မြန်မာနိုင်ငံ သစ်တောများ

ဝီကီပီးဒီးယား မှ

သစ်တောကြွယ်က ဘဏ္ဍာရ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ ဒုတိယဝင်ငွေအကောင်းဆုံး လုပ်ငန်းမှာ သစ်လုပ်ငန်းဖြစ်သည်။ သစ်လုပ်ငန်း၏ မှီရာတည်ရာကား သစ်တောများပင်ဖြစ်၏။ မြန်မာနိုင်ငံရှိ သစ်တောအမျိုးမျိုး အကြောင်းကို စုံလင်စွာ ဖော်ပြထားသည်။

မြန်မာနိုင်ငံ သစ်တောများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ မြေပုံအသွင်အပြင်မှာ အကြမ်းအားဖြင့် အမြီးရှိသော လေတံခွန်ကဲ့သို့ သော်လည်းကောင်း၊ ဖားလောင်းကောင် ကဲ့သို့သော်လည်းကောင်း သဏ္ဌာန်တူ၍၊ အလျားအရှည်ဆုံးနေရာ မြောက်စွန်မှ တောင်စွန်အထိ မိုင်ပေါင်း ၁၃ဝဝ နီးပါးရှိလျက်၊ အရှေ့နှင့် အနောက် အကျယ်ဆုံး နေရာတွင် အနံမိုင်ပေါင်း ၅ဝဝ နီးပါးရှိ၏။ မြန်မာနိုင်ငံ၏ အရှေ့၊ အနောက်နှင့် မြောက်ဒေသများရှိ နယ်နိမိတ်တို့တွင် တောနှင့် တောင်တန်းများရှိ၍၊ တောင်ဘက်တွင်မူ မိုင်ရှစ်ရာနီးပါးရှည်လျားသော ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းကို တွေ့နိုင်ပေသည်။ ထိုအတွက် မြန်မာနိုင်ငံတွင်ရှိသော ဧရာဝတီ၊ စစ်တောင်းနှင့် သံလွင်မြစ်ကြီး သုံးသွယ်နှင့် မြစ်ငယ် ချောင်းငယ်တို့မှ ရေသည် ဘင်္ဂလား ပင်လယ်အော်ထဲသို့သာ စီးဆင်းကြလေသည်။ ထိုမြစ်နှင့် ချောင်းကြီးချောင်းငယ်တို့၏ အကြားတွင် ရခိုင်၊ ပဲခူးနှင့် ပေါင်းလောင်း ရိုးမတောင်တန်းများနှင့် တောင်ဆွယ် ကြီးငယ်များစွာ ရှိနေသဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးကို ခြုံ၍ကြည့်လျှင် ကျယ်ဝန်းသော မြေပြန့်ရှိသင့်သလောက် မရှိဘဲ၊ မညီညာသော မြေပြင်ကိုသာ ဒေသမြောက်မြားစွာတွင် တွေ့ရပေသည်။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ တောင်တန်း နယ်များအပါ စတုရန်းမိုင်ပေါင်း ၂၅၃ဝဝဝ ခန့်ရှိသည့်အနက် စတုရန်းမိုင်ပေါင်း ၁၄၅၃ဝဝ မှာ တောများဖြစ်၏။ သတ်မှတ်ပြီး သစ်တောကြိုးဝိုင်းမှာ ၃၄၇၉၉ မိုင်သာရှိ၏။ လူဦးရေ ၂၄သန်းနှင့် တွက်ကြည့်သော် တစ်ယောက်လျှင် ပျမ်းမျှခြင်း ဝ.၉ ဧကသာရှိသည်ဟု ဆိုစေကာမူ၊ လူနေအိမ်ခြေနှင့် ဝေးကွာ၍ အသုံးမချနိုင်သော တော၊ တောင်ကမ်းကြီးသော တော၊ မြက်သာပေါက်သော တောစသည်တို့လည်း ကြိုးဝိုင်းထဲတွင် ပါဝင်နေသောကြောင့် စီးပွားရေးအခြေအနေအားဖြင့် မလုံလောက်ချေ။ ထိုကြောင့် ကြိုးဝိုင်း သစ်တောများကို ဆက်လက်၍ ပြုလုပ်ရပေဦးမည်။ ထို့ပြင် အကြောင်းအမျိုးမျိုးတို့ကြောင့် ပျက်စီးသော တော အမြောက်အမြားစွာကိုလည်း ပြုပြင်၍ ပေးရန် တာဝန်သည် အလွန်လေးသဖြင့် ဖြစ်မြောက်အောင် ထမ်းဆောင်ကြရန်လိုလေသည်။

တောမျိုးများ[ပြင်ဆင်ရန်]

မြက်နှင့် သစ်ပင်ကြီးငယ်တို့ မည်သည် ရေ၊ မြေဩဇာ၊ ရာသီဥတု၊ ဒေသနှင့်အခြားသော အချက်အလက်များကို လိုက်၍ ပေါက်ကြသည်။ သို့သော် အပင်မျိုးချင်းမတူသော်လည်း အကျင့်ချင်းတူသော အပင်တို့သည် တစ်နေရာတွင် စုပြုံ၍ ပေါက်လေ့ရှိကြ၏။ ထိုကြောင့် မြေဩဇာ၊ ရာသီဥတုနှင့် အချက်အလက် အမျိုးမျိုး ကွဲပြားလျက် နေသော မြန်မာနိုင်ငံတွင် မျက်မြင်အားဖြင့် တောများတဆက်တည်း ဖြစ်နေသော်လည်း သူ့အစုနှင့်သူ ပေါက်နေသော အပင်တို့မှာ အပင်မျိုးချင်း မတူဘဲ၊ အကျင့်ချင်းတူသော အပင်မျိုးသာများသည်။ ဤအခြင်းအရာကိုလိုက်၍ မြန်မာနိုင်ငံတွင်ရှိသော တောများကို အောက်ပါအတိုင်း အမျိုးမျိုးခွဲနိုင်ပေသည်။

ခရာတော၊ သို့မဟုတ် ကနစိုတော၊ သို့မဟုတ် ရေငန်ပိုင်းတော၊ သို့မဟုတ် ဒီရေတော[ပြင်ဆင်ရန်]

ဤတောမျိုးတွင် ရွံ့နုံးပွက် အလွန်ထူထဲ၍ ငရဲသစ်ငုတ်ခေါ် ရေငန်ပိုင်းတွင် ပေါက်သော အပင်တို့၏ လေရှူရန် ဖန်တီးထားသော အမြစ်များ မြောက်မြားစွာကို တွေ့နိုင်ပေသည်။ ဤဒေသများတွင် ဒီရေသည် နေ့စဉ် ရောက်၏။ ထိုကြောင့် ဤတောမျိုးကို မြစ်ဝကျွန်းပေါ်ဒေသနှင့် ရေငန်ရောက်ရာ မြစ်၊ ချောင်း ကမ်းရိုးတစ်လျှောက်တွင် တွေ့ရသည်။ ဤတောမျိုးတွင် ပေါက်လေ့ရှိသော အပင်မျိုးများမှာ ကြတ်နန်(ကြန)၊ ပင်လယ်အုန်း၊ ကနစို၊ဗြူးခြေထောက်၊ ကဘိုင်၊ကြံ့စာ၊ သင်ပေါင်း၊ သင်ပန်း၊ ခရာ၊ ကန့်ဗလာ၊ မဒမ၊ ဘိုင်တောင်ရှည်တို့ ဖြစ်ကြသည်။ ဤတောမျိုးမှ ထွက်သော သစ်သားကို များသောအားဖြင့် ထင်းအဖြစ် သုံးကြသည်။ ကြတ်နန်(ကြန)နှင့် ကနစိုတို့ကို အိမ်ဆောက်ရာ၌လည်း သုံးနိုင်၏။ ကနစိုနှင့် မဒမခေါက်တို့ကို သားရေနယ်ရာ၌ အသုံးပြုနိုင်၏။ ဂျပန်ခေတ်တွင် ဤအခေါက်မျိုး တန်ပေါင်းများစွာ ထုတ်ခဲ့သည်။ဤတောမျိုးတွင် တောတိရစ္ဆာန် တွေ့ရလေ့မရှိ၊ ဝါးပင်များလည်း မပေါက်ချေ။

ပင်လယ် ကမ်းရိုးတမ်းတော၊ သို့မဟုတ် ပင်လယ်ကမ်းနား သောင်ပြင်နှင့် သဲခုံတော[ပြင်ဆင်ရန်]

ဤတောမျိုးကို ပင်လယ်ကမ်းရိုးတစ်လျောက် သောင်ပြင်အစပ်မှစ၍ တွေ့ရှိနိုင်သည်။ သို့သော် မကျယ်လှချေ။ သစ်ပင်များသည်လည်း ကောင်းမွန်သန်စွမ်းစွာ ပေါက်လေ့မရှိပေ။ အစဉ်မပြတ်တိုက်နေသော ပင်လယ်အရှိန်ကြောင့် အပင်များသည် ပေါက်သောအခါ အရပ်လေးမျက်နှာသို့ ဝေဆာစွာ ညီမျှသော အကိုင်းအချက် မထွက်နိုင်ဘဲ တစ်ဘက်တို တစ်ဘက်ရှည် ထွက်လျက် အပင်တို့၏ ပင်တံသည်လည်း လုံးလျက် ပေါက်ခြင်းမရှိ၊ လေမတိုက်သည့် ဘက်ကိုသာ ရွဲ့၍ ပေါက်ကြ၏။ ဤတောမျိုးတွင် ပေါက်တတ်သော အပင်မျိုးမှာ တောင်ကုန်းပေါ်၌ သင်းဝင်၊ သင်ပန်း၊ နှံပဲ(နဘဲ)၊ ကသစ်၊ ဝှေး၊ ပင်လယ်ကဗွီး၊ တောသရက်တို့ဖြစ်လျက် နိမ့်ရာဒေသတို့တွင် ကန့်ဗလာစသော အပင်မျိုးများ ပေါက်တတ်သည်။ ဤတောမျိုးမှထွက်သော သစ်သားများသည် ထင်းနှင့် အခြားအသေးအဖွဲ ပစ္စည်းလုပ်ရန်သာ အသုံးဝင်သည်။ ဤတောမျိုးတွင် ဒရယ်၊ ချေငယ်၊ တောကြောင်စသော တောတိရစ္ဆာန် အငယ်စားတို့ကိုသာ တွေ့ရလေ့ရှိ၏။ ဝါးပင်များ ပေါက်လေ့မရှိချေ။

