အဏုမြူနိုင်ငံကြီးများ

အဏုမြူနိုင်ငံကြီးများသည် အဏုမြူ လက်နက် ပိုင်ဆိုင်သည်ဟု ယေဘုယျအားဖြင့် နားလည်ရသော အချုပ်အခြာအာဏာပိုင် နိုင်ငံ ၉ နိုင်ငံ ဖြစ်သည်။၎င်းတို့အနက် ၈ နိုင်ငံသည်သာ ၎င်းတို့ပိုင်ဆိုင်မှုကို တရားဝင်အဖြစ် အသိအမှတ်ပြုထားသည်။ပထမဆုံး အောင်မြင်သော နျူကလီးယားစမ်းသပ်မှု အစဉ်အတိုင်း ကမ္ဘာပေါ်တွင် အဏုမြူ လက်နက်ပိုင်နိုင်ငံ ၉ နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု (၁၉၄၅)၊ ရုရှား (၁၉၄၉)၊ ယူနိုက်တက်ကင်းဒမ်း (၁၉၅၂)၊ ပြင်သစ် (၁၉၆၀)၊တရုတ် (၁၉၆၄)၊အိန္ဒိယ (၁၉၇၄)၊ ပါကစ္စတန် (၁၉၉၈), နှင့် မြောက်ကိုရီးယား (၂၀၀၆) တို့ဖြစ်ကြသည်။ အစ္စရေးသည် ၁၉၆၇ ခန့်တွင် အဏုမြူ လက်နက်များ ရရှိထားသည်ဟု ယူဆရသော်လည်း မည်သည့်အခါမျှ တရားဝင်စမ်းသပ်မှုမပြုလုပ်ခဲ့သလို၊ ပိုင်ဆိုင်ကြောင်းလည်း တရားဝင်အတည်မပြုခဲ့ပေ။[၁][၂]
နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) အရ အမေရိကန်၊ ရုရှား၊ ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်နှင့် တရုတ်တို့ကို “နျူကလီးယားလက်နက်ပိုင်နိုင်ငံများ (Nuclear-Weapon States, NWS)” အဖြစ် အသိအမှတ်ပြုထားသည်။ ၎င်းတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံလည်း ဖြစ်သည်။အစ္စရေး၊ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် NPT ကို လက်မှတ်မထိုးခဲ့ကြသော်လည်း၊ မြောက်ကိုရီးယားသည် ၁၉၈၅ ခုနှစ်တွင် စာချုပ်ထဲဝင်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ထွက်ခွာကြောင်း ကြေညာခဲ့သည်။[၃]
တောင်အာဖရိကနိုင်ငံသည် ၁၉၈၂ ခုနှစ်တွင် အဏုမြူလက်နက်များကို ထုတ်လုပ်ခဲ့သော်လည်း ၁၉၈၉ ခုနှစ်ဝန်းကျင်တွင် ပြန်လည်ဖျက်သိမ်းခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ယခင်ဆိုဗီယက်သမ္မတနိုင်ငံများဖြစ်ကြသည့် ယူကရိန်း၊ ကာဇက်စတန်နှင့် ဘီလာရုဇ်နိုင်ငံတို့၏ နယ်မြေများအတွင်း အဏုမြူလက်နက်များ ကျန်ရှိနေခဲ့သော်လည်း ၎င်းတို့သည် အဆိုပါလက်နက်များကို (ဆိုဗီယက်ပြည်ထောင်စု၏ နိုင်ငံတကာအခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို ဆက်ခံသည့်) ရုရှားနိုင်ငံထံသို့ လွှဲပြောင်းပေးရန်နှင့် အဏုမြူလက်နက်မရှိသောနိုင်ငံများအဖြစ် NPT စာချုပ်သို့ ဝင်ရောက်ရန် သဘောတူညီခဲ့ကြသည်။[၄]
ကိုယ်ပိုင်အဏုမြူလက်နက် မရှိသော်လည်း မိမိတို့နိုင်ငံနယ်မြေအတွင်း အခြားနိုင်ငံ၏ အဏုမြူလက်နက်များ ချထားခွင့်ပြုထားသည့် နိုင်ငံ ၆ နိုင်ငံ ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ အဏုမြူလက်နက်များကို ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် တူရကီနိုင်ငံတို့တွင် အခြေစိုက်ထားပြီး ရုရှား၏ အဏုမြူလက်နက်များကိုမူ ဘီလာရုဇ်နိုင်ငံတွင် ချထားသည်။ စစ်အေးတိုက်ပွဲကာလအတွင်းက အနည်းဆုံး နိုင်ငံပေါင်း ၂၃ နိုင်ငံသည် အမေရိကန်၊ ဗြိတိန် သို့မဟုတ် ဆိုဗီယက်တို့၏ အဏုမြူလက်နက်များကို လက်ခံထားရှိခဲ့ကြသည်။[၅]
အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ် (FAS) ၏ ၂၀၂၆ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် အဏုမြူထိပ်ဖူး စုစုပေါင်း ၁၂,၁၈၇ ခု ရှိပြီး ၎င်းတို့အနက် ၃,၉၁၂ ခုခန့်မှာ လက်နက်အသင့်အနေအထား ရှိနေခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI) ၏ ခန့်မှန်းချက်အရ အဏုမြူထိပ်ဖူးစုစုပေါင်းမှာ ၁၂,၁၂၁ ခုအထိ ရှိခဲ့သည်။ အဏုမြူထိပ်ဖူးပေါင်း ၉,၅၈၅ ခုခန့်ကို စစ်ဘက်ဆိုင်ရာ သိုလှောင်ရုံများတွင် သိမ်းဆည်းထားပြီး ၃,၉၀၄ ခုခန့်ကို စစ်ဆင်ရေးတပ်ဖွဲ့များတွင် တပ်ဖြန့်ထားရှိသည်။ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ အဓိကပိုင်ဆိုင်သော ထိပ်ဖူးပေါင်း ၂,၁၀၀ ခန့်ကိုမူ စစ်ဆင်ရေးဆိုင်ရာ အမြင့်ဆုံးသတိပေးချက် အဆင့်အတန်းဖြင့် ထိန်းသိမ်းထားရှိသည်။[၆]
| စဉ် | နိုင်ငံ | အဏုမြူထိပ်ဖူး (ခန့်မှန်း) | ပထမဆုံး စမ်းသပ်မှု | သာမို-နျူကလီးယား | စမ်းသပ်မှု | ||
|---|---|---|---|---|---|---|---|
| စုစုပေါင်း | တပ်ဖြန့်မှု | ရက်စွဲ | နေရာ | ||||
| ၁ | ၄,၄၀၀ | ၁,၇၉၆ | ၂၉ ဩဂုတ် ၁၉၄၉ | ဆယ်မီပါလာတင်စ် | ၇၁၅ | ||
| ၂ | ၃,၇၀၀ | ၁,၆၇၀ | ၁၆ ဇူလိုင် ၁၉၄၅ | အယ်လာမာဂေါ်ဒို | ၁,၀၃၀ | ||
| ၃ | ၆၂၀ | ၃၄ | ၁၆ အောက်တိုဘာ ၁၉၆၄ | လော့ပ်နော် | ၄၅ | ||
| ၄ | ၂၉၀ | ၂၈၀ | ၁၃ ဖေဖော်ဝါရီ ၁၉၆၀ | ရီဂိန်း | ၂၁၀ | ||
| ၅ | ၂၂၅ | ၁၂၀ | ၃ အောက်တိုဘာ ၁၉၅၂ | မွန်တီတလိုကျွန်းစု | ၄၅ | ||
| ၆ | ၁၉၀ | ၁၂ | ၁၈ မေ ၁၉၇၄ | ပိုခရန် | ၆ | ||
| ၇ | ၁၇၀ | ၀ | ၂၈ မေ ၁၉၉၈ | ရက်စ်ကိုး | ၂ | ||
| ၈ | ၉၀ | ၀ | ၁၉၆၀–၁၉၇၉ | မသိရှိရ | မသိရှိရ | ||
| ၉ | ၆၀ | ၀ | ၉ အောက်တိုဘာ ၂၀၀၆ | ကီဂျူး | ၆ | ||
ပစ်ခတ်မှုဆိုင်ရာ အခွင့်အာဏာပိုင်ဆိုင်မှု
[ပြင်ဆင်ရန်]အဏုမြူလက်နက် အသုံးပြုရန် ဆုံးဖြတ်ချက်ကို လူတစ်ဦးတည်း သို့မဟုတ် လူနည်းစု တစ်စုထံတွင်သာ အမြဲတမ်း ကန့်သတ်ချုပ်ချယ်ထားလေ့ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံတို့တွင် အဏုမြူလက်နက် အသုံးပြုရန်အတွက် သက်ဆိုင်ရာ သမ္မတများ၏ အတည်ပြုချက် လိုအပ်သည်။ အမေရိကန်တွင် သမ္မတသည် ကွပ်ကဲမှုဗဟိုဌာနအနီးတွင် ရှိမနေပါက သမ္မတ၏ အရေးပေါ်လက်ဆွဲအိတ် (Presidential Emergency Satchel) ကို အနီးရှိ စစ်ဘက်လက်ထောက်တစ်ဦးက အမြဲတမ်း ကိုင်တွယ်ထားရသည်။ ယူနိုက်တက်ကင်းဒမ်းတွင်မူ အဆိုပါ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်က ချမှတ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် "ပါတီက သေနတ်ကို အမိန့်ပေးသည်" ဟူသော မူဝါဒအရ အဏုမြူလက်နက် ပစ်ခတ်ခွင့် အာဏာသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ထံတွင် ရှိသည်။[၇]
ရုရှားနိုင်ငံသည် ထိုသို့သော အာဏာကို သမ္မတထံ အပ်နှင်းထားသော်လည်း ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့၏ အတည်ပြုချက်လည်း လိုအပ်နိုင်သည်။ မြောက်ကိုရီးယားတွင်မူ လက်နက်ကိုင်တပ်ဖွဲ့များ၏ အမြင့်ဆုံးစစ်သေနာပတိချုပ်တွင် အာဏာရှိပြီး အိန္ဒိယ၊ ပါကစ္စတန်နှင့် အစ္စရေးနိုင်ငံတို့တွင်မူ ထိုသို့သော ဆုံးဖြတ်ချက်အတွက် ကော်မတီများ ဖွဲ့စည်းထားရှိသည်။ပုံမှန်အမိန့်ပေးပိုင်ခွင့်ရှိသူသည် တာဝန်မထမ်းဆောင်နိုင်တော့သည့် အခြေအနေမျိုးတွင် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပစ်ခတ်ခွင့်အာဏာ လွှဲပြောင်းပေးရန် ကြိုတင်သတ်မှတ်ထားသည့် နိုင်ငံအချို့လည်း ရှိသည်။ ထိုသို့သော 'ကြိုတင်လွှဲပြောင်းထားသည့်' အာဏာသည် မည်သည့်အချိန်တွင် တည်ရှိသည်ဆိုသည်ကို လျှို့ဝှက်ထားလေ့ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် "အချိန်နှင့် အခြေအနေအရပ်ရပ်၏ အရေးတကြီး လိုအပ်ချက်ကြောင့် သမ္မတမှ တိကျသော ဆုံးဖြတ်ချက် မချမှတ်နိုင်သော အခြေအနေမျိုးတွင်" အဏုမြူလက်နက် ပစ်ခတ်ရန်အတွက် စစ်ဘက်ဆိုင်ရာ တပ်မှူးအချို့ကို အာဏာလွှဲအပ်ထားဖူးသည်။ ရုရှားတွင်မူ ကြိုတင်သတ်မှတ်ထားသော စံနှုန်းများအပေါ် မူတည်၍ စစ်ဘက်တပ်မှူးများကို ဆောင်ရွက်ခွင့်ပေးနိုင်သည့် စနစ်တစ်ခု ရှိသည်။ ဗြိတိသျှ အဏုမြူလက်နက်တပ်ဆင်ထားသော ရေငုပ်သင်္ဘောတပ်မှူးများထံတွင် ဝန်ကြီးချုပ် ကိုယ်တိုင်ရေးသားထားသော လျှို့ဝှက်ညွှန်ကြားချက်များ ပါဝင်သည့် (Letters of last resort) ကို ထုတ်ပေးထားပြီး ၎င်းစာလွှာထဲတွင် ပစ်ခတ်ခွင့်အာဏာ လွှဲအပ်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ လျှို့ဝှက်ချက်သာ ဖြစ်သည်။[၈][၉][၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Trilateral Nuclear Dialogues Role of P3 Nuclear Weapons Consensus Statement" (13 May 2010).
- ↑ World Nuclear Forces, SIPRI yearbook 2020 (January 2020)။ 18 June 2020 တွင် ပြန်စစ်ပြီး။
- ↑ Treaty on the Non-Proliferation of Nuclear Weapons: Declarations, statements, reservations and notes
- ↑ Moniz၊ E (2024-10-17)။ South Africa (in en)။ 2025-10-03 တွင် ပြန်စစ်ပြီး။
- ↑ "Setting the Deadline for Nuclear Weapon Removal from Host States under the Treaty on the Prohibition of Nuclear Weapons" (2022-01-02). Journal for Peace and Nuclear Disarmament 5 (1): 148–161. doi:.
- ↑ Role of nuclear weapons grows as geopolitical relations deteriorate—new SIPRI Yearbook out now | SIPRI (in en) (2024-06-17)။ 2025-09-22 တွင် ပြန်စစ်ပြီး။
- ↑ Ji, You (2026-01-14). "Chinese Communist Party Endeavors to Institutionalize Armed Power: Civilian Control of China's Central Military Commission". The China Journal: 000. doi:. ISSN 1324-9347.
- ↑ Whose Finger Is On the Button?။ Union of Concerned Scientists (December 2017)။ 21 February 2021 တွင် ပြန်စစ်ပြီး။
- ↑ "When the Urgency of Time and Circumstances Clearly Does Not Permit . . .": Pre-delegation in Nuclear and Cyber Scenarios (October 16, 2017)။ 27 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Taylor၊ Adam။ "Every new British prime minister pens a handwritten 'letter of last resort' outlining nuclear retaliation"၊ July 13, 2016။