တတိယ ကမ္ဘာစစ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
နျူကလီးယားစစ်ပွဲကို တတိယကမ္ဘာစစ်၏ ပင်မအချက်အလက်အဖြစ် ထည့်သွင်းစဉ်းစားလျက်ရှိကြသည်။ နျူကလိယစစ်ပွဲသာဖြစ်ပေါ်ခဲ့လျှင် လူသားများမျိုးသုဉ်းသွားနိုင်သည်။

တတိယကမ္ဘာစစ် (အင်္ဂလိပ်: World War IIIWWIIIThird World War သို့မဟုတ် WW3) သည် ပထမနှင့်ဒုတိယကမ္ဘာစစ်တို့၏ အဆက်ဖြစ်နိုင်သော ကမ္ဘာစစ်ပွဲဟူ၍ အများကခန့်မှန်းထားကြသည်။ ယင်းအခေါ်အဝေါ်ကို ၁၉၄၁ ခုနှစ်ခန့်၌ စတင်အသုံးပြုလာခဲ့ကြသည်။ အချို့သောသူများသည် "တတိယကမ္ဘာစစ်" ကို စစ်အေးတိုက်ပွဲသို့မဟုတ် အကြမ်းဖက်မှုကိုတိုက်ခိုက်သောစစ်ပွဲ (War on Terror) တို့ကို ရည်ညွှန်းရာတွင် သုံးနှုန်းကြ၍ အချို့မှာမူ အရှေ့၌ဖြစ်ခဲ့သော ကမ္ဘာစစ်ပွဲများထက် ပိုမိုသေကြေပျက်ဆီးနိုင်သောစစ်ပွဲ ဟူ၍ရည်ညွှန်းကြသည်။[၁]

ဒုတိယကမ္ဘာစစ်အပြီးတွင် နျူကလီးယားလက်နက်များကို နိုင်ငံများမှ ထုတ်လုပ်အသုံးပြုမှုတို့ကြောင့် တတိယကမ္ဘာစစ်တွင် နျူကလိယလက်နက်များကို အသုံးချတိုက်ခိုက်နိုင်မည်ဟု အများကသုံးသပ်ကြသည်။ နောက်ထပ်စိုးရိမ်ရမှုမှာ ဇီဝလက်နက်စစ်ပွဲဖြစ်သည်။ ထိုအခြေအနေတွင် အသက်အန္တရာယ်ရှိသည့် ဇီဝလက်နက်ကို ‌အကြောင်းရှိသောကြောင့်ဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ အသုံးချခဲ့ပါလျှင် သေကြေသူအမြောက်အများ ဖြစ်ပေါ်စေနိုင်သည်။ ထိုကဲ့သို့ သေကြေစေနိုင်သည့် တိုက်ပွဲများဖြစ်ပေါ်လာခဲ့ပါလျှင် ကမ္ဘာမျက်နှာပြင်ပေါ်၌ လူသားများနေထိုင်၍ မရတော့သည့်အထိ ဆိုကျိုးများဖြစ်စေနိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထမကမ္ဘာစစ်ပြီးဆုံးခဲ့သောအခါ ထိုစစ်ပွဲကို "စစ်ပွဲများကိုပြီးဆုံးစေသောစစ်ပွဲ" (The war to end all wars) ဟူ၍ ရည်ညွှန်းခဲ့ကြသည်။[၂] တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် မည်သည့်စစ်ပွဲများ နောက်ထပ်မဖြစ်လိုသောကြောင့် ဟူ၍လည်းကောင်း လူသားများအနေဖြင့်လည်း စစ်ပွဲများကိုတိုက်ခိုက်ရန် မလိုအပ်တော့‌သောကြောင့်လည်းကောင်း ယုံကြည်ခဲ့ကြသည်။ ထို့အပြင် စစ်ပွဲကြားကာလ၌လည်း ပထမကမ္ဘာစစ်ကို "မဟာစစ်ပွဲကြီး" (The great war) ဟူ၍သာခေါ်ဆိုခဲ့ကြသည်။ ၁၉၄၉ တွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာခဲ့သောကြောင့် ထိုစစ်ပွဲများမလိုအပ်ခြင်းဟူသော မျှော်လင့်ချက်များကို လက်လွှတ်လိုက်ရသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် နျူကလိယနည်းပညာမှာ ဆိုဗီယက်ပြည်သို့ ပျံ့နှံ့လာမှုကြောင့် တတိယကမ္ဘာစစ်ပွဲ ဖြစ်ပေါ်လာနိုင်မည်ကို စိုးရိမ်ခဲ့ကြသည်။ စစ်အေးတိုက်ပွဲတွင်း၌ တတိယကမ္ဘာစစ် ဖြစ်ပေါ်လာနိုင်သည်ဟု နိုင်ငံများကယုံကြည်ခဲ့ကြသည်။ ထိုစစ်ပွဲကို သာမန်လက်နက်ကိုင်စစ်ပွဲမှ အင်အားအကုန်သုံးမည့် နျူကလိယစစ်ပွဲအထိ ခန့်မှန်းထားကြသည်။ စစ်အေးတိုက်ပွဲ၏ အရှိန်အဟုန်အမြင့်ဆုံးအချိန်တွင် "နှစ်ဦးနှစ်ဖက်လုံးပျက်ဆီးခြင်း" (Mutually Assured Destruction၊ MAD) ဟူသော စစ်ဖက်ရေးရာအဆိုကို ချမှတ်ခဲ့သည်။ ထိုအဆို၏အဓိကအချက်မှာ စစ်တိုက်သောနှစ်ဖွဲ့လုံးမှ အင်အား အားလုံးကိုသုံး၍ နျူကလီးယားလက်နက်များဖြင့် တိုက်ခိုက်ခဲ့ပါလျှင် နိုင်ခြင်းမရှိနှစ်ဖက်စလုံး သေကြေပျက်ဆီးလိမ့်မည် ဟူ၍ဖြစ်သည်။[၃] သို့ဖြစ်ရာ အမေရိကန်နှင့်ဆိုဗီယက်နှစ်နိုင်ငံလုံးသည် ထိုသို့သေကြေပျက်ဆီးမှုကို မဖြစ်စေရန်အတွက် စစ်တိုက်ခြင်းမှ ရှောင်ကြဉ်ခဲ့ကြသည်။