ရွံ့နွံတော၊ သို့မဟုတ် စိမ့်တော[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် မိုးတွင်းအခါ၌ မြေနိမ့်သောကြောင့် ရေချိုဝပ်တတ်သော အင်း၊ ချောင်း၊ မြစ် ကမ်းဘေးများတွင် ဤတောတို့ကို တွေ့ရသည်။ ဤတောများသည် များသောအားဖြင့် မကျယ်ဝန်းလှချေ။ ထိုဒေသများ၌ ပေါက်လေ့ရှိသော အပင်များမှာ ကျည်း၊ မအူ၊ ရုံး၊ နကျယ် (နဂျီ)၊ စစ်၊ ဥနှဲ၊ ပေါက်၊ ကသစ်တို့ဖြစ်၏။ ဤအပင်မျိုးမှ ရသောသစ်သားကို အလှအပ အသေးအဖွဲအတွက် သုံးကြသည်။ များစွာအဖိုးမတန်ချေ။ ဤနေရာမျိုးတွင် နွေရာသီ၌ ရေရှိတတ်သဖြင့် ရေဝမ်းဘဲ၊ စစ်စလီ၊ ကလကတ်၊ ရေကြက်မ၊ ဥဗျိုင်းစသော ငှက်မျိုးစုံနှင့် နေ့လယ်အခါတွင် ရေကိုအမှီပြု၍ သစ်ပင်၊ မြက်နှင့် ချုံရိပ်တွင် အပန်းဖြေနားရင်း ပုန်းအောင်းနေလေ့ရှိသော တောတိရစ္ဆာန် ကြီးငယ်တို့ကို တွေ့ရတတ်၏။ ဤဒေသများတွင် ဝါပင်များ ပေါက်ရောက်ခြင်းမရှိချေ။

မိုးများသော တောစို၊ သို့မဟုတ် အမြဲစိမ်းတော[ပြင်ဆင်ရန်]

ထိုတောမျိုးကို နှစ်စဉ် မိုးရေလက်မ ၁၂ဝ (တစ်ရာ့နှစ်ဆယ်)အထက် ရွာသောဒေသနှင့် အရိပ်အာဝါသ ကောင်းသော တောတောင်ကြားရှိ လျှိုများတွင် တွေ့ရတတ်သည်။ ဤတောမျိုးသည် အစဉ်မပြတ်စိမ်းလန်းစိုပြည်လျက် ဖိုးထိုက်တန်သော ကညင်၊ သင်္ကန်း၊ သင်္ကန်းတူ (သင်္ကဒူး)၊ ပျဉ်းမ၊ သစ်ခါး၊ တောသရက်၊ ဆင်နင်းသရက်၊ တောင်သရက်၊ ရှောပြာ၊ လျှော်အမျိုးမျိုး၊ လုလင်ကျော်၊ သစ်ကြံပိုး၊ ကရဝေး၊ မအူ၊ ဘိုင်စသည်တို့ကို တွေ့နိုင်သည်။ စားစရာဆိုလျှင်လည်း ကနစိုး၊ လက်ပွတ်သီး၊ သို့မဟုတ် နရွဲ၊ ရင်ကန်းသီးပင်နှင့် အခြား အသီးအမျိုးမျိုးကို ရနိုင်ပေသည်။ ဤတောမျိုးများမှ ကညင်ဆီထွက်၏။ ဤတောမျိုးတွင်ရှိသော အပင်များသည် တစ်ဆယ့်နှစ်ရာသီ စိမ်းလန်း စိုးပြည်လျက် အရိပ်အာဝါသ ကောင်းသည်။ အစာလည်းပေါ၊ ရေဆိုလျှင်လည်း တစ်ဆယ့်နှစ်ရာသီ ရနိုင်သော စိမ့်၊ စမ်း၊ အင်း၊ အိုင် စသည်တို့ ရှိတတ်သည်။ ထိုမှတစ်ပါး သစ်ပင်ကြီးများအောက်၌ ဖုံးကွယ်နေရန် ကောင်းသော မြက်၊ ချုံ၊ သင်ပေါင်း၊ ကြိမ်နွယ်တို့လည်း ရှုပ်ထွေးလျက် ရှိတတ်သည်။ ထိုကြောင့် ဤတောမျိုးထဲတွင် ဆင်၊ ကြံ့၊ ကျား၊ ကျားသစ်၊ တောဝက်၊ ဝက်ဝံ၊ ဆတ်၊ မျောက်စသော တိရစ္ဆာန်များမှစ၍၊ မြွေ၊ ကင်းနှင့် ပိုးမွှားများပါမကျန် အမျိုးမျိုးတို့ကို တွေ့နိုင်၏။ ဤတောမျိုးတွင် ဝါးများများမပေါက်ပေ။

ယာယီ သွေ့ခြောက်သော တော၊ သို့မဟုတ် အထက်ရွက်ပြတ်ရော တောစို[ပြင်ဆင်ရန်]

ထိုတောမျိုးသည် နှစ်စဉ်နွေအခါ၌ ပြာသိုလမှ ကဆုန်လအထိ တောင်ရိပ်များသော လျှိုမှလွဲ၍ အခြားဒေသများတွင် အရွက်ကြွေ၍ သွေ့ခြောက်လျက်နေသည်။ မိုးတွင်းအခါ၌မူကား မိုးများသော အမြဲစိမ်း တောတို့နှင့်မခြား တွေ့နိုင်သည်။ အချို့ကား ဤတောမျိုးကို ဝါးပင်ပေါက်ခြင်းကို ကြည့်၍ ခွဲခြားကြ၏။ အောက်မြန်မာနိုင်ငံတွင် ကြသောင်းနှင့် တင်းဝါး ပေါက်လျက်၊ အထက်မြန်မာနိုင်ငံတွင် အချို့နေရာများ၌ ကြသောင်း အစား ဝါးဖြူ၊ သို့မဟုတ် ဝါးပိုးမျက်ဆန်ကျယ်နှင့် တင်းဝါးတို့ ပေါက်ကြသည်ဟု ဆိုကြသည်။ ဤတောမျိုးကို များသောအားဖြင့် ပြေပြစ်သော တောင်ကမ်းပါးယံဝယ် မြေဩဇာကောင်း၍ ရေမဝပ်သော သဲမြေပွပေါ်မှာ တွေ့နိုင်သည်။ ထိုတောမျိုး၌ပေါက်သော အပင်တို့မှာ ကျွန်း၊ ပျဉ်းကတိုး၊ နှော၊ နှံပဲ၊ စောင်းပလွေ၊ ထောက်ကြံ့၊ မျောက်လျှော၊ ဝှေး၊ ဘင်္ဂ၊ သစ်ဆိမ့်၊ ဖန်ခါး၊ ရုံး၊ စစ်၊ လယ်စာ၊ သရက်၊ စင်ပြွမ်း၊ ဆီးဖြူ၊ သပြု၊ ကြိမ်၊ မအူ၊ သပြေ၊ ပျဉ်းပ၊ ပိတောက်၊ သင်္ကန်းတို့ဖြစ်သည်။ အမျိုးချင်းပင် တူသော်လည်း ဤတောမျိုးမှ ထွက်သော သစ်မျိုးမှာ မပွလွန်း မကျစ်လွန်း၊ အလွန်ကောင်းလေသည်။ တောတိရစ္ဆာန်တို့မှာလည်း ပြောင်၊ စိုင်၊ ဆတ်၊ ဆင်၊ ချေငယ်၊ ကျား၊ ကျားသစ်၊ ကြံ့၊ (ရခိုင်ရိုးမနှင့် ပဲခူးရိုးမတွင် ၁၉၄၁ ခုနှစ်တိုင်အောင် အနည်းအပါးရှိသေး၏။) ဝက်ဝံ၊ တောခွေး၊ ခွေးအ၊ ဥဒေါင်း၊ ရစ်၊ တောကြက်၊ တောဝက် စသည်ဖြင့် မြောက်မြားစွာ တွေ့နိုင်၏။ ဤတောမျိုးသည် အဖိုးတန်ဆုံးဖြစ်၍ ဧရိယာ အကျယ်ဆုံးသည် ပဲခူးရိုးမ တောင်တန်းတွင်ရှိသည်။ ထိုကြောင့် ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်သောအခါ ထိုအဖိုး ထိုက်တန်သော တောကြီးကို မြန်မာတို့ လက်လွှတ်လိုက်ရပေသည်။ ဤတောမျိုးတွင် အသားပါးသော ဝါးမျိုးပေါများ၏။

တောခြောက်၊ သို့မဟုတ် အထက်ရွက်ပြတ်ရော တောခြောက်[ပြင်ဆင်ရန်]

ထိုတောမျိုးကို များသောအားဖြင့် အထက်ပါတောမျိုးများနှင့် မနီးမဝေးဒေသတို့တွင် တွေ့နိုင်လျက်၊ ထိုမြေမျိုးတွင် ပေါက်လေ့ရှိသော မြင်၊ သနနှင့် သိုက်ဝါးတို့ကို မြင်ခြင်းအားဖြင့် သိနိုင်သည်။ ဤတောမျိုးသည် အထက်ပါ တောမျိုးထက် အပင်ပေါက်ခြင်းကျဲ၍၊ ရှည်ကြာစွာ အရွက်ကြွေ၍ နေလေ့ရှိသည်။ ထိုတောမျိုးတို့တွင် ပေါက်သောသစ်ပင်တို့မှာ ကျွန်း၊ ပျဉ်းကတိုး၊ ထောက်ကြံ့၊ ပိတောက်၊ နှော၊ သစ်ဆိမ့်၊ စစ်၊ ရှား၊ရုံး၊ ဘင်္ဂ၊ သစ်ယာ အင်ကြင်း၊ ပျဉ်းမ၊ မျောက်လျှောတို့ ဖြစ်၍ အထက်ပါတောနှင့် ဆင်တူရိုးမှား ဖြစ်သော်လည်း အပေါက်နှေးပြီးလျှင် အသားမာကျစ်၍ လေးလည်းပို၍လေးသည်။ ဤတောမျိုးထဲတွင်လည်း မိုးဥတုအခါတွင်သားရဲ တိရစ္ဆာန်ပေါများ၏။ သို့သော် နွေအခါ၌မူ ချေငယ်၊ ဥဒေါင်း၊ တောကြက်နှင့် ရံဖန်ရံခါ ကျားသစ်နှင့် သမင်တို့မှအပ အခြား တောကောင်များ တွေ့ရလေ့မရှိချေ။ ဤတောမျိုးမှ အဖိုးထိုက်တန်သော သစ်အနည်းငယ်နှင့် ရှားစေးချက်ရန် ရှားပင်များ ရနိုင်သည်။ ဤတောမျိုးတွင် မြင်၊ သိုက်စသော သားထူသောဝါးများကို တွေ့ရလေ့ရှိသည်။

သဲကြမ်းမြေ ထူထဲသော အင်တိုင်းတော[ပြင်ဆင်ရန်]

