ဘီစီဂျီကာကွယ်ဆေး

ဝီကီပီးဒီးယား မှ

ဘီစီဂျီကာကွယ်ဆေး (အင်္ဂလိပ်: BCG vaccine)သည် အဓိကအားဖြင့် တီဘီရောဂါကို ကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] တီဘီရောဂါအဖြစ်များသည့် နိုင်ငံများတွင် မွေးဖွားသည့် ကလေးများကို မွေးပြီးပြီးချင်း တတ်နိုင်သမျှ အမြန်ဆုံး ဤကာကွယ်ဆေးကို ထိုးရန် အကြံပြုထားသည်။[၁] သို့သော်ငြားလည်း အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး (HIV)/ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသောသူများအား ဤကာကွယ်ဆေး မထိုးသင့်ပါ။[၂] တီဘီရောဂါဖြစ်ပွားလေ့မရှိသောနိုင်ငံများတွင် ရောဂါကူးစက်နိုင်ခြေရှိသော ကလေးများကိုသာ ကာကွယ်ဆေးထိုးပေးလေ့ရှိပြီး သံသယရှိသော ကလေးများကို တစ်ဦးချင်း စစ်ဆေး၍သာ ကုသလေ့ရှိသည်။ ရောဂါမရှိသော၊ ကာကွယ်ဆေးမထိုးခံဖူးသော လူကြီးများသည် အကယ်၍ ဆေးယဉ်ပါးတီဘီရောဂါသည်များနှင့် မကြာခဏ တွေ့ကြုံနေရပါက ကာကွယ်ဆေးထိုးထားသင့်သည်။[၁]

ဤကာကွယ်ဆေး၏ ရောဂါကာကွယ်နိုင်သောနှုန်းမှာ (၁၀-၂၀)နှစ်အထိ ခြားနားနိုင်သည်။ [၁] ကာကွယ်ဆေးထိုးထားသော ကလေးများတွင် (၂၀)ရာခိုင်နှုန်းခန့်ကို ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ပြီး ထိုကလေးများထဲမှ ရောဂါကူးစက်ခံရသူရှိလျှင် (၅၀)ရာခိုင်နှုန်းကို ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်။ [၃] ဤကာကွယ်ဆေးကို အရေပြားထဲသို့ ထိုးရသည်။ [၁] ထပ်ဆင့်ထိုးသော ကာကွယ်ဆေးများ အကျိုးသက်ရောက်မှုရှိကြောင်း သက်သေမရှိသေးပါ။ [၁] ဤဆေးကို တချို့ ဆီးအိတ်ကင်ဆာများ ကုသရာတွင်လည်း အသုံးပြုနိုင်သည်။[၄]

ဤကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်ပွားလေ့မရှိပါ။ အများအားဖြင့် ဆေးထိုးသော နေရာတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်းနှင့် အနည်းငယ်နာကျဉ်ခြင်းတို့သာ ဖြစ်တတ်သည်။ ဆေးထိုးသောနေရာတွင် အနာလေးဖြစ်၍ ပျောက်သွားသည့်အခါ အမာရွတ်ဖြစ်တတ်သည်။ ဘေးထွက်ဆိုးကျိုးများမှာ ကိုယ်ခံအားကျဆင်းနေသူများတွင် အဖြစ်များပြီး ပို၍ဆိုးရွားတတ်သည်။ ဤကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နေချိန်အတွင်း ထိုးလျှင် အန္တရာယ်ရှိနိုင်သည်။ ဤကာကွယ်ဆေးကို နွားများတွင် တွေ့ရှိရတတ်သော မိုင်ကိုဘက်တီးရီးယမ်း ဘိုးဗစ် Mycobacterium bovis (English) ဟုခေါ်သော ဘက်တီးရီးယားမှ ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းဘက်တီးရီးယားမှာ အသက်ရှိသေးသော်လည်း အားပျော့သည့် အမျိုးအစားဖြစ်သည်။ [၁]

ဤကာကွယ်ဆေးကို ဆေးပညာအရ (၁၉၂၁)ခုနှစ်တွင် စတင်အသုံးချခဲ့သည်။[၁] ဤကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၅] (၂၀၁၄)ခုနှစ်အရ လက်ကားဈေးမှာ တစ်လုံးလျှင် (ဝ.၁၆)ဒေါ်လာဖြစ်ပြီး[၆] အမေရိကန်နိုင်ငံတွင် (၁၀ဝ-၂၀ဝ)ဒေါ်လာအထိ ကုန်ကျနိုင်သည်။[၇] တစ်နှစ်လျှင် ပျမ်းမျှ ကလေးပေါင်း သန်း(၁၀ဝ)ခန့်ကို ဤကာကွယ်ဆေး ထိုးပေးလျက် ရှိသည်။[၁]

ဆေးပညာအရ အသုံးချမှုများ[ပြင်ဆင်ရန်]

တီဘီရောဂါ[ပြင်ဆင်ရန်]

ဘီစီဂျီဆေးကို အဓိကအားဖြင့် တီဘီရောဂါကာကွယ်ရန် အသုံးပြုသည်။ ဤဆေးကို မွေးကင်းစကလေးများ၏ အရေပြားထဲသို့ ထိုးသွင်းခြင်းဖြင့် အသုံးပြုနိုင်သည်။[၈] ဤကာကွယ်ဆေးထိုးခဲ့ဖူးသူများတွင် မန်းတော့ဆေးစစ်မှု ပြုလုပ်ပါက မှားယွင်းသောရောဂါရှိသည့်အဖြေရနိုင်သည်။ သို့သော်ငြားလည်း ဤဆေးစစ်မှုမှ အလွန်မြင့်သော ရောဂါရှိသည့်အဖြေ ထွက်လာခြင်းသည် ရောဂါဖြစ်ပွားနေသောကြောင့်သာ ဖြစ်လေ့ရှိသည်။

ဤကာကွယ်ဆေးနှင့် ပတ်သက်သော အဓိကအငြင်းပွားနေရသော ရှုထောင့်မှာ ဆေးပညာစမ်းသပ်မှုများ(clinical trials) ပြုလုပ်ရာတွင် အလွန်ခြားနားသော အစွမ်းအာနိသင်များ တွေ့ရှိခြင်းဖြစ်သည်။ ၎င်းမှာ နယ်မြေသဘာဝနှင့် သက်ဆိုင်မည်ဟု ထင်မှတ်ရသည်။ ဗြိတိသျှနိုင်ငံတွင် ပြုလုပ်သော စမ်းသပ်မှုများတွင် ကာကွယ်မှုနှုန်းမှာ (၆၀-၈၀)ရာခိုင်နှုန်းရှိသည်ဟု တူညီစွာ တွေ့ရှိရသော်လည်း အခြားနေရာများတွင် ပြုလုပ်သော စမ်းသပ်မှုများတွင် ကာကွယ်မှုနှုန်း လုံးဝမရှိခြင်း သို့မဟုတ် အီကွေတာနှင့်နီးလေလေ ကာကွယ်မှုနှုန်းကျခြင်းလေလေဖြစ်ကြောင်း တွေ့ရှိရသည်။[၉][၁၀]

(၁၉၉၄)ခုနှစ်တွင် ပြုလုပ်ထားသော စနစ်တကျပြန်လည်ဆန်းစစ်လေ့လာမှုအရ ဤကာကွယ်ဆေးသည် တီဘီရောဂါကူးစက်ခံရနိုင်နှုန်းကို (၅၀)ရာခိုင်နှုန်းခန့် ကျဆင်းစေသည်ဟု ဖော်ပြထားသည်။[၉] နေရာသဘာဝအလိုက် အစွမ်းအာနိသင်ခြားနားရခြင်းမှာ မျိုးရိုးဗီဇကွဲပြားခြားနားခြင်း၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်း၊ အခြားဘက်တီးရီးယားပိုးများနှင့် ထိတွေ့မှုရှိခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သည့် ဓာတ်ခွဲခန်းများတွင် အသုံးပြုသော ဘက်တီးရီးယား၏ ဗီဇအမျိုးအစား မတူညီခြင်းနှင့် ဘက်တီးရီးယား မွေးမြူသည့် ကြားခံပစ္စည်း မတူညီခြင်းတို့ကြောင့် ဖြစ်နိုင်သည်။[၁၁][၁၂]

