ဒလတံတား
| မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတား | |
|---|---|
| ကိုဩဒိနိတ် | 16°46′09.9″N 96°08′38.0″E |
| ဖြတ်သန်းမှု | လှိုင်မြစ် |
| အခြားအမည်များ | ဒလတံတား |
| အချက်အလက်များ | |
| တံတားဒီဇိုင်း | သံကူ ကွန်ကရစ် သံမဏိကြိုးဆိုင်း တံတား |
| စုစုပေါင်းအရှည် | ၆,၁၂၉ ပေ |
| အမြင့် | ၄၃၉ ပေ |
| ရေအနက် | ၃၉၃ ပေ |
| တံတားအခန်းရေ | ၁၂၆၇ ပေ |
| ရေထဲရှိ တံတားတိုင် | ရေလည်တိုင် ၂ တိုင် |
| ခံနိုင်ဝန်အား | ၇၅ တန် |
| ရေလမ်း ကင်းလွတ်အမြင့် | ၁၆၀ပေ |
| ယဉ်လမ်းကြောင်း | ၄ လမ်းသွားကားလမ်း |
| သမိုင်းကြောင်း | |
| စတင်ဆောက်လုပ်ချိန် | ၂၄ ဒီဇင်ဘာ ၂၀၁၈ |
| ဖွင့်လှစ်သည့်နေ့ | ဖေဖော်ဝါရီ ၆၊ ၂၀၂၆ |

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားသည် မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် ရေလမ်းကင်းလွတ်နယ် အမြင့်ဆုံးတံတားဖြစ်ပြီး၊ ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း နှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးကို ဆက်သွယ်ထားသော တံတား ဖြစ်သည်။ရန်ကုန်မြစ် ကို ဖြတ်သန်းထားသည်။ရေလည်တိုင် ၂ တိုင် ပါဝင်သည်။တံတားကင်းလွတ်အမြင့်ပေ ၁၆၀၊ အကျယ်ပေ ၉၉၀ ရှိသည်။
တံတားကြီးအောက်မှ တန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွားသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်သည်။ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် တံတားအတွက် ပထမဆုံးပိုင်တိုင်ကို ပန္နက်တင်ပြီး တည်ဆောက်မှုကို စတင်သည်။[၁] ကိုဗစ် ၁၉ ရောဂါ နှင့် စစ်အာဏာသိမ်းစ ကာလ တို့တွင် တံတားတည်ဆောက်ရေး ခေတ္တ ရပ်နားခဲ့ရသည်။[၂]ယင်းနောက် တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ကြပြီး၊၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း ပြုလုပ်ခဲ့သည်။[၃] ထို့နောက် တံတားအချောသတ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။
ခေါ်တွင်ပုံ
[ပြင်ဆင်ရန်]ရန်ကုန် နှင့်ဒလ ကို ဆက်သွယ်ထား သော တံတား ဖြစ်သောကြောင့် ရန်ကုန်-ဒလ မြစ်ကူးတံတား ဟုခေါ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]သမ္မတဦးသိန်းစိန် ၏ ၂၀၁၂ ခုနှစ် အောက်တိုဘာလ တောင်ကိုရီးယားချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံသမ္မတများသည် မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားစီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ Economic Development Cooperation Fund (EDCF) ချေးငွေဖြင့် ရန်ကုန်မြစ်ပေါ်တွင် တံတားတစ်စင်း တည်ဆောက်ရေးအား နှစ်နိုင်ငံသမ္မတများမှ အတည်ပြုခဲ့ကြသည်။[၄] ခန့်မှန်းကုန်ကျစရိတ်မှာ တောင်ကိုရီးယားဘက်က EDCF Loan ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရဘက်က ထည့်ဝင်ငွေ ၃၀ ဒသမ ၃၄၁သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း ဖြစ်သည်။[၅]
၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ စတင်နိုင်ရန်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ ပုံစံထုတ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။
တံတားအူကြောင်းရွေးချယ်မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့ပြ၏ လက်ရှိအဆောက်အအုံများ၏ ထိခိုက်မှုအနည်းဆုံးဖြစ်သော ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်မည့် လမ်းအူကြောင်းအဖြစ် ရွေးချယ်ခဲ့ပြီး၊ တည်ဆောက်ရေးလုပ်ငန်းများကို ကိုရီးယားသမ္မတနိုင်ငံ GS Engineering & Construction Co., Ltd. က ၂၀၁၉ ခုနှစ် မေလတွင် လုပ်ငန်းများ စတင်ခဲ့သည်။
တံတားအချက်အလက်များ
[ပြင်ဆင်ရန်]ဒလ ဘက်မှ ဗိုလ်မင်းရောင်လမ်း၊ ရန်ကုန်မြို့ ဘက်မှ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း တစ်လျှောက် ချဉ်းကပ်တံတား ၂လမ်းသွားတစ်ခုစီရှိပြီး၊ ဒလဘက်မှ မြို့ထဲဘက်သို့ဆင်းမည်ဆိုပါက ကမ်းနားလမ်း နှင့် လမ်း၂၀ ထိ အဆင်းလမ်း ဆင်ခြေလျောတံတားဆုံးသည်။ ဒလဘက် သို့ အတက် က ဘုန်းကြီးလမ်းတလျှောက် အဖြောင့်အတက် ရှိကာ အလုံ၊ ကြည့်မြင်တိုင် ဘက်မှ လာသည့် ဆင်ခြေလျှောတံတား အတက်တစ်လမ်း ပါသည်။ ပင်မ တံတားကြီးအနေဖြင့် အသွား ၂ လမ်း၊ အပြန် ၂လမ်း နှင့် ၄ လမ်းသွားတံတားဖြစ်သည်။ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်း(နှစ်လမ်းသွား)အတိုင်းတက်၍ သရက်တောကျောင်းတိုက် အနီးထိ လည်းကောင်း၊ ဒလဘက်ခြမ်းတွင် အသွားနှစ်လမ်း၊ အပြန်နှစ်လမ်း ပါဝင်သော ဗိုလ်မင်းရောင်လမ်း (လေးလမ်းသွား)အထိ လည်းကောင်း တည်ဆောက်ထားသည်။
မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများတွင် အကြီးဆုံးနှင့် အရှည်ဆုံးတံတား ဖြစ်သော မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတားသည် ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည် အပေါ်တွင် သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပြီး တံတားအရှည်စုစုပေါင်း ၆၁၂၈ ပေ၊ ပင်မတံတားအရှည် ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၁၈၉၁ ပေ၊ ချဉ်းကပ်တံတားအ ကျယ်(နှစ်လမ်းသွား) ၄၇ ပေ၊ ဒလဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၁၉၇၂ ပေ၊ ချဉ်းကပ်တံတား အကျယ်(လေးလမ်းသွား) ၈၇ ပေ၊ ရန်ကုန်ဘက်ခြမ်းဆင်ခြေလျှော တံတားများ အကျယ် (တစ်လမ်းသွား) ၂၃ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၁၆၀ ၊အကျယ် ၉၈၈ ပေ၊ တံတားခံနိုင်ဝန်(ခွင့်ပြုယာဉ်အလေးချိန်)မှာ ယာဉ်တစ်စီးချင်း (၇၅)တန် ဖြစ်သည်။ ရန်ကုန်မြစ်အတွင်းရှိ ပင်လယ်ကူးသင်္ဘောကြီးဖြတ်သန်း သွားလာနိုင်ရန်အမြင့် ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေ ရှိသည်။
ကန့်ကွက်မှုများ
[ပြင်ဆင်ရန်]ရန်ကုန်မြစ် ပေါ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အေးရှားဝေါလ် ဆိပ်ကမ်း၊ မြန်မာစက်မှုဆိပ်ကမ်း (MIP)၊ ထီးတန်းဆိပ်ကမ်း၊ အမှတ်(၁) အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း (၇) ခု၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း စသည်တို့မှာ ဒလတံတား ဆောက်လိုက်လျှင် မြစ်အတွင်း နုန်းပို့ချမှု များလာပြီး ကုန်တင်သင်္ဘောများ ဝင်ထွက်ရခက်ခဲသွားနိုင်မည်ဆိုသော စွပ်စွဲချက်ဖြင့် ကန့်ကွက်ကြသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကမူ တံတားစီမံကိန်းအား မကန့်ကွက်သော်လည်း တံတား ဒီဇိုင်းကိုမူ ကန့်ကွက်ခဲ့သည်။ထို့ကြောင့် မူလတံတားဒီဇိုင်းအား ပြန်လည် ပြင်ဆင်ခဲ့ရသည်။ [၆] [၇]ရလဒ်အနေဖြင့် တည်ဆောက်ချိန် သုံးနှစ်ခွဲခန့်ကြာမြင့်မည့် အဆိုပါစီမံကိန်းမှာ နှစ်နှင့်ချီ၍ ကြန့်ကြာမှုများ ပေါ်ပေါက်ခဲ့ရသည်။၂၀၁၈ ခုနှစ် အရောက်မှ စီမံကိန်း စတင်နိုင်ခဲ့သည်။ [၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ချစ်ကြည်ရေးတံတား ပန္နက်တင် အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်။ RFA Burmese (၂၄ ဒီဇင်ဘာ ၂၀၁၈)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဂျပန်၊ တောင်ကိုရီးယား ချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းတချို့ ပြန်လည်ပတ်။ The Irrawaddy (၁၃ ဇန်နဝါရီ ၂၀၂၂)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း အခမ်းအနားသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်။ Eleven Media Group (၁၀ အောက်တိုဘာ ၂၀၂၅)။ ၁၉ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်မြို့တော်၏ အထင်ကရပြယုဂ် (Land Mark) ဖြစ်လာမည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း။ MOI Myanmar (၇ ဖေဖော်ဝါရီ ၂၀၂၄)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်မှု ၄၉ ရာခိုင်နှုန်း နီးပါးပြီးစီး။ MWD Webportal (၃၀ နိုဝင်ဘာ ၂၀၂၂)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်-ဒလ တံတား တကယ် ဖြစ်လာဦးမှာလား။ VOA Burmese (၂၃ ဇူလိုင် ၂၀၁၈)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒလတံတား စီမံကိန်း ကန့်ကွက်ရန်မရှိဟု ဆိပ်ကမ်းအာဏာပိုင် ဆို။ The Irrawaddy (၁၂ ဇွန် ၂၀၁၈)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်မှု စတင်။ Frontier Myanmar (၂၄ ဒီဇင်ဘာ ၂၀၁၈)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။