ခင်မောင်တိုး

ဝီကီပီးဒီးယား မှ
ခင်မောင်တိုး
Khin Maung Toe
မွေးဖွား(1950-04-02)၂ ဧပြီ၊ ၁၉၅၀
မော်လိုက်မြို့စစ်ကိုင်းတိုင်းမြန်မာနိုင်ငံ
ကွယ်လွန်၁၅ နိုဝင်ဘာ၊ ၂၀၁၂(2012-11-15) (အသက် ၆၂)
စင်ကာပူ
ဂီတဟန်မြန်မာပေါ့ဂီတ
အလုပ်အကိုင်အဆိုတော်
တူရိယာဂစ်တာ
တက်ကြွသည့်နှစ်များ၁၉၇၃ – ၂၀၁၂
ပူးတွဲ ပါဝင်မှုမဇ္ဈိမလှိုင်း

ခင်မောင်တိုးသည် စတီရီယို ခေတ်ဦးအဆိုတော် တစ်ဦးဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် အောင်မြင်ကျော်ကြားသော အဆိုတော် တစ်ဦးဖြစ်သည်။ ခင်မောင်တိုးကို ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း မော်လိုက်မြို့၌ အရေးပိုင်မင်း ဦးခင်မောင်နှင့် မိခင်ဖြစ်သူ ဒေါ်ခင်လှတို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ သုံးယောက်အနက် တတိယမြောက်သား ဖြစ်သည်။[၁]

ငယ်ဘဝ[ပြင်ဆင်ရန်]

ဖခင် တာဝန်ကျရာ မြို့ရွာများသို့ လိုက်လံပြောင်းရွေ့နေထိုင်ခဲ့ရပြီး သူငယ်တန်းမှ ဆဋ္ဌမတန်းအထိကို ရွှေဘိုမြို့၊ သတ္တမတန်းမှ အဋ္ဌမတန်းပညာကို စစ်တွေမြို့နှင့် အထက်တန်းပညာအောင်မြင်သည်အထိကို သထုံမြို့တို့တွင် တက်ရောက်သင်ကြားခဲ့ရသည်။ ၁၉၆၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ အင်ဂျင်နီယာတစ်ဦးအဖြစ် ဘဝကို ရပ်တည်ရန် ဆုံးဖြတ်ထားသော်လည်း တက္ကသိုလ်ရောက်ရှိသည့်လူငယ်တို့ သဘာဝအတိုင်း ဂီတဘက်လိုက်စားခြင်းကြောင့် ပညာရေးဘက်ကို အလေးမပေးမိချေ။

ဝါသနာ ဂီတ[ပြင်ဆင်ရန်]

သို့သော် ဂီတလမ်းကြောင်းဘက် စိတ်အားထက်သန်မှု ဖြစ်ခဲ့ပြီးနောက် ဒုတိယနှစ်တွင် ကျောင်းထွက်ပြီး ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။

ဂီတလှုပ်ရှားမှု[ပြင်ဆင်ရန်]

  • ဒုတိယနှစ်တွင် စက်မှုတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲလွင်နှင့် တွဲ၍ ဂီတကို စတင်လုပ်ကိုင်ခဲ့သည်။
  • ၁၉၇၃ ခုနှစ် တွင် ပထဆုံးသော တစ်ကိုယ်တော် စီးရီးကို "ပြဿနာ အုပ်စု" တီးဝိုင်းဖြင့် ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် တေးစီရီးထွက်ရှိခဲ့သည်။ ထိုစီးရီးသည် ခင်မောင်တိုး၏ ပထမဆုံး စီးရီးဖြစ်သည့်အပြင် ကော်ပီသံစဉ် စီးရီးလည်း ဖြစ်ခဲ့သည်။ ပထမဆုံး စီးရီးမှာပင် ခင်မောင်တိုးကို ပရိသတ်သိစေခဲ့သည့် သီချင်း ဖြစ်သော "မျက်သွယ်" သီချင်းကို သီဆိုခဲ့သည်။ "မျက်သွယ်" သီချင်းကို ကိုတင်မောင်လှိုင်က ရေးသားခဲ့ခြင်း ဖြစ်သည်။
  • ထို့နောက် ဒုတိယ စီးရီးဖြစ်သော "ရင်ခုန်နေသော အိပ်မက်ငယ်" ကို ၁၉၇၄ ခုနှစ်တွင် သီဆို ထုတ်ဝေခဲ့သည်။ ယင်းစီးရီးမှာလည်း ကော်ပီသံစဉ် ဖြစ်သည်။ ထိုအချိန် အထိ ခင်မောင်တိုးအား ပရိသတ်သိရှိမှု နည်းပါးနေဆဲ ဖြစ်သည်။
  • ၁၉၇၉ ခုနှစ်တွင် ကိုရဲလွင်၊ ဇော်မျိုးထွဋ်အဉ္ဇလီ မောင်မောင်ကိုနေဝင်း တို့နှင်အတူ “ပြဿနာ အုပ်စု" တီးဝိုင်းအဖွဲ့အမည်ကို "လိစ္ဆဝီ"ဟု ပြောင်းလဲလိုက်ပြီး "လိစ္ဆဝီ"အမည်ရှိ တေးဂီတဝိုင်းကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၉ခုနှစ်တွင် " အဉ္ဇလီအတွက် ဂီတအဉ္ဇလီ" စီးရီး ထွက်ရှိခဲ့သည်။ ထိုစီးရီးမှာ ခင်မောင်တိုး၏ ပထမဆုံး ကိုယ်ပိုင် သံစဉ် စီးရီး ဖြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ဆက်တိုက် သီဆိုခဲ့သည်။