အင်တိုင်းတောကို မြန်မာနိုင်ငံတွင် မြေပြန့်ရာ ဒေသ၌အနှံ့အပြား တွေ့နိုင်သည်။ တောမျိုးထဲတွင် အင်မ၊ အင်ဖို၊ ယင်းတိုက်၊ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း၊ ဆီးဖြူ၊ တရှား၊ ရှစ်ရှား၊ ဖန်ခါး၊ ဗန့်ဘွေး လင်းယော၊ စင်ပြွမ်း၊ ထောက်ကြံ့၊ ပျဉ်းမ၊ လင်ပလင်း၊ မြတ်ရာ၊ တရော်၊ မျောက်လျှော စသော ပင်မျိုးများ ပေါက်လေ့ရှိသည်။ သို့သော် အင်ပင်တို့သည် အခြားအပင်မျိုးများထက် သန်စွမ်း၍ တစ်မျိုးတည်း သီးသန့်သာ ပြုံလိုက် အစိုလိုက်ပေါက်လေ့ရှိ၏။ ဤတောမျိုး၌ ကျွန်းပင် မပေါက်လိုချေ။ ပေါက်ပြန်လျှင်လည်း ပိန်လှီသေးငယ်၍အပွေးကြမ်း၏။ ကောင်းစွာ အသုံးချနိုင်သော သစ်သား မရပေ။ အင်၊ သစ်ယာ၊ အင်ကြင်း၊ ပျဉ်းကတိုးတို့သာ အဖိုးတန်ထွက်သည်။ ဤတောမျိုးတွင် သမင်၊ ဒရယ်၊ ချေငယ်၊ ကျားသစ်၊ တောကြောင်၊ တောခွေးစသောတိရစ္ဆာန်တို့သာ များသောအားဖြင့် တွေ့ရသည်။ တောမျိုးတွင် မြင်နှင့် တင်းဝါး အနည်းအပါး တွေ့ရတတ်သည်။

ကျောက်စရစ်နှင့် သဲကြမ်းပေါသော အင်တိုင်းတော[ပြင်ဆင်ရန်]

ဤတောမျိုးတွင် မြေလွှာသည် ကျောက်စရစ်တုံးကလေးများ ရောနှောလျက်နေသော သဲကြမ်းမြေဖြစ်၍ အောက်၌မူကား သဲနှင့် ရွံ့စေးတို့သည် နွေအခါ၌ ပပ်ကြားအက်ကြောင်း မပေါ်နိုင်အောင် ကျစ်လျစ်သိပ်သည်းစွာ သွေ့ခြောက်ပြောင်လက်လျက် နေခြင်းကို တွေ့နိုင်သည်။ ဤမြေမျိုးတွင်ပေါက်သော အပင်မျိုးသည် အထက်ပါ တောတွင် တွေ့ရသော အပင်မျိုးများ ဖြစ်သော်လည်း အင်ပင်မှ အပ အခြားအပင်များသည် ပိုမို၍ သန်စွမ်းစွာ ပေါက်တတ်ကြသည်။ ဆိတ်ချေး၊ ငု၊ ကျွန်း၊ ရှား၊ ယင်းတိုက်၊ ခပေါင်းရေကြည်၊ တည်၊ တမလန်း၊ မျောက်လျှောပင်များကိုလည်း တွေ့ရတတ်သည်။ အချို့ဒေသများတွင် ဤတောမျိုးများမှ ရှေးမြန်မာမင်းများ လက်ထက်ကသည် ယနေ့တိုင်အောင် အသုံးပြုနေကြသော မီးခတ်ကျောက်ခေါ် အင်ကြင်းသစ်မှ ဖြစ်သော အင်ကြင်းကျောက် မြောက်မြားစွာနှင့် ထိုခေတ်က သံကျိုခဲ့သော ဖိုကြီးဖိုငယ်တည်သော နေရာဟောင်း မြောက်မြားစွာကိုလည်း တောထဲတွင် တွေ့နိုင်သည်။ ဤတောမျိုးတွင် တောတိရစ္ဆာန်မပေါများပေ။ ဝါးမှာမူ တင်ဝါးနှင့် မြင်ဝါး အနည်းအပါးသာ တွေ့နိုင်သည်။

ဂဝံကျောက်တော[ပြင်ဆင်ရန်]

ဤတောမျိုးတွင် အချို့ဒေသ၌ ဂဝံကျောက်တို့သည် မြေပေါ်တွင် ပေါ်နေသည်။ အချို့၌မူကား မပေါ်ပေ။ ယင်းတို့ အပေါ်တွင် ကျောက်စရစ် မြေနီခဲနှင့် သဲကြမ်းရောလျက်နေသော မြေလွှာ၊ သို့မဟုတ် သဲကြမ်းသာ ရှိတတ်သည်။ ထိုမြေပေါ်တွင် ပေါက်လေ့ရှိသော သစ်ပင်တို့မှာ များသောအားဖြင့် သက်ရင်းကြီး၊ အင်၊ ကညင်၊ ထောက်ကြံ့၊ ခပေါင်း၊ ပျဉ်းမ၊ သရက်၊ စာသူငယ်ဦးနှောက်၊ သို့မဟုတ် ဘဲ့ပြား၊ မြတ်ရာ၊ တရော်၊၊ မလွှ၊ နှော၊ လက်ထုတ်ကြီး၊ ဗန့်ဘွေး၊ လုလင်ကျော်၊ ယင်းတိုက်၊ ဆီးဖြူ၊ ဖန်ခါး၊ လက်ထုတ်ကလေး၊ သစ်ဆိမ့်၊ နကျယ်၊ မျောက်လျှောတို့ဖြစ်၍၊ ရံဖန်ရံခါငု၊ ရှား၊ ကျွန်း၊ ပျဉ်းကတိုး၊ သပွတ်ကြီး၊ ဥနှဲ၊ ယင်းမာ၊ ဝှေး၊ နှံပဲ၊ ကြက်ရိုး၊ သစ်ချ စသည်ဖြင့် ဒေသ၊ ရာသီဥတုနှင့် မြေအခြေ အနေကိုလိုက်၍ ပေါက်တတ်သည်။ ဤတောမျိုးကို ပင်လယ်ပြင်မှ အမြင်ပေ ၃ဝဝ ထက် မမြင့်သော ဒေသတွင် တစ်နှစ်လျှင် မိုးရေချိန် ၄၅ လက်မထက် မနည်းလျှင်တွေ့နိုင်သည်။ ဤတောမျိုးတွင် များသောအားဖြင့် ချေငယ်သာ တွေ့ရတတ်၏။ ပေါက်သောဝါးများမျာမူ ညံ့ဖျင်းသော တင်း၊ မြင်၊ ဝါးကောက်နှင့် ကြသောင်းများသာ ဖြစ်နိုင်သည်။

ဖွတ်ချေးထူမြေ၊ သို့မဟုတ် ဆားနယ်မြေတော[ပြင်ဆင်ရန်]

ထိုတောမျိုးသည် မြန်မာနိုင်ငံအလယ်ပိုင်း သွေ့ခြောက် သော နေရာတွင်ရှိသည်။ ထိုဒေသမျိုးမှ ထုံးမြေ၊ဆားနှင့် ဆပ်ပြာတို့ကို နွေအခါ၌ရနိုင်၏။ မိုးအခါ၌မူကား မာသောထုံးဖြူခဲကလေးများနှင့် ခြေထောက်တွင် ကပ်လျက် ပါသော ရွံ့စေးများဖြင့် ကျံလျက်နေသော မြေလွှာကို တွေ့နိုင်သည်။ ဤတောမျိုးတွင် ပေါက်တတ်သော အပင်များမျာ ဇီး၊ မန်ကျည်း၊ နီပေဆး၊ ယင်းမာ၊ လက်ပံ၊ လိန်၊ အင်၊ အင်ကြင်း၊ မြယာ၊ ုံးေပါက်၊ ရှား၊ သနပ်ခါး၊ တပူ၊ ဆီ၊ လက်ထုတ်ကြီး၊ ဝှေး၊ ဆူးပလွေ၊ သန်း၊ ဒဟတ်၊ ခပေါင်းရေကြည်၊ ထနောင်း၊ လက်ထုတ်ကလေး၊ ယင်းတိုက်၊ ခံ၊ နှံပဲ၊ တည်တို့သာ ပေါများပေသည်။ဤတောမျိုးတွင် သမင်၊ ချေငယ်နှင့် တောကြောင်လောက်ကိုသာ တွေ့ရတတ်သည်။ ဤတောမှထွက်သော ပစ္စည်းများအနက် သနပ်ခါးသည် အဖိုးအတန်ဆုံးဖြစ်၏။ သို့သော် သနပ်ခါးကို အသုံးများ၍ ခုတ်ဖန်များ သောကြောင့် ယခုအခါ ကုန်သလောက် ရှိပေသည်။ ဤတောမျိုးတွင် ဝါးမပေါများပေ။

ထင်းရှူးတော[ပြင်ဆင်ရန်]

ထိုတောမျိုးသည် နာဂ၊ မဏိပူရ၊ ချင်းတွင်း၊ ရှမ်းပြည်နယ်နှင့် နယ်ခြားတောင်တန်းတွင်ရှိသည်။ ထိုတောရှိ ဒေသသည် အေး၍ ပင်လယ်ပြင်မှ ပေပေါင်း ၂၅ဝဝ မှ ၇ဝဝဝ အထိမြင့်၏။ ထိုနေရာတို့၌ မြေလွှာတွင် မြေနုနည်း၍ ကျောက် ကြိုကျောက်ကြားတွင် သဲကြမ်းနှင့် ကျောက်စကျောက်နတို့ကို သာတွေ့ရလေ့ရှိသည်။ ကျောက်ဆောင်များမှာ များသောအားဖြင့် ထုံးကျောက်များဖြစ်သည်။ ဤတောမျိုးတွင် ပေါက်လေ့ရှိသော အပင်မျိုးများမှာ သစ်အယ်၊ သစ်ချ၊ ထင်း၊ အိမ်ထောင်ပရိဘောဂမှစ၍ အိမ်ဆောက်ရန် အသုံးဝင်၍ အဖိုးတန်သည်။ ဤအပင်မှ ထင်းရှူးဆီရနိုင်၏။ သို့သော် မြန်မာနိုင်ငံက ထင်းရှူးဆီကို အသုံးချနည်း မရှာသေးပေ။

