ဖရန့်ဇ် ဖာဒီနန်
ဧကရာဇ်မင်း၏သားတော် ဖရန့်ဇ် ဖာဒီနန် | |||||
---|---|---|---|---|---|
ဩစတြီးယား-အက်စ်တေး ဧကရာဇ်မင်းသား | |||||
ဖရန့်ဇ် ဖာဒီနန် c. ပုံတူပန်းချီ | |||||
မွေးဖွား | ဖရန့်ဇ် ဖာဒီနန် ၁၈ ဒီဇင်ဘာ၊ ၁၈၆၃ ဂရက်ဇ် ၊ ဩစတြီးယား | ||||
ကွယ်လွန် | ၂၈ ဇွန်၊ ၁၉၁၄ ဆာရာယေဗို၊ ဘော့စနီးယား | (အသက် ၅၀)||||
ထာဝရ အိပ်စက်ရာ နေရာ | ၄ ဇူလိုင် ၁၉၁၄ အာ့စတက်တန် ရဲတိုက် | ||||
ကြင်ယာဖက် | ဆိုဖီ ချိူတက် (လက်ထပ် ၁၉၀၀; သေဆုံး ၁၉၁၄)[၁] | ||||
| |||||
တော်ဝင်အိမ်တော် | ဩစတြီးယား-အက်စ်တေး ဟဘ်စ်ဘပ်-လော်ရိန်း | ||||
ခမည်းတော် | ဩစတြီးယား ဧကရာဇ်မင်း၏ သားတော် ကားလ် လဒ်ဒွစ်ချ် ဂျိုးဆပ် | ||||
မယ်တော် | မင်းသမီး မာရီယာ | ||||
ကိုးကွယ်မှု | ရိုမန်ကတ်သလစ် ဘုရားကျောင်းတော် | ||||
အလုပ်အကိုင် | ဩစတြီးယား-ဟန်ဂေရီ၏ အိမ်ရှေ့စံ ကြီးမြတ်သော တော်ဝင် အင်ပါယာ ဧကရာဇ်မင်းမြတ်၏ သားတော်နှင့် ဟန်ဂေရီ၊ဘိုဟီးမီးယားနှင့်ခရိုအေးရှားတို့၏ တော်ဝင်မင်းသား(၁၈၆၃) ကြီးမြတ်သောတော်ဝင်အင်ပါယာနှင့် ဩစတြီးယား-အက်စ်တေး ဧကရာဇ်မင်းမြတ်၏ သားတော် (၁၉၁၄) | ||||
လက်မှတ် |
ဩစတြီးယား ဧကရာဇ်မင်း၏ သားတော် ဖရန့်ဇ် ဖာဒီနန် ကားလ် လဒ်ဒွစ်ချ် ဂျိုးဆပ် မာရီယာ (အင်္ဂလိပ် ; Archduke Franz Ferdinand Carl Ludwig Joseph Maria of Austria) (ဂျာမန် ; Franz Ferdinand von Österreich-Este) (၁၈ ဒီဇင်ဘာ ၁၈၆၃ - ၂၈ ဇွန် ၁၉၁၄) သည် ဩစတြီးယား-ဟန်ဂေရီ မင်းဆက်၏ အိမ်ရှေ့မင်းသား ဖြစ်သည်။[၂] ဆာရာယေဗိုတွင် ဤမင်းသားကြီး လုပ်ကြံခံရခြင်းသည် ပထမကမ္ဘာစစ် ဖြစ်ပွားစေသော အဓိက အကြောင်းရင်းဟု ဆိုကြသည်။
အိမ်ရှေ့မင်းသား ဖရန့်ဇ် ဖာဒီနန်နှင့် ကြင်ယာတော်တို့ကို ဘောစနီးယားမြို့တော် ဆာရာယေဗိုတွင် ဆားဘီးယား ဘော့စနီးယန်း အမျိုးသားတစ်ဦးဖြစ်သည့် ဂါဗရီလို ပရင်ဆစ် (en:Gavrilo Princip) က သေနတ်ဖြင့် အနီးကပ် လုပ်ကြံခဲ့သည်။ ယင်းလုပ်ကြံသူသည် ဘော့စနီးယားနှင့် ဆားဘီးယားပူးပေါင်းရေးကို လိုလားသူဖြစ်သည်။ ထိုလုပ်ကြံမှုကို အခွင့်ကောင်းယူကာ ဩစတြီးယား-ဟန်ဂေရီက ဆားဘီးယားကို ချေမှုန်းရန် ကြံစည်သည်။ ဩစတြီးယား-ဟန်ဂေရီသည် ဂျာမနီ၏ထောက်ခံမှုဖြင့် ဆားဘီးယားထံ ပြင်းထန်သည့် ရာဇသံပေးပို့သည်။ နောင်တွင် ဆာဘီးယားအပေါ် ဩစတြီးယား-ဟန်ဂေရီအင်ပါယာ က စစ်ကြေညာသည်။ ထိုစစ်ကြေညာမှုမှ စတင်ကာ ပထမ ကမ္ဘာစစ် ဖြစ်ပွားသည်။
