နိုင်ငွေသိမ်း

ဝီကီပီးဒီးယား မှ
နိုင်ငွေသိမ်း
ဇာတိ အမည်နာဲၚိုဲသိၚ်
မွေးဖွား(1923-03-19)မတ် ၁၉၊ ၁၉၂၃
ထုံးအိုင်ကျေးရွာ၊ ဘားအံမြို့နယ်
ကွယ်လွန်အောက်တိုဘာ ၂၊ ၂၀၁၈(2018-10-02) (အသက် ၉၅)
ရန်ကင်း၊ ရန်ကုန်မြို့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ကျော်ကြားမှုအရင်းခံမွန်နိုင်ငံရေးခေါင်းဆောင်
နိုင်ငံရေးပါတီမွန်အမျိုးသားပါတီ
မိဘ(များ)နိုင်သာဒွန်း၊ မိငွေသုန်
ရရှိသည့်ဆုများအမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆု

နိုင်ငွေသိမ်း (၁၉ မတ် ၁၉၂၃–၂ အောက်တိုဘာ ၂၀၁၈) သည် မွန် အမျိုးသား နိုင်ငံရေး ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်ခြင်း ခံခဲ့ရသူဖြစ်သည်။ မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌ၊ မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ လည်း ဖြစ်ခဲ့သည်။[၁] ၂၀၁၈ ခုနှစ် အောက်တိုဘာ(၂)ရက်နေ့ ညနေပိုင်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

နိုင်ငွေသိမ်းကို ၁၉၂၃ ခု၊ မတ်လ ၁၉ ရက်နေ့တွင် အဖ နိုင်သာဒွန်း၊ အမိ မိငွေသုန်တို့မှ ဖားအံမြို့နယ်၊ ထုံးအိုင် ကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၃၉ တွင် ဒုတိယ ကမ္ဘာစစ် ဖြစ်ပွား နေချိန်၌ ရန်ကုန် ဂျပ်ဆင် ကောလိပ်တွင် သိပ္ပံ ဘာသာတွဲဖြင့် တက်ရောက် သင်ကြားခဲ့ပြီး၊ ထိုနောက် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ ဆည်းပူးခဲ့သည်။ ၁၉၄၂ ခု အသက် ၁၉ နှစ်အရွယ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) မှ စပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။[၂]

နိုင်ငံရေး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုများတွင် နိုင်ငွေသိန်းသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) အဖွဲ့ဝင်၊ အာရှ လူငယ် အစည်းအရုံးဝင်၊ ရာမည တိုင်းလုံးဆိုင်ရာ မွန်ရေးရာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး (၁၉၄၈) အထိ၊ မွန်လူငယ် အဖွဲ့ အထွေထွေ အတွင်းရေးမှူး၊ ဗိုလ်ချုပ် အောင်ဆန်း ဖွဲ့စည်းခဲ့သော ပြည်သူ့ရဲဘော် အဖွဲ့ တွင် ဝါဒ ဖြန့်ချိရေး တာဝန်ခံများ အဖြစ် ပါဝင် လှုပ်ရှားခဲ့သည်။[၃]

လွတ်လပ်ရေး ရရပြီးနောက် မွန်ရေးရာ အဖွဲ့နှင့် မွန်တိုင်းရင်းသား အဖွဲ့ ပူးတွဲ တပ်ဖွဲ့၏ တာဝန်ခံ( ၁၉၅၂)၊ မွန် ပြည်သူတပ်ဦး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

ရှစ်လေးလုံး လူထု အရေးပုံကြီး ဖြစ်ပွားပြီးနောက် ပါတီများ ဖွဲ့စည်းခွင့် ပြုသော အခါ UNLD အမြဲတမ်း သဘာပတိ အဖွဲ့ဝင်၊ မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌ အဖြစ် ဒီမိုကရေစီ ထွန်းကားရေးနှင့် အမျိုးသား တန်းတူ ညီမျှရေး အတွက် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၄၈၊ ဇူလိုင်လတွင် နိုင်ရွှေကျင်(ကွယ်လွန် - မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌဟောင်း) နှင့်အတူ မော်လမြိုင်ထောင်၊ ၁၉၆၃ နိုဝင်ဘာလတွင် အင်းစိန်ထောင်နှင့် နေအိမ် အကျယ်ချုပ် နှစ်နှစ်ခန့်ကြာ၊ ၁၉၉၁ နိုဝင်ဘာလတွင် မော်လမြိုင်ထောင်၌ နိုင်ထွန်းသိန်း (မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဥက္ကဋ္ဌ)၊ နိုင်ဗလတို့နှင့် အတူ၃ နှစ်ခန့်၊ ၁၉၉၈ တွင် ဒေါက်တာ မင်းစိုးလင်း (မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ အထွေထွေ အတွင်းရေးမှူး)၊ ဒေါက်တာ မင်းကြည်ဝင်း (တွဲဖက် အတွင်းရေးမှူး၊ မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့) တို့နှင့်အတူ မော်လမြိုင်ထောင်တွင် ၇ နှစ်ခန့် ထောင်သွင်း အကျဉ်းချခြင်းကို ခံခဲ့ရသည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလာဖန်း၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသားကွန်ကရက် မှ ပူကျင့်ရှင်းထန်ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင် နှင့် မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်း တို့အား အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်ပွဲကို နော်ဝေးနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပခဲ့သည်။

ဤဆုကို နော်ဝေး နိုင်ငံရောက် ၈၈ မျိုးဆက် ကျောင်းသားများနှင့် မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံရေးတွင် ကိုယ်ကျိုးမဖက် တစိုက်မတ်မတ် ဆောင်ရွက် ခဲ့သူများကို ဒုတိယ ပင်လုံတွင် ပါဝင် လှုပ်ရှားခဲ့သူများ အဖြစ် အသိအမှတ်ပြု၊ သတ်မှတ် ဂုဏ်ပြုခြင်းလည်း ဖြစ်သည်။[၄]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်မှစတင်ကာ လူကြီးရောဂါကို စတင်ခံစားခဲ့ရပြီး ၂၀၁၈ ခုနှစ် အောက်တို့ဘာလ ၂ ရက်နေ့ည (၇)နာရီမိနစ်(၂၀)တွင် ရန်ကုန်မြို့ ရန်ကင်းတိုက်ခန်း နေအိမ်တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၆) နှစ်ရှိပြီဖြစ်သည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]