အဉ္ဇလီမောင်မောင်

ဝီကီပီးဒီးယား မှ
(မောင်မောင်၊ အဉ္ဇလီ မှ ပြန်ညွှန်းထားသည်)
မောင်မောင်
ကိုမောင်မောင် (မဇ္ဈိမလှိုင်း)
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းမောင်မောင်
အခြားအမည်များအဉ္ဇလီမောင်မောင်
မွေးဖွား(1949-06-09)ဇွန် ၉၊ ၁၉၄၉
မူလတိုင်းပြည်မန္တလေးမြို့မြန်မာနိုင်ငံ
ကွယ်လွန်မတ် ၂၂၊ ၁၉၉၅(1995-03-22) (အသက် ၄၅)
အလုပ်အကိုင်ဂီတပညာရှင်၊ တေးရေးသူ။
တူရိယာဂစ်တာ၊ စန္ဒရား
တက်ကြွသည့်နှစ်များ၁၉၄၉ - ၁၉၉၅
ပူးတွဲ ပါဝင်မှုမြို့မတူရိယာဝိုင်း၊ မဇ္ဈိမလှိုင်း
Notable instruments
ကလပ်ဆီကယ် ဂစ်တာ

အဉ္ဇလီမောင်မောင် (၁၉၄၉-၁၉၉၅) သည် ထင်ရှားခဲ့သော မြန်မာနိုင်ငံသား ဂီတပညာရှင် ၊ တေးရေးဆရာ၊ ကလပ်ဆီကယ် ဂီတာတီးခတ်သူ တစ်ဦးဖြစ်သည်။ မဇ္ဈိမလှိုင်းတီးဝိုင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်၏။ ထင်ရှားကျော်ကြားခဲ့သော သီချင်းများစွာကို ရေးသားခဲ့သည်။

ဘဝတွင် ဗိသုကာပညာရှင် ဖြစ်ချင်သော်လည်း တေးရေးဆရာ မမျှော်လင့်ဘဲ ဖြစ်လာခဲ့ပြီး ဒဏ္ဍာရီသီချင်းများဖြင့် ကလပ်ဆီကယ် ဂစ်တာကို လူသိများစေခဲ့သည်။ ကိုယ်ပိုင်သံစဉ် ကိုယ်ပိုင်စာသားများဖြင့် ဂီတလမ်းကြောင်းအတိုင်း ယုံယုံကြည်ကြည် ဖြတ်သန်းခဲ့သည်။ အဉ္စလီမောင်မောင် ဟု ခေါ်ခြင်းထက် မောင်မောင် (မဇ္ဈိမလှိုင်း) အမည်ကို ပို၍လူသိများသည်။

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

ကိုမောင်မောင် (မဇ္ဈိမလှိုင်း)

၁၉၄၉၊ ဇွန် ၉ ရက်၊ အဖ ဦးကျော်စိန်၊ အမိ ဒေါ်ကြင် တို့က ဖွားမြင်ခဲ့ပြီး အမည်ရင်းမှာ မောင်မောင်ဖြစ်သည်။ မွေးချင်း ၈ ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ မူလတန်းကျောင်းသားဘဝကတည်းက ဥရောပဂန္ထဝင်ဂီတနှင့် ပီယာနိုတို့ကို စန္ဒရား ဦးသိန်းမောင်ထံတွင် စနစ်တကျ သင်ကြားခဲ့သည်။ မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်း (ယခု အထက-၉) တွင် ပညာသင်ကြားခဲ့ပြီး၊ ၁၉၆၆ ခုနှစ်တွင် ထိုကျောင်းမှ ၁ဝ တန်းအောင်ခဲ့သည်။ တက္ကသိုလ် မတက်မီ မြို့မ အပျော်တမ်း တူရိယာအဖွဲ့တွင် ပီယာနို တီးခဲ့သည်။၁၉၆၇-၆၈ ပညာသင်နှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ် (RIT) သို့ တက်ရောက် ပညာသင်ကြားခဲ့သည်။ ခင်မောင်တိုးနှင့် ဒုတိယနှစ်တွင် အတန်းတူပြီး၊ ကိုရဲလွင်နှင့် တတိယနှစ်တွင် အတန်းတူခဲ့သည်။ ၁၉၆၉-၇၀-ခုနှစ်၌ တင်မောင်လှိုင်၊ ခင်မောင်တိုး၊ ကိုရဲလွင်တို့နှင့် အတူ အဆောင်ညများတွင် သီချင်းများရေးဆိုတီးပြီး ဖြတ်သန်းခဲ့ကြသည်။ ၁၉၇၂၊ ခင်မောင်တိုး၏ 'ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်' စီးရီးကို ပြဿနာအုပ်စု အနေဖြင့် ကိုအံ့ကြီး စတူဒီယိုတွင် အသံသွင်းခဲ့သည်။ ၁၉၇၃-၇၅၊ ကိုမောင်မောင်၊ ခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုနေဝင်းနှင့် ဂီတချစ်သူ လူငယ်တစ်စု အင်းစိန် ဒေါ်ကြည်ကြည်အဆောင်တွင် အတူတူ နေထိုင်ခဲ့ပြီး၊ ပြဿနာအုပ်စုကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၅၊ ရန်ကုန် စက်မှုတက္ကသိုလ်တွင် သတ္တုဗေဒ (Metallurgy) အဓိက ဘာသာရပ်ဖြင့် ပဉ္စမနှစ် အထိ တက်ရောက် သင်ကြားခဲ့သည်။