မင်းသားကြီး၏ ဘဝ
[ပြင်ဆင်ရန်]ဩစတြီးယားတွင် အကြွယ်ဝဆုံးလူ
[ပြင်ဆင်ရန်]ဖရန့်ဇ် ဖာဒီနန်ကို ဩစတြီးယားနိုင်ငံ၊ ဂရက်ဇ်မြို့တွင် မွေးဖွားသည်။ ဖခင် ကားလ် လဒ်ဒွစ်ချ် ဂျိုးဆပ် မာရီယာ နှင့် သူ၏ ဒုတိယကြင်ယာတော် မိခင် မင်းသမီး မာရီယာ တို့၏ အကြီးဆုံးသားတော်ကြီးဖြစ်သည်။ ဖရန့်ဇ် အသက် ၁၁ နှစ်အရွယ်တွင် သူ၏ ဝမ်းကွဲတော် မော့ဒနားနယ်စားကြီး ပဥ္စမမြောက် ဖရန်စစ် ကွယ်လွန်သဖြင့် ဖရန့်ဇ်သည် အက်စ်တေးအိမ်တော်၏ အရိုက်အရာကို ဆက်ခံသူဖြစ်လာခဲ့သည်။ ထိုအချိန်မှစတင်ကာ ဖရန့်ဇ်သည် ဩစတြီးယားတစ်နိုင်ငံလုံးတွင် အကြွယ်ဝဆုံးလူ ဖြစ်လာခဲ့သည်။
ဆိုင်းမဆင့်ဗုံမဆင့် အိမ်ရှေ့စံမင်းသားဘဝ
[ပြင်ဆင်ရန်]၁၈၈၉ ခုနှစ်တွင် ဖရန့်ဇ်၏ ဝမ်းကွဲတော် နောက်တစ်ဦးဖြစ်သူ အိမ်ရှေ့စံမင်းသားကြီး ရူဒေါဖ့်သည် မေယာလင်းတွင် အမဲလိုက်နေစဉ် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည်။ ရူဒေါဖ့်၏ နေရာကို ဖရန့်ဇ်၏ ဖခင်ဖြစ်သူ ကားလ် လဒ်ဒွစ်ချ် က ဆက်ခံရမည်ဖြစ်သော်လည်း ကားလ်သည် အူရောင်ငန်းဖျားရောဂါဖြင့် ၁၈၉၆ ခုနှစ်တွင် ကွယ်လွန်ပြန်သည်။ ထို့ကြောင့် ဖရန့်ဇ်သည် ရူဒေါဖ့်၏ နေရာကို ဆက်ခံကာ ဩစတြီးယား-ဟန်ဂေရီပလ္လင်၏ ဆက်ခံသူ အိမ်ရှေ့စံမင်းသားဖြစ်လာခဲ့သည်။
ခရီးထွက်ကာ အမဲလိုက်ရတာ ဝါသနာပါသူ
[ပြင်ဆင်ရန်]မင်းသားသည် ၁၈၉၂ နှင့် ၁၈၉၃ ခုနှစ်များကြားတွင် ကမ္ဘာပါတ်ကာ ခရီးထွက်ခဲ့သည်။ အိန္ဒိယကို သူလည်ပြီးနောက် ဩစတြေးလျသို့လည်း သွားလည်သည်။ သားပိုက်ကောင်များနှင့် အီမြူးငှက်များကို အမဲလိုက်ခြင်းဖြင့် အချိန်ဖြုန်းသည်။ပြင်သစ်၊ နယူးဂီနီ၊ မလေးရှား၊ ဟောင်ကောင်၊ ဂျပန် နှင့် ဆော်လမုန်ကျွန်းစုများသို့လည်း လည်ပတ်သည်။ ကနေဒါ၊ ချီကာဂို နှင့် ဘာလင်တန် ဒေသများလည်း သူရောက်သည်။ ထို့နောက် နယူးယောက်[လင့်ခ်သေ]မှတဆင့် ဥရောပသို့ ပြန်လာခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]မင်းသားသည် အာဏာရှိ တော်ဝင်အိမ်တော်ဖြစ်သည့် ဟဘ်စ်ဘပ်မှ အမျိုးသားကောင်းတို့ ထုံးစံအတိုင်း ဩစတြို-ဟန်ဂေရီယန်း တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းသည်။ တော်ဝင်မင်းသားဖြစ်သည့်အလျောက် အသက် ၁၄ နှစ်အရွယ်တွင် ဗိုလ် အဆင့် ရသည်။ အသက် ၂၂ နှစ်တွင် ဗိုလ်ကြီး၊ အသက် ၂၇ နှစ်တွင် ဗိုလ်မှူးကြီး၊ အသက် ၃၁ နှစ်တွင်မူ ဗိုလ်ချုပ်လေး စသဖြင့် စစ်ဘက်ရာထူးများကို မြန်ဆန်စွာ တိုးမြှင့်ပေးခံရသည်။ စစ်မှုထမ်းသင်တန်းများ မတက်ရောက်ဖူးသော်လည်း ကွပ်ကဲရေးပိုင်းတွင် အရည်အချင်းမှီသည်ဟု သတ်မှတ်ခံရသည်။ ဖရန့်ဇ်သည် ဟန်ဂေရီ အမှတ် (၉) အပေါ့စားမြင်းတပ်ရင်းကိုလည်း ခေတ္တခဏ ဦးဆောင်ဖူးသည်။ ၁၈၉၈ တွင်မူ ဖရန့်ဇ်သည် "သူ့ရှင်မင်းကြီး၏ အထူးပိုင်ဆိုင်မှုလွှဲပြောင်းရေး" ကော်မရှင်ကို စစ်တပ်၏ စစ်မှုထမ်းနှင့် ပတ်သက်သည့် ကဏ္ဍအားလုံးကို စုံးစမ်းမေးမြန်းရန် တာဝန်ပေးအပ်ခဲ့သည်။ သူ၏ အမိန့်အရ စစ်ဘက်ဆိုင်ရာဌာနများသည် သက်ဆိုင်ရာစာရွက်စာတမ်းများကို အချင်းချင်းမျှဝေခဲ့ကြရသည်။
သူသည် ကြည်းတပ်တွင်သာမက ရေတပ်တွင်ပါ ဂုဏ်ထူးဆောင်ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၀၂ စက်တင်ဘာလတွင် ရေတပ်ဗိုလ်ချုပ် ဖြစ်လာခဲ့သည်။ ဖရန့်ဇ်သည် တိကျသေချာသော အမိန့်မပေးနိုင်ခဲ့သော်လည်း စစ်ဘက်ရေးရာ ဝင်စာ/ထွက်စာ ဆိုင်ရာ အတွင်းရေးအရာရှိမှတဆင့် တပ်ဖွဲ့များအပေါ်တွင် ဩဇာလွှမ်းမိုးခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ဩစထတြို-ဟန်ဂေရီယန်း တပ်မတော်ရှိ ဧကရာဇ်မင်းမြတ်၏ လူယုံတော်ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ် ဖရက်ဒရစ်ချ် ဘက်-အာဇီကောင်စကီ အငြိမ်းစားယူသောအခါ ဖရန့်ဇ် ဖာဒီနန်သည် တပ်ဖွဲ့များပေါ်တွင် ဩဇာအရှိဆုံးလူ ဖြစ်လာပြီး ဖရက်ဒရစ်ချ်၏ နေရာကို ဆက်ခံမည့်သူကို သူကိုယ်တိုင် ရွေးချယ်ခဲ့သည်။
၁၉၁၃ တွင် ထီးနန်းဆက်ခံသူဖြစ်သည့်အလျောက် တပ်များအားလုံးတွင် အာဏာအရှိဆုံး ရာထူးဖြစ်သည့် တပ်များအားလုံးဆိုင်ရာစစ်ဆေးရေးမှူးချုပ် (Generalinspektor der gesamten bewaffneten Macht) ဟူသည့် ရာထူးကို ရရှိခဲ့ပြီး စစ်ပွဲများတွင်ပါ အမိန့်ပေးနိုင်လာခဲ့သည်။
