ကြံ့

ဝီကီပီးဒီးယား မှ
ကြံ့
Temporal range: Eocene–Present
Rhino collage.png
Rhinoceros species of different genera; from top-left, clockwise: White rhinoceros (Ceratotherium simum), Sumatran rhinoceros (Dicerorhinus sumatrensis), Indian rhinoceros (Rhinoceros unicornis), Black rhinoceros (Diceros bicornis)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Perissodactyla
Superfamily: Rhinocerotoidea
မျိုးရင်း: Rhinocerotidae
Owen, 1845
အမျိုးအစား မျိုးစု
Rhinoceros
Linnaeus, 1758
Extant and subfossil genera

Ceratotherium
Dicerorhinus
Diceros
Rhinoceros
Coelodonta
Stephanorhinus
Elasmotherium
Fossil genera, see text

Rhinocerotidae distribution map en.png
Rhinoceros range

ခြေလေးချောင်းသတ္တဝါများထဲတွင် ဆင်ကလွဲလျှင် ရေမြင်းနှင့် ကြံ့တို့သည် အကြီးဆုံး ဖြစ်သည်။ ကြံ့သည် အလျား ၁၃ ပေခန့်ရှိ၍ ပခုံးအထိ အမြင့်မှာ ၆ ပေခွဲခန့် မြင့်သည်။ အလေးချိန် ၃ တန်မျှ ရှိသည်။ ကြံ့ကို အာရှတိုက်တောင်ပိုင်း၊ အာဖရိကတိုက် အလယ်ပိုင်းနှင့် တောင်ပိုင်းတို့၌သာ တွေ့ရသည်။ ကြံ့၏ ကိုယ်မှာ အလွန်ကြီးမား၍ အကြည့်ရလည်း ဆိုးသည်။ တစ်ကိုယ်လုံး၌ အရေပြားထူကြီး ဖုံးထားသဖြင့် အလွန်ချွန်ထက်မာကျောသော လှံသွား၊ ကျားခြေသည်း၊ ခြင်္သေ့စွယ်တို့ကိုပင် ကြံ့ကြံ့ခံနိုင်သည်။

ကြံ့၏ နှာတံပေါ်တွင် ချွန်ထက်မာကျောသော ဦးချိုရှိသည်။ အချို့ကြံ့မျိုးတွင် ရှေ့နောက်ယှဉ်နေသော ဦးချိုနှစ်ချောင်းရှိ၍ အချို့ကြံ့မျိုးတွင် ဦးချိုတစ်ချောင်းသာ ရှိသည်။ ဦးချိုတစ်ချောင်းနှင့်ကြံ့မျိုးကို ကြံ့ဆင်ဟု ခေါ်၍၊ ဦးချိုနှစ်ချောင်းနှင့် ကြံ့မျိုးကို ကြံ့ရှော်ဟု ခေါ်ကြသည်။ ထိုခိုင်မာသော ဦးချိုမှာ သစ်ပင်ချုံဖုတ်များကို တွန်းလှဲ ဖြိုဖျက်ရန်နှင့် ရန်သူကို ခုခံတိုက်ခိုက်ရန် အသုံးဝင်သည်။

ကြံ့သည် ပင်ကိုသဘာဝအားဖြင့် ရန်လိုကြမ်းကြုတ်သော သတ္တဝါမျိုး မဟုတ်ချေ။ ရန်သူကို ရှောင်တတ်သော်လည်း စိတ်ခက်ထန်ဖွယ်ရာတွေ့ရှိလာသည့် အခါ၊ တရှူးထိုးလိုက်တတ်သည်။ မျက်လုံးအလွန်သေး၍၊ အဝေးသို့မမြင်၊ မျက်စိလည်း မလျှင်ချေ။ သို့ရာတွင် အနံ့ခံကောင်း၍ အနံ့သိလွယ်သည့်ပြင်၊ အလွန်နားကင်းပါးသည်။

