး အနယ်နယ် အရပ်ရပ်မှ နတ်ကိုးကွယ်သူများ၊ နတ်ထိမ်းနတ်အုပ်များ လာရောကျလေ့ရှိကြ၏။ တောင်ပြုန်းတွင် အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သည့် ဆုတောင်းပြည့်စေတီတော် တည်ရှိသော်လည်း တောင်ပြုန်းပွဲတော်ကဲ့သို့ ထင်ရှားခြင်းမရှိပေ။ မတ္တရာမြို့နယ်သည် ရာသီဥတုကောင်းမွန်ပြီး မြေဩဇာ ကောင်းသောအရပ်ဖြစ်သဖြင့် ဥယျာဉ်ခြံမြေ လုပ်ငန်းမှာ များစွာဖြစ်ထွန်းပါသည်။ ရှေးမြန်မာမင်းများလက်ထက်တွင် မတ္တရာမှာ နန်းတွင်းရိက္ခာ ဖြည့်တင်းပေးရာဒေသ ဖြစ်ခဲ့လေသည်။