ဤကဲ့သို့ တောအမျိုးမျိုးကို ခွဲသော်လည်း ထိထိရောက်ရောက် မပြည်စုံချေ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်တို့ မည်သည် အထက်တွင် မကြာခဏ ဖော်ပြသည့်အလျောက် မြေဩဇာ၊ ရာသီဥတု၊ ဒေသ၊ အကြောင်းအရာ၊ အခြေအနေ စသည်တို့ကိုလိုက်၍ ပေါက်သဖြင့်၊ တစ်နေရာနှင့် တစ်နေရာ၊ တစ်ကွက်ထဲတွင် မည်ကဲ့သို့ ကပ်လျက် နေသော်လည်း၊ မသိမသာ အခြေအနေအကြောင်းအရာတို့သည် ကွဲပြားသကဲ့သို့ အပင်ပေါက်ခြင်းသည်လည်း ကွဲပြား ခြားနားပေသည်။ ဥဒါဟရုဏ် အားဖြင့် ဖွတ်ချေထူးမြေနှင့် အင်တိုင်းမြေ စပ်လျက်နေသော ဒေသတို့တွင် သန်း၊ ဒဟတ်၊ ဆူးပလွေ စသောအပင်တို့သည် အင်၊ သစ်ယာ၊ အင်ကြင်းစသော အပင်မျိုးတို့နှင့် ရောနှော၍ အချို့နေရာ၌ ပေါက်တတ်၏။ ထို့အပြင် တစ်နေရာနှင့်တစ်နေရာ ပေါက်ရောက်နေသော အပင်မျိုးချင်း တူငြားသော်လည်း မြေ၏ အခြေအနေစသည်တို့ ကွဲပြားခြင်းကိုလိုက်၍ ပေါက်သောကြောင့် တစ်ပင်နှင့်တစ်ပင် ပေါက်ပုံခြင်း မတူချေ။ ယယီသွေ့ခြောက်သော တော၊ သဲကြမ်းမြေ ထူထဲသောတောနှင့် တောခြောက်တို့တွင် ပေါက်သော ကျွန်းတို့မှာ တစ်ပင်နှင့်တစ်ပင် အခြေအနေလိုက်၍ ပေါက်ရသဖြင့် မတူကြချေ။ ထိုကြောင့် ကျွန်းဖရုံ၊ ကျွန်းနက်၊ ကျွန်းဝါ၊ စွံနီသားပြောင်၊ ကျွန်းပြောက် စသည်ဖြင့် အမည်အမျိုးမျိုး ဖြစ်ပေါ်လာရ လေသည်။ ဤကဲ့သို့ တောအမျိုးမျိုး သစ်အမျိုးမျိုးနှင့် သစ်အတန်းအစား အမျိုးမျိုးရှိသော နိုင်ငံသည် ဤကမ္ဘာတစ်ဝန်းလုံးတွင် ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံ တည်းသာရှိသည်။ ကျွန်ုပ်တို့နှင့် ဆက်စပ်လျက်နေသော ယိုးဒယားနိုင်ငံနှင့် အာသံပြည်တို့၌ပင် မြန်မာနိုင်ငံမှာကဲ့သို့ သစ်အမျိုးမျိုး အစားစား ရှိလည်းမရှိ၊ကောင်းသောတောများလည်း မပေါများလှပေ။ အထက်၌ ဖော်ပြသော တောများတွင် တွေ့ပြီးသား အပင်ကြီးငယ်မျိုးပေါင်း ၅,၂ဝ၄ ပင်ရှိ၏။ ထိုအထဲတွင် မြက်နှင့် ဝါးမျိုးများ မပါချေ။ မတွေ့သေးသောအပင် မည်သူမျှရှိလိမ့်မည်ဟု မခန့်မှန်းနိုင်ချေ။ သို့သော် မြောက်မြားစွာကား ကျန်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ယနေ့အထိ တောထဲတွင် အလိုအလျောက်ပေါက်သော သစ်ပင်တို့မှ သစ်များနှင့် ဘိုးဘွားဘီဘင် လက်ထက်က ရှာဖွေ စုဆောင်း၍ ထားခဲ့သော သစ်တောပစ္စည်း အသုံးချနည်းကိုသာ သိသေး၍၊ ထိုအသုံးဝင်သော သစ်နှင့် ပစ္စည်းတို့ကို ထုတ်နုတ် ရောင်းချရန်သာကြိုးစားလုံးပန်းခဲ့ကြသည်။ အခြားအသုံးဝင်သောအပင်မျိုး မြောက်မြားစွာ အကြောင်းကိုသော်လည်းကောင်း၊ တောများ တည်မြဲစွာ နေနိုင်ရန် မြေဩဇာအကြောင်းကို စုံစမ်းရန် အချက်အလက်တို့ကိုသော်လည်းကောင်း ဂရုမပြုခဲ့ကြပေ။ ယခုလည်း ဤအတိုင်းပင် ရှိနေသေးသည်။ တောထဲတွင် သစ်ပင်တို့ကို ရာခိုင်နှုန်းနှင့် ကြည့်မည်ဆိုလျှင် ၁၂ ရာခိုင်နှုန်းမှာ ကျွန်းပင်များ ဖြစ်ကြောင်းကို အားလုံးက ဝန်ခံသည်။ ကျွန်းပင်တို့ကိုလည်း ဒေသမြောက်မြားစွာတွင် တွေ့နိုင်သည်။ ဤကျွန်းပင်များကို ရှေးနှစ်ပေါင်း များစွာက စ၍ခုတ်လှဲ ပိုင်းဖြတ် ထုတ်ယူရောင်းချ လာခဲ့ကြသော်လည်း ဤမျှလောက် ကျန်ရှိသေးခြင်းမှာ မည်မျှ တောများကို အပြုစုကောင်းသောကြောင့် မဟုတ်ပေ။ ကျွန်းပင်သည် အသက်ပြင်း၍ ငုတ်တက်မှ အပင်ပေါက်နိုင်ခြင်းကြောင့်လည်း တစ်ကြောင်း၊ ၁၇၅၂ ခုနှစ် မြန်မာဘုရင် အလောင်းဘုရား၏ လက်ထက်မှစ၍ ကျွန်းပင်ဟူသရွေ့ မည်သည့်ဒေသ မည်သည့်နေရာ၌ ပေါက်ပေါက်၊ ဘုရင်မင်းမြတ်၏ ဘဏ္ဍာတော်ဖြစ်၍ မည်သူမျှ ခုတ်ယူ သုံးစွဲခြင်း မပြုရဟု တားမြစ်ထားခဲ့သဖြင့်၊ ဤဥပဒေအတိုင်း ယနေ့တိုင်အောင် တည်မြဲလျက် ရှိနေသောကြောင့်လည်းတစ်ကြောင်း ဖြစ်ပေသည်။ သို့သော် ယခုအခါ မြေဩဇာ ညံ့ဖျင်း၍ အပင်များလည်း မသန်စွမ်းလှ တော့ချေ။

သစ်တောဥပဒေနှင့် သစ်တောကြိုးဝိုင်း[ပြင်ဆင်ရန်]

ရှေးအထက်ကျော် ကာရီက မြန်မာနိုင်ငံတွင် လူဦးရေ နည်းပါးသောကြောင့် လုပ်ကိုင်စားသောက်ရန် ဥယျာဉ်၊ တောင်ယာ၊ လယ်မြေ စသည်တို့ကို မြောက်မြားစွာ မလိုချေ။ နိုင်ငံခြားသားများ လိုချင်ကြသော ကျွန်းသစ်မှလွဲ၍ အခြား သစ်ဝါး မြောက်မြားစွာ သုံးစွဲရန်လည်း မရှိချေ။ ထိုကြောင့် တောများကိုလည်း မရှင်း၊ တောနက်ထဲသို့လည်း လူသူမရောက် ဖြစ်သည့်အလျောက် သစ်ပင်များသည် ဓမ္မတာအတိုင်း ပေါက်ချင်သကဲ့သို့ပေါက်လျက် ကြီးချင်သလောက် ကြီးခဲ့ကြပေသည်။ ထိုခေတ်တွင် သစ်လုံးချော အလျားပေ ၂၅၃ဝ နှင့် တန်ချိန် ၂၅၃ဝ အထိရှိ သစ်များပင် အများအပြား ထွက်ခဲ့သည်။ တောတိရစ္ဆာန်နှင့် ကြက်ငှက်များကိုလည်း သတ်ဖြတ်ဖျက်ဆီးသူနည်းပါး၍ အလွန်တရာ ပေါများသည်။ ထိုကြောင့် မြန်မာနိုင်ငံရှိ တောများကို အထူးတစ်လည် စောင့်ရှောက်၍ပေးရန် ထိုးစဉ်အခါက မလိုခဲ့ပေ။ သို့သော် တဖြည်းဖြည်း လူဦးရေ များလာသောအခါမှစ၍ ရွာ၊ လယ်ယာ၊ ကျွဲနွား စားကျက်၊ ခြံ၊ ဥယျာဉ် မြေအတွက်လိုသော တောများကို ခုတ်ထွင် ရှင်းလင်းခြင်း၊ သစ်ဝါးမှစသော သစ်တောထွက် ပစ္စည်းများ ပိုမို၍ လိုလာခြင်း၊ စည်းကမ်း နည်းလမ်း မရှိဘဲ သစ်ပင်နှင့် တောများကိုပါ ဖျက်ဆီးခြင်းတို့ ပေါ်ပေါက်လာသည်။ ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ်အရ ဗြိတိသျှအစိုးရသည် ရခိုင်နှင့် တနင်္သာရီတိုင်းတို့ကို သိမ်းပိုက်လိုက်သောနှစ်မှစ၍ ၁၈၅၂ ခုနှစ်အထိ ဗြိတိသျှတို့သည် ကျွန်းသစ်ပင်များကို စိတ်ရှိသည့်အတိုင်း ခုတ်လှဲ ထုတ်ယူခြင်းကို ခွင့်ပြုခဲ့သဖြင့် သစ်တော ပျက်စီးခဲ့ရသည်။ ထိုတောများတွင် သစ်ကုန်ခါနီး သောအခါမြန်မာ ဘုရင်မင်းမြတ်များ ပိုင်သော တောများတွင် ဝင်ရောက် ခုတ်လှဲကြပြန်သည်။ ဤသို့ဖြင့်မသင့်မတင့်ဖြစ်ကြ ရာမှ ၁၈၅၂ ခုနှစ်တွင် ပဲခူးတိုင်းကို ပေးအပ်လိုက်ရသောအခါ ကျွန်း၊ အခြားသစ်မျိုးနှင့် သားရဲတိရစ္ဆာန် အလွန်ပေါများ၍ အဖိုးမဖြတ်နိုင်လောက်သော ပဲခူးရိုးမ တောင်ကြီးကိုပါ ဗြိတိသျှတို့၏ လက်တွင်းသို့ အပ်လိုက်လေသည်။ ဤတောကြီးကို ရပြန်သောအခါ ယခင်အတိုင်း စည်းကမ်းမဲ့စွာ သစ်များကို ခုတ်ဖြတ်ယူကြပြန်သည်။ နိုင်ငံခြားသားများကို အတုယူ၍ တိုင်းရင်းသားများကလည်း အဖြုန်းစနစ်ကို လိုက်စားလာကြသည်။ ထိုအခါက သစ်တောများကို ကြီးကြပ် အုပ်ချုပ်ရန် ထားသောသူများမှာ သစ်တောပညာကို မတတ်ကြချေ။ ၁၈၅၆ ခုနှစ်လောက်မှ ဂျာမနီနိုင်ငံတွင် သစ်တောပညာကို ဆည်းပူးခဲ့သော ဂျာမန်လူမျိုး မစ္စတာဗရင်းဒစ်သည် နောင်တွင် အိန္ဒိယပြည်၌ သစ်တောမင်းကြီးချုပ်ဖြစ်လျက်၊ မြန်မာပြည်ရှိ သစ်တောများကိုပါ စီမံအုပ်ချုပ်ခဲ့သော ဆာအီအက်ထရစ် ဗရင်းဒစ်ဖြစ်လာသည်။ ဤပုဂ္ဂိုလ်ကြီးသည် ၁၈၈၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ထိုသူ အုပ်ချုပ်သည့်ခေတ်ကစ၍ အိန္ဒိယသစ်တောဥပဒေ ပေါ်ပေါက်၍လာပြီးလျှင်၊ ထိုဥပဒေကို မြန်မာပြည် တွင် ၁၈၈၁ ခုနှစ်မှစ၍ သုံးခဲ့သည်။ သို့သော် မြန်မာပြည် ဥပဒေမပေါ်သေးမီက အိန္ဒိယပြည် ဥပဒေကိုအသုံးပြုခဲ့ပြီးလျှင်၊ ၁၈၇၁ ခုနှစ်က အင်းစိန်နယ်၊ ဝါးနက်ချောင်းနှင့် ဆင်စွယ် ကြိုးဝိုင်းတို့ကို မြန်မာပြည်တွင် ရှေးဦးစွာ တည်ထောင်ပေးခဲ့သည်။ (အချို့က မြန်မာပြည်တွင် သစ်တောကြိုးဝိုင်းများကို ၁၈၆၂ ခုနှစ်ကစ၍ လုပ်ခဲ့သည်ဟုဆိုကြသည်။ သို့သော်မည်သည့်ကြိုးဝိုင်းကိုစ၍ လုပ်ခဲ့သည်ဟု သေချာစွာ ညွှန်မပြသောကြောင့် ဟုတ်မဟုတ် စစ်ဆေးရန် မဖြစ်နိုင်ပေ။) ထိုအချိန်မှစ၍ တစ်စတစ်စ ကြိုးဝိုင်းများကို စစ်ဆေးပြီးလျှင် ချဲ့ထွင်လုပ်ကိုင် လာခဲ့ရာ ၁၉၄ဝ ပြည့်နှစ် ရောက်သောအခါ ကြိုးဝိုင်းမြေ၌ ၃၄၇၉၉ စတုရန်းမိုင် ပြီးစီးခဲ့လေသည်။