မိသားစု ဘဝ
[ပြင်ဆင်ရန်]၁၈၉၄ ခုနှစ်တွင် ဖရန့်ဇ်သည် တက်စ်ချန်နယ်စားကြီး ဖရက်ဒရစ်ချ် ၏ ကြင်ယာတော် ဧကရာဇ်မင်းသမီး အစ္စဘယ်လာ အပါးတွင် ခစားရသော အပါးတော်မြဲ ဆိုဖီ ချိုတက် နှင့် တွေ့ဆုံခဲ့သည်။ မြို့စားကြီး ဖရက်ဒရစ်ချ်၏ လိုဆင့်ချ်ကျွန်းကို ဖရန့်ဇ် ဖာဒီနန် အလည်အပတ်သွားရာမှ စတင်ကာ ဆိုဖီနှင့် အပြန်အလှန် စာများပေးပို့ခဲ့ကြသည်။ မင်းသမီး အစ္စဘယ်လာ မှ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို ရှာမတွေ့ခင်အထိ ၎င်းတို့သည် တိုးတိုးတိတ်တိတ်သာ နေခဲ့ကြသည်။
ဆိုဖီနှင့် လက်ထပ်ခြင်း
[ပြင်ဆင်ရန်]ဖရန့်ဇ် နှင့် ဆိုဖီ တို့၏ အချစ်ရေးသည် မချောမွေ့လှချေ။ ဟဘ်စ်ဘပ်အိမ်တော်၏ အိမ်တော်မိသားစုဝင်တစ်ဦးသည် အိမ်ထောင်ပြုတော့မည်ဆိုလျှင် ထိုအိမ်ထောင်ဘက်သည် ယခု (သို့မဟုတ်) ယခင်က ဥရောပ၏ အုပ်စိုးရှင် မင်းဆက်များ၏ မိသားစုဝင်ဖြစ်ရမည်ဟူသည့် သတ်မှတ်ချက်ရှိသည်။ ချိုတက် မိသားစုသည် ထို ကိန်းကြီးခန်းကြီး မိသားစုဝင်များထဲမှ မဟုတ်သောကြောင့် လက်ထပ်ရန်မသင့်တော်ဟု တော်ဝင်မိသားစုဝင်များက ယူဆကြသည်။ ဖရန့်ဇ်သည် ထိုယူဆချက်များကို လစ်လျူရှုကာ ဆိုဖီမှတစ်ပါး အခြားသောသူနှင့် လက်မထပ်နိုင်ဟုဆိုကာ အတိုက်အခံပြုခဲ့သည်။ ဖရန့်ဇ် ဖာဒီနန်သည် ဆိုဖီ ချိုတက်ကို လေးလေးနက်နက်ချစ်မြတ်နိုးသည်။ ဖရန့်ဇ်၏ ခေါင်းမာမှုကို အိမ်တော်က နောက်ဆုံးတွင် အလျှော့ပေးလိုက်ရပြီး ဧကရာဇ်ဘုရင်မင်းမြတ် ဖရန့်ဇ် ဂျိုးဆပ်သည် ဖရန့်ဇ် ဖာဒီနန် နှင့် ဆိုဖီ ချိုတက်တို့၏ မင်္ဂလာပွဲကို သဘောတူလိုက်သည်။ သို့သော် ချွင်းချက်အနေဖြင့် ဖာဒီနန် နှင့် ချိုတက်တို့၏ သားစဉ်မြေးဆက်များသည် ထီးနန်းဆက်ခံပိုင်ခွင့်မရှိ၊ ချိုတက်သည် ခင်ပွန်းဖြစ်သူ ဖရန့်ဇ်၏ အဆောင်အယောင်များကို ခံစားခွင့်ရှိမည်မဟုတ်ကာ အခြားသော တော်ဝင်မိသားစုဝင်များနှင့် ဆက်ဆံရာတွင် တန်းတူအခွင့်အရေးရမည်မဟုတ် ဆိုသည့် ကန့်သတ်ချက်များက တသီကြီး ပါလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖာဒီနန်နှင့် ချိုတက်တို့သည် လက်ထပ်ခဲ့ကြသည်။