(၂၀၁၄)ခုနှစ်တွင် ပြုလုပ်ထားသော စနစ်တကျပြန်လည်ဆန်းစစ်လေ့လာမှု (systematic review)နှင့် မက်တာစိစစ်ချက်(meta analysis)အရ ဘီစီဂျီကာကွယ်ဆေးသည် ရောဂါကူးစက်ခံရနိုင်နှုန်းကို (၁၉-၂၇)ရာခိုင်နှုန်းခန့် ကျဆင်းစေပြီး ရောဂါဖြစ်ပွားခြင်းကို (၇၁)ရာခိုင်နှုန်းခန့် ကျဆင်းစေသည်ဟု ဖော်ပြထားသည်။[၁၃] သို့သော်ငြားလည်း ၎င်းလေ့လာမှုမှာ အင်တာဖလွန် ဂမ်မာ အရည်အသွေးစမ်းသပ်မှု(Interferon gamma release assay)ဖြင့် ပြုလုပ်ထားသော ဓာတ်ခွဲစမ်းသပ်မှုများကိုသာ ပြန်လည်ဆန်းစစ်ထားခြင်းဖြစ်သည်။

ဘီစီဂျီကာကွယ်ဆေး၏ ကာကွယ်ပေးနိုင်မှုကို ဆန်းစစ်ထားသော လေ့လာမှုများ၏ အချက်အလက်များမှာ သဟဇာတမဖြစ်သောကြောင့် ဤကာကွယ်ဆေး၏ ကာကွယ်ပေးနိုင်မှု သက်တမ်းကို သေချာစွာ မသိရှိကြသေးပါ။ MRC လေ့လာမှုအရ ကာကွယ်နိုင်မှုနှုန်းမှာ (၁၅)နှစ်ကြာလျှင် (၅၉)ရာခိုင်နှုန်းဖြစ်ပြီး ၂၀နှစ်ကြာလျှင် လုံးဝမကာကွယ်နိုင်တော့ပါ။ သို့သော် (၁၉၃၀)နှစ်ပိုင်းများတွင် ကာကွယ်ဆေးထိုးခံခဲ့ရသော အမေရိကန်နိုင်ငံသားများကို လေ့လာရာတွင် နှစ်ပေါင်း(၆၀)ကျော်သည်အထိ ကာကွယ်ပေးနိုင်သော သက်သေများ တွေ့ရှိခဲ့သည်။[၁၄]

ဘီစီဂျီ၏ အကြီးမားဆုံးအကျိုးသက်ရောက်မှုမှာ လူးစေ့တီဘီ (miliary TB) နှင့် ဦးနှောက်အမြှေးရောင်တီဘီဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်းဖြစ်သည်။[၁၅] ထို့ကြောင့် အဆုတ်တီဘီအတွက် အကျိုးသက်ရောက်မှု အရေးမကြီးသည့်နိုင်ငံများတွင် ဘီစီဂျီကို ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသည်။

အကြောင်းရင်းများ[ပြင်ဆင်ရန်]

နိုင်ငံအများတွင် ဘီစီဂျီဆေး၏ ကွဲပြားခြားနားသော အစွမ်းအာနိသင်၏ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများကို တွေ့ရှိခဲ့သော်လည်း သက်သေမပြနိုင်သေးပါ။ အချို့အကြောင်းရင်းများမှာ မဟုတ်မှန်ကြောင်းသာ သက်သေပြခဲ့ကြသည်။ တီဘီရောဂါအဖြစ်နည်းသောနိုင်ငံများ (အမေရိကန်နိုင်ငံ)နှင့် အဖြစ်များသောနိုင်ငံများ (အိန္ဒိယနိုင်ငံ)တွင် အစွမ်းအာနိသင်မရှိရသည့် အကြောင်းရင်းကိုတော့ မည်သူမှ မဖြေရှင်းနိုင်သေးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရွက်စာတမ်းများအရ ကွဲပြားခြားနားသော အစွမ်းအာနိသင်၏ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။  [၁၆]

  1. ဘီစီဂျီဘက်တီးရီးယား၏ ဗီဇအမျိုးအစား မတူညီခြင်း၊လေ့လာမှုအများအပြားတွင် အသုံးပြုထားသော ဘီစီဂျီဘက်တီးရီးယား၏ မျိုးရိုးဗီဇမတူညီခြင်းကြောင့် ကွဲပြားသောကာကွယ်မှုနှုန်းများကို တွေ့ရှိရသည်။[၁၇]
  2. လူထုများထဲတွင် မျိုးရိုးဗီဇကွဲပြားခြားနားခြင်း၊ မတူညီသော လူထုအုပ်စုများထဲတွင် ကွဲပြားသော မျိုးရိုးဗီဇပုံစံကြောင့် ကာကွယ်ဆေး၏ ကာကွယ်မှုနှုန်းခြားနားနိုင်သည်။ ဘာမင်ဟမ် ဘီစီဂျီကာကွယ်ဆေး စမ်းသပ်မှုကို (၁၉၈၈)ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းစမ်းသပ်မှုကို ဗြိတိသျှနိုင်ငံရှိ ဘာမင်ဟမ်မြို့နေ အိန္ဒိယတိုက်မှ ဆင်းသက်လာသော မိသားစုမှ မွေဖွားလာသည့် ကလေးများတွင် ပြုလုပ်ခဲ့သည်။ ထိုကလေးများတွင် ယခင်က ကာကွယ်ဆေး အာနိသင်သက်ရောက်မှုမရှိဟု ဆိုခဲ့ကြသည်။ ၎င်းစမ်းသပ်မှုအပြီးတွင် (၆၄)ရာခိုင်နှုန်းမှာ ကာကွယ်မှုနှုန်းရှိကြောင်း တွေ့ရှိခဲ့သော်လည်း ဗြိတိသျှနိုင်ငံတွင် ပြုလုပ်ခဲ့သော အခြားစမ်းသပ်မှုများမှ တွေ့ရှိချက်များနှင့် နီးစပ်မှုရှိသောကြောင့် မျိုးရိုးဗီဇမတူလျှင် ကာကွယ်မှုနှုန်းကွဲပြားနိုင်သည်ဆိုသော ယူဆချက်ကို အငြင်းပွားခဲ့ကြသည်။[၁၈]
  3. တီဘီမဟုတ်သော အခြားမိုင်ကိုဘက်တီးရီးယားများ၏ စွက်ဖက်ခြင်း၊ သဘာဝပတ်ဝန်းကျင်တွင် ရှိနေသော မိုင်ကိုဘက်တီးရီးယားများ (အထူးသဖြင့် M. avium, M. marinum and M. intracellulare)နှင့် ထိတွေ့ရာမှ မိုင်ကိုဘက်တီးရီးယားများကို ခုခံသော မတိကျသော ကိုယ်ခံအားတုံ့ပြန်မှုပေါ်လာတတ်သည်။ မိုင်ကိုဘက်တီးရီးယားများကို ခုခံသော မတိကျသော ကိုယ်ခံအားတုံ့ပြန်မှုရှိနေသောလူများကို ဘီစီဂျီကာကွယ်ဆေးထိုးခြင်းဖြင့် ရှိပြီးသားခုခံအားကို မတိုးပွားစေပါ။ ထို့ကြောင့် ထိုလူများကို ဘီစီဂျီကာကွယ်ဆေးထိုးခြင်းသည် အကျိုးမရှိဟုယူဆရသည်။ ဘီစီဂျီကာကွယ်ဆေး၏ အကျိုးသက်ရောက်မှုကို သဘာဝပတ်ဝန်းကျင်တွင်ရှိနေသော မိုင်ကိုဘက်တီးရီးယားများမှ ဖုံးကွယ်ထားသောကြောင့် ဤအကျိုးသက်ရောက်မှုကို ဖုံးကွယ်ခြင်း (masking) ဟုခေါ်သည်။ ဆေးပညာသက်သေအထောက်အထားများမှာ ဗြိတိသျှနှင့် မာလာဝီနိုင်ငံများရှိ ကျောင်းနေ ဆယ်ကျော်သက်များတွင် တပြိုင်တည်းပြုလုပ်ခဲ့သော လေ့လာမှုအတွဲများတွင် တွေ့ရှိရသည်။[၁၉] ဗြိတိသျှရှိ ခုခံအားအခြေခံအဆင့်နိမ့်သော ကလေးများတွင် ဘီစီဂျီကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်မှုနှုန်းမြှင့်တင်နိုင်သော်လည်း ခုခံအားအခြေခံအဆင့်မြင့်ပြီးသား မာလာဝီရှိကလေးများတွင် သိသာထင်ရှားစွာ မြှင့်တင်နိုင်ခြင်း မရှိပါ။ သို့သော်လည်း ဤသို့သဘာဝအလျောက်ဖြစ်ပေါ်လာသော ခုခံအားမှာ ရောဂါကာကွယ်နိုင်ခြင်းရှိ၊မရှိကို မသိကြသေးပါ။[၂၀] အခြားအကြောင်းပြချက်တစ်ခုကို ကြွက်များတွင် စမ်းသပ်မှုဖြင့် သက်သေပြခဲ့သည်။ ၎င်းမှာ မိုင်ကိုဘက်တီးရီးယားကို ခုခံနိုင်သော ကိုယ်ခံအားသည် ဘီစီဂျီဘက်တီးရီးယား ပွားများလာခြင်းကို ရပ်တန့်စေသောကြောင့် ဘီစီဂျီကြောင့်ဖြစ်ပေါ်လာမည့် ခုခံအားဖြစ်ပေါ်လာခြင်းမရှိတော့ပေ။ ၎င်းဖြစ်ရပ်ကို ပိတ်ဆို့ခြင်းယူဆချက် (block hypothesis) ဟု ခေါ်သည်။[၂၁]
  4. ကပ်ပါးကူးစက်ရောဂါ၏ စွက်ဖက်ခြင်း၊ အခြားယူဆချက်မှာ ကပ်ပါးကူးစက်ရောဂါ တပြိုင်တည်းဖြစ်နေပါက ဘီစီဂျီ၏ ခုခံအားတုံ့ပြန်မှုကို နည်းပါးစေသည်။ တီဘီကို ထိရောက်စွာခုခံနိုင်ရန် Th1 တုံ့ပြန်မှု လိုအပ်သည်။ ကပ်ပါးကူးစက်ရောဂါ တပြိုင်တည်းဖြစ်နေပါက Th2 တုံ့ပြန်မှုကိုဖြစ်စေပြီး ဘီစီဂျီ၏ အကျိုးသက်ရောက်မှုကို လျော့ပါးစေသည်။[၂၂]