စနစ်ချ၍ သစ်ထုတ်ခြင်း[ပြင်ဆင်ရန်]

၁၈၅၈ ခုနှစ်တွင် ဝီလျံဝါးလေ့ ဆိုသူပုဂ္ဂိုလ်တစ်ဦးသည် ဝါးလေ့ကုမ္ပဏီအမည်နှင့် ရန်ကုန်မြို့ ဒလဘက်တွင် သစ်စက် တစ်ခုကိုဝယ်၍၊ ရန်ကုန်နှင့် မော်လမြိုင်တွင် သစ်အလုပ်ကိုစ၍ လုပ်ခဲ့သည်။ သို့သော် ထိုအချိန်က အင်္ဂလိပ်မင်းတို့ လက်အတွင်းသို့ ရောက်နေသော တောဟောင်းများ ပျက်စီးနေ၍၊ တောသစ်များအတွက်လည်း ဥပဒေစည်းကမ်း အကန့် အသတ်များ ပေါ်ပေါက်လာသဖြင့် လိုချင်သလောက် သစ်လုံလောက်စွာ မရနိုင်ခဲ့ပေ။ ထိုကြောင့် ၁၈၆၂ ခုနှစ်တွင် မင်းတုန်းမင်းကြီးထံ အမိန့်ခံယူ၍ ရှေးက နင်းကြမ်းခေါ်ပျဉ်းမနားနယ်နှင့် အထက်မြန်မာနိုင်ငံရှိ အချို့တောများကိုပါ ယူလျက် ကျွန်းသစ်ကို လုပ်ခဲ့သည်။ အလုပ်ကကြီး၍ ငွေမလုံလောက်သဖြင့် ဘုံဘေဘားမား ထရိတ်ဒင်း ကုမ္ပဏီဟု အမည်ပေးကာ အစုဝင်တို့၏ ငွေဖြင့် လုပ်ခဲ့သည်။ ထိုအခါမှစ၍ ထိုကုမ္ပဏီသည် မြန်မာနိုင်ငံအစိုးရနှင့် ပဋိပက္ခဖြစ်ပြီးလျှင် ၁၈၈၄ ခုနှစ်သို့ ရောက်သောအခါ ဗြိတိသျှ အစိုးရသည် သီပေါဘုရင်ကိုပါ ဖျက်ဆီးလျက် အထက်မြန်မာနိုင်ငံကိုလည်း သိမ်းယူလိုက်သည်။ သို့သော် တိုင်းပြည်ရုတ်တစ်ရက် မငြိမ်မသက်ခြင်းကြောင့် ၁၈၈၅ ခုနှစ်ကျမှ မြန်မာနိုင်ငံတစ်ဝန်းလုံး ကမ္ဘောဇတိုင်းနှင့် အခြားတောင်တန်း ဒေသတို့ကိုပါ သိမ်းနိုင်ခဲ့သည်။ ၁၈၈၆ ခုနှစ်မှစ၍ သစ်တောအုပ်ချုပ်ရေးကို မြန်မာပြည် တစ်ခုလုံးအတွက် လုပ်ခဲ့၏။ ဤကဲ့သို့ သစ်တောအားလုံး လက်တွင်းသို့ ရောက်သောအခါ သစ်တော လုပ်ကိုင်ခြင်း စနစ်အရ အောက်ပါအတိုင်း တောများကိုခွဲ၍ သစ်၊ ထင်း စသည်တို့ကို ယနေ့အထိ ထုတ်ယူခွင့် ပြုလေသည်။

နိုင်ငံ၏ စီးပွားရေးနှင့် အခွန်တော်များများ ရရန်လုပ်သောတော[ပြင်ဆင်ရန်]

ဤတောမျိုးကို တစ်ဖန်သုံးမျိုးခွဲပြန်၏။

ဓနရှင် သစ်ကုန်သည်ကြီးများသာ လုပ်နိုင်သောတော[ပြင်ဆင်ရန်]

ဤတောမျိုးသည် ကျယ်ဝန်း၍ သစ်ထုတ်ရန်ခက်ခဲ့သည့်အပြင် မြို့ရွာနှင့် ဝေးလံသော ဒေသတို့တွင်ရှိသည်။ ဤတောမျိုးကို ငွေအင်အား၊ လူ၊ ကျွဲ၊ ဆင်စသော အင်အားစုနှင့် လုပ်ငြားသော်လည်း၊ အနည်းဆုံး နှစ်နှစ် သုံးနှစ်လောက်မှ သစ်စ၍ ထွက်နိုင်သဖြင့် နှစ်ရှည်စာချုပ်ဖြင့် လုပ်ရသည်။ အစ၌ ၄၄ နှစ်စာချုပ်၊ ထိုစာချုပ် သက်တမ်းကုန်သောအခါ ၂၅ နှစ်မှ အနှစ် ၃ဝ အထိ၊ နောက်ဆုံးတွင် ၁၅ နှစ်ဖြစ်၏။ ဤစာအချုပ်အားလုံးသည် ၁၉၄ဝ-၄၃ ခုနှစ်တွင် ကုန်ခဲ့သည်။ ဤစာချုပ်များအနက် ထူးကဲစွာ ရာဇဝင်တွင်ခဲ့သော စာချုပ်မှာ ၁၈၄၈ ခုနှစ်တွင် ဂျွန်မက်ကေးအင် ကုမ္ပဏီဆိုသော ကုမ္ပဏီတစ်ခုက အာဏာပိုင်တစ်ဦးနှင့် လက်သိပ်ထိုးပြီးလျှင် ၉၉ နှစ် ဂရန်ကြီးကို မော်လမြိုင်နယ်တွင် အရယူခဲ့ခြင်းပင် ဖြစ်သည်။ ထိုနောက် အဆိုပါ ဂရန်ကြီးကို ဖာဒီနန်ဖူးကားဆိုသော ပုဂ္ဂိုလ်သို့ လက်လွှဲပြောင်းပေးခဲ့သောအခါ အဆိုပါ ပုဂ္ဂိုလ်က ဖူးကား အင် ကုမ္ပဏီဖွဲ့၍ သစ်ထုတ်ခြင်း အလုပ်ကိုလုပ်ခဲ့သည်။ ထိုဂရန်ကြီးသည် ၁၉၄၆-၄၇ ခုနှစ်တွင် ကုန်ဆုံးခဲ့လေသည်။ဤကဲ့သို့သော တောကြီးမျိုးကို လုပ်ကိုင်ခဲ့ကြသော ကုမ္ပဏီများမှာ စတီးဘရားသား၊ ဖူးကား၊ မက္ကရီပါ၊ ဘုံဘေဘားမား၊ ဖင်ဒလေအင်ဆန်း၊ ဒေါ်ကြူ၊ စောသာဒွေး၊ ဦးဘအိုနှင့်သားများ၊ ဦးဘိုးထိန်၊ ဒေါ်သဲနုနှင့် အယူတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် မော်လမြိုင်မြို့ပေါ်၌ ၁၈၃၃ ခုနှစ်ကစ၍ သစ်စက်ကို တည်ခဲ့သည်။ ဤတောမျိုးမှ ကျွန်းသစ်ကိုသာ ထုတ်ယူနိုင်သည်။ အခြားသစ်များကို ထုတ်ယူရန်မလွယ်ကူသည့်ပြင် စရိတ်အကုန်အကျများ၍ ရောင်းဈေး မကိုက်သောကြောင့် မလုပ်ကြပေ။ ယခုအခါ ဤတောအားလုံးကို ပြည်သူပိုင်လုပ်၍ ကျွန်းသစ်များကို ထုတ်နေကြသည်။ ခေတ်ကောင်းစဉ်အခါ ၁၉၁၉ ခုနှစ်မှစ၍ ၁၉၃၉ ခုနှစ်အထိ ဤတောများမှ နှစ်စဉ်ကျွန်းသစ်လုံး ပျမ်းမျှခြင်း တန်ချိန် ၄၆၄၃၇၅ တန်ထွက်ခဲ့၍ ထိုမှရသော အခွန်တော်မှာ မြန်မာငွေ တစ်ကုဋေခွဲ ဖြစ်လေသည်။