တေးစီးရီးဖြန့်ချိစကနေ မျက်သွယ်တေးစီးရီးထွက်ရှိချိန်ထိ ကော်ပီတေးသီချင်းများ ရောယှက်မှုရှိနေသည့် ခင်မောင်တိုးသည် ၁၉၇၉ ခုနှစ်တွင် ထွက်ရှိသော အဉ္စလီအတွက် ဂီတအဉ္စလီ တေးစီးရီးတွင် ကိုယ်ပိုင်တီးဝိုင်း၊ ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ထုတ်လုပ်ဖြန့်ချိခဲ့သည်။

  • ၁၉၈၃ ခုနှစ်တွင် လိစ္ဆဝီ တေးဂီတဝိုင်းကို မဇ္ဈိမလှိုင်း ဟု အမည်ပြောင်းလဲခဲ့ပြီး ဂီတလုပ်ငန်းများကို အခြေချ လုပ်ကိုင်နိုင်ခဲ့သည်။ မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့ကို Lead ဇော်မျိုးထွဋ်၊ Bass ကိုရဲလွင်၊ Drum တွတ်ကီ၊ Keyboard မောင်မျိုးခင်၊ Hollow Guitar ခင်မောင်တိုး၊ Classical Guitar ကိုမောင်မောင် (အဉ္ဇလီ မောင်မောင်)နှင့် ကိုနေဝင်းတို့နှင့် အတူ တည်ထောင်ခဲ့သည်။ မဇ္ဈိမလှိုင်း ဟူသော အမည်ကို ကိုမောင်မောင်က ပေးခဲ့ခြင်း ဖြစ်သည်။
  • မဇ္ဈိမလှိုင်း အဖွဲ့က Keyboard သမား မောင်မျိုးခင် ကွယ်လွန် သွားပြီးနောက် အဖွဲ့သားများသည်လည်း တစ်ယောက် တစ်နေရာစီ ကွဲသွားကြသဖြင့် ရှိုးပွဲများ သိပ်မလိုက်ကြတော့ပေ။ နာမည်ကြီး ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ် ဖြစ်သည့် ဝိုင်းရဲ့ဆည်းဆာ တစ်နှင့် နှစ်ကို ၁၉၇၉-၈ဝ တဝိုက်က ကိုမောင်မောင်နှင့် နှစ်ယောက်တွဲ ရေးခဲ့ခြင်း ဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် "ဝိုင်းရဲ့ ဆည်းဆာ" တေးစီးရီး ထွက်ရှိခဲ့ပြီး "ဝိုင်းရဲ့ ဆည်းဆာ"မှာ ခင်မောင်တိုးကို ဂီတ ပရိသတ်များ ပိုမို အသိအမှတ် ပြုခဲ့သည့် စီးရီး ဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် "စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ" လက်ရွေးစင်တေးစု ထွက်ရှိခဲ့သည်။
  • ၁၉၈၄ ခုနှစ်တွင် "မဟာဆန်သူ" စီးရီး ထွက်ရှိလာခဲ့သည်။ "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။
  • ၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။
  • ၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး ၂၀ဝ၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့သည်။

"ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံး မန္တလေး သီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။

ကျွန်တော့် အမြင်က ဂီတကြောင့် လူတွေဟာ လောက အမြင်မှန်နဲ့ နီးစပ်တယ်လို့ ထင်တယ်။ ကျွန်တော်ဘဝ ဖြတ်သန်းချင်တဲ့ ပုံစံက မြတ်စွာဘုရား ဟောကြားသလို လူတွေက မွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေမယ့် ကြားထဲမှာ သံသရာ ဆိုတာရှိတယ်။ ဒီဘဝလုပ်နေတဲ့ အလုပ်တွေ အကုန်လုံးက သံသရာ တစ်လျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ် ဆိုတော့ ရိုးရိုးသားသား နေလို့ရတဲ့ ဂီတ အလုပ်က ကျွန်တော့် ဘဝအတွက် အင်မတန်သင့်တော်ပါတယ် ဟု ပြောကြားခဲ့ဖူးပါသည်။