မိုင်ကိုဘက်တီးရီးယား[ပြင်ဆင်ရန်]

  • အနာကြီးရောဂါ၊ ထိန်းချုပ်ထားသောစမ်းသပ်မှုများ(controlled trials)အရ ဘီစီဂျီသည် အနာကြီးရောဂါကို (၂၆-၄၁)ရာခိုင်နှုန်းခန့် ကာကွယ်နိုင်သည်။ ကေ့စ်ကွန်ထိုး(case control)နှင့် ကိုဟော့(cohort) လေ့လာမှုများအရ ကာကွယ်မှုနှုန်းမှာ (၆၀)ရာခိုင်နှုန်းခန့် ရှိသည်။[၂၃][၂၄] သို့သော်လည်း ဘီစီဂျီကာကွယ်ဆေးကို အနာကြီးရောဂါထိန်းချုပ်ရာတွင် အသုံးပြုခြင်းမရှိပါ။
  • ဘူရုလီအနာ၊ ဘီစီဂျီကာကွယ်ဆေးသည် ဘူရုလီအနာကို ကာကွယ်နိုင်သည်၊ အနာဖြစ်ပွားခြင်း နှေးကွေးစေသည်ဟု ယူဆရသည်။[၂၅]

ကင်ဆာ[ပြင်ဆင်ရန်]

ဆီးအိတ်ကင်ဆာ ကုသရာတွင်အသုံးပြုသော Bacillus Calmette-Guérin ပိုးကြောင့် ဆီးအိတ်လည်ပြွန်ရှိ ဂရမ်နူလေးရှင်းဆဲလ်များ ရောင်ရမ်းနေခြင်းကိုပြသော အဏုဇီဝပုံ (H&E ဆေးဆိုးထားခြင်း)
  • အချို့ကင်ဆာကာကွယ်ဆေးများသည် ခုခံအားစနစ်ကို ကနဦးမြှင့်တင်ရာတွင် ဘီစီဂျီကို ဖြည့်စွက်ပစ္စည်းအနေအဖြစ် အသုံးပြုသည်။ 
  • ဘီစီဂျီကို ဆီးအိတ်အပေါ်ယံအလွှာကင်ဆာ ကုသရာတွင် အသုံးပြုသည်။ ဘီစီဂျီထိုးသွင်းခြင်းသည် ဤကင်ဆာရောဂါအတွက် ထိရောက်သော ခုခံအားမြှင့်တင်ကုသမှု(immunotherapy)အဖြစ် (၁၉၇၀)နှစ်နောက်ပိုင်းမှစတင်၍ သက်သေအထောက်အထားများ တွေ့ရှိခဲ့သည်။[၂၆] ဖြစ်ပွားပုံနည်းလမ်းကို မသိရှိသေးသော်လည်း ဆီးအိတ်ရှိ ကင်ဆာအတွက် ခုခံအားတုံ့ပြန်မှုကို ဘီစီဂျီမှ တိုးပွားစေသည်ဟုယူဆရသည်။ ဘီစီဂျီဖြင့် ခုခံအားမြှင့်တင်ကုသခြင်းဖြင့် ဆီးအိတ်အပေါ်ယံအလွှာကင်ဆာဖြစ်သူများ (၆၇)ရာခိုင်နှုန်းခန့် ပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်ပေးသည်။ 
  • အူမကြီးနှင့်စအိုကင်ဆာ ကုသရာတွင် ဘီစီဂျီကို အသုံးပြုရန် လေ့လာမှုများ ပြုလုပ်၍ ဆန်းစစ်နေသည်။[၂၇] ဗက်စီနိုဂျင်ဟုခေါ်သော အမေရိကန်နိုင်ငံရှိ ဘိုင်အိုတက်ကုမ္ပဏီတစ်ခုမှ ဘီစီဂျီကို အူမကြီးကင်ဆာ ရောဂါအဆင့်(၂) ကာကွယ်ဆေးအတွက် ဖြည့်စွက်ဇီဝပစ္စည်းတစ်ခုအဖြစ် ဆန်းစစ်သုံးသပ်နေသည်။

ဆေးပေးသော နည်းလမ်းများ[ပြင်ဆင်ရန်]

ဂျပန်၌ ဘီစီဂျီထိုးရာတွင် အသုံးပြုသော ကိရိယာ (၄-၅စင်တီမီတာရှည်ပြီး အပ်တို ၉ချောင်းပါ)၊ ဘီစီဂျီထိုးဆေးပုလင်းနှင့် စေလိုင်းဆားရည်

မွေးကင်းစကလေးများမှလွဲ၍ လူတိုင်းကို ဘီစီဂျီဆေးမထိုးခင် မန်းတော့ဆေးစစ်မှုဟုခေါ်သော ကျူဘာကူလင်အရေပြားဆေးစစ်မှု ပြုလုပ်သင့်သည်။ ဆေးစစ်မှုတွင် တုံ့ပြန်မှုရှိပါက ဘီစီဂျီမထိုးသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ဆေးထိုးသောနေရာတွင် ပြင်းထန်စွာ ရောင်ရမ်းခြင်းနှင့် အမာရွတ်ဖြစ်ခြင်းများဖြစ်တတ်သောကြောင့်ဖြစ်သည်။ ဆေးစစ်မှုတွင် တုံ့ပြန်မှုရှိခြင်းသည် ခုခံအားရှိနေခြင်းဖြစ်သည်ဟုဆိုသော အယူအဆမှာ မှားယွင်းသောအယူအဆဖြစ်သည်။ အမှန်တကယ်မှာ ဆေးစစ်မှုတွင် တုံ့ပြန်မှုရှိနေသောလူများတွင် တီဘီရောဂါဖြစ်နေနိုင်သောကြောင့် ရောဂါရှိ၊မရှိ သွားရောက်စစ်ဆေးသင့်သည်။ 