မင်္ဂလာပွဲကို ၁၉၀၀ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် ဘိုဟီးမီးယားတွင် ကျင်းပခဲ့သည်။ ထိုပွဲကို ဧကရာဇ်အပါအဝင် တော်ဝင်မိသားစုဝင်အများစုမှာ မတက်ရောက်ကြပေ။ ဖရန့်ဇ်၏ မင်္ဂလာပွဲကို လာရောက်သည့် တော်ဝင်မိသားစုဝင်များမှာ ဖရန့်ဇ်၏ မိထွေးတော် ဘရာဂန်ဇာမင်းသမီးကြီး မာရီယာ ထရီဆာနှင့် သူ့သမီးတော် နှစ်ပါးသာ ရှိသည်။ မင်္ဂလာပွဲအပြီးတွင် ဆိုဖီကို ဟိုဟင်ဘဘ်မင်းသမီးဘွဲ့ ချီးမြှင့်ခဲ့သည်။ လက်ထပ်ပြီး ကိုးနှစ်ခန့်အကြာတွင် ဘုန်းတော်ကြီး အရှင်မ အဆင့်ရှိသည့် ဟိုဟင်ဘဘ်နယ်စားမကြီးဘွဲ့ကို ထပ်မံချီးမြှင့်သည်။ မည်သို့သော ဘွဲ့များချီးမြှင့် ခံရသည်ဖြစ်စေ ဆိုဖီသည် ဖရန့်ဇ်နှင့် အခြားတော်ဝင်မိသားစုဝင်များ တွေ့ဆုံသည့်အခါတိုင်း အဝေးတစ်နေရာသို့ ထွက်ခွါနေရမြဲဖြစ်သည်။
ဖရန့်ဇ်နှင့် ဆိုဖီတို့တွင် သားသမီးလေးဦးထွန်းကားခဲ့သည်။
- ဟိုဟင်ဘဘ်မင်းသမီး ဆိုဖီ
- ဟိုဟင်ဘဘ်မြို့စား မက်ဆီမီလျန်
- ဟိုဟင်ဘဘ်မင်းသား အားနက်စ် နှင့်
- အဖက်မတင်သည့် ကလေးငယ်တစ်ဦး တို့ဖြစ်ကြသည်။
ဖရန့်ဇ် နှင့် ဆိုဖီတို့သည် ၁၉၁၃ ဆောင်းဦးပေါက်ကာလတွင် အင်္ဂလန်သို့သွားရောက်ပြီး ဝင်ဆာရဲတိုက်တွင် ပဥ္စစမမြောက် ဂျော့ဘုရင်နှင့် မိဘုရား မေရီ တို့ကို တွေ့ဆုံခဲ့သည်။ နောက်တစ်ပါတ်အကြာတွင် နော့တင်ဟမ်ရှိုင်းယားမှ ပေါ့တ်လန်နယ်စားကြီးနှင့်တွေ့ဆုံခဲ့သည်။
လုပ်ကြံခံရခြင်း
[ပြင်ဆင်ရန်]ဆာရာယေဗို လုပ်ကြံမှု
[ပြင်ဆင်ရန်]၁၉၁၄ ခုနှစ် ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖရန့်ဇ် ဖာဒီနန်နှင့် ကြင်ယာတော်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၏ မြို့တော် ဆာရာယေဗိုတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ လုပ်ကြံသူမှာ အသက် ၁၉ နှစ် အရွယ်သာရှိသေးသည့် ဂါဗရီလို ပရင်ဆစ် ဖြစ်သည်။ ၎င်းသည် ဘော့စနီးယားလူငယ်အဖွဲ့ဝင်ဖြစ်ပြီး ထိုအဖွဲ့သည် လက်မည်းကြီး ဟုခေါ်သည့်အဖွဲ့မှ ကြိုးကိုင်ဖွဲ့စည်းပေးထားသည့် လုပ်ကြံရေးအဖွဲ့ဖြစ်သည်။
ထိုနေ့အစောပိုင်း လုပ်ကြံမခံရခင်တွင် ကြံရာပါတစ်ဦးဖြစ်သည့် ဘော့စနီးယားလူငယ် နီဒယ်ကို ကယ်ဘရီနိုဗစ်သည် ဖရန့်ဇ်နှင့် ဆိုဖီတို့ပါလာသည့် ကားကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည်။ လက်ပစ်ဗုံးသည် ဖရန့်ဇ်ပါလာသည့် ကားနောက်တွင်သာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဖရန့်ဇ်နောက်ရှိကားသည် ပျက်စီးခဲ့သည်။ ဆာရာယေဗိုဘုရင်ခံ၏ နေအိမ်သို့ ဖရန့်ဇ် ဖာဒီနန်ရောက်ရှိသည့်အခါ မင်းသားကြီးက ဘုရင်ခံကို "မင်းတို့က ဧည့်သည်တွေကို ဗုံးတွေနဲ့ ကြိုဆိုတယ်ပေါ့" ဟု ပြောဆိုခဲ့သည်။
ဘုရင်ခံ၏ နေအိမ်တွင် ခေတ္တခဏအနားယူပြီးနောက် မင်းသားကြီးနှင့် ကြင်ယာတော်တို့သည် အလျင် ဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဒေသဆေးရုံတွင် တွေ့ဆုံပေးကြရန် တောင်းဆိုသည်။ မင်းသားကြီးသည် သူ့၏ လမ်းကြောင်းကို ပြောင်းလဲလိုက်သည်။ သို့သော် မည်သူ့ကိုမျှ မပြောပေ။ မင်းသားကြီးပါလာသည့် ယာဉ်တန်းသည် သတ်မှတ်ထားသည့်လမ်းအတိုင်းသွားသော်လည်း လမ်းမှာ ချို့ယွင်းနေသဖြင့် ပြန်လှည့်ကြရသည်။ ကားများသည် တစ်ဖက်လမ်းသို့ကူးပြောင်းရန် လှည့်နေစဉ်တွင် အကြပ်အတည်းဖြစ်ကာ စီတန်းရပ်တန့်သွားကြသည်။ ထိုအချိန်တွင် ပရင်ဆစ်သည် လမ်းတစ်ဖက်ရှိ ကော်ဖီဆိုင်တွင် ထိုင်နေသည်။ သူသည် ကားများရပ်တန့်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သေနတ်တစ်လက်ဖြင့် မင်းသားကြီးတို့စုံတွဲကားအနီးသွား၍ ပစ်ခတ်လိုက်သည်။ ပရင်ဆစ်သည် ဆိုဖီ၏ ဝမ်းဗိုက်ကို အရင်ပစ်သည်။ ထို့နောက် ဖရန့်ဇ်၏ လည်ပင်းကို ပစ်သည်။ ဖရန့်ဇ်သည် ငိုနေသော ဇနီးသည်ကို မှီလိုက်သည်။ အနီးအနားရှိလူများက အကူအညီပေးရန် ရုတ်တရတ်စုပြုံရောက်ရှိလာကြသည်။ မင်းသားကြီး အသက်ရှိနေဆဲဖြစ်သည်။ သူသည် ဆိုဖီကို သေလုမြောပါးကြားမှ စကားတစ်ခွန်း ပြောလိုက်သည်။ "မသေပါနဲ့ဦး...ငါတို့ သားသမီးတွေအတွက် အသက်ရှင်နေပေးပါဦး"
လုပ်ကြံမှုတွင် ပါဝင်ပတ်သက်မှုများ
