ဗနီလာပင်

ဝီကီပီးဒီးယား မှ
ဗနီလာပင်

ချောကလက်ကိတ်မုန့်ရေခဲမုန့် စသည်တို့ ပြုလုပ်ရာ၌လည်းကောင်း၊ ရေမွှေးအမျိုးမျိုး ဖော်စပ်ရာ၌လည်းကောင်း အသုံးပြုသော ဗနီလာအမွှေးနံ့ကို ဗနီလာပင်၏ အသီးတောင့်မှ ထုတ်ယူရရှိသည်။ ဗနီလာပင်သည် သစ်ခွပင် တစ်မျိုးဖြစ်၍ ကြီးမားရှည်လျားသော နွယ်ပင်ဖြစ်သည်။ အောကီဒေးစီအီးမျိုးရင်းတွင် ပါဝင်၍ ရုက္ခဗေဒ အမည်အားဖြင့် ဗနီလာ ပလေနီဖိုလိယာ ဟု ခေါ်သည်။ ဗနီလာပင်အမျိုးပေါင်း ငါးဆယ်ခန့်ကို ကမ္ဘာအရပ်ရပ်၌ တွေ့ရှိရသည်။ ဗနီလာပင်၏ မူလဇာတိဒေသသည် မက္ကဆီကိုနိုင်ငံဖြစ်သည်။ ယင်းအပင် တို့သည် မက္ကဆီကိုမှ ပီရူးနိုင်ငံအထိ အလေ့ကျ ပေါက်ရောက်နေသည်ကို တွေ့ရသည်။ ယခုအခါ ပြင်သစ်နိုင်ငံတောင်ပိုင်း၊ ဂျားဗားကျွန်းသီရိလင်္ကာနိုင်ငံ၊ အနောက်အိန္ဒိယကျွန်း စသော အပူပိုင်းဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းလျက် ရှိလေသည်။

ဗနီလာပင်သည် ပူအိုက်စိုစွတ်သော ရာသီဥတုကို နှစ်သက်သည်။ မြေနိမ့်အရပ်မှ ပေ ၂ဝဝဝ အမြင့် ရှိသော အရပ်ဒေသများအထိ ပေါက်ရောက်နိုင်သည်။ မြေပြင်မှ ထွက်ကာ နွယ်တက်တတ်သော အပင်မျိုးဖြစ်၍ မြေမြစ်များ ရှိသကဲ့သို့ လေမြစ်များလည်း ရှိသည်။ လောင်းရိပ်မများလွန်းဘဲ ကွက်တိကွက်ကျား အလင်းရောင်ကို ရရှိ၍ လေပြင်းဒဏ်ကိုလည်း အကာအကွယ်ပေးထားသော နေရာမျိုး၌ ဗနီလာပင်တို့သည် သစ်ပင်များကို အမြစ်မြွာများဖြင့် တွယ်ကပ်ပေါက်တက်ရာ၊ အလျားပေ ၂ဝ မှ ၃ဝ အထိ ရှည်တတ်သည်။ အခေါက် ရှိသော အပင်မျိုးတွင် ပို၍ တွယ်ကပ်ပေါက်နိုင်သည်။ ဗနီလာပင်သည် အနှစ် ၅ဝ နီးပါး အသက်ရှည်နိုင်သည်။ အပင်ပေါက်ပြီး သုံးနှစ်အကြာတွင် အသီးတင်လေသည်။ ဗနီလာပင်၏ အရွက်သည် ဥဝိုင်းလှံစွပ်ပုံဖြစ်၍ အသားထူသည်။ အပွင့်တို့သည် အဖြူ၊ သို့မဟုတ် စိမ်းဖန့်ဖန့်အရောင် ရှိသည်။ အပင်ပေါက်ပြီး၍ ၁၅ လမှ ၁၈ လအကြာတွင် အပွင့် ပွင့် ပြီးနောက် ကိုးလခန့် အကြာတွင် ငှက်စာဆော်သည်။ အသီးတို့သည် ရှည်ရှည်လုံးလုံး အသီးတောင့်များဖြစ်၍ ခြောက်လက်မမှ ကိုးလက်မအထိ ရှည်သည်။ အသီးအတွင်း၌ မည်းနက်၍ ကျိချွဲသော အနှစ်များနှင့် သေးငယ်သောအစေ့ မည်းမည်းများ ရှိသည်။ ထိုအနှစ်မှ ဗနီလာအမွှေးနံ့ကို ထုတ်ယူရရှိလေသည်။