ဘီစီဂျီဆေးကို လက်မောင်းအပေါ်ကြွက်သားအရင်းနေရာရှိ အရေပြားထဲသို့ တစ်ကြိမ်သာ ထိုးရန်လိုသည်။ အကယ်၍ အရေပြားအောက်သို့ ထိုးသွင်းမိပါက ဘီစီဂျီအိုမာဟုခေါ်သော ပြည်တည်နာဖြစ်ပြီး ပဋိဇိဝဆေးဖြင့် အမြန်ဆုံးကုသရမည်။ ထိုသို့မကုသပါက အရေးကြီးသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ရောဂါပိုးပျံ့နှံ့သွားနိုင်သည်။ သို့သော်ငြားလည်း ပြည်တည်နာသည် ဆေးထိုးသွင်းသည့် နည်းလမ်းမမှန်ခြင်းကြောင့်သာဖြစ်ခြင်းမဟုတ်ဘဲ ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်လေ့ရှိသော နောက်ဆက်တွဲဆင့်ပွားဆိုးကျိုးတစ်ခုလည်းဖြစ်သည်။ ၎င်းပြည်တည်နာကို ကုသမှုနှင့်ပတ်သက်၍ ဆေးပညာဆိုင်ရာလေ့လာမှုအများအပြားကို ပြုလုပ်ခဲ့ရာတွင် ရလဒ်မျိုးစုံတွေ့ရှိခဲ့ကြသည်။ တူညီသောရလဒ်တစ်ခုမှာ ၎င်းပြည်တည်နာကို စုပ်ထုတ်၍ ဓာတ်ခွဲစိစစ်ကြည့်ရာတွင် ထူးခြားသောပိုးမွှားများမတွေ့ဘဲ ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် အလိုအလျောက် ပျောက်သွားလေ့ရှိသည်။  [၂၈]

ဆေးထိုးသည့်နေရာတွင် ဖြစ်ပေါ်လာသော ထူးခြားသောအသွင်ရှိသည့် အမာရွတ်ဖြင့် ဘီစီဂျီကာကွယ်ဆေးထိုးခဲ့ကြောင်းကို သက်သေပြနိုင်သည်။ သို့သော်လည်း ၎င်းအမာရွတ်မှာ ကျောက်ရောဂါကာကွယ်ဆေးထိုးထားသည့် အမာရွတ်နှင့် အသွင်တူနိုင်သောကြောင့် သေချာစွာ ခွဲခြားကြည့်ရန်တော့ လိုအပ်သည်။ 

ဘေးထွက်ဆိုးကျိုးများ[ပြင်ဆင်ရန်]

ဘီစီဂျီကာကွယ်ဆေးထိုးပြီးလျှင် ပုံမှန်အားဖြင့် ဆေးထိုးသွင်းသည့်နေရာတွင် အနည်းငယ်နာကျဉ်ခြင်းနှင့် အမာရွတ်ဖြစ်ခြင်းတို့ဖြစ်တတ်သည်။ အဓိကဘေးထွက်ဆိုးကျိုးတစ်ခုမှာ ကီးလွိုက်ဟုခေါ်သော ကြီးမားဖောင်းကြွနေသည့်အမာရွတ်ဖြစ်သည်။ လက်မောင်းအပေါ်ကြွက်သားအရင်းတွင် ဆေးထိုးရသည့် အကြောင်းရင်းမှာ နောက်ဆက်တွဲဆင့်ပွားဆိုးကျိုးဖြစ်ပွားမှုနှုန်း အနည်းဆုံးဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း မြင်သာသောနေရာတွင် အမာရွတ်မဖြစ်လိုပါက တင်ပါးတွင်လည်း ဆေးထိုးသွင်းနိုင်သည်။ 

ဘီစီဂျီကာကွယ်ဆေးကို အရေပြားထဲသို့သာ ထိုးသွင်းသင့်သည်။ အကယ်၍ အရေပြားအောက်ထဲသို့ ထိုးသွင်းမိလျှင် ထိုနေရာတွင် ရောဂါကူးစက်မှုခံရပြီး အနီးဆုံးပြန်ရည်ကျိတ်သို့ပါ ပျံ့နှံ့၍ ပြည်တည် သို့မဟုတ် ပြည်မတည်သော ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း ဖြစ်တတ်သည်။ ပြည်မတည်သော ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းဖြစ်လျှင် လက္ခဏာများကို စောင့်ကြည့်ကုသခြင်းသာ လိုအပ်သည်။ အကယ်၍ ပြည်တည်သော ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းဖြစ်ပါက ဆေးထိုးအပ်ဖြင့် စုပ်ထုတ်ကုသရသည်။ ပြည်တည်နာသည် ခဲနေပါက ခွဲစိတ်၍ လှီးထုတ်ကုသရသည်။ သို့သော်သည်း ၎င်းနောက်ဆက်တွဲဆင့်ပွားဆိုးကျိုးများ ကုသရာနှင့်ပတ်သက်သော သက်သေအထောက်အထားများမှာ နည်းပါးသေးသည်။  [၂၉]

တခါတရံ သွေးသို့မဟုတ် ပျံရည်မှတဆင့် ရောဂါပိုးပျံနှံ့၍ ရင်သားနှင့်တင်ပါးတွင် ပြည်တည်နာဖြစ်တတ်သည်။ အလွန်ရှားပါးသော နောက်ဆက်တွဲဆင့်ပွားဆိုးကျိုးမှာ အနီးရှိအရိုးများတွင် ဘီစီဂျီအရိုးနှင့်ရိုးတွင်းခြင်ဆီရောင်ရမ်းခြင်း သို့မဟုတ် အရိုးရောင်ရမ်းခြင်း၊ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ရောဂါကူးစက်ခြင်းဖြစ်ပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရသည်။ ဤသို့ဖြစ်ပါက သင့်တော်သော တီဘီရောဂါကုသနည်းဖြင့် ကုသသင့်သည်။ [၃၀]

ခုခံအားကျဆင်းနေသောလူနာကို ဘီစီဂျီကာကွယ်ဆေး မတော်တဆထိုးမိပါက ခန္ဓာကိုယ်ထဲတွင် ရောဂါပိုးပျံ့နှံ့ကူးစက်ကာ အသက်အန္တရာယ်စိုးရိမ်ရနိုင်သည်။ ဤဖြစ်ရပ်မျိုးမှာ လူအယောက်တစ်သန်းတွင် တစ်ယောက်ဖြစ်တတ်သည်။[၃၁] (၂၀ဝ၇)ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အိတ်ခ်ျအိုင်ဗွီရောဂါပိုးကူးစက်ခံနေရသော ကလေးများကို ဘီစီဂျီကာကွယ်ဆေးမထိုးရန် အကြံပြုထားသည်။ ၎င်းကလေးများသည် တီဘီရောဂါပိုးကူးစက်ခံရနိုင်ခြေများသော်လည်း [၃၂] ကာကွယ်ဆေးထိုးလျှင် ခန္ဓာကိုယ်ထဲတွင် ဘီစီဂျီရောဂါပိုး ပျံ့နှံ့ကူးစက်နိုင်ခြေ အလွန်များသောကြောင့် (လူတစ်သိန်းတွင် ၄၀ဝယောက်ခန့်) ဖြစ်သည်။[၃၃][၃၄]

အသုံးပြုခြင်း[ပြင်ဆင်ရန်]

ဘီစီဂျီကာကွယ်ဆေးပေးရမည့် အသက်နှင့် အကြိမ်အရေအတွက်မှာ နိုင်ငံနှင့်လိုက်၍ ကွဲပြားခြားနားသည်။ 

