ပန်ဒါနီ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပန်ဒါနီ
RedPandaFullBody.JPG
စင်စင်နတီ တိရစ္ဆာန်ဥယျာဉ် မှ ပန်ဒါနီ
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
မျိုးရိုးခွဲခြားခြင်း
မျိုးစု:
မျိုးစိတ်:
fulgens
Subspecies
Ailurus fulgens distribution clipped.svg
ပန်ဒါနီ ကျက်စားရာ နယ်မြေ

ပန်ဒါနီ (အင်္ဂလိပ်: Red panda) သည် ဟိမဝန္တာ တောင်တန်း၏ အရှေ့ခြမ်းနှင့် တရုတ်ပြည် အနောက်ပိုင်းတွင် ကျက်စားသော နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သည်။[၂][၃][၄]

ပန်ဒါနီကို ICUN ၏ မျိုးတုံးမည့် အန္တရာယ် အလွန်ကြီးသော တိရစ္ဆာန် စာရင်းတွင် ထည့်သွင်းထားခြင်း ခံရသည်။ စားကျက်ပျောက်ဆုံးခြင်း၊ တရားမဝင် အမဲလိုက်ခံရခြင်းနှင့် အုပ်စုတွင်းမျိုးပွားခြင်း ဖိအားများကြောင့် သဘာဝတောရိုင်းတွင် ကောင်ရေ တစ်သောင်းထက် နည်းရာမှ ပို၍ရှားပါးလာသောကြောင့် မျိုးတုံးမည့် စာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။ [၁]

သစ်ပင်ပေါ်မှ ဇောက်ထိုးဆင်းနေသော ပန်ဒါနီ

ပန်ဒါနီ၏ တကိုယ်လုံး ကို နီညိုရောင်အမွေးများ ဖုံးထားပြီး ရှည်လျား၍ အမွေးဖွားသော အမြီးတုတ်တုတ်ရှိသည်။ ရှေ့လက်နှစ်ခြောင်းက နောက်ခြေထောက်များထက် ပို၍တိုသောကြောင့် လေးဘက်သွားရာတွင် ခပ်ကွကွ သွားရသည်။ အိမ်မွေးကြောင်တစ်ကောင် ၏ အရွယ်မျှသာ ရှိသော်လည်း ပိုမိုရှည်လျား သော ကိုယ်ထည်ကြောင့် အလေးချိန်ပို၍ စီးသည်။ သစ်ပင်ပေါ်တွင် အနေများသော သတ္တဝါမျိုး ဖြစ်ပြီး၊ အစာအဖြစ် ဝါးပင်များကို အများဆုံး စားလေ့ရှိသည်။ ငှက်ဥများ၊ ငှက်များ နှင့် အင်းဆက်များကိုလဲ စားတတ်သည်။ တစ်ကောင်တည်း နေတတ်ပြီး၊ နေဝင်ရီတယော အချိန် နှင့် မနက် အာရုံမတက်မီ အချိန်အတွင်း အစာရှာ လှုပ်ရှားသွားလာ တတ်သည်။ နေ့ခင်းတွင် အနားယူအိပ်စက် တတ်သည်။ ပန်ဒါနီ ကို အင်္ဂလိပ်ဘာသာ ဖြင့် ပန်ဒါငယ်(အင်္ဂလိပ်: lesser panda)၊ ဝံကြောင်နီ(အင်္ဂလိပ်: red bear-cat)၊ ကြောင်ဝံနီ (အင်္ဂလိပ်: red cat-bear) ဟု လည်း ခေါ်ဆိုလေ့ ရှိသည်။[၅]

သစ်ပင်ပေါ်တွင် အိပ်နေသော ပန်ဒါနီ

ပန်ဒါနီသည် အိုင်လျူရီဒေး(အင်္ဂလိပ်: Ailuridae) မျိုးရင်းမှ အိုင်လျူးရပ်စ် (အင်္ဂလိပ်: Ailurus) မျိုးစု၏ တစ်ခုတည်းသော သက်ရှိ မျိုးစိတ်ဖြစ်သည်။ ဝက်ဝံ မျိုးရင်းတွင် ပါဝင်သော ပန်ဒါဝက်ဝံကြီး နှင့် မျိုးရင်းနီးစပ်မှုမရှိပါ။[၆]

ကိုယ်အရွယ်အစား[ပြင်ဆင်ရန်]