ကြံ့၏ခြေထောက်များသည် ဆင်ခြေထောက်နှင့် ခပ်ဆင်ဆင်တူသော်လည်း ယင်းတို့၌ ခြေချောင်းသုံးခုသာလျှင် ရှိသည်။ ကြံ့နှုတ်သီးမှာ ရှည်မျောမျောဖြစ်၍ အထက်နှုတ်ခမ်းသည် အောက်နှုတ်ခမ်းထက် ပို၍ ထွက်နေသည်။ နားရွက်များမှာ ရှည်လျား၍ ထောင်နေ၏။ တစ်ကိုယ်လုံး အမွေးမရှိသော်လည်း၊ နားရွက်ဖျားနှင့် အမြီးဖျားတို့တွင် အတန်ရှည်သော အမွေးအမှင်များ စု၍ပေါက်နေသည်။ အမြီးမှာသတ္တဝါနှင့် မလိုက်အောင်ပင် တိုလေသည်။ ရှေးခေတ်က ရေခဲပြင်ကြီးများတွင် နေထိုင်ကြသော ကြံ့မျိုးတို့၌ကား အမွေးရှည်များ ရှိကြသည်ဟု ဆို၏။

ကြံ့မျိုးတွင် ထင်ရှားသောအမျိုး ငါးမျိုးရှိရာ သုံးမျိုးကို အာရှတိုက်၌ တွေ့ရ၍ ကျန်နှစ်မျိုးကို အာဖရိကတိုက်၌ တွေ့ရသည်။ အာဖရိကတိုက်တွင် တွေ့ရသောကြံ့မျိုးမှာ ကြံ့ရှော်မျိုးဖြစ်၍၊ ယင်းကို ကြံ့မဲနှင့် ကြံ့ဖြူဟူ၍ နှစ်မျိုးခွဲထား၏။ ကြံ့မဲနှင့် ကြံ့ဖြူဆိုသော်လည်း အရောင်မှာ မတိမ်းမယိမ်းပင်ဖြစ်၏။ ကြံ့မဲမှာ မွဲပြာရောင်ဖြစ်၍ ကြံ့ဖြူမှာ မီးခိုးရောင်ညစ်ညစ် ဖြစ်သည်။ ကြံ့မဲကို အာဖရိကတိုက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အနှံ့အပြားတွေ့ရသည်။ အမြင့် ၅ ပေခွဲ ခန့်ရှိ၍ အလျား ၁ဝ ပေခန့် ရှိသည်။ အကောင်ကြီးတို့သည် တစ်တန်မှ နှစ်တန် အထိ အလေးချိန်စီးကြ၏။ အမြီးမှာ တိုတုတ်တုတ် ဖြစ်သည်။

ဦးချို ၂ ချောင်းအနက်၊ အရှေ့ဘက်၌ ရှိသောဦးချိုမှာ ပို၍ရှည်လျက် ၁ ပေခွဲ မှ သုံးပေကျော်ကျော်ခန့်အထိ ရှည်တတ်သည်။ ကြံ့မဲသည် အလွန်လျင်မြန်၍ သျွှိလည်းရှိသည်။ စိတ်ထွက်သည့်အခါ တစ်နာရီလျှင် မိုင်အစိတ် မိုင်သုံးဆယ် အမြန်နှုန်းနှင့် တရှူးထိုးလိုက်တတ်သဖြင့် မုဆိုးတို့သည် ထိုကြံ့မဲမျိုးကို အလွန်ကြောက်ကြ၏။ ကြံ့မဲမျိုးတွင် အမသည် သုံးနှစ်တစ်ကြိမ်ခန့် သားတစ်ကောင်ကျလေ့ရှိသည်။

ကြံ့ဖြူကို တွေ့ရသော ဒေသတို့မှာ အာဖရိကတိုက်ရှိ ယူဂန်းဒါးနယ်နှင့် ဇူးလူးလန်တို့ ဖြစ်၏။ ကြံ့ဖြူကို နှာဖျားကားကား၊ ပါးစပ်ကျယ်ကျယ် ရှိခြင်းကြောင့် ပါးစပ်ပြဲကြံ့မျိုးဟူ၍လည်း ခေါ်ကြ၏။ အလျား ၁၄ ပေ၊ အမြင့် ၆ ပေခွဲခန့်ရှိပြီး အလေးချိန် သုံးတန်နီးနီးမျှ ရှိတတ်ကြသဖြင့် ကြံ့ရှော်တွင် အကြီးဆုံးသောကြံ့မျိုး ဖြစ်သည်။ အထက်နှုတ်ခမ်းဖျားမှာ တစ်ဖြောင့်တည်းဖြစ်နေ၍၊ သစ်ရွက်သစ်ကိုင်းများကို မစားနိုင် မြက်ကိုသာ အများအားဖြင့် စားသည်။ ဦးချိုနှစ်ချောင်းအနက် အရှေ့ဘက်ရှိ ဦးချိုမှာ လက်မ ၃ဝ မှ လက်မ ၆ဝ အထိပင် ရှည်တတ်၍ နောက်ဖက်ဦးချိုမှာမူ အတန်ငယ်တိုသည်။ ကြံ့ဖြူသည် ကြံ့မဲလောက် သျွှိမရှိချေ။