[ပြင်ဆင်ရန်]ပရင်ဆစ် အသုံးပြုခဲ့သည့် လက်နက်မှာ FN Model 1910 အမျိုးအစား ပစ္စတိုဖြစ်ပြီး 380 ACP ကျည်ထိုးရသည်။ ထိုလက်နက်နှင့်ကျည်များကို ဆားဘီးယားစစ်တပ်မှ စစ်ထောက်လှမ်းရေး ဒုတိယ ဗိုလ်မှူးကြီး ဖြစ်သူ လက်မည်းကြီး ခေါင်းဆောင် ဒရာဂူတင် ဒီမီထရီယေဗစ် မှ ပရင်ဆစ်ကို ပေးခဲ့ခြင်းဖြစ်သည်။ ဖရန့်ဇ်ဖာဒီနန်၏ အကူများသည် ဖရန့်ဇ်၏ ကုတ်အင်္ကျီကို ဖယ်ရှားရန်ကြိုးပမ်းခဲ့သော်လည်း ထိုကုတ်ကို ဖယ်ရန် ကတ်ကြေးများလိုအပ်သည်ကို သိရှိကြရသည်။ ထိုအင်္ကျီကြောင့်က တစ်ကြောင်း၊ ဆေးရုံကို အချိန်မှီ မရောက်နိုင်သည်က တစ်ကြောင်းကြောင့်ပင် မင်းသားကြီးသည် မိနစ်ပိုင်းအတွင်းပင် အသက်ဆုံးရှုံးသွားခဲ့သည်။ ဆိုဖီသည်လည်း ဆေးရုံအသွားတွင်ပင် အသက်ဆုံးရှုံးခဲ့သည်။
ဖရန့်ဇ် ဖာဒီနန် နှင့် သူ၏ကြင်ယာတော် ဆိုဖီတို့ကို ဩစတြီးယားရှိ အာ့စတက်တန်ရဲတိုက်တွင် သင်္ဂြိုဟ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Albertini၊ Luigi (1953)။ Origins of the War of 1914။ II။ Oxford: Oxford University Press။ p. 38။ OCLC 168712။
- ↑ Brook-Shepherd၊ Gordon (1987)။ Royal Sunset: The European Dynasties and the Great War။ Doubleday။ p. 139။ ISBN 978-0-385-19849-3။
Further reading
[ပြင်ဆင်ရန်]- Clark၊ Christopher (2013)။ The Sleepwalkers: How Europe Went to War in 1914။ HarperCollins။ ISBN 978-0-06-219922-5။
- Fomenko, A. "There Was an Alternative! The Legacy of Franz Ferdinand" International Affairs: A Russian Journal of World Politics, Diplomacy & International Relations (2009) 55#3 p177-184.
- Udin သည် O D I N မှ သမိုင်းအထူးပြုလေ့လာသူနှင့် ဘာသာပြန်တစ်ဦးဖြစ်သည်။
- https://youtube.com/@odin.burmese
- Fromkin၊ David (2004)။ Europe's last summer: who started the Great War in 1914?။ Knopf။ ISBN 9780375411564။
- Ponting၊ Clive (2002)။ Thirteen Days: The Road to the First World War။ Chatto & Windus။ ISBN 978-0-7011-7293-0။
- Williamson၊ Samuel R. (1991)။ Austria-Hungary and the Origins of the First World War။ St. Martin's Press။ ISBN 978-0-312-05283-6။