အမေရိကတိုက်ကို ဥရောပတိုက်သားများ မတွေ့ရှိမီကပင် မက္ကဆီကိုဒေသ၌ တိုင်းရင်းသားအက်ဇတက် လူမျိုးများသည် အစားအသောက် မွှေးကြိုင်စေရန် ဗနီလာအမွှေးနံ့ကို အသုံးပြုခဲ့ကြသည်။ အမွှေးနံ့ကို အသီးတောင့်အတွင်း အနှစ်ထဲ၌ရှိသော ဗနီလာခေါ် ဒြဗ်ပေါင်းတစ်မျိုးမှ ရရှိလေသည်။

အမွှေးနံ့ထုတ်ယူရန် အသီးတောင့်များကို ကောင်းစွာ မမှည့်မီ အသီးတောင့်ဖျား၌ အဝါရောင် သန်းလာလျှင် ဆွတ်ခူးရသည်။ ထိုနောက် ရေနွေးပူပူတွင် ချွှေစိမ်၍ ဆယ်ယူပြီးသော် သွေ့ခြောက်စေ၍ ကြာရှည်ခံအောင် ပြုပြီးလျှင်၊ အသီးထဲမှ အနှစ်များ ကဇော်ပေါက်လာအောင် ပြုရသည်။ အသီးတောင့်များကို ကြာရှည်ခံအောင် တဖြည်းဖြည်း ပြုလုပ်နိုင်လေ အမွှေးနံ့ ကောင်းလေဟု ဆိုကြသည်။

ကြာရှည်ခံအောင် ပြုပြီး၍ အမွှေးနံ့ ထုတ်ယူနိုင်သော အသီးတောင့်များကို အမွှေးနံ့ထုတ်ယူရန် တင်ပို့ ရောင်းချရသည်။ ထိုအခြေအနေတွင် အသီးအတောင့်များသည် ချောကလက်ရောင် ရှိ၍ တွန့်လိမ်လျက် သေးသွယ်ညွှတ်ပျောင်းနေပြီးလျှင် အသီးတောင့်များပေါ်တွင် သကြားခဲကဲ့သို့ ဖြူဖြူခဲကလေးများ ဖြစ်ပေါ်နေသည်။ သကြားခဲကလေးများ မရှိလျှင် ဗနီလာအမွှေးနံ့ ထုတ်ယူရန် အဆင့်အတန်းမမှီဟုယူဆကြသည်။

ဗနီလာအမွှေးနံ့ ထုတ်ယူသည့်နည်းများသည် များမြောင်ရှုပ်ထွေး၍ စရိတ်ကြီးလေးလှသည်။ ထိုကြောင့် စရိတ်ကုန် သက်သာသော အမွှေးနံ့မျိုး ရရှိရန် သုတေသန ပြုခဲ့ကြရာ၊ ဗနီလာ အမွှေးနံ့ စစ်စစ်လောက် အမျိုးအစား မကောင်းသော်လည်း အဖိုးနည်းပါးသော အမွှေးနံ့များကို ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်နိုင်ခဲ့သည်။ ထို့ပြင် တောင်အမေရိကတိုက်မှ တွန်ကာပဲတောင့်မှလည်း ဗနီလာအမွှေးနံ့ ဆန်ဆန်ကို စရိတ်သက်သာစွာဖြင့် ထုတ်လုပ်လျက်ရှိသည်။ ထိုကြောင့် ဗနီလာပင်များကို စိုက်ပျိုးလုပ်ကိုင်ရေးသည် ဝင်ငွေမမှန်လှသောလုပ်ငန်းတစ်ရပ် ဖြစ်လာခဲ့လေသည်။