၁၉၇၆-ခုနှစ်၌ မန္တလေးမြို့တွင် နေထိုင်ခဲ့သည်။ ကိုနေဝင်း၊ ကိုမောင်မောင်၊ ခင်မောင်တိုး၊ ကိုရဲလွင်တို့ 'လီဝစ္ဆီများ' ကို ဖွဲ့စည်းခဲ့သည်။ ကိုမောင်မောင်၏ သီချင်းများကို ခင်မောင်တိုးနှင့် ခိုင်ထူးတို့က စတင် သီဆိုခဲ့သည်။ ၁၉၇၈၊ 'အဉ္စလီ' သီချင်းကို ခိုင်ထူး သီဆိုခဲ့သည်။ မြန်မာပြည် တနံတလျား အဉ္စလီသီချင်းသည် ပျံ့နှံ့ကျော်ကြား အောင်မြင်ခဲ့သည်။ ၁၉၇၉၊ ကိုမောင်မောင် ရေးသားသော 'အဉ္စလီအတွက် ဂီတအဉ္စလီ' စီးရီးကို ခင်မောင်တိုး သီဆိုပြီး၊ မေ စတူဒီယိုတွင် အသံသွင်းခဲ့သည်။ တေးဂီတ 'လီဝစ္ဆီများ' - Lead ဇော်မျိုးထွဋ်၊ Bass ကိုရဲလွင်၊ Drum ကျော်ဆွေဟန်၊ သီချင်း Piano & Arrangement ကိုမောင်မောင် တီးခတ်ခဲ့ကြသည်။ ၁၉၈၀၊ 'အဉ္စလီအတွက် ဂီတအဉ္စလီ' စီးရီး ထွက်ရှိခဲ့သည်။ ၁၉၈၁၊ 'ဝိုင်းရဲ့ဆည်းဆာ' စီးရီးထွက်ရှိပြီး အဆို - ခင်မောင်တိုး၊ Lead ကိုရဲလွင်၊ Drum ကျော်ဆွေဟန်၊ Keyboard တင်ဦးသောင်း တို့ဖြစ်သည်။

၁၉၈၂၊ မန္တလေးမြို့တွင် ဂီတသင်တန်း ဖွင့်လှစ်ခဲ့သည်။ ကလပ်ဆီကယ် ဂီတာ သင်တန်းပေးခဲ့သည်။ ဒီဇင်ဘာလတွင် 'မဇ္ဈိမလှိုင်း' တီးဝိုင်းနာမည်ကို ကိုမောင်မောင် ပေးခဲ့သည်။ Lead Guitar Arrangement ကိုနေဝင်း၊ ကိုမောင်မောင်၊ ဇော်မျိုးထွဋ်၊ Bass ကိုရဲလွင်၊ Drum တွတ်ကီ၊ Rhythm ခင်မောင်တိုး၊ Violin ကိုတင်ငွေ၊ Oboe ကိုစောနု၊ Piano, Synthesiser Keyboard ဇော်မျိုးခင်။ ကိုနေဝင်း၊ ကိုရဲလွင်၊ ခင်ဝမ်း၊ ကိုမောင်မောင်တို့ ရန်ကုန်မြို့ အင်လျားကန်ဘေးရှိ ခရမ်းပြာဆောင်တွင် ခေတ္တနေထိုင်ခဲ့သည်။

