ညောင်ပင်အိုင် ဆရာတော်ကြီး

ဝီကီပီးဒီးယား မှ

သာသနာပြုစိတ်ဓာတ် ဇွဲ လုံ့လ ဝီရိယ ထက်သန်ခြင်း၊ သီလ သမာဓိ ပညာဂုဏ်တော်တို့ကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ လေးစားကြည်ညိုခြင်းကို ခံရသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်အို်င်တောရကျောင်းတိုက် ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒောဘာသ၏ ဘဝပုံရိပ်

ညောင်ပင်အိုင် ဆရာတော်ကြီး

ညောင်ပင်အိုင် ဆရာတော်ကြီး[ပြင်ဆင်ရန်]

ကျောင်းတည်နေရာ[ပြင်ဆင်ရန်]

ငယ်ဘဝ[ပြင်ဆင်ရန်]

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ နန္ဒောဘာသ ညောင်ပင်အိုင်တောရဆရာတော်ဘုရားကြီး လောင်းလျာကို မကွေးတိုင်းရေစကြိုမြို့နယ်၊ ဖူလုံရွာ ခမည်းတော် ဦးသာဆွယ်၊ မယ်တော် ဒေါ်နှင်းတုတ် တို့က(၁၂၈၃) ခုနှစ်၊ ပြာသိုလဆန်း (၃)ရက် စနေနေ့ နံနက် (၃:ဝဝ)နာရီ အချိန်တွင် ဖွားမြင်တော်မူခဲ့သည်။ ငယ်နာမည် မောင်ထွန်းရှိန်ဖြစ်သည်။ မောင်ထွန်းရှိန် (၇)နှစ်သားအရွယ်သို့ ရောက်သောအခါ မိဘများက ဖူလုံရွာ ပတ္တပိုဏ်ကျောင်းတိုက် ဆရာတော် ဦးဥတ္တရထံ ပညာသင်ရန် အပ်နှံကြလေသည်။ သားရတနာလေး (၁၂) နှစ်အရွယ်သို့ ရောက်သောအခါ မိဘနှစ်ပါးသည် ရှင်ပြုမင်္ဂလာသဘင်ဆင်ယင်ကျင်းပ၍ ပတ္တပိုဏ်ဆရာတော် ဦးဥတ္တရကို ဥပဇ္ဈာယ် ပြုပြီးလျှင် သာသနာအမွေကို ခံယူစေသည်။ ရှင်သာမဏေ ဖြစ်သောအခါ ဘွဲ့အမည်မှာ ရှင်နန္ဒောဘာသ ဖြစ်သည်။ သာမဏေအဖြစ်သို့ ရောက်သောအခါ (၅) ဝါပတ်လုံး ပတ္တပိုဏ်ကျောင်းတိုက်၌ ဆရာတော်ဦးဥတ္တရနှင့် စာချဘုန်းတော်ကြီးများဖြစ်သော ဦးသောဘဏ၊ ဦက္ကန္ဒာစာရတို့ထံ၌ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဝိနည်းစသော ပိဋကတ်အခြေခံကျက်စာများကို သင်ကြားအားထုတ်ခဲ့လေသည်။