သစ်ကုန်သည်ကလေးများ လုပ်နိုင်သော တော[ပြင်ဆင်ရန်]

ဤတောမျိုးကို ရွေးချယ်သောအခါ သစ်ကုန်သည်များ၏ ငွေအင်အားနှင့် ကျွဲ၊ နွား၊ ဆင်၊ လှည်း၊ မော်တော်ကား အင်အားတို့အပြင် သစ်ထုတ်ရန် လွယ်ကူ၍ သစ်ရောင်းနိုင်သော ဒေသနှင့် အနီးဆုံး တောများကို ရရန် သေချာစွာ စစ်ဆေးပြီးမှ ရွေးချယ်ရသည်။ ထိုကြောင့် ဤတောမျိုးတွင် ကြိုးဝိုင်း ကြိုးပြင်ပါလျက်၊ မြို့ရွာ၊ မြစ်၊ ချောင်းကမ်း၊ လှည်းလမ်းနှင့် မီးရထားလမ်းများနှင့် နီးသော နေရာများတွင် တွေ့နိုင်သည်။ ဤတောမျိုးမှ ထွက်နိုင်သော သစ်များမှာ ကျွန်း၊ အင်၊ ကညင်၊ အင်ကြင်း၊ သစ်ယာ၊ ကဒီ(ကသစ်)၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ ပိတောက်၊ သင်္ကန်း၊ နှော၊ တောသရက်၊ တောင်သရက်၊ ဒီးဒူး၊ လက်ပံ၊ ဖန်ခါး၊ သစ်ဆိမ့်၊ ရှား၊ ရှောပြာစသည်ဖြင့် တောကိုလိုက်၍ ဖြစ်၏။ ထိုသစ်မျိုးများကို မြန်မာနိုင်ငံတွင် သုံး၍ မကုန်သောကြောင့် နိုင်ငံခြားသို့ပင် တင်ပို့ရသေးသည်။ ၁၉၃၅-၃၆ ခုနှစ်မှ ၁၉၃၉-၄ဝ ပြည့်နှစ်အထိ ကျွန်းမှတစ်ပါး အခြားနာမည်ရပြီးဖြစ်သော ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း၊ ပျဉ်းမ၊ အင်၊ ကညင်နှင့် အခြား သစ်မျိုးများကို ပျမ်းမျှခြင်း တန်ချိန် ၄၈၂၃၆၃ တန်မျှ နှစ်စဉ် နိုင်ငံခြားများသို့ တင်ပို့နိုင်ခဲ့သည်။ ရှေးနှစ်ပေါင်း များစွာကစ၍ မြန်မာနိုင်ငံ၏ အကောင်းဆုံးဖောက်သည်သည် ကျွန်ုပ်တို့၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံဖြစ်၍ ကျွန်ုပ်တို့နိုင်ငံမှ ထွက်သမျှသစ်၏ သုံးပုံနှစ်ပုံကို အိန္ဒိယနိုင်ငံမှ အစဉ်သဖြင့် လိုသည့်အလျောက် ဝယ်ယူခဲ့ပေသည်။ဤတောမျိုးမှ ထွက်သော သစ်မှလွဲ၍၊ ကြိမ်၊ ဝါး၊ ရှားစေး၊ သားရေးနယ်ရန် သစ်ခေါက်စသော အသေးအဖွဲ သစ်တောပစ္စည်းများမှ နှစ်စဉ် ပျမ်းမျှခြင်း အခွန်တော်ငွေ ၆၁၆၃၂၂ ကျပ်ရခဲ့သည်။ ဤတောမျိုးကို လုပ်ခွင့် ပြုသောအခါ တော၏ အခြေအနေ၊ ထွက်မည့် သစ်တန်ချိန် စသည်တို့ကို ချင့်ချိန်၍ တစ်နှစ်မှ ငါးနှစ်အထိ လုပ်ရန် ဖွင့်ပေးလေ့ရှိသည်။ သို့သော် အခွင့်ပြုပေးသော အချိန်တွင် မပြီးစီးနိုင်၍ နှစ်ပိုတောင်းကြသော ကြောင့်အခွင့်ပြုရခြင်းက များပေသည်။

အစိုးရလုပ်သော တောများ[ပြင်ဆင်ရန်]

ဤတောများကို အောက်ပါ ရည်ရွယ်ချက်များနှင့် စ၍ လုပ်ခဲ့သည်။

  1. သစ်ထုတ်ရာ၌ ကုန်ကျမည့်စရိတ်များကို သိစေရန်။
  2. သစ်အရောင်းအဝယ် နားလည်စေရန်။
  3. သင့်တော်သော သစ်အခွန်တောကို ကြီးကြပ် ကန့်သတ်နိုင်ရန်။
  4. သစ်ထုတ်ရန် စည်းကမ်း နည်းလမ်းများကို နားလည်၍ သစ်တောကျောင်းသားများနှင့် သင်လိုသော သစ်ကုန်သည် ကလေးများကို သင်ပြပေးရန်။
  5. အခွန်တော် ပိုမို၍ ရရန်။
  6. သစ်ထုတ်ရာဝယ် ချောင်း၊ မြစ်စသည်တို့ မပျက်စီးအောင်သော်လည်းကောင်း၊ ပျက်စီးသော နေရာများကို ပြုပြင်ပေးရန်နှင့် ရေဝပ်သော လတာမြေများကို ရေမဝပ်ပဲ လယ်ယာကိုင်းများ ဖြစ်မြောက်အောင် လုပ်ပေးရန်သော် လည်းကောင်းဖြစ်၏။ ဤနည်းအတိုင်း ပြုပြင်ပေးနိုင်သောကြောင့် သာယာဝတီနယ် မြစ်မခသစ်တောနယ်၊ သစ်ထုတ်သော အကွက်တွင် နှစ်စဉ် လယ်ဧကပေါင်း ၃ဝဝ နီးပါး ချဲ့ထွင်ပေးနိုင်ခဲ့သည်။
  7. ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင် မြို့ကြီးများတွင်ရှိသော သစ်ကုန်သည်ကလေးများ ကျွန်းသစ်ရရန်အတွက် လေလံတင် ရောင်းနိုင်ရန်။
  8. ရန်ကုန်မြစ်ထဲတွင် သောင်ထွန်းခြင်း၊ ရေတိမ်ခြင်း၊ ကမ်းပါးပျက်ခြင်းမှ ကာကွယ်ပေးရန်၊ ထိုအလုပ်အတွက် ယခင်က ဆိပ်ကမ်းဌာနဆိုင်ရာမှ နှစ်စဉ် မြစ်မခနယ်တွင် လုပ်ကြသော သစ်တော အရာရှိကြီးများ၏ လခအချို့ကို ပေးလေ့ ရှိသည်။ အစိုးရလုပ်သော တောမျိုးကို ၁၈၅၆ ခုနှစ်မှစ၍ လုပ်ကိုင်ခဲ့သည်။ ရှေးအခါက ဤအလုပ်မျိုးကို ကသာ၊ မော်လမြိုင်၊ သာယာဝတီ၊ ဇီးကုန်း၊ ပြည်နှင့် အခြားဒေသတို့တွင် လုပ်ခဲ့၏။ သို့သော် နောင်အခါ သစ်ကုန်သည်ကြီးများ၏ တောင်းဆိုချက်ကို လိုက်လျောကာ သာယာဝတီ၊ ဇီးကုန်းနှင့် ပြည်နယ် အောင်ပိုင်းကိုသာ လုပ်ခဲ့တော့သည်။
တောလက်ကျေးရွာနှင့် မြို့ကြီးများတွင်နေထိုင်ကြသူ အားလုံး အသုံးပြုရန် လိုသလောက် သစ်၊ဝါး၊ ထင်းစသည် ရအောင်စီမံသောတော[ပြင်ဆင်ရန်]

ဤတောမျိုးကို ရွေးချယ်သောအခါ သစ်ထုတ်ရန် လွယ်ကူလျက် မြို့ရွာနှင့် နီးပြီးလျှင် ရွာသူရွာသားတို့လို အပ်သော သစ်တောပစ္စည်းအားလုံး လုံလောက်စွာ ရနိုင်မရနိုင်ကို ဝေဖန်ရသည်။ ထိုနောက် တောများကို တစ်နှစ်စာ ထွက်နိုင်သော အကွက်ငယ်များ ခွဲလျက် လှည်လမ်းများကို မြို့ရွာများမှ ထိုအကွက်သို့ရောက်အောင် ဖောက်ပေးခြင်း၊ လွယ်လင့်တကူ သစ်၊ ထင်း၊ ဝါးမှ စသော သစ်တောပစ္စည်းထုတ်ယူနိုင်ရန် လက်မှတ်ရောင်းသော အကောက်တဲများထား ခြင်းတို့ကို လုပ်ရသည်။ ဤကဲ့သို့ လူပင်ပန်း၍ စရိတ်ငွေမြောက်မြားစွာ အကုန်ခံရသော်လည်း တိုင်းသူပြည်သားများ သက်သာစိမ့်သောငှါ မဆိုလောက်သောအခွန်ကိုသာကောက်သည်။ ဤတောမျိုးမှ သစ်တောပစ္စည်း ထုတ်ယူရန် လက်မှတ်များမှ အခြေအနေ၊ ပစ္စည်းကိုလိုက်၍ တစ်ရက်မှ သုံးရက်အထိသာ ခွင့်ပြုလေ့ရှိ၏။ ဤကဲ့သို့လက်မှတ်နှင့်မှ ထုတ်ယူခွင့် ပြုသည်ဟု ဆိုသော်လည်း သနပ်ခါး၊ မှို၊ ဟင်းရွက် ဟင်းသီး၊ ကန်စွန်း၊ သပွတ်၊ ဗန့်ဘွေးဖက်၊ သနပ်ဘက်၊ အင်ဘက်၊ တောင်စွန်ဘက်၊မျှစ်၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ မှန်ကူသီး၊ ခံသီး၊ လက်ပွတ်သီး၊ ဆီးသီး၊ သပြုသီး၊ စင်ပြွမ်းသီး၊ ကြက်မောက်သီး၊ ဝှေးသီး၊ ဝှေးဖူး၊ သပြေသီး၊ ကနစိုးသီး၊ သရက်သီး၊ ရဲယိုသီး၊ ဥသျှစ်သီး၊ ရင်ကန်းသီး၊ ပိန်းဥ၊ မြောက်ဥ၊ ဖွတ်ဥ၊ အင်ဥ၊ ကျွေးဥ၊ ကိုင်းဥ၊ ကြာပွင့်၊ ကြာဖူး၊ ကညွတ်၊ ကင်ပွန်းသီး၊ ကင်ပွန်းရွက်၊ ဆူးပုပ်ရွက်၊ ကျီးခြေမှစ၍ ဆေးရွက်၊ ဆေးမြစ် အမျိုးမျိုး၊ ဖွတ်၊ ပုတတ်၊ ယုန်မကျန် မည်သည့် အသေးအဖွဲ ပစ္စည်းကိုမဆို လိုချင်သလောက် အခွန်အခမပေးရဘဲ အခါမရွေး သွားရောက်ရှာဖွေ စားသောက် ရောင်းချနိုင်သည်။ အမှန်ဆိုသော် ဤပစ္စည်းများ အပေါ်တွင် အခွန်ကောက်မည်ဆိုက ကောက်ထိုက်ပေသည်။ ထိုမှတစ်ပါး ထိုတောအနီးတွင် ဘိုးဘွားလက်ထက်မှ နေလာ၍ ထိုတောထဲမှ ပစ္စည်းများကို သုံးစွဲလာသော သူများ အဖို့မှာမူ ပိုင်ဆိုင်ခွင့် ရရှိကြောင်း သစ်တောဌာနမှအသိအမှတ်ပြုပါက ထိုသူတို့သည် အခွင့်ပြုသော သစ်၊ ဝါး၊ ထင်း၊ စသောပစ္စည်းတို့ကို အခွန်မဆောင်ဘဲ ထုတ်ယူသုံးစွဲပိုင်ခွင့် ရှိကြသည်။ ဤတောမျိုးကို လုပ်သောအခါ အနှောင့်အယှက် အလွန်တရာများ၏။ တောများကို မပျက်စီးအောင် စောင့်ရှောက် ထိန်းသိမ်းပေးရန်မှာ မလွယ်ကူလှပေ။ ဤတောမျိုး၏ ပတ်ဝန်းကျင်တွင် ရွာပေါင်း မြောက်မြားစွာ ရှိနေ၍ ထိုရွာများမှ လှည်လမ်းများသည် တောထဲတွင် ရှုပ်ရှက်ခတ်လျက် ရှိနေသဖြင့် နေ့ညဉ့်မရွေး ဝင်ရောက်၍ မိမိတို့လိုရာ ပစ္စည်းကို စည်းမဲ့ ကမ်းမဲ့ ယူလေ့ရှိကြသည်။ အခါကောင်း၍ ဥပဒေကို ရိုသေသည်ဟုဆိုသော ခေတ်ကပင် ဤကဲ့သို့ ထိန်းမနိုင်အုပ်မရ ဖြစ်ခဲ့၍ ဤတောမျိုးများ အချို့ပျက်စီးကာ အချို့ကို အစိုးရက ဖျက်ဆီးခဲ့လေသည်။ ဂျပန်ခေတ်သို့ ရုတ်တရက် ရောက်လာသောအခါ တကိုယ်ကောင်း ကြံကြသော မြန်မာနှင့် ကုလားများသည် ဂျပန်များနှင့် ပူးပေါင်းလျက် သူတို့လိုသော သစ်၊ ထင်း၊ ဝါးမှစ၍ သစ်တောပစ္စည်းမျိုးစုံကို လိုသည်ထက် ပို၍ရရန် စည်းကမ်းမဲ့ လုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံက သစ်တောများကို မြန်မာအမျိုးသားများသာ ပိုင်၍ ရန်သူပိုင် မဖြစ်နိုင်ကြောင်း ကိုသော်လည်းကောင်း၊ သစ်တောပစ္စည်းများကို စည်းကမ်းနှင့် ထုတ်ယူသင့်ကြောင်းကို သော်လည်းကောင်း ထိုခေတ်ကဝန်ကြီးလုပ်သူ သခင်ထွန်းအုပ်၊ အတွင်းဝန် ဦးလှရှိန်နှင့် ဤစာရေးသူပါ သုံးဦးတို့သည် ဟိုတိုင်၊ သည်တိုင်နှင့် နောက်ဆုံး၌ စစ်ဌာနနှင့် ဆိုင်သည်ဟုဆို၍ ယင်းတို့နှင့် နောင်အခါတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ပြောဆိုသော အခါမှ စည်းမဲ့ ကမ်းမဲ့ ပြုလုပ်ခြင်း နည်းပါးသွားလေသည်။ ထိုကြောင့် မြန်မာနိုင်ငံက တောများသည် ဂျပန်ခေတ်က အများထင်သကဲ့သို့ မပျက်စီးခဲ့ပေ။ ဂျပန်များကြောင့် သစ်တော ဌာနမှ ပျက်စီးသော တော၊ အဆောက်အအုံ၊ ဆင်၊ ကျွဲ၊ တန်တားနှင့် အခြားပစ္စည်းစုစုပေါင်း၏ တန်ဖိုးမှာ မြန်မာငွေ နှစ်ကုဋေခွဲသာဖြစ်၏။ ထိုသို့ ဆုံးရှုံးသည်ကို ဂျပန်နိုင်ငံမှ စစ်လျော်ကြေး တောင်းယူခဲ့လေသည်။

မီးရထား၊ သင်္ဘောနှင့် အခြား အသုံးအဆောင် အတွက် ထင်းပေးရန် လုပ်သော တော[ပြင်ဆင်ရန်]

ဤတောမျိုးကို မော်လမြိုင်၊ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ကသာ၊ ရွှေဘို၊ ပြည်စသော နယ်များတွင် လိုသည့် အလျောက်စစ်ဆေး၍ ဖွင့်ပေးသည်။

မိုးလေဝသနှင့် ရာသီဥတုမျှတစ်လျက် ရေလုံလောက်စွာရရန် ထားသောတော[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မိုးပါးရေရှား ရပ်ဝန်း၌ အပူရှိန် ပြင်းထန်လှပေရာ၊ မြေများသည် မြေဩဇာဓာတ် ချို့တဲ့ကာ ဆားငန်မြေများအဖြစ်ပြောင်းလာခြင်း၊ မိုးရာသီအခါ ညီမျှစွာ မိုးမရွာဘဲ၊ တစ်လနှစ်လအတွင် မိုးသည်းထန်စွာ ရွာတတ်သဖြင့် မြေဆီလွှာများကို ရေတိုက်စားခြင်းတို့ကြောင့် ထိုရပ်ဝန်းသည် တဖြည်းဖြည်း သဲကန္တာရဆန်လာသည်။ သစ်တောဌာနသည် ထိုအန္တရာယ်ကို ကာကွယ်ရန် ရှိပြီးသစ်တောများ မပြုန်းတီးရေး၊ သစ်တောတည်ထောင်ရေးကို ကြိုးပမ်း လျက်ရှိသည်။ သစ်တောရှိပါက ရေရရှိခြင်း၊ အပူဒဏ်နှင့် လေဒဏ်ကို ကာကွယ်ခြင်း၊ သစ်တောထွက် လူသုံးပစ္စည်းများ ရခြင်းစသော အကျိုးကျေးဇူးကိုလည်း ခံစားရပေမည်။

အိုးအိမ်၊ လယ်မြေ၊ ချောင်း၊ မြောင်း၊ အင်း၊ အိုင်၊ လမ်း၊ တံတားမှစ၍ ရေလွှမ်းမိုးခြင်း ပျက်စီးခြင်းတို့မှ ကာကွယ်ပေးရန်လိုသော တော[ပြင်ဆင်ရန်]