၁၉၈၄၊ 'သင်္ကြန်မိုး' ရုပ်ရှင်ကားတွင် သင်္ကြန်မိုး အပါအဝင် ရုပ်ရှင်သီချင်းများ ရေးသားခဲ့သည်။ သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားတွင် မြို့မ ကိုပေါ၊ ဇော်မျိုးထွဋ် တို့နှင့်အတူ နောက်ခံဂီတ တီးခတ်ခဲ့သည်။၁၉၈၅၊ ဇန်နဝါရီ ၁ ရက်၊ 'မဟာဆန်သူ' စီးရီးထွက်လာခဲ့ပြီး၊ ဒဏ္ဍာရီသီချင်းကို ကိုနေဝင်းနှင့်အတူ ကလပ်ဆီကယ် ဂစ်တာ တီးခတ်ခဲ့သည်။ ၁၉၈၆၊ 'ကြိုးကြာသံ' စီးရီး ထွက်ရှိသည်။ ၁၉၈၇၊ 'မျက်သွယ်' စီးရီး။ 'မမစိမ်း' ရုပ်ရှင်ကား အတွက် 'ရိုးရိုးလေး'၊ 'နှင်းဆီပန်သူ' အပါအဝင် ရုပ်ရှင်နောက်ခံ တေးများ တီးခတ်ခဲ့သည်။ ရုပ်ရှင်နောက်ခံ ဂီတကို Violin ကိုခင်မောင်စိုး၊ ကိုတင်ငွေ၊ Piano & Keyboard မောင်မျိုးခင်၊ သိန်းဆွေ၊ Bass ကိုရဲလွင်၊ Oboe ကိုစောနု၊ Lead ဇော်မျိုးထွဋ်၊ Classical Guitar ကိုမောင်မောင်၊ နိုင်မင်းတို့ တီးခတ်ခဲ့သည်။ ၁၉၈၈၊ 'ရောင်စဉ်ခုနစ်သွယ်' စီးရီး။ 'နန်းချယ်ရီ' သီချင်း ကလပ်ဆီကယ် ဂစ်တာဖြင့် တီးခတ်ခဲ့သည်။ Recorder ကို တီးမှုတ်ခဲ့သည်။ မန္တလေးမြို့ စိန်ပန်းရပ်တွင် နေထိုင်ပြီး ကလပ်ဆီကယ် ဂစ်တာ သင်တန်းပေးခဲ့သည်။ ၁၉၉၂၊ 'ဒဏ္ဍာရီ' ရုပ်ရှင်ဇာတ်ကားတွင် ဇာတ်ညွှန်း ရေးသားခဲ့သည်။ ၁၉၉၃၊ 'မြစ်တစင်း ဖြစ်တည်မှု' စီးရီးတွင် 'ညလယ်ယံတေး' သီချင်းအတွက် မေ စတူဒီယိုတွင် ကလပ်ဆီကယ် ဂစ်တာဖြင့် အသံသွင်းခဲ့သည်။ ၁၉၉၄၊ မဇ္ဈိမလှိုင်း တီးဝိုင်းနှင့် အတူ မန္တလေးမြို့ ကျုံးအနောက်ဘက် စတေ့ရှိုးတွင် ဒဏ္ဍာရီ သီချင်းကို ကလပ်ဆီကယ် ဂစ်တာဖြင့် ဖျော်ဖြေ တီးခတ်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၉၅၊ မတ်လ ၂၂ ရက်နေ့တွင် မန္တလေးမြို့ စိန်ပန်းရပ် နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ဇနီး ဒေါ်ခင်ဖြူဖြူနှင့် သမီး ခင်ခင်မွန်ဦး၊ ခင်ခင်မွန်လတ်၊ သား ကျော်မောင်မောင်ထွေးတို့ ကျန်ရစ်ခဲ့သည်။ ကိုယ်ပိုင် သံစဉ် အပုဒ်ရေပေါင်း ၂၀ဝ ကျော် ရေးဖွဲ့ခဲ့သည်။ ၁၉၉၆၊ ကိုမောင်မောင်အား လွမ်းဆွတ် တမ်းတသည့်အနေဖြင့် ခင်မောင်တိုး၊ ကိုနေဝင်း၊ စိုးစိုးမီမီဝင်းဖေ တို့က 'အလွမ်းအဉ္စလီ' တေးစု သီဆိုခဲ့သည်။

ကိုမောင်မောင် အကြိုက်နှစ်သက်ဆုံးများ[ပြင်ဆင်ရန်]

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ အမှတ် (၁၃)၊ ဧပြီလ၊ ၂၀၁ဝ မှ