အာရှတိုက်တွင် တွေ့ရသော ကြံ့သုံးမျိုးမှာ အိန္ဒိယကြံ့ဂျားဗားကြံ့နှင့် ဆူမတြားကြံ့များ ဖြစ်၏။ အိန္ဒိယကြံ့မျိုးမှာ အတန်ငယ်ရှားပါးလျက်ရှိရာ အာသံပြည်၌သာ တွေ့နိုင်တော့သည်။ အာဖရိကတိုက်ရှိ ကြံ့မဲမျိုးနှင့်အရွယ်၊ စားသောက်ပုံ၊ စိတ်ခက်ထန်ပုံတို့ တူသည်။ သို့ရာတွင် အရေအပြားမှာ ကြံ့မဲထက်ပို၍ အတွန့်များပြီးလျှင် ဦးချိုမှာလည်း တစ်ချောင်းတည်းရှိ၍ အရှည်တစ်ပေခန့် ရှိသည်။

ဂျားဗားကြံ့တို့သည် အိန္ဒိယကြံ့အောက် သီသီမျှငယ်၍ အလေးချိန် တစ်တန်မျှပင် မရှိချေ။ ထိုကြံ့မျိုးမှာ ဦးချိုတချောင်းတည်းရှိသော ကြံ့ဆင်မျိုးဖြစ်၍ ယင်းတို့ကို ဘင်္ဂလားပြည်နယ်၊ မြန်မာနိုင်ငံမလေးရှားကျွန်းဆွယ်နှင့် အရှေ့အိန္ဒိယကျွန်းစုတို့တွင် တွေ့ရတတ်သည်။

ဆူမတြားကြံ့မျိုးမှာ အငယ်ဆုံးအမျိုးဖြစ်၍ ဦးချိုတိုတို ၂ ချောင်း ပါရှိသည်။ အမြင့် ၄ ပေ၊ ၄ ပေခန့်ရှိတတ်၍ အလေးချိန် တစ်တန်စီးသော အကောင်မှာ အတန်ပင်ရှားသည်။ ကိုယ်ပေါ်တွင် အထူးသဖြင့် အမြီးနှင့် နားရွက်များပေါ်တွင် အမွေးအမှင်အတော်များများ ပေါက်တတ်၏။ ယင်းတို့ကို မြန်မာနိုင်ငံ၊ ဘော်နီယိုကျွန်းနှင့် မလေးရှားကျွန်းဆွယ်တို့တွင် တွေ့ရတတ်သည်။


အိန္ဒိယနိုင်ငံ မြန်မာနိုင်ငံ စသော အရှေ့တိုင်းနိုင်ငံများတွင် ကြံ့သွေးကို ဆေးဝါးဖော်စပ်ရာ၌ အသုံးပြုကြသည်။ ထို့ကြောင့် ကြံ့ကို တန်ဖိုးထားကာ မုဆိုးများက လိုက်လံသတ်ဖြတ်၍ စီးပွားရှာကြသဖြင့် ကြံ့မျိုး ပြုတ်လုမတတ် ဖြစ်ခဲ့ရာ အစိုးရက ကြံ့များကို မသတ်ဖြတ်ရန် ဥပဒေဖြင့် တားမြစ်ထားရသည်။ ကြံ့သွေးသည် နှလုံးသွေးပျက်၍ တုန်လှုပ်သောအနာ၊ သည်းခြေပျက်၍ ထိတ်လန့်ရူးသွပ်သောအနာ၊ စိတ္တဇနာ၊ ခံတွင်း သွေးထွက်သောအနာ၊ အော့အန်သောအနာ၊ အိပ်စက်မပျော် သောအနာ၊ အလွန်ပူသောအနာတို့ကို ငြိမ်းစေတတ်ဟု၏ ဆိုသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)