ဤတောမျိုးမှာ မြေဆီမြေလွှာတို့သည် မူလနေရာမှ အခြားသို့ ရွေ့လျက်နိမ့်ရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် အနည်ထိုင်ကာ ကောစေ၍ မိုးရာသီတွင် ထိုတောများ၏ ပတ်ဝန်းကျင် တစ်ဝိုက်၌ ရှိနေသော ဒေသများသို့ ရေလွှမ်းမိုးလျက် ပျက်စီးနိုင်သည့်အပြင်၊ မူလနေရာတို့တွင်လည်း မြေဆီမြေလွှာ ကုန်ခန်း၍ ရေစီးကြောင်း မြောက်မြားစွာနှင့် မြေပြင်အောက် တွင်ရှိသော ကျောက်ခဲ့ကြီးငယ်တို့ အပြင်မည်သည့် အပင်မှ မပေါက်နိုင်သော ကျောက်ဖျာတို့ပင် ပေါ်ထွက်လာခြင်ုးတို့မှ တားဆီးပေးရန် လိုသောတောများပင်ဖြစ်ပေသည်။ သို့သော် ဤတောမျိုးကို ထားခါမျှနှင့် မလုံလောက်ချေ။ မြေဆီမြေလွှာ ကုန်ခန်းခြင်းနှင့် ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းအရာ အလုံးစုံကို စူစမ်းဆင်ခြင်ပြီးမှ လိုအပ်သော စည်းကမ်း နည်းလမ်းများကိုပါ ကျနသေချာစွာထား၍ ပြုစုလုပ်ကိုင်မှသာ ရည်ရွယ်ချက်ကို အောင်မြင်စွာ ရရှိနိုင်ပေမည်။ မြေဆီမြေလွှာ တို့ကို ဖျက်ဆီးနိုင်သော အကြောင်းရင်းများမှာ သဘာဝအတိုင်း ယင်းတို့ကို မိုး၊ နေနှင့် လေတို့၏ ပြင်းထန်သောအရှိန်မှ ကာကွယ်၍ပေးသော အပင်ကြီးငယ်တို့နှင့် ယင်းတို့မှ ကြွေကျ၍ မြေဆွေးဖြစ်သော၊ သို့မဟုတ် ဖြစ်မည့်အကိုင်းအခက်အရွက် အမြစ်တို့ကို သုတ်သင် ရှင်းလင်း ဖျက်ဆီးခြင်းတို့ပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း များစွာမှစ၍ မြေဆီ၊ မြေလွှာတို့ကို နေ့ရှိသရွေ့ ပျက်စီးအောင် လုပ်နေသော နည်းများမှာ တောင်ယာခုတ်ခြင်း၊ သစ်ပင်လှဲခြင်း၊တောရှင်းခြင်း၊ တောမီးရှို့ခြင်း စသည်တို့ဖြစ်၏။ မြန်မာနိုင်ငံတွင်ရှိသော တောများကို ၁၈၅၆ ခုနှစ်မှစ၍ သစ်တောပါရဂူတစ်ဦးဖြစ်သူ ဆာဒီအက်ထရစ် ဗရင်းဒစ်က သစ်တော မီးမလောင်ရန် အမြော်အမြင်ကျယ်စွာ စိမံကိန်းနှင့် ဥပဒေများကို ပြုလုပ်၍ နှစ်ပေါင်းများစွာ တားမြစ်ခဲ့သည်။ ထိုစီမံကိန်းနှင့် ဥပဒေများမှာယနေ့အထိ တည်လျက် ရှိနေသေး၏။ သို့သော် အသုံးမပြုကြပေ။ ထိုစဉ်အခါက တောသူ တောင်သားများသည် တောမီးလောင်လျှင် အပြစ်ရမည်ကို ကြောက် ခြင်းကြောင့်လည်း တစ်ကြောင်း၊ဤအကြောင်းနှစ်ကြောင်း ကိုထောက်၍ မိမိတို့လုပ်ကိုင် စားလောက်ရုံမျှသာ ဖြစ်မည့် တောကွက်ကို ခုတ်ထွင် ရှင်းလင်းပြီးလျှင် ထိုအကွက်၏ ပတ်ဝန်းကျင်တွင် ၁ဝ ပေ ၁၅ ပေကျယ်သော မီးတားလမ်းများကိုအပြောင်တန်မြက်စည်းနှင့် လှည်းပြီးမှ မိမိတို့၏ တောင်ယာကွက်ကိုသာ မီးရှို့လေ့ရှိသည်။ ထိုမီးကိုလည်း ထိုအကွက်အပြင်သို့ ကူးစက်ရန် မည်သို့သောအခါမျှ အခွင့်မပြုခဲ့ကြ ပေ။ ထိုအတွက် ထိုခေတ်က မြေဆီမြေလွှာပျက်စီးသည်ဟု ဆိုစေကာမူ ပြောပလောက်အောင်မဖြစ်သည့်အပြင် ယင်းတို့ကြောင့် နှစ်စဉ် ရေကြီး၍ လယ်ယာ၊ ကိုင်းကျွန်း၊ တံတား၊ လမ်း၊ တာ၊ အိမ်မှစ၍ ပျက်စီးသည်ဟုလည်း မှတ်တမ်းတွင် မတွေ့ခဲ့ပေ။ သို့သော် ၁၉ဝ၅ ခုနှစ်မှစ၍ သစ်တောကြိုးဝိုင်းများကို တစ်စတစ်စ မီးတားခြင်းမှ ရုပ်သိမ်း၍ ၁၉၂၂ ခုနှစ် ရောက်သောအခါအသစ်စိုက်ပျိုးသော သစ်တောစိုက်ခင်းမှ လွဲ၍ အခြားတောများကို မီးတားခြင်း မလုပ်တော့ပေထိုကြောင့် ၁၉၂၃ ခုနှစ်လောက်မှစ၍ ယနေ့အထိတစ်နှစ်ထက်တစ်နှစ် ပိုမို၍ဆိုးရွားစွာ ရေကြီး၍ အနယ်နယ်တွင် လယ်ယာ ကိုင်းကျွန်း၊ လမ်း၊ တာတမံ၊တာရိုး၊ အိမ်၊ ချောင်း၊ မြစ်မှစ၍ ပျက်စီးနေကြောင်းကို မိုးဥတုအခါတိုင်း သတင်းစာများတွင် ဖတ်နေကြ ရပေပြီ။ ထိုမှတစ်ပါး မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်ရှိသော တောင်ကုန်းကြိးငယ်တို့တွင် မြေဆီမြေလွှာ ကုန်ခန်းလာ၍ ဆိုးရွားလာသော ဒေသများတွင် မည်သည့် အပင်မှလည်းမပေါက်၊ မည်သည့် ယာမှလည်း မလုပ်နိုင်သော အခြေသို့ပင် ရောက်နေသော မြေကွက်ကြီးငယ် မြောက်မြားစွာ ရှိနေပေပြီ။ အဆိုးဆုံး နေရာများမျာ ရှမ်းပြည်နယ်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံ၊ မကွေးနှင့် ရမည်းသင်း နယ်မြောက်ပိုင်းတို့ဖြစ်သည်။ ကျန်သော ဒေသတို့မှာလည်း မြေဆီ မြေလွှာသည် တစ်နှစ်တခြား လျော့ပါးလာ၍ တောစိုမှ တောခြောက်၊ တောခြောက်မှ မြက်တော၊ ထိုမှတစ်ဖန် မည်သည့် အပင်မှ မပေါက်နိုင်သော ကျောက်ဖျာနှင့် ကျောက်တုံးများအထိ ပြောင်းလဲ နေခြင်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ ထိုကြောင့် ကျွန်ုပ်တို့ တောများသည် လူအများ ထင်သည့်အတိုင်း မကောင်းတော့ချေ။ ရှေးက သစ်တန်ချိန် ၂၅တန် ၃ဝရှိ သစ်တုံးများပင် ထွက်ခဲ့ဘူးသည်ဟု ဆိုသော်လည်း ၁၉၂၅ ခုနှစ်လောက်က မြစ်မခနယ်မှ ငါးတန်ခွဲသာသာရှိသော သစ်လုံးကို ထုတ်လာသောအခါ အများက အံ့ဩနေကြရလေပြီ။ ထိုကြောင့် ယခုမှစ၍ သစ်တောများကို ပြန်လည်၍မီးတားခြင်း၊ အသုံးမဝင်သော မြေကွက်လပ်များကို ပြန်လည်ပြုပြင်ခြင်း၊ မြေဆီမြေလွှာ ကောင်းသည်ထက် ကောင်းအောင် မြက်၊ သစ်ပင်စသည်တို့ ပေါက်စေရန် စီစဉ်၍ လုပ်ထိုက်ပေပြီ။

သားရဲ တိရစ္ဆာန်မှစ၍ ကျေးငှက်၊ ပိုးမွှားမကျန် ပြုန်းတီးပျက်စီးမည်ကို စိုးရိမ်၍ ထားသောတော[ပြင်ဆင်ရန်]

ဤတောမျိုးကို ရှေးအခါက မိဂဒါဝုန် တောများ ထားသည့်နည်းအတိုင်း ဆက်လက်၍ထားခြင်းပင်ဖြစ်ပေသည်။ မြန်မာတိုင်းရင်းသားများသည် အသားဆိုလျှင် လင်းတသားကလွဲ၍ ဘာမျှ မရှောင်ကြချေ။ ထိုအတွက် ငရဲကို မကြောက်ဘဲ ရရာသတ္တဝါကို လိုက်လံရှာဖွေ၍ မျောက်၊ ဖွတ်၊ ပုတတ်၊ ငါးနှင့် ငှက်တို့မှအစ ဆင်ကောင်ကြီးများအထိတွေ့ရာကို အရ သတ်ဖြတ်စားသောက်ကြသည်။ ထိုကြောင့် တစ်ရံရောအခါက ကျွန်ုပ်တို့နိုင်ငံတွင် တောတိရစ္ဆာန်အလွန် ပေါများခဲ့သော်လည်း ယခုအခါ တစ်နေ့တစ်ခြား ရှးပါးလာသဖြင့် ယင်းတို့ ကွယ်ပျောက်၍ မသွားအောင် တစ်ဖက်ပါ တောများကို သီးသန့်၍ ထားပြီးလျှင် အထူးအရာရှိများနှင့် စောင်ရှောက်ခဲ့ရလေသည်။ အဆိုပါ တောများကို ကန့်သတ်ထားသည့်အပြင် ဥဒေါင်းငှက်မျိုးသည် သာသနာရေး မျက်စိနှင့် ကြည့်လျှင် အလွန် မြင့်မြတ်သော သတ္တဝါမျိုးဖြစ်၍အိန္ဒိယနိုင်ငံတွင် မည်သည့်နေရာ၌တွေ့တွေ့ ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုရန် တားဆီးသကဲ့သို မြန်မာနိုင်ငံမှာလည်း တားဆီးပေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက အဆိုပါတောများတွင် တိရစ္ဆာန်တို့သည် အသင့်အတင့် များပြား၍ ယဉ်ပါးနေကြ၏။ ဒုတိယကမ္ဘာစစ် အတောအတွင်း၌ပင် ထိုတောများမှ ဘေးမဲ့တောများအဖြစ် တည်ရှိခဲ့လေရာ ယခုအခါ ရှေးကထက် ပိုမို၍ ဂရုစိုက်စောင့်ရှောက်ရန် လိုလားအပ်ပေသည်။[၁]

စဉ် နယ် တောအမည် မွေးထားသော တောတိရစ္ဆာန်
မြစ်ကြီးနား ပိတောက် ဆင်စိုင်ပြောင်ဆတ်ဒရယ်ချေငယ်၊ ဝက်ကျားကျားသစ်ဥဒေါင်းရစ်ခါတောကြက်ငုံး
ကသာ ရွှေဥဒေါင်း ကြံ့ဆင်ပြောင်စိုင်ဆတ်တောဆိတ်ချေငယ်၊ တောဝက်ကျားကျားသစ်ဝက်ဝံဥဒေါင်းတောကြက်ရစ်ခါငုံး
မန္တလေး မေမြို့ ချေငယ်၊ တောကြက်ခါဥဒေါင်း
ထားဝယ် မော်စကိုကျွန်း ဆတ်၊ ချေငယ်၊ တောဝက်၊ ကြံ့။
သထုံ ကဟိလူ တောဆိတ်၊ ဆတ်၊ ချေငယ်၊ ဒရယ် အပုစား၊ ဒရယ် အကြီးစား၊ တောကြက်။
သောင်းရင်း မူးလရစ် တောဆိတ်၊ ဆတ်၊ ချေငယ်၊ ဒရယ် အပုစား၊ ဒရယ် အကြီးစား၊ တောကြက်။
သထုံ ၊ မော်လမြိုင် ကဟိလူ ချေငယ်၊ တောဝက်၊ ကျား၊ ကျားသစ်
ဝက်ထီးကန် ရေကြက်အမျိုးမျိုး။
မင်းဘူး ရွှေစက်တော် ပြောင်၊ ဆတ်၊ သမင်၊ ချေငယ်
၁၀ ပဲခူး ပကိုင်ကန် ကြိုးကြာ၊ ကရဝိတ်၊ ဝံလို၊ ဘဲငန်း၊ ရေဝမ်းဘဲအမျိုးမျိုး၊ စစ်စလီကလကတ်ငှက်ကြီးဒုံးစပ်တင်ကျီးဥဗျိုင်း အမျိုးမျိုး၊ မယ်ညိုရေကြက်မငဟစ်မှစ၍ ရေတွင် ကြက်စားသော ငှက်အမျိုးမျိုး။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)