သီဆိုခဲ့သော တေးစီးရီးများ[ပြင်ဆင်ရန်]

ခင်မောင်တိုး၏ ဂီတသက်တမ်းတလျှောက်တွင် တေးစီးရီးပေါင်း ၃၅ ခု သီဆိုခဲ့ပြီး ဝိုင်းရဲ့ဆည်းဆာ တေးစီးရီးသည် ပရိသတ် အသိအမှတ်ပြုမှုကို စတင်ရရှိခဲ့သည်။ ထို့နောက် မဟာဆန်သူ စီးရီးတွင် အောင်မြင်မှု ပိုမိုခိုင်မာလာခဲ့သည်။

  1. ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၃)
  2. ရင်ခုန်နေသော အိပ်မက်ငယ် (၁၉၇၄)
  3. အဉ္ဇလီအတွက် ဂီတအဉ္ဇလီ (၁၉၈၀)
  4. ဝိုင်းရဲ့ ဆည်းဆာ (၁၉၈၁)
  5. စောင်းကြိုးရှိုက်သံ (၁၉၈၂)
  6. မဟာဆန်သူ (၁၉၈၄)
  7. ကြိုးကြာသံ (၁၉၈၅)
  8. မျက်သွယ် (၁၉၈၆)
  9. ရောင်စဉ်ခုနှစ်သွယ် (၁၉၈၈)
  10. ဝေးခဲ့ပြီ ပန်းခရမ်းပြာ (၁၉၉၀)
  11. လွယ်လွယ်နဲ့မဖြစ်ဘူးလေ နှင့် နှုတ်ဆက်ခြင်း
  12. ပန်တော်ဦး (၁၉၉၃)
  13. မြစ်တစ်စင်းဖြစ်တည်မှု (၁၉၉၄)
  14. "Live 94 (Live Show)"
  15. လက်ရွေးစင် ၁ နှင့် ၂
  16. သမုဒယ ကြိုးသုံးပင်
  17. ရည်ရွယ်သူ (၁၉၉၅)
  18. မှီတယ်ရာ လွမ်း (၁၉၉၆)
  19. လှိုင်းထက်ကခြေရာ (၁၉၉၇)
  20. ရင်ခတ်အလွမ်း (၁၉၉၈)
  21. ခွာညိုသက်ထား
  22. စိတ်ကြိုက်တေး - ခင်မောင်တိုးအကောင်းဆုံးတေးများ
  23. သီချင်းတစ်ပုဒ် (၁၉၉၉)
  24. လက်ရွေးစင်အကောင်းဆုံးတေးများ
  25. အကောင်းဆုံးတေးများ
  26. တိတ်တခိုး
  27. အကောင်းဆုံး ခေါင်းစီးတေးများ (၂၀၀၀)
  28. အကြိုက်ဆုံး ဒဏ္ဍာရီတေးများ (၂၀၀၁)
  29. လွမ်းဝတ်မှုန် (၂၀၀၃)
  30. အကောင်းဆုံးမန္တလေးတေးများ (၂၀၀၅)
  31. ခုနစ်နှစ် အလွန် (၂၀၀၇)
  32. ရွှင်လန်းချမ်းမြေ့ပါစေ (သင်္ကြန်သီချင်းများ) (၂၀၀၈)
  33. မဇ္ဈိမလှိုင်းဂယက်များ (Live Show)
  34. သည်းဦးသစ္စာ (၂၀၁၀)
  35. ခွန်အားဖြည့်မိငယ် (၂၀၁၂)

ကိုယ်ရေးကိုယ်တာ[ပြင်ဆင်ရန်]

ပထမဆုံး တေးစီးရီး "ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်" မဖြန့်ချိခင်တွင် အချိန်ကပင် ဒေါ်ဝေဝေခိုင်နှင့် လက်ထပ်ခဲ့ပြီး မင်းမင်းဦး၊ အောင်ပန်းဦးနှင် သမီးငယ် ဝေနှင်းခိုင်ဆိုသည့် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အသည်းကင်ဆာ ရောဂါဖြင့် စင်ကာပူနိုင်ငံ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့သည်။ [၂] ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စင်္ကာပူစံတော်ချိန်) (၈နာရီ ၂၀မိနစ်) အချိန်ခန့်တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ် ရှိပြီဖြစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း၊ အမှတ် ၁၇၃၊ ဧပြီ၊ ၂၀၀၄
  2. Home - Eleven Media Group
  3. http://www.myanmartharkaung.net/2012/11/blog-post_2546.html[လင့်ခ်သေ]