  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဘီစီဂျီ မူဝါဒ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်မှာ တီဘီရောဂါဖြစ်ပွားလေ့ရှိသော နိုင်ငံများတွင် မွေးဖွားသော ကလေးအားလုံးကို ဘီစီဂျီကာကွယ်ဆေး ထိုးပေးသင့်သည်။ ဘီစီဂျီဆေးသည် လူးစေ့တီဘီနှင့် ဦးနှောက်အမြှေးရောင်တီဘီရောဂါကို ကာကွယ်ပေးသောကြောင့်ဖြစ်သည်။ 
    [၃၅]
  • ဘရာဇီးနိုင်ငံ၊ ဘရာဇီးနိုင်ငံတွင် နိုင်ငံသားအားလုံးအတွက် ဘီစီဂျီကာကွယ်ဆေးထိုးပေးခြင်းကို (၁၉၆၇-၁၉၆၈)ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအချိန်အထိ ထိုးပေးလျက်ရှိသည်။ ဘရာဇီးနိုင်ငံ၏ တရားဥပဒေအရ ကျန်းမာရေးအခန်းဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော ပညာရှင်များအားလုံးနှင့် တီဘီရောဂါသည်၊ အနာကြီးရောဂါသည်များနှင့် နီးစပ်စွာထိတွေ့မှုရှိသူအားလုံးကို ဘီစီဂျီကာကွယ်ဆေး နောက်ထပ်တစ်ကြိမ်ထိုးရသည်။ 
  • အမေရိကတိုက် အလယ်ပိုင်းနှင့် တောင်ပိုင်း၊ အမေရိကတိုက် အလယ်ပိုင်းနှင့်တောင်ပိုင်းရှိ နိုင်ငံအများစုတွင် နိုင်ငံသားအားလုံးအတွက် ဘီစီဂျီကာကွယ်ဆေးထိုးပေးသည်။ အီကွာဒေါနိုင်ငံတွင် ဘီစီဂျီကာကွယ်ဆေးနှင့် အခြားကာကွယ်ဆေးများ မထိုးရသေးသော ကလေးများကို မွေးစာရင်းလက်မှတ်မထုတ်ပေးပါ။[၃၆]
  • ပြင်သစ်၊ (၁၉၅၀)မှ (၂၀ဝ၇)ခုနှစ်အတွင်း ကျောင်းနေကလေးအားလုံးနှင့် (၁၉၄၇)မှ (၂၀၁၀)ခုနှစ်အတွင်း ကျန်းမာရေးပညာရှင်များအားလုံး မဖြစ်မနေ ဘီစီဂျီကာကွယ်ဆေးကို ထိုးရသည်။[၃၇][၃၈] ပြင်သစ်ကျန်းမာရေးပညာရှင်များနှင့် လူမူရေးဝန်ထမ်းများအတွက် ဘီစီဂျီကာကွယ်ဆေးရရှိနိုင်သေးသော်လည်း ဆေးထိုးသင့်၊မထိုးသင့်ကို တစ်ယောက်ချင်းစီ ဆုံးဖြတ်၍သာ ထိုးပေးသည်။ [၃၉]
  • အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ၊ (၁၉၄၈)ခုနှစ်တွင် အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံ၌ ဘီစီဂျီကာကွယ်ဆေးကို လူထုအတွင်းတွင် အစုလိုက်ကာကွယ်ဆေးထိုးပေးသည်။ ၎င်းမှာ ဥရောပနိုင်ငံများမှလွဲ၍ ပထမဆုံးပြုလုပ်သော အစုလိုက်ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။ [၄၀]
  • မွန်ဂိုးလီးယားနိုင်ငံ၊ မွေးကင်းစကလေးအားလုံးကို ဘီစီဂျီကာကွယ်ဆေး ထိုးပေးသည်။ ဘီစီဂျီကာကွယ်ဆေးကို ကလေးအသက်(၈)နှစ်နှင့် (၁၅)နှစ်တွင် ယခင်က ထိုးပေးသော်လည်း ယခုမထိုးပေးတော့ပါ။[၄၁]
  • နော်ဝေးနိုင်ငံ၊ (၁၉၄၇)မှ (၁၉၉၅)ခုနှစ်အထိ ဘီစီဂျီကာကွယ်ဆေးကို မဖြစ်မနေထိုးရသည်။ ယခုအခါ ဘီစီဂျီကာကွယ်ဆေး ထိုးပေးလျက်ရှိပြီး ရောဂါကူးစက်ခံနိုင်ရခြေရှိသူများကို ထိုးရန် အကြံပြုသည်။[၄၂]
  • ဖိလစ်ပိုင်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၌ ဘီစီဂျီကာကွယ်ဆေးကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်မှု(EPI)အရ (၁၉၇၉)ခုနှစ်တွင် စတင်ထိုးပေးသည်။ 
  • တောင်အာဖရိကနိုင်ငံ၊ တောင်အာဖရိကနိုင်ငံတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါလက္ခဏာရှိနေသည့်ကလေးများမှလွဲ၍ ကျန်ကလေးများအားလုံးကို မွေးပြီးပြီးချင်း ဘီစီဂျီကာကွယ်ဆေး ပုံမှန်ထိုးပေးသည်။ ဆေးထိုးသွင်းသည့်နေရာမှာ ညာဘက်ပခုံးဖြစ်သည်။[၄၃]
  • သီရိလင်္ကာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၏ အမျိုးသားမူဝါဒအရ မွေးကင်းစကလေးအားလုံးကို ဘီစီဂျီကာကွယ်ဆေး မွေးပြီးပြီးချင်း ထိုးပေးရသည်။ ဘီစီဂျီကာကွယ်ဆေးကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်မှုအရ ထိုးပေးခြင်းဖြစ်သည်။
    [၄၄]
  • ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံတွင် ကလေးများ မွေးပြီးပြီးချင်း ဘီစီဂျီကာကွယ်ဆေး ထိုးပေးသည်။[၄၅]
  • ဗြိတိသျှနိုင်ငံ၊ ဗြိတိသျှနိုင်ငံ၌ (၁၉၅၃)ခုနှစ်တွင် နိုင်ငံသားအားလုံးကို ဘီစီဂျီကာကွယ်ဆေး စတင်ထိုးပေးသည်။ အသက်(၁၀)နှစ်မှ (၁၄)နှစ်အထိ ကျောင်းနေကလေးအားလုံးနှင့် မွေးကင်းစကလေးအားလုံးကို (၂၀ဝ၅)ခုနှစ်၊ ဇူလိုင်လအထိ ထိုးပေးသည်။ ကာကွယ်ဆေးမှာ တစ်ကြိမ်ထက်ပို၍ထိုးသော်လည်း ကာကွယ်မှုထပ်မံရရှိနိုင်ကြောင်း သက်သေအထောက်အထားမရှိသောကြောင့် လူတစ်ယောက်ကို တစ်သက်မှာ တစ်ကြိမ်သာ ထိုးပေးသည်။ တီဘီရောဂါနှင့် ထိတွေ့နေရသူများကိုလည်း တီဘီရောဂါကာကွယ်ရန် ဘီစီဂျီကာကွယ်ဆေး ထိုးပေးသည်။ တီဘီရောဂါအဖြစ်များဆုံးအချိန်မှာ ဆယ်ကျော်သက်နှင့် လူကြီးဖြစ်ခါစအချိန်ဖြစ်သော်လည်း MRCစမ်းသပ်မှုအရ အကြာရှည်ဆုံးကာကွယ်မှုမှာ (၁၅)နှစ်အထိသာဖြစ်သည်။[၄၆] (၂၀ဝ၅)ခုနှစ်၊ ဇူလိုင်လတွင် ကျောင်းနေကလေးအားလုံးကို ဘီစီဂျီကာကွယ်ဆေး ပုံမှန်ထိုးပေးခြင်းကို ကုန်ကျမှုနှင့်အကျိုးထိရောက်မှု မမျှတ၍ ရပ်နားလိုက်သည်။ [၄၇]
  • အမေရိကန်နိုင်ငံ၊ အမေရိကန်နိုင်ငံတွင် အစုလိုက်ကာကွယ်ဆေးထိုးခြင်းကို မလုပ်ဖူးပါ။ တီဘီရောဂါကူးစက်ခံနေရသော်လည်း ရောဂါလက္ခဏာမပေါ်သေးသောလူများ (ငုပ်နေသောတီဘီ) ကို ရှာဖွေခြင်းနှင့် ကုသခြင်းကိုသာ အဓိကဆောင်ရွက်သည်။ 
  • အခြားနိုင်ငံများ၊ ယခင်ဆိုဗီယက်ပြည်ထောင်စုကဲ့သို့သော တချို့နိုင်ငံများတွင် ဘီစီဂျီကာကွယ်ဆေးကို တစ်သက်လုံး ပုံမှန်ထိုးပေးသည်။ တောင်ကိုရီးယားစင်ကာပူထိုင်ဝမ်နှင့် မလေးရှားနိုင်ငံများတွင် ဘီစီဂျီကာကွယ်ဆေးကို မွေးပြီးပြီးချင်းချိန်နှင့် အသက်(၁၂)နှစ်တွင် နောက်တစ်ကြိမ် ထိုးပေးသည်။ မလေးရှားနှင့် စင်ကာပူနိုင်ငံတွင် (၂၀ဝ၁)ခုနှစ်မှ စတင်၍ မွေးပြီးပြီးချင်းတစ်ကြိမ်သာ ထိုးပေးတော့သည်။ တောင်ကိုးရီးယားတွင်လည်း ဒုတိယအကြိမ်ဆေးထိုးခြင်းကို (၂၀ဝ၈)ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ 