တိုက်ခိုက်ရေးအစီအစဉ်များ[ပြင်ဆင်ရန်]

စစ်အေးတိုက်ပွဲစတင်လာသည်နှင့်တစ်ပြိုင်နက် စစ်ရေးစီစဉ်သူများသည် အဆိုးရွားဆုံးသော အခြေအနေတို့ကိုမှန်းဆပြီး မည်သို့တန်ပြန်တိုက်ခိုက်မည်ကို အစီအစဉ်များပြုလုပ်ခဲ့ကြသည်။ ယခုအခါ ထိုအသီအစဉ်များကို အကောင်အထည်ဖော်ခြင်း မရှိတော့သဖြင့် အများအားသိရှိခွင့်များ ရှိလာကြသည်။

Operation unthinkable[ပြင်ဆင်ရန်]

ဗြိတိသျှတို့သည် စစ်ပြီးကာလ၌ ဥရောပတစ်ဝှမ်း ဆိုဗီယက်စစ်သားများကို တပ်စွဲစေနိုင်မည်ကို စိုးရိမ်ခဲ့ကြသည်။ ဆိုဗီယက်သည် ဥရောပအတွက် အန္တရာယ်ဖြစ်လာခဲ့ပါလျှင် ဗြိတိသျှနှင့်အမေရိကန်တို့သည် မိမိတို့တပ်သားများကို တိုက်ခိုက်ရန် ထိုအော်ပရေးရှင်းကို ချမှတ်ခဲ့သည်။ သို့သော် စစ်ရေးအကြံပေးအရာရှိကြီးမှ ထိုအော်ပရေးရှင်းကို စစ်ရေးအရမဖြစ်မြောက်နိုင်သဖြင့် ပယ်ချခဲ့သည်။[၄]

Operation Dropshot[ပြင်ဆင်ရန်]

အမေရိကန်တို့သည် ၁၉၅၀ ဆယ်စုနှစ်အချိန်၌ ဆိုဗီယက်တို့နှင့် စစ်ပွဲဖြစ်ပေါ်လာခဲ့ပါလျှင် ထိုအော်ပရေးရှင်းကိုချမှတ်ခဲ့သည်။ ထိုအော်ပရေးရှင်း၏ အဓိကလုပ်ငန်းစဉ်မှာ ဆိုဗီယက်ပြည်၏ စက်မှုလုပ်ငန်းကို ရိုက်ချိုးရန်ဖြစ်သည်။ အမေရိကန်တို့သည် နျူကလီးယားဗုံးအလုံး ၃၀၀ နှင့် ပေါက်ကွဲမှုပြင်းထန်သော ဗုံးအလုံး ၂၉,၀၀၀ တို့ကို အသုံးချ၍ ဆိုဗီယက်ရှိမြို့ပေါင်း ၁၀၀ ရှိ ပစ်မှတ်နေရာ ၂၀၀ တို့ကို ဗုံးကျဲ၍ ဆိုဗီယက်စက်မှုလုပ်ငန်း၏ ၈၅% ကို ဖျက်ဆီးမည်ဟု ချမှတ်ထားသည်။ ထိုနျူကလိယဗုံး ၃၀၀ မှ ၇၅ လုံးမှ အလုံး ၁၀၀ အထိကို မြေပြင်ရှိ ဆိုဗီယက်စစ်လေယာဉ်တို့ကို ဖျက်ဆီးရန် အသုံးပြုသွားမည်ဖြစ်သည်။

NATO မှ နျူကလီးယားမျှဝေခြင်း[ပြင်ဆင်ရန်]

အမေရိကန်၏ နျူကလိယအမြောက်ကို စမ်းသပ်နေစဉ်

NATOအဖွဲ့သည် တတိယကမ္ဘာစစ်အတွင်း၌ အဏုမြူနိုင်ငံမဟုတ်သော နိုင်ငံများသည်မဟာမိတ်ပြုလာခဲ့ပါလျှင် ထိုနိုင်ငံများကိုအဏုမြူလက်နက်များ အသုံးပြုတိုက်ခိုက်ရန် လက်နက်ဝေမျှလိုသည်။ ထိုသို့နျူကလိယလက်နက် ဝေမျှရာတွင် အဓိကထောက်ပံ့သူမှာ အမေရိကန်နိုင်ငံပင်ဖြစ်သည်။

Exercise Strikeback[ပြင်ဆင်ရန်]

၁၉၅၇ တွင် NATO မှ ဤရေကြောင်းစစ်လေ့ကျင့်ရေးကို ဆောင်ရွက်ခဲ့သည်။ လေ့ကျင့်ရခြင်းအကြောင်းအရင်းမှာ ဆိုဗီယက်တို့၏ အင်အားအားလုံးကိုသုံး၍ ထိုးစစ်ဆင်ခြင်းကို ပြန်လည်တိုက်ခိုက်ရန်ဖြစ်သည်။ ထိုလေ့ကျင့်ရေးတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ နယ်သာလန်နှင့် နော်ဝေးနိုင်ငံတို့၏ ရေတပ်များမှ စစ်သင်္ဘောပေါင်း ၂၀၀၊ ‌ စစ်လေယာဉ်အစင်း ၆၅၀ နှင့် စစ်သား ၇၅,၀၀၀ တို့ပါဝင်ခဲ့ကြရာ အကြီးမားဆုံးသော ရေတပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။[၅]

ရီဖော်ဂျာလေ့ကျင့်ရေး[ပြင်ဆင်ရန်]

ထိုလေ့ကျင့်မှုကို လက်တွေ့အသုံးချရပါလျှင် ဤပုံပါစစ်သင်္ဘောကြီးများကို အသုံချရမည်ဖြစ်သည်။

ရီဖော်ဂျာ (Reforger) ဟူသည် "Return of forces to Germany" (ဂျာမနီသို့တပ်များပြန်ပို့ခြင်း) ဟူသော စာကြောင်းမှလာသည်။ ထိုစာကြောင်းပါ အဓိပ္ပာယ်အတိုင်း ထိုစစ်လေ့ကျင့်ရေး၏ အဓိကအချက်မှာ ဆိုဗီယက်တို့နှင့် ပဋိပက္ခဖြစ်လာခဲ့ပါက NATO တပ်သားများ ဂျာမနီနယ်အတွင်းသို့ အလျင်အမြန်ရောက်ရှိလာရန်ဖြစ်သည်။ NATO သည် ဆိုဗီယက်ကျူးကျော်စစ်သားများကို တိုက်ထုတ်တောင့်ခံပေး၍ လက်နက်အင်အားများကို မြောက်အမေရိကမှတစ်ဆင့် အတ္တလန္တိတ်သမုဒ္ဒရာ၌ ဖြည့်ဆည်းနိုင်သည်။

ခုနှစ်ရက်နှင့်ရိုင်းမြစ်သို့[ပြင်ဆင်ရန်]

