ရိုင်းမြစ်

ဝီကီပီးဒီးယား မှ

ရိုင်းမြစ်[ပြင်ဆင်ရန်]

ရိုင်းမြစ်သည် ဂျာမန်လူမျိုးအတွက် ယင်းတို့၏ အမျိုး သားရေးဆိုင်ရာ သမိုင်းနှင့် ဆက်စပ်လျက်ရှိသော အထိမ်း အမှတ် ဖြစ်သည်။ ရိုင်းမြစ်ဝှမ်းသည်လည်း ထင်ရှားသော သမိုင်းပုံပြင်များ ပေါ်ထွက်ရာဒေသ ဖြစ်၏။ ထိုကြောင့် ဂျာမန် တို့သည် ဖခင်ရိုင်းမြစ်ဟူ၍ပင် ခေါ်စမှတ်ပြုကြသည်။ ရှေး အခါမှစ၍ ဥရောပတိုက်တွင် ကူးသန်းသွားလာရေးအတွက် အရေးပါ အရာရောက်ဆုံး လမ်းခရီး ဖြစ်လေသည်။

ရိုင်းမြစ်သည် ဆွစ်ဇာလန်နိုင်ငံ အရှေ့ပိုင်း အဲ့လပတောင် တန်းများတွင် မြစ်ဖျားခံ၍ မြောက်ဘက်သို့ မိုင် ၈၅ဝ ခန့် စီးဆင်းပြီးလျှင် မြောက်ပင်လယ်ထဲသို့ စီးဝင်သည်။ မြစ်မနှင့် တကွ မြစ်လက်တက်များအပါအဝင် ရေဆင်းနယ် အကျယ် အဝန်းမှာ စတုရန်းမိုင် တစ်သိန်းနီးပါးမျှ ရှိသည်။

ရိုင်းမြစ်ကို အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းဟူ၍ မြစ်ကြောင်းသုံးပိုင်းခွဲခြားထားနိုင်သည်။ မြစ်ဖျားခံရာမှ ကွန်စတန့်အိုင်ကို ဖြတ်သန်းလျက် အနောက် ဘက်သို့ ဆွစ်ဇာလန်နိုင်ငံရှိ ဗားလမြို့အထိသည် မြစ်ကြောင်း အထက်ပိုင်းဖြစ်၍ ပေ ၇ဝ အမြင့်ရှိသော ရှပ်ဖဟောင်ဇင် ရေတံခွန် ရှိ၏။ ဗားလမြို့မှ မြောက်ဘက်သို့ ဂျာမနီနိုင်ငံ ကိုလုန်းမြို့အထိသည် မြစ်ကြောင်း အလယ်ပိုင်း ဖြစ်သည်။ ဤအပိုင်းသည် ရိုင်းမြစ်သည် ရေစီးသန်၏။ ထို့ပြင် မြစ်ကြောင်း တစ်လျှောက် တောင်ထိပ်များပေါ်၌ ရှေးရဲတိုက်ကြီးများကို တွေ့ နိုင်သည်။ သမိုင်းပုံပြင်များ ပေါ်ထွက်ရာအရပ်ဖြစ်၍ ရှုခင်း အလွန်သာယာသည် ကိုလုန်းမြို့မှ နယ်သာလန် နိုင်ငံကို ဖြတ် ၍ ပင်လယ်ထဲသို့စီးဆင်းသည်အထိသည် မြစ်ကြောင်း အောက် ပိုင်းဖြစ်သည်။ နယ်သာလန်နိုင်ငံတွင် ရိုင်းမြစ်ကြောင်းသည် ကုန်စည် ကူးသန်းရေးအတွက် အသုံးဝင်၏။

ရိုင်းမြစ်သည် ရုန်းမြစ်၊ ဒန်းညူမြစ်အပြင် အခြားမြစ်များ နှင့်လည်း တူးမြောင်းများဖြင့် ဆက်သွယ်လျက် ရှိခြင်းကြောင့် မြစ်တစ်ဖက်တွင် ပြင်သစ်နိုင်ငံ၊ ဗဲလဂျီနိုင်ငံတို့နှင့်၎င်း၊ အခြား တစ်ဖက်တွင် ဂျာမနီနိုင်ငံနှင့်၎င်း ကူးလူးဆက်ဆံနိုင်သည်။ မိုဇဲမြစ်သည် ရိုင်းမြစ်၏ အကြီးဆုံး မြစ်လက်တက်ဖြစ်၏။ မြစ်ကြောင်းတစ်လျောက်ရှိ ထင်ရှားသောမြို့များမှာ စထရပ်စဗူးမြို့၊ စပီးယားမြို့၊ ဗမ်းမြို့၊ မန့်ဇမြို့၊ ကိုလုန်းမြို့၊ မန်းဟိုင်းမြို့၊ ဒူဆဲလဒေါ့မြို့နှင့် ရော့တဒမ်းမြို့များ ဖြစ်သည်။ ၁၉၃၆ ခုနှစ်မှစ၍ ဂျာမန်တို့သည် ရိုင်းမြစ်ဒေသဘက်၌ စစ်တပ်များ စေလွှတ်၍ အင်အားဖြည့်ထားခဲ့၏။ ဒုတိယကမ္ဘာ စစ် ဖြစ်ပွားလာသောအခါ မဟာမိတ်တပ်များသည် ရိုင်းမြစ်ကို ဖြတ်ကူးနိုင်မှသာလျှင် ဂျာမနီနိုင်ငံတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သဖြင့် ထိုဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာ ဆင်ရခဲ့လေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)