ဦးခေါင်းမှ ကိုယ်အရှည် (အမြီးမပါ) မှာ ၅၀ မှ ၆၄ စင်တီမီတာ (၂၀ မှ ၂၅ လက်မ) ရှိသည်။ အမြီးအရှည်မှာမူ ၂၈ မှ ၅၉ စင်တီမီတာ (၁၁ မှ ၂၃ လက်မ) ရှိပါသည်။ ပန်ဒါနီအထီးတစ်ကောင်၏ ကိုယ်အလေးချိန်မှာ ၃.၇ မှ ၆.၂ ကီလိုဂရမ် (၈.၂ မှ ၁၄ ပေါင်) ရှိသည်။ အမ၏ အလေးချိန်မှာ ၃ မှ ၆ ကီလိုဂရမ် (၆.၆ မှ ၁၃ ပေါင်) ရှိသည်။ အမွေးမှာ နီညိုရောင်ရှိပြီး ရှည်လျားပျော့ပျောင်းသည်။ မျက်နှာတွင်ရှိသော အနက်ရောင်အမှတ်အသားမှာ ၎င်း ၏ ထူးခြားချက် ဖြစ်သည်။ ပုံမှန်အားဖြင့် နက်မှောင်သောမျက်ဝန်းတစ်စုံနှင့် နှာခေါင်းတို့သည် ပန်ဒါနီ၏ ထူးခြားမှု ဖြစ်သည်။ ပန်ဒါနီ၏ကိုယ်အရောင်အသွေးသည် ၎င်းတို့ရှင်သန်ကျက်စားရာဒေသတွင် သဘာဝနှင့် ရောထွေးကိုယ်ယောင်ဖျောက်နိုင်သည်။ ထို့အတူ ခြေဖဝါးတစ်စုံကလည်း တုတ်ခိုင်သကဲ့သို့ ခြေသည်းများက လည်း အပင်မြင့်များပေါ်သို့ ကုပ်တွယ်တက်ရာတွင် အထောက်အကူပြုသည်။

တွေ့ရှိရာအရပ်နှင့် ကျက်စားရာ သဘာဝပတ်ဝန်းကျင်[ပြင်ဆင်ရန်]

ပန်ဒါနီကို ဟိမဝန္တာတောင်တန်းရှိ သမပိုင်းသစ်တောများတွင်သာ တွေ့ရသည်။ နီပေါနိုင်ငံအနောက်ပိုင်းမှသည် အရှေ့ဘက်တွင် တရုတ်ပြည်အထိ တွေ့ရသည်။ ပန်ဒါနီကို တွေ့ရသည့် အရှေ့ဘက်စွန်းနယ်နမိတ်မှာ တရုတ်ပြည်၊ ရှန်ရှီးပြည်နယ်ရှိ ကျင်လင်တောင်တန်းများ ဖြစ်သည်။ တိဘက်တောင်ပိုင်း၊ အိန္ဒိယနိုင်ငံအာသံနှင့် ဆစ်ကင် ပြည်နယ်၊ ဘူတန်မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်ပြည်အနောက်တောင်ပိုင်း တို့တွင်လည်း တွေ့ရသည်။

ပန်ဒါနီတို့ကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၂၀ဝ မှ ၄၈၀ဝ (၇၂၀ဝ မှ ၁၅၇၀ဝ ပေ) အတွင်းတွင် တွေ့ရသည်။ ပန်ဒါနီများသည် ၁၀ မှ ၂၅ ဒီဂရီ စင်တီဂရိတ်အတွင်းရှိသည့် အပူချိန် ကို နှစ်သက်သည်။

မျိုးပွားခြင်း[ပြင်ဆင်ရန်]

ပန်ဒါနီများသည် မိတ်လိုက်ရာသီမှလွဲလျှင် ကျန်အချိန်များတွင် တစ်ကောင်တည်းနေတတ်သောသတ္တဝါများ ဖြစ်သည်။ (၁၈)လသားအရွက်တွင် ကြင်ဖက်ကို ရှာဖွေတတ်သည်။ ဇန်နဝါရီလလယ်မှ မတ်လအထိမှာ မိတ် လိုက်ရာသီ ဖြစ်သည်။ အဆိုပါအချိန်တွင် နေထိုင်ရန်အတွက် ငှက်သိုက်ကဲ့သို့သော အသိုက်မျိုးကို သစ်ပင်ကြီး များပေါ်တွင် ဆောက်လုပ်တတ်ပါသည်။ အသိုက်ကို သစ်ကိုင်း၊ သစ်ရွက်များဖြင့် ဆောက်လုပ်ကြပါသည်။ ပျမ်းမျှအားဖြင့် ပန်ဒါနီအမတစ်ကောင်၏ သားလွယ်ကာလမှာ ၁၁၂ မှ ၁၅၈ ရက် အတွင်း ဖြစ်ပြီး ဇူလိုင်လ နှောင်းပိုင်းမှ ဇွန်လလယ်အတွင်း သားပေါက်တတ်သည်။ သား တစ်ကောင်မှ ၄ကောင်အထိ ပေါက်တတ်သည်။ မွေးကင်းစပန်ဒါနီအကောင်လေး၏ ကိုယ်အလေးချိန်မှာ ၁၁၀ မှ ၁၃၀ ဂရမ် (၃.၉ မှ ၄.၆ အောင်စ) ဖြစ်သည်။ မွေးကင်းစမှ ရက်ပေါင်း(၉၀)တိုင်အောင် မိခင်မှ စောင့်ရှောက်ပေးပြီး ယင်းနောက်ပိုင်းတါင် မိမိဖာသာ ရှာဖွေစား သောက်ပြီး သီးခြားလည်း နေထိုင်ကျက်စားကြသည်။ သက်တမ်းမှာ ၈နှစ်မှ ၁၀နှစ်အတွင်း ရှိသော်လည်း ၁၅ နှစ်အထိ အသက်ရှင်နေထိုင်သွားသည့်မှတ်တမ်းများ ရှိပါသည်။

ခြိမ်းခြောက်နေသော အန္တရာယ်များ[ပြင်ဆင်ရန်]

ပန်ဒါနီများအတွက် အဓိကခြိမ်းခြောက်နေသောအန္တရာယ်များမှာ သစ်တောများ ခုတ်ထွင်ရှင်းလင်းရာမှ နောက် ဆက်တွဲ ဖြစ်ပေါ်လာသည့် သစ်တောများ ပျက်စီးဆုံးရှုံးလာမှု၊ လူသားတို့၏ပယောဂကြောင့် သေကြေပျက်စီးမှု၊ ပြည်တွင်း အသားထုတ်ကုန်ဈေးကွက်နှင့်အပြိုင် ဖမ်းဆီးသတ်ဖြတ်ခံရမှုများက အနာဂတ်ကာလတွင် ပန်ဒါနီ များအား မျိုးသုဉ်းပျောက်ကွယ်နိုင်သည့်အခြေအနေများ ဖြစ်ပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် ပန်ဒါနီများအား ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သစ်တောများ ခုတ်ထွင်ရှင်း လင်းခြင်းတို့က ပန်ဒါနီများအား မျိုးသုဉ်းလုနီးပါးအခြေအနေသို့ ဆိုက်ရောက်စေပါသည်။ ထို့အတူ တရုတ်ပြည် တွင်လည်း အစားအစာအတွက် ပန်ဒါနီများအား ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေပါသည်။ အိုင်ယူစီအန်၏ အစီရင်ခံစာအရ လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်အတွင်းကပင် ဟိမဝန္တာ၏အနောက်ပိုင်းဒေသများအတွင်း ဥပဒေ မဲ့ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ပန်ဒါနီ ၄၀ % ခန့် သေကြေပျက်စီးခဲ့ရသည်။ ပန်ဒါနီများ၏ အဓိကရန်သူမှာ နှင်းကျားသစ်နှင့် လူသား ဖြစ်သည်။

ကာကွယ်ထိန်းသိမ်းမှု[ပြင်ဆင်ရန်]

အိုင်ယူစီအန်၏အနီရောင်စာရင်းတွင် ပါဝင်သည့် ပန်ဒါနီများသည် လက်ရှိအချိန်တွင် ကောင်ရေတစ်သောင်းခန့် သာ ကျန်ရစ်တော့သည်။ ပန်ဒါနီများ ရှင်သန်ကျက်စားရာနိုင်ငံများတွင်လည်း တရားမဝင်ဖမ်းဆီးမှုများ မပြုလုပ်ရန် ကာကွယ်တားဆီးသည့် ဥပဒေများ ထုတ်ပြန်ထားသည်။ သာဓကအားဖြင့် တရုတ်နိုင်ငံတွင် ပန်ဒါနီ များ ကျက်စားသည့်နေရာများကို ကာကွယ်ထားသည်။ ထို့အတူ အိန္ဒိယနိုင်ငံတွင်လည်း ပန်ဒါနီများအတွက် ဘေးမဲ့တောများ သတ်မှတ်ထားရာ ယင်းဘေးမဲ့တောများတွင် ကန်ချန်ဇွန်ဂါ အမျိုးသားဥယျာဉ်၊ နန်ဒါဖ အမျိုးသားဥယျာဉ်တို့လည်း ပါဝင်သည်။ ထိုနည်းတူ နီပေါနှင့် ဘူတန်နိုင်ငံများတွင်လည်း ပန်ဒါနီများအား မျိုးမ ပြုန်းစေရန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက် ရှိနေသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Glatston, A. (2015). "Ailurus fulgens". The IUCN Red List of Threatened Species 2015. IUCN. doi:10.2305/IUCN.UK.2015-4.RLTS.T714A45195924.en. {{cite iucn}}: error: |doi= / |url= mismatch (help)
  2. ၂.၀ ၂.၁ Thomas, O.။ "On the Panda of Sze-chuen"၊ London: Gunther, A.C.L.G., Carruthers, W., Francis, W.၊ pp. 251–252။ 
  3. ၃.၀ ၃.၁ Wozencraft, W.C. (2005). "Order Carnivora", Mammal Species of the World: A Taxonomic and Geographic Reference, 3rd, Johns Hopkins University Press, 532–628. ISBN 978-0-8018-8221-0. OCLC 62265494 
  4. (2008) A guide to the Mammals of China. Princeton, N.J: Princeton University Press. ISBN 978-0-691-09984-2 
  5. (2010) Red Panda: Biology and Conservation of the First Panda. William Andrew. ISBN 978-1-4377-7813-7 
  6. Flynn, J. J. (2000). "Whence the Red Panda?". Molecular Phylogenetics and Evolution 17 (2): 190–199. doi:10.1006/mpev.2000.0819. PMID 11083933. Retrieved on 23 September 2009.