ဝါဆောအဖွဲ့မှ အနောက်ဂျာမဏီသို့ ကျူးကျော်မည့်ပုံစံ

ဤအစီအစဉ်ကို ဝါဆောအဖွဲ့မှ ၁၉၇၉ တွင် စီစဉ်ခဲ့သည်။ ထိုအစီအစဉ်တွင် NATOသည် ပိုလန်၏ ဗစ်စတူလာမြစ်ကို နျူကလိယလက်နက်ဖြင့် ဦးစွာတိုက်ခိုက်၍ ပိုလန်နိုင်ငံသား ၂ သန်းကျော်မျှ သေဆုံးမည်ဟူ ခန်မှန်းထားကြသည်။[၆] ထိုသို့တိုက်ခိုက်ခဲ့ပါလျှင် ဆိုဗီယက်တို့သည် အနောက်ဂျာမနီဘယ်လ်ဂျီယမ်နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံတို့ကို ထိုးစစ်အနေဖြင့် ကျူးကျော်စစ်ဆင်နွှဲမည်ဖြစ်သည်။ ၇ ရက်ကျူးကျော်စစ်အပြီးတွင် ဂျာမနီရှိရိုင်းမြစ်၌ ရန့်တန်ရမည်ဖြစ်သည်။ အချို့သောအစီအစဉ်များတွင် ထိုသို့ထိုးစစ်ဆင်ပြီး ၉ ရက်မြောက်တွင် ပြင်သစ်နယ်စပ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြသည်။

စစ်ဖြစ်လုနီးပါးဖြစ်စေနိုင်ခဲ့သောစစ်ပွဲများ[ပြင်ဆင်ရန်]

၁၉၅၀ ဆယ်စုနှစ်တွင် အမေရိကန်နိုင်ငံနှင့်ဆိုဗီယက်ပြည်ထောင်စုတို့၏ စစ်အေးတိုက်ပွဲတွင်း လက်နက်အပြိုင်အဆိုင်တပ်ဆင်လာမှုတို့ကြောင့် နှစ်နိုင်ငံအကြား ဘေးဒုက္ခကြီးများကို ပေးစွမ်းစေနိုင်သော စစ်ပွဲဖြစ်လာနိုင်မည်ကို စိုးရိမ်ခဲ့ကြသည်။ စစ်အေးတိုက်ပွဲကာလဖြစ်သော ၁၉၄၇ မှ ၁၉၉၁ အတွင်း အောက်ပါစစ်ပွဲများသည် တတိယကမ္ဘာစစ်ပွဲကို ဖြစ်‌လုနီးပါးဖြစ်စေခဲ့သည်။

  1. ကိုရီးယားပဋိပက္ခ (၂၅ ဇွန် ၁၉၅၀ – ၂၇ ဇူလိုင် ၁၉၅၃)
  2. ဘာလင်အရေးအခင်း (၄ ဇွန် – ၉ နိုဝင်ဘာ ၁၉၆၁)
  3. ကျူးဘားဒုံးပျံအရေးအခင်း (၁၅–၂၅ အောက်တိုဘာ ၁၉၆၂)
  4. တရုတ်-ဆိုဗီယက်နယ်စပ်ပဋိပက္ခ (၂ မတ် – ၁၁ စက်တင်ဘာ ၁၉၆၉)
  5. ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးတိုက်ပွဲ (၁၉၇၁)
  6. ယုမ်ကိပ္ပုရစစ်ပွဲ (Yom Kippur War) (၆–၂၅ အောက်တိုဘာ ၁၉၇၃)
  7. NORAD ကွန်ပြူတာ error တက်ခြင်း (၉ နိုဝင်ဘာ ၁၉၇၉)
  8. ဆိုဗီယက်နျူကလီးယားသတိပေးသံ မှားယွင်းစွာထွက်ခြင်း (၂၆ စက်တင်ဘာ ၁၉၈၃)
  9. အေဘယ်အာချာ (Able Archer) စစ်လေ့ကျင့်ရေး မှ ပဋိပက္ခဖြစ်ခြင်း (၂–၁၁ နိုဝင်ဘာ ၁၉၈၃)
  10. နော်ဝေးဒုံးကျည်ဖြစ်ရပ် (၂၉ ဇန်နဝါရီ ၁၉၉၅)
  11. ပရင်စတီးနားလေဆိပ်ဖြစ်ရပ် (၁၂ ဇွန် ၁၉၉၉)

အခြားဖတ်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. The New Quotable Einstein. Alice Calaprice (2005), p. 173.
  2. "The war to end all wars"၊ BBC News၊ 10 November 1998။ 
  3. Mutual Assured Destruction; Col. Alan J. Parrington, USAF, Mutually Assured Destruction Revisited, Strategic Doctrine in Question Archived 2015-06-20 at the Wayback Machine., Airpower Journal, Winter 1997.
  4. British War Cabinet, Joint Planning Staff, Public Record Office, CAB 120/691/109040 / 002 (11 August 1945)။ Operation Unthinkable: 'Russia: Threat to Western Civilization' (online photocopy)။ Department of History, Northeastern University။ 6 July 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2021 တွင် ပြန်စစ်ပြီး။
  5. Baldwin၊ Hanson W.။ "100 Fighting Ships in Vast Exercise"၊ 22 September 1957။ 
  6. Nicholas Watt in Warsaw။ "Poland risks Russia's wrath with Soviet nuclear attack map | World news"၊ 26 November 2005။