အနာကြီးရောဂါ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အနာကြီးရောဂါသည် အပူပိုင်းဒေသများတွင် ဖြစ်ပွားတတ်သော အလွန်ရှေးကျသည့် ကိုယ်ရေပြားရောဂါ တစ်မျိုးဖြစ်သည်။ မိုင်ကိုဘက်နီရီယမ်လီပရေး ခေါ်သောရောဂါပိုးကြောင့် ဖြစ်စေတတ်သည်။ ရောဂါတကာ့ ရောဂါထဲတွင် အနာကြီးရောဂါသည် လူဖြစ်ရှုံးသော ကူးစက်ရောဂါတစ်ခုဖြစ်သည်။ `ကူဋ္ဌနူနာ´ရောဂါဟုလည်း ခေါ်ကြသည်။ အနာကြီးရောဂါသည် လူတောမဝင်၊ ရှင်တောမတိုးနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်စေတတ်သည်။ လူ့အသိုင်းအဝိုင်းကလည်း မေးထူးခေါ်ပြော မလုပ်ချင်ကြပဲ ရှောင်ချင်ရှားချင်ကြသည်။ သွေးမတော် သားမစပ်သူများပင် မဆိုထားနှင့် မိရင်းဖရင်း၊ သားသမီးအရင်းများပင် ရင်နာနာနှင့် ခွဲခွာနေရသော ရောဂါမျိုးဖြစ်သည်။

အမျိုးအစား[ပြင်​ဆင်​ရန်​]

အနာကြီးရောဂါ နှစ်မျိုးနှစ်စား ကွဲပြားသည်။

  1. အဖုအကျိတ်သဏ္ဍာန် အနာကြီးရောဂါ
  2. ချောမွတ်သောသဏ္ဍာန် အနာကြီးရောဂါ တို့ဖြစ်သည်။

အဖုအကျိတ်သဏ္ဍာန် အနာကြီးရောဂါ[ပြင်​ဆင်​ရန်​]

အဖုအကျိတ်သဏ္ဍာန် အနာကြီးရောဂါသည် အရေပြား ထူအမ်းလာပြီး နေရာအနှံ့အပြားတွင် အကျိတ်များထွက်ကာ အနာကြီးများ ပေါက်လာတတ်သည်။ အနံ့အသက်မကောင်း ဖြစ်တတ်သည်။ ခွန်အားဆုတ်ယုတ်ခြင်း၊ အဆုတ်နာ၊ ကျောက်ကပ်ရောဂါများ ထပ်ဆင့် ဖြစ်ပွားခြင်း အကျိုးဆက်များ ဖြစ်တတ်သည်။

ချောမွတ်သောသဏ္ဍာန် အနာကြီးရောဂါ[ပြင်​ဆင်​ရန်​]

ချောမွတ်သောသဏ္ဍာန် အနာကြီးရောဂါသည် အရေပြားအောက်ရှိ အာရုံကြောများ အဓိကထား၍ တိုက်ဖျက်သည်။ အရေပြား အသွေးအရောင်ပျက်စီးပြီး အကွက်များ ပေါ်ပေါက်လာတတ်သည်။ အနူဆယ်ပါးတွင် အပါအဝင်ဖြစ်သော ပွေး၊ ဝဲ၊ ညှင်း၊ တင်းတိတ်များ ကဲ့သို့သော အကွက်များပင် ဖြစ်သည်။ အာရုံခံစားမှုကင်းမဲ့၍ ထုံလာတတ်သည်။ ကိုယ်တစ်ခြမ်းသေတတ်သည်။ ခြေချောင်း၊ လက်ချောင်းများ လှုပ်ရှားမရဖြစ်ကာ ငုံးတိတိဖြစ်သည်အထိ ပဲ့ကြွေတတ်သည်။

ရောဂါလက္ခဏာ[ပြင်​ဆင်​ရန်​]

အသားအရေ စူကြွစုန့်တက်ကာ အဖုအပိန့်များ ထွက်လာလေ့ရှိသည်။ နူနာအစိုအခြောက်နှင့် အခြေအနေ ကွဲပြားသည်။ ရောဂါပြင်းထန်၍ လာပါက နှာသီးဖျား၊ နားရွက်ဖျား၊ လက်ဖျားတို့ ပဲ့ကြွေကျခြင်း၊ ကွေးကောက်ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ဖြစ်တတ်သည်။ အလွယ်တကူ ကူးစက်မှု လျင်မြန်ခြင်း မရှိပေ။ ရောဂါကူးစက် ဖြစ်ပွားစတွင် အလွယ်တကူ မသိရှိရတတ်ပေ။ ထိုရောဂါကို ကုသနိုင်ပြီဖြစ်သော်လည်း ချို့တဲ့သော ကိုယ်အင်္ဂါများ ပြန်၍ကောင်းမလာနိုင်ပေ။ ကုရာတွင် အချိန်ကြာရှည်စွာ ကုသရသည်။ ခရစ်နှစ် တစ်ရာခန့်အတွင်း အီဂျစ်ပြည်မှ ဥရောပသို့ ကူးစက်၍ ၁၄၀၀-ပြည့်နှစ်ခန့်တွင် အဆိုးဝါးဆုံး ဖြစ်ပွားလာသည်။ ကုသကာကွယ်မှုများ သီးခြားပြုလုပ်ကြသဖြင့် သက်သာရာရသည်။ ၂၀-ရာစုနှစ်တွင် အာဖရိကတိုက်သို့ ပြန့်သွားသည်။ နူနာကု ကိုယ်ရေပြားရောဂါ ဆေးရုံများနှင့် ရောဂါသည် ရပ်ကွက်များ သီးခြားထားလေ့ရှိသည်။ [၁]

ဆေးပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် အနာကြီးရောဂါကာကွယ်ဆေး၊ ကုသဆေး (ဆာလဖုံး)ကို ၁၉၄၁-ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ထိုဆေးကို ငါးနှစ်မှ တစ်သက်လုံးတိုက်ကျွေးရသော ဆေးဖြစ်သည်။ ၁၉၈၂-ခုနှစ်တွင် MDT(Mulit Drug Therapy)ဆေးပေါင်းဆေး ကုထုံးကို အသုံးပြုခဲ့သည်။ ဤကုထုံးမှာ ခြောက်လမှ တစ်နှစ်အတွင်း ရောဂါများပျောက်ကင်းနိုင်သည်။

ဖြစ်ပွားသည့် ဒေသများ[ပြင်​ဆင်​ရန်​]

အနာကြီးရောဂါသည် လက်ပရာဘက်ဆီးလပ်စ် ရောဂါပိုး ကူးစက်မှုကြောင့် ဖြစ်ပွားသည်။ ပူအိုက်စွတ်စိုသော အပူပိုင်းဒေသများတွင် ဖြစ်ပွားသည်။ အထူးသဖြင့် အာဖရိကတိုက်တွင် အဖြစ်များသော်လည်း ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားလျက်ရှိသည်။ ကမ္ဘာပေါ်တွင် အနာကြီးရောဂါဖြစ်ပွားသော နိုင်ငံပေါင်း ၁၂၂-နိုင်ငံရှိပြီး ၁၁၇-နိုင်ငံသည် အနာကြီးရောဂါ ကင်းဝေးခဲ့ပြီ ဖြစ်သည်။ အနာကြီးရောဂါ မပပျောက်သေးသောနိုင်ငံများမှာ ဘရာဇီးကွန်ဂိုမိုဇမ်ဘစ်နီပေါနှင့် တန်ဇန်းနီးယားနိုင်ငံများဖြစ်သည်။

အနာကြီးရောဂါနှင့် မြန်မာနိုင်ငံ[ပြင်​ဆင်​ရန်​]

မြန်မာပြည်တွင် အနာကြီးရောဂါနှင့်ပတ်သက်၍ အယူအဆများ လွဲမှားခဲ့ကြသည်။ အချို့က လိင်အပျော်ဖက်ရာမှ ကုဋ္ဌနူနာစွဲရသည်ဟု မှတ်ထင်ကြသည်။ အချို့က အဆီများသော၊ ဆူသော မြေအောင်းသားများကို စား၍ ဖြစ်သည်ဟု ခံယူထားကြသည်။ ဤအယူအဆများ၏ အကျိုးဆက်များက ရောဂါဖြစ်လျှင် လူသိမခံဝံ့၊ ရှက်ရွံ့လာကြသည်။ အိမ်တွင်းပုန်းလုပ်ကာ ဖုံးကွယ်ထားကြသည်။ ဆေးမြီးတိုနှင့် ကျိတ်၍ ကုသတတ်ကြသည်။ ဤသည်မှာ လွဲမှားသော အယူအဆများပင် ဖြစ်သည်။


မြန်မာနိုင်ငံတွင် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို ၁၉၅၂-ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ကျေးရွာများအရောက် ကွင်းဆင်း၍ လူနာများရှာဖွေကာ Dapsone (ဒက်ပဆုံး)ဆေးများ တိုက်ကျွေးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက် MDT ကုထုံးကို ၁၉၈၆-ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ ၁၉၈၈-ခုနှစ်တွင် အနာကြီးရောဂါ အဖြစ်များသည့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းများတွင် တစ်ပြည်လုံး၏ ၈၅%သော လူနာများကို MDT ဆေးတိုက်ကျွေးနိုင်ခဲ့သည်။ ၁၉၈၈-ခုနှစ်မှ ၂၀၀၇-ခုနှစ်အထိ မြန်မာနိုင်ငံတွင် MDT ဆေးကျွေးကုသမှုဖြင့် ပျောက်ကင်းသူဦးရေ နှစ်သိန်းခုနှစ်သောင်းကျော်အထိ ရှိခဲ့သည်။ ၂၀၀၃-ခုနှစ်၊ ဇန်နဝါရီလကုန်တွင် မြန်မာတစ်နိုင်ငံလုံးတွင် အနာကြီးရောဂါ ကင်းဝေးသော အခြေအနေသို့ ရောက်ရှိခဲ့သည်။


၂၀၀၃-ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပခဲ့သော တတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ အနာကြီးရောဂါ ကင်းဝေးရေး ညီလာခံ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများနှင့် စေတနာရှင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံသည် အနာကြီးရောဂါကင်းဝေးကြောင်း ကြေငြာနိုင်ခဲ့ပေသည်။ ထို့ကြောင့် နှစ်စဉ် ဖေဖော်ဝါရီလ (၆)ရက်နေ့ကို မြန်မာနိုင်ငံ၏ အနာကြီးရောဂါ ကင်းဝေးရေးအထိမ်းအမှတ်နေ့ ဟု သတ်မှတ်ခဲ့သည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
  2. ဦးရဲဝေ(မြန်မာစာ)၏ အောင်ပွဲဝင် စာစီစာကုံးများ