ထုတ်လုပ်သူများ[ပြင်ဆင်ရန်]

အသက်ရှိနေသေးသော၊ နွားနှင့်ဆိုင်သောတီဘီရောဂါပိုး(Mycobacterium bovis)၏ ရောဂါဖြစ်စေနိုင်စွမ်းကို လျှော့ချထားသည့် ဗီဇအမျိုးအစားကို အသုံးပြု၍ ဘီစီဂျီကို ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဤအသက်ရှိနေသေးသော ဘက်တီးရီးယားပိုးသည် ရရှိသောအာဟာရဓာတ်များကို အသုံးချ၍ အဆင့်ဆင့်ပြောင်းလဲခြင်းဖြင့် လူ၏သွေးနှင့် လိုက်လျောညီထွေဖြစ်ကာ လူခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသော်လည်း ရောဂါဖြစ်နိုင်စွမ်းမရှိတော့ပေ။ သို့သော်လည်း သူတို့၏ပင်ဂိုသဘာဝမှာ ရှိနေသေးသောကြောင့် တီဘီရောဂါကိုတိုက်ခိုက်နိုင်သော ခုခံအားပမာဏတချို့ကို ဖြစ်စေသေးသည်။ ဘီစီဂျီကာကွယ်ဆေးသည် တီဘီရောဂါမဖြစ်ပွားရန် (ဝ-၈၀)ရာခိုင်နှုန်းခန့်ကို (၁၅)နှစ်အထိ ကာကွယ်ပေးနိုင်သည်။ သို့သော်လည်း ၎င်းကာကွယ်မှုနှုန်းမှာ နယ်မြေသဘာဝအနေအထားနှင့် ကာကွယ်ဆေးဗီဇအမျိုးအစားမွေးမြူသော ဓာတ်ခွဲခန်းကိုလိုက်၍ ကွဲပြားခြားနားနိုင်သည်။[၁၁]

ဘီစီဂျီဆေးထုတ်လုပ်သော ကုမ္ပဏီများသည် တခါတရံတွင် မတူသော ဘက်တီးရီးယားမျိုးရိုးဗီဇအမျိုးအစားကို အသုံးပြုကြသည့်အခါ မတူညီသော ထုတ်ကုန်အမျိုးအစားများဖြစ်ပေါ်လာသည်။ အော်ဂန်နွန်ဓာတ်ခွဲခန်းများ (Schering-Ploughမှ စတင်ရရှိခဲ့ပြီး နောက်ပိုင်းတွင် Merck, Inc.မှရရှိသည်) မှ ထုတ်လုပ်သော အွန်ကိုတစ်(OncoTICE)ဆေးကို ဆီးအိတ်ကင်ဆာကုသရန်အတွက် ဆီးအိတ်ထဲသို့ ထိုးသွင်းရသည်။ ပက်စစ်ဘီစီဂျီ(Pacis BCG)ကို မွန်ထရီရယ်(Montréal) မျိုးရိုးဗီဇအမျိုးအစား(Institut Armand-Frappier)မှ[၄၈] ထုတ်လုပ်ပြီး ယူရိုကော်(Urocor)မှ (၂၀ဝ၂)ခုနှစ်တွင် ဈေးကွက်ထဲသို့ စတင်တင်သွင်းခဲ့သည်။ ယူရိုကော်ကို Dianon Systems. Evans Vaccines (PowderJect Pharmaceuticals၏ လက်အောက်ခံကုမ္ပဏီ)မှ ရရှိသည်။ ဒိန်းမတ်နိုင်ငံမှ Statens Serum Institut သည် ဒိန်းမတ်ဗီဇအမျိုးအစားကို အသုံးပြုထုတ်လုပ်ထားသည့် ဘီစီဂျီကာကွယ်ဆေးကို (၁၃၃၁)ခုနှစ်တွင် စတင်ဈေးကွက်တင်ခဲ့သည်။[၄၉] ဂျပန်ဘီစီဂျီဓာတ်ခွဲခန်းသည် ပက်စ်ချာဘီစီဂျီ(Pasteur BCG)၏ တိုကျို(၁၇၂)ဗီဇအမျိုးအစားခွဲကို အခြေခံ၍ ကာကွယ်ဆေးထုတ်လုပ်ကာ နိုင်ငံပေါင်း(၅၀)တွင် စတင်ရောင်းချခဲ့သည်။ ဆန်နိုဖီပက်စ်ချာ(Sanofi Pasteur)၏ ဘီစီဂျီကာကွယ်ဆေးထုတ်ကုန်များမှာ ဂလက်ဆို(Glaxo) (၁၀၇၇)ဗီဇအမျိုးအစားမှ ထုတ်လုပ်ထားပြီး[၅၀] (၂၀၁၂)ခုနှစ်၊ ဇူလိုင်လတွင် ထုတ်လုပ်ပုံနည်းစနစ်များကို လိုက်နာမှုမရှိသောကြောင့် ထုတ်ကုန်အားလုံး ပြန်လည်သိမ်းဆည်းခဲ့သည်။[၅၁]

ပြင်ဆင်နည်း[ပြင်ဆင်ရန်]

အားပျော့အောင်ပြုလုပ်ထားသည့် နွားနှင့်ဆိုင်သောတီဘီရောဂါပိုး မိုင်ကိုဘက်တီးရီးယမ်း ဘိုးဗစ်(Mycobacterium bovis)ကို မစ်တယ်ဗလွတ် (Middlebrook) 7H9 ဟုခေါ်သော ပိုးမွေးသည့်ပစ္စည်းတွင် အထူးတလည် ထပ်ဆင့်ပိုးမွေးထားသည်။  

အခြောက်ခံထားခြင်း[ပြင်ဆင်ရန်]

အချို့ဘီစီဂျီကာကွယ်ဆေးများကို ရေခဲအောင်လုပ်၍ အခြောက်ခံကာ အမှုန့်အဖြစ် ပြုလုပ်ထားသည်။ ၎င်းအမှုန့်များကို ဖန်နှင့်ပြုလုပ်ထားသော ထိုးဆေးပုလင်းထဲတွင် လေလုံအောင် ပိတ်၍ ထည့်ထားသည်။ ထိုဖန်ပုလင်းများကို ဖွင့်သည့်အခါ လေကြောင့်အမှုန့်များ မလွင့်သွားအောင် ဖြည်းဖြည်းချင်းဖွင့်ရသည်။ ထို့နောက် အမှုန့်များကို စေလိုင်းဆားရည်နှင့်ရော၍ ထိုးရသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဘီစီဂျီ၏ သမိုင်းကြောင်းမှာ ကျောက်ရောဂါနှင့် ဆက်စပ်နေသည်။ ဂျင်း အန်တွိုင်နီ ဗီလီမင် (Jean Antoine Villemin) ဆိုသူသည် (၁၈၅၄)ခုနှစ်တွင် နွားနှင့်ဆိုင်သောတီဘီရောဂါကို စတင်တွေ့ရှိပြီး ကြေညာခဲ့သည်။ ရောဘတ် ကိုခ်ျ (Robert Koch)သည် မိုင်ကိုဘက်တီးရီးယမ်း ကျူဘာကလို့ဆစ် Mycobacterium tuberculosis (English)မှ Mycobacterium bovisကို စတင်ခွဲခြားနိုင်ခဲ့သည်။ (၁၈)ရာစုတွင် ကျောက်ရောဂါကို ကာကွယ်ဆေးဖြင့် အောင်မြင်စွာကာကွယ်နိုင်ခဲ့ပြီးနောက် သိပ္ပံပညာရှင်များသည် နွားကျောက်ရောဂါနှင့် နွားတီဘီရောဂါကို လေ့လာခြင်းဖြင့် တီဘီရောဂါ၏ အကျိုးဆက်ကို ရှာဖွေခဲ့ကြသည်။ နွားတီဘီရောဂါဖြစ်ဖူးလျှင် လူတွင်ဖြစ်သော တီဘီရောဂါကိုလည်း ကာကွယ်နိုင်လိမ့်မည်ဟု ထင်မြင်ယူဆခဲ့ကြသည်။ (၁၉)ရာစုနောက်ပိုင်းတွင် အီတလီနိုင်ငံ၌ M. bovis ကို အသုံးပြု၍ ဆေးပညာစမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် M. bovis သည် M. tuberculosis ကဲ့သို့ပင် ရောဂါဖြစ်စနိုင်စွမ်းပြင်းထန်သောကြောင့် ဆိုးရွားသော ရလဒ်များရရှိခဲ့သည်။ 

အယ်လ်ဘတ် ကယ်မတ် (Albert Calmette) ဆိုသူမှာ ပြင်သစ်သမားတော်နှင့် ဘက်တီးရီးယားဆိုင်ရာ ပညာရှင်ဖြစ်သည်။ သူနှင့် သူ့လက်ထောက် ကမ်မိလီ ဂွာလင်း (Camille Guérin)ဟုခေါ်သော တိရစ္ဆာန်ကုဆရာဝန်တို့သည် (၁၉၀၈)ခုနှစ်တွင် ပြင်သစ်၊လိလီမြို့ရှိ Institut Pasteur de Lille ဆိုသော နေရာတွင် အလုပ်လုပ်ကိုင်လျက် ရှိကြသည်။ သူတို့သည် တီဘီဘက်တီးရီးယားပိုး၏ ရောဂါဖြစ်စေနိုင်သော ဗီဇအမျိုးအစားကို ထပ်ဆင့်ပိုးမွေး၍ မတူသော ဘက်တီးရီးယားမွေးမြူသည့် ကြားခံပစ္စည်းများတွင် စမ်းသပ်ကြည့်ကြသည်။ ထိုသို့စမ်းသပ်ရင်းဖြင့် ဘက်တီးရီးယားမွေးမြူသည့် ကြားခံပစ္စည်းအတွက် ဂလိုင်စလင်၊သည်းခြေရည်နှင့် အာလူးရောထားသော ရောစပ်မှုမှာ ရောဂါဖြစ်စေနိုင်စွမ်း နည်းပါးကြောင်းတွေ့ရသည်။ ထို့နောက် အကြိမ်ကြိမ်ထပ်ဆင့်၍ ပိုးမွေးမြူခြင်းဖြင့် အသက်ရှင်လျက် ရှိသော်လည်း ကာကွယ်ဆေးအတွက် အသုံးပြုနိုင်မည့် ဗီဇအမျိုးအစားကိုရနိုင်ရန် သုတေသနဆက်လက်ပြုလုပ်ကြသည်။ နောက်(၁၃)နှစ်အကြာတွင် ရောဂါဖြစ်စေနိုင်သော ဗီဇအမျိုးအစားကို ဂလိုင်စလင်နှင့် အာလူးရောထားသော ကြားခံပစ္စည်း၌ အကြိမ်ပေါင်း (၂၃၉)ကြိမ် ထပ်ဆင့်ပိုးမွေးခြင်းဖြင့် ဘီစီဂျီဗီဇအမျိုးအစားကို သီးခြားမွေးမြူနိုင်ခဲ့သည်။ ဤသုတေသနကို ပထမကမ္ဘာစစ်ကြီးဖြစ်နေချိန်အတွင်းတောက်လျှောက် ပြုလုပ်ခဲ့ပြီး (၁၉၁၉)ခုနှစ်တွင် ယခုအသုံးပြုနေသည့် တီဘီရောဂါဖြစ်စေနိုင်စွမ်းမရှိသည့် ဘက်တီးရီးယားပိုးကို သုတေသနပြုနေသောတိရစ္ဆာန်များတွင် တွေ့ရှိခဲ့သည်။ (၁၉၁၉)ခုနှစ်မှာပင် ထိုသုတေသနတွေ့ရှိချက်ကို ပက်စ်ချာ အင်စတီကျု (Pasteur Institute) သို့ လွှဲပြောင်းပေးခဲ့သည်။ (၁၉၂၁)ခုနှစ်တွင် ဘီစီဂျီကာကွယ်ဆေးကို လူတွင် ပထမဆုံးအသုံးပြုခဲ့သည်။[၅၂]

ဤကာကွယ်ဆေးကို အသုံးပြုခဲ့ရာ တစ်ကြိမ်တွင် အလွန်ဆိုးရွားသောဖြစ်ရပ်ဖြစ်ခဲ့သောကြောင့် အများပြည်သူမှ ဤကာကွယ်ဆေးကို လက်ခံခြင်း အလွန်နည်းပါးလာခဲ့သည်။ (၁၉၃၀)ခုနှစ်၏ နွေရာသီတွင် ဂျာမနီနိုင်ငံလူးဘက်မြို့၌ မွေးကင်းစကလေးပေါင်း အယောက်(၂၄၀)ကို မွေးပြီးချင်း (၁၀)ရက်အတွင်းတွင် ဤကာကွယ်ဆေးထိုးခဲ့ရာ ကလေးများအားလုံးနီးပါး တီဘီရောဂါဖြစ်၍ (၇၂)ယောက် အသက်ဆုံးရှုံးခဲ့သည်။ နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိချက်မှာ ထိုဖြစ်ရပ်တွင် ထိုးပေးခဲ့သော ဘီစီဂျီဆေးကို ရောဂါဖြစ်စေနိုင်သောဗီဇအမျိုးအစားနှင့်ရော၍ ပိုးမွေးသည့်ကိရိယာထဲတွင် သိမ်းဆည်းထားခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့နောက် ကာကွယ်ဆေးထုတ်လုပ်သူများကို တရားဥပဒေအရ ဆောင်ရွက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။[၅၃]

ကနေဒါနိုင်ငံစက္ကချဝန်မြို့ရှိ တွင် အလုပ်တာဝန်ထမ်းဆောင်နေသော ဒေါက်တာ အာဂျီ ဖာဂုဆန် (Dr. R.G. Ferguson)သည် ဤကာကွယ်ဆေးကို စတင်အသုံးပြုခဲ့သောသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ (၁၉၂၈)ခုနှစ်တွင် ဘီစီဂျီကို နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations)၏ ကျန်းမာရေးကော်မတီမှ အတည်ပြုခဲ့သည်။ သို့သော်လည်း ဆန့်ကျင်သည့်အတိုက်အခံများကြောင့် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းတွင်မှ ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်။ (၁၉၄၅)မှ (၁၉၄၈)ခုနှစ်အတွင်းတွင် ကယ်ဆယ်ရေးအဖွဲ့အစည်းများ (International Tuberculosis Campaign or Joint Enterprises)မှ အရှေ့ဥရောပရှိ မွေးကင်းစကလေးပေါင်း(၈)သန်းကျော်ကို ဤကာကွယ်ဆေးထိုးပေးခဲ့သောကြောင့် စစ်ကြီးအပြီးတွင်ဖြစ်လေ့ရှိသော တီဘီရောဂါအများအပြားကို ကာကွယ်နိုင်ခဲ့သည်။ 

ဘီစီဂျီဆေးသည် ကလေးများတွင် ဦးနှောက်အမြှေးရောင်တီဘီ မဖြစ်အောင်ကာကွယ်ရာတွင် အလွန်အကျိုးသက်ရောက်မှုရှိသည်။ သို့သော်လည်း အဆုတ်တီဘီကို ကာကွယ်နိုင်စွမ်းမှာ ကွဲပြားခြားနားမှုများရှိနေသေးသည်။ (၂၀ဝ၆)ခုနှစ် စာရင်းများအရ ဘီစီဂျီကို ပုံမှန်ကာကွယ်ဆေးအဖြစ် အသုံးမပြုသည့် နိုင်ငံမှာ အနည်းငယ်သာရှိသည်။ ထိုသို့ တခါမှအသုံးမပြုဖူးသော နိုင်ငံ(၂)နိုင်ငံမှာ အမေရိကန်နှင့် နယ်သာလန်နိုင်ငံတို့ဖြစ်သည်။ ထိုနှစ်နိုင်ငံတွင် စိတ်ချရသော မန်းတော့ဆေးစစ်မှုရှိသောကြောင့် အလွန်အဖြစ်နည်းပါးသော ရောဂါတစ်မျိုးအတွက် ကာကွယ်ဆေးထိုးမည့်အစား ရောဂါဖြစ်နေသူများကို တိကျစွာရှာဖွေဖော်ထုတ်ခြင်းက လူထုအပေါ်ပို၍ အကျိုးသက်ရောက်မှုရှိသည်ဟု ယူဆကြသည်။[၅၄][၅၅]

ဘီစီဂျီ၏ အခြားအမည်များမှာ "Vaccin Bilié de Calmette et Guérin vaccine" နှင့် "Bacille de Calmette et Guérin vaccine" တို့ဖြစ်သည်။ 

သုတေသနများ [ပြင်ဆင်ရန်]

အတည်မပြုရသေးသော အထောက်အထားများအရ ဘီစီဂျီကာကွယ်ဆေးထိုးခြင်း၏ မတိကျသော အခြားအစွမ်းများလည်းရှိသည်။ ၎င်းအစွမ်းများမှာ ဝင်ငွေနည်းသောနိုင်ငံများတွင် ယေဘုယျအသက်ဆုံးရှုံးမှုကျဆင်းနိုင်စေခြင်းနှင့် ကာကွယ်ဆေးကို စောစီးစွာပေးပါက အခြားကျန်းမာရေးပြဿနာများဖြစ်သော ခန္ဓာကိုယ်တစ်ခုလုံးတွင် ရောဂါပိုးပျံ့နှံ့သွားခြင်းအသက်ရှူလမ်းကြောင်းတွင်ဖြစ်သော ကူးစက်ရောဂါများ ဖြစ်ပွားမှုကို ကျဆင်းစေခြင်းတို့ဖြစ်သည်။ [၅၆] ပို၍စောစီးစွာပေးပါက အကျိုးသက်ရောက်မှုပိုရှိသည်ဟု ယူဆရသည်။ [၅၇]

အခြားတီဘီရောဂါကာကွယ်ဆေးများ[ပြင်ဆင်ရန်]

တီဘီရောဂါကာကွယ်ဆေးများ တွင်ကြည့်ရန် 

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ "BCG Vaccine: WHO position paper" (PDF).
  2. "Revised BCG vaccination guidelines for infants at risk for HIV infection."
  3. Roy, A; Eisenhut, M; Harris, RJ; Rodrigues, LC; Sridhar, S; Habermann, S; Snell, L; Mangtani, P; Adetifa, I; Lalvani, A; Abubakar, I (5 August 2014).
  4. Houghton, BB; Chalasani, V; Hayne, D; Grimison, P; Brown, CS; Patel, MI; Davis, ID; Stockler, MR (May 2013).
  5. "WHO Model List of EssentialMedicines" (PDF).
  6. "Vaccine, Bcg"[လင့်ခ်သေ].
  7. Hamilton, Richart (2015).
  8. "BCG Vaccine | TB Symptoms | Tuberculin Skin Test | PPD | TB Signs" Archived 29 October 2013 at the Wayback Machine..
  9. ၉.၀ ၉.၁ Colditz, Graham A.; Brewer, TF; Berkey, CS; Wilson, ME; Burdick, E; Fineberg, HV; Mosteller, F (1994).
  10. Fine PEM (1995).
  11. ၁၁.၀ ၁၁.၁ Venkataswamy, Manjunatha M.; Goldberg, Michael F.; Baena, Andres; Chan, John; Jacobs, William R., Jr.; Porcelli, Steven A. (1 February 2012).
  12. FINE, P (1 November 1995).
  13. Roy A, Eisenhut M, Harris RJ; et al. (2014).
  14. Aronson NE, Santosham M, Comstock GW (2004).
  15. Rodrigues LC, Diwan VK, Wheeler JG (1993).
  16. Fine PEM, Carneiro IAM, Milstein JB, Clements CJ (1999).
  17. Brosch R, Gordon SV, Garnier T, Eiglmeier K (2007).
  18. Packe GE, Innes JA. (1988).
  19. Black GF, Weir RE, Floyd S (2002).
  20. Palmer CE, Long MW. (1966).
  21. Brandt L, Feino Cunha J, Weinreich Olsen A (2002).
  22. Rook GAW; Dheda K; Zumla A. (2005).
  23. Setia MS, Steinmaus C, Ho CS, Rutherford GW. (2006).
  24. Merle, Corinne SC; Cunha, Sergio S; Rodrigues, Laura C (2010).
  25. Tanghe, A., J. Content, J. P. Van Vooren, F. Portaels, and K. Huygen (2001).
  26. Lamm DL, Blumenstein BA, Crawford ED (1991).
  27. Mosolits S, Nilsson B, Mellstedt H. (2005).
  28. Nick Makwana and Andrew Riordan (2004), "Is medical therapy effective in the treatment of BCG abscesses?"
  29. Cuello-García, Carlos A.; Pérez-Gaxiola, Giordano; Jiménez Gutiérrez, Carlos (2013-01-01).
  30. Govindarajan KK, Chai FY (2011).
  31. Centers for Disease Control and Prevention (1996).
  32. WHO (2007).
  33. Trunz BB, Fine P, Dye C (2006).
  34. Mak TK, Hesseling AC, Hussey GD, Cotton MF (2008).
  35. WHO (2004).
  36. Ficha metodológica။ 16 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2016 တွင် ပြန်စစ်ပြီး။
  37. Loi n° 50-7 du 5 janvier 1950
  38. décret n° 2007-1111 du 17 juillet 2007
  39. "relatif à l'obligation de vaccination par le BCG des professionnels listés aux articles L" (PDF).
  40. Mahler HT, Mohamed Ali P (1955).
  41. C. Oyunsolong, personal communication.
  42. Tuberkulosevaksine - veileder for helsepersonell - FHI။ 7 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2016 တွင် ပြန်စစ်ပြီး။
  43. [၁] Archived May 11, 2013 at the Wayback Machine
  44. "Role Of BC Vaccination" Archived 6 June 2013 at the Wayback Machine..
  45. "Thai Pediatrics".
  46. Styblo, K; Meijer, J (March 1976).
  47. "School 'TB jabs' to be scrapped".
  48. "Pharmaceutical Information - PACIS".
  49. "BCG Vaccine Danish Strain 1331 - Statens Serum Institut" Archived 18 February 2014 at the Wayback Machine..
  50. Fine, P.E.M (2004).
  51. မော်ကွန်းတင်ပြီးမိတ္တူ။ 10 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2016 တွင် ပြန်စစ်ပြီး။
  52. Fine PEM, Carneiro IAM, Milstein JB, Clements CJ. (1999).
  53. Rosenthal SR. (1957).
  54. "Fact Sheets: BCG Vaccine".
  55. "Vaccination of young children against tuberculosis" (PDF) (2011/04).
  56. Aaby, P; Roth, A; Ravn, H; Napirna, BM; Rodrigues, A; Lisse, IM; Stensballe, L; Diness, BR; Lausch, KR; Lund, N; Biering-Sørensen, S; Whittle, H; Benn, CS (15 July 2011).
  57. Biering-Sørensen, S; Aaby, P; Napirna, BM; Roth, A; Ravn, H; Rodrigues, A; Whittle, H; Benn, CS (March 2012).