၁၃၀၃ခုနှစ် နယုန်လဆန်း (၁၂)ရက်၊ ကြာသပတေးနေ့တွင် ပတ္တပိုဏ်ဆရာတော် ဦးဥတ္တရကို ဥပဇ္ဈာယ်ပြုပြီးလျှင် ရေစကြိုမြို့နယ်၊ သာစည်ရွာ ရဟန်းဒါယိကာ ဦးဘအေး၊ ရဟန်းဒါယိကာမ ဒေါ်သိန်းတင် တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ပတ္တပိုဏ်တိုက် ဗဒ္ဓသိမ်၌ ဥပသမ္ပဒ မြင့်မြတ်သော ပဉ္ဇင်းဘဝသို့ ရောက်ရှိခဲ့သည်။ ရဟန်းဘဝသို့ ရောက်သောအခါ ပတ္တပိုဏ်ကျောင်းတိုက်၌ (၅) ဝါမျှနေထိုင်၍ ပိဋကတ်စာပေများသင်ကြားခဲ့သည်။ ရဟန်း (၆) ဝါအရတွင် ရေစကြိုမြို့နယ် အောက်အိုအနောက်ရွာ မဟာဇောတိကာရာမတိုက် ဆရာတော် ဦးဉာဏုတ္တရ ထံကြွရောက်၍ ကျမ်းဂန်များ သင်ကြားပြီး တစ်နှစ်ပတ်လုံး သီတင်းသုံးခဲ့သည်။ ထိုနောက် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းသို့ တဖန်ကြွချီတော်မူခဲ့ပြီး (၇) ဝါမြောက်ဝါကို ကပ်တော်မူ၍ စာပေကျမ်းဂန်များကို သင်ကြားတော်မူခဲ့သည်။

ဝါကျွတ်ချိန်တွင်ဖူလုံရွာသို့ ပြန်လည်ကြွချီတော်မူခဲ့စဉ် ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာ၊ ဓမ္မိစ္ဆာသယတောရကျောင်းမှ ဆရာတော်ဦးသုတ ကြွလာသည်။ ဆရာတော်ဦးသုတကား ဓုတင်္ဂဓရအမြဲတမ်း ဆောင်သောဆရာတော်ဖြစ်သည်။ ညောင်ပင်အိုင်ဆရာတော်လောင်းလျာဖြစ်သော ဦးနန္ဒောဘာသ သည် ရှေးကဖြည့်ခဲ့သောပါရမီ၏ နှိုးဆွမှုကြောင့် ဓုတင်္ဂဓရအမြဲဆောင်သော အကျင့်ကိုသင်ယူလိုစိတ်များ ဖြစ်ပေါ် ပြင်းပြလာမှုကြောင့် ပတ္တပိုဏ်ဆရာတော်ထံခွင့်ပန်လျှောက်ထား၍ ဓမ္မိစ္ဆာသယဆရာတော်ပြန်ကြွတော်မူသောခါ ပေါင်းဝဓမ္မိစ္ဆာသယတောရသို့ လိုက်ပါတော်မူပြီး ပဋိပတ်နှင့်ဓုတင်္ဂဓရဆောင်နည်းများကို ဆရာတော် ဦးသုတထံတွင် သင်ယူတော်မူခဲ့သည်။

ညောင်ပင်အိုင် တောရကျောင်း စတင်ဖြစ်ပေါ် လာပုံ[ပြင်ဆင်ရန်]

ပေါင်းဝရွာ ဓမ္မိစ္ဆာသယ၌ သီတင်းသုံး သင်ယူပြီးနောက် ဦးနန္ဒောဘာသသည် အာရည်ကင် ဓုတင်ဆောက်တည်၍ တောရဆောက်တည်လိုသောဆန္ဒရှိတော်မူသဖြင့် တောရနေရာရှာဖွေရာဆားလင်း ကြီးမြို့၊ ကျောက်ကုန်းရွာမှ ဦးအောင်ညွန့်က သူ့ယာမြေအနီးတွင် ရှိသောညောင်ပင်နှင့် ရေအိုင်တစ်အိုင် ရှိသောနေရာဖြစ်၍ ညောင်ပင်အိုင် ဟုခေါ်သော နေရာကို ညွန်ပြလေရာ စိတ်ငြိမ်အေးမြ အရိပ်အာဝါသ ပြည့်စုံ၍ ထိုနေရာကိုရွေးချယ်တော်မူခဲ့သည်။ မူလညောင်ပင်ကြီးမှာ ဆရာတော်ရောက်ရှိချိန်တွင် မရှိတော့ပါ။ ဆရာတော်သည် ညောင်ပင်အိုင် တောရသို့ ၁၃၁၁ခုနှစ်၊ သီတင်းကျွတ်လ တွင် ကြွရောက်သီတင်းသုံး တော်မူခဲ့သည်။

ဆရာသမားကောင်းကို ရှာဖွေခြင်း[ပြင်ဆင်ရန်]

နိဗ္ဗာန်ရရန်အတွက် ဆရာသမားကောင်း ရှာတွေ့ခြင်းသည် ရာနှုန်းပြည့် အရေးကြီးကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင်က ရှင်အာနန္ဒာကို မိန့်တော်မူခဲ့သလို ယ္ခုလည်း ဆရာတော် (၁၄) ဝါရပြီး ဝါကျွတ်ကာလတွင် နောင်တော် ဦးသုမိတ္တက ရဟန္တာဟု ထင်ပေါ်ကြားတော်မူသော ဆင်ဖြူကျွန်းအနီး စလင်းမြို့ ကန်လယ်ဆရာတော်ဘုရားထံသွားရောက်၍ နည်းနာခံယူမည် ဖြစ်ကြောင်း ပြောကြားလာ၍ ဆရာတော်လည်း အတူလိုက်ပါရန် ဆုံးဖြတ်ကြပြီး ညီနောင်နှစ်ပါး ရှင်မတောင် ဘောင်ပဲ့ရွာမှ ခြေလျင်ခရီးဖြင့် တစ်ရွာဝင် တစ်ရွာထွက် ခရီးထွက်တော်မူခဲ့သည်။

ဆန္ဒအဓိပတိက မွေးထုတ်ပေးလိုက်သော ဇွဲဝိရိယတို့နှင့် ခရီးဆက်ခဲ့ကြရာ ပခုက္ကူမြို့ မြောက်ဘက် သုဿန်တွင် တစ်ညတာမျှ တည်းခိုနားနေခဲ့ကြသည်။ ညဘက်တွင် ဆရာတော်(၂)ပါးသည် ကောင်းကင်နက္ခတ်အမြင်ကို ကြည့်၍ ခရီးစဉ် ရွေးတော်မူသည်။ နံနက်လင်းသောအခါ သီဟိုဠ်ရှင်ဘုရားသို့ သွားရောက်ဖူးမြင်ကြပြီးနောက် ညောင်ဦးမြို့သို့ ခြေလျင်ခရီးဆက်ခဲ့ကြသည်။ ညောင်ဦးရောက်ပြီး ပုဂံသဗ္ဗေညုဘုရားတွင် နားနေကြရင်း ဘုရားရှေ့ရင်ပြင်တော်တွင် လင်းနို့ချေး၊ ငှက်ချေး၊ အမှိုက်သရိုက်များစွာရှိနေခြင်းကြောင့် ဘုရားဖူးသူများ စိတ်မသက်မသာနှင့် ဖူးနေရသည်ကို မြင်ရသောကြောင့် ဆရာတော်ညီနောင်နှစ်ပါးက အမှိုက်နှင့်ချေးများကို စုပုံကာ သင်္ကန်းနှင့်ထုပ်၍ ဘုရားနှင့် ဝေးတဲ့အရပ်မှာ သွားပစ်ပြီး ဆရာတော်သည် သဗ္ဗေညုဘုရားတွင် ဤသို့ ဆုတောင်းခဲ့သည်။ " ငါသည် ဤဘုရားမှ အမှိုက်များ ရှင်းလင်းသန့်စင်ပေးသောအကျိုးအားကြောင့် ငါ၏ကိုယ်တွင်းမှာရှိသော ကိလေသာအညစ် အကြေးများကို အမှိုက်များရှင်းသွားသလို ရှင်းလင်းဖယ်ရှား နိုင်ရပါစေသား"။ ထိုသို့ ဆုတောင်းပြီး နားနေစဉ် လူအများ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်ကို တွေ့ရသောကြောင့် ဒကာတစ်ဦးကို မေးကြည့်ရာ " ဘုရားပေါ်မှာ ရဟန္တာတစ်ပါး ကြွလာလို့ သွားဖူးကြတာ " ဟု ဖြေပေးသောကြောင့် ညောင်ပင်အိုင်ဆရာတော်က နိမိတ်ကောင်းတော့ ပြနေပြီဟု ကောက်ယူလိုက်ပါသည်။ ထိုစဉ်ကကြွလာသော ရဟန္တာတစ်ပါးဆိုသူမှာ စွန်းလွန်းဆရာတော်ကြီး ဖြစ်သည်။
ပုဂံမြို့တွင် အအေးဆိုင်တစ်ဆိုင်မှ ကူညီ၍ ကားကြုံဖြင့် ထည့်ပေးလိုက်ရာ ညနေအချိန်တွင် ချောက်မြို့သို့ ရောက်ရှိကြသည်။ တည်းခိုရန် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ဝင်ကာကျောင်းထိုင်ဘုန်းကြီးအား တစ်ညတာတည်းခိုခွင့်ပေးရန် လျှောက်ထားကြရာ သူစိမ်းဖြစ်နေသည်ကတစ်ကြောင်း၊ မည်သူမည်ဝါ မသိသည်က တစ်ကြောင်းတို့ကြောင့်တည်းခိုခွင့်မရသောကြောင့် ဆရာတော်နှစ်ပါးမှာ ချောက်မြို့ဆိပ်ကမ်းရှိ ဆိပ်ခံဗောပေါ်မှာပင် တစ်ညတာကျိန်းစက်ခဲ့ကြရသည်။ နောက်နေ့မနက် ခရီးဆက်ကြရာ ဆွမ်းခံချိန်၌ စလေမြို့သို့ရောက်လေရာ ဆွမ်းခံခြင်း၊ ဆွမ်းဘုဉ်းခြင်းတို့ပြုပြီး ကူတို့မော်တော်ဖြင့် ဆင်ဖြူကျွန်းသို့ လိုက်ကြပြန်ရာ ဆင်ဖြူကျွန်းသို့ ညနေစောင်းအချိန်မှာ ရောက်ရှိကြသည်။ ဆင်ဖြူကျွန်း သရက်ပင်ကျောင်းတွင်တစ်ညတာတည်းခိုကြပြီး နောက်တစ်နေ့၌ ဆင်ဖြူကျွန်းမှ စလင်းမြို့သို့ဆွမ်းစားချိန်တွင် ရောက်ရှိကြရာ ဆရာတော်တို့မှာ ဆွမ်းခံဆွမ်းဘုဉ်း ခြင်းတို့ပြုနေလျှင် ကန်လယ်ဆရာတော်ကြီးကို ထိုနေ့တွင်ဖူးခွင့် (ကန်လယ်ဆရာတော်ကြီးသည် ဆွမ်းဘုဉ်းပြီးနောက်ပိုင်း မည်သူ့ကိုမျှ ဖူးခွင့်မပြုသည့် စည်းကမ်းရှိနေသည်) မရနိုင်တော့သဖြင့် ညောင်ပင်အိုင်ဆရာတော်တို့ ညီနောင်နှစ်ပါးတို့သည် ကန်လယ်ဆရာတော်ကြီးကို အရင်ဆုံးဦးတိုက်ဖူးမြော်ရန် ဆုံးဖြတ်ကြပြီး ကန်လယ်ဆရာတော်သီတင်းသုံးရာ စလင်းမြို့၏အနောက်မြောက် ယွန်းယွန်းတွင်တည်ရှိပြီး (၁.၇) စတုရန်းမိုင်ကျယ်ဝန်းသော ဝက်သည်းကန်သို့ ကြွချီခဲ့ကြသည်။
ကန်လယ်ဆရာတော် သီတင်းသုံးသော ကန်လယ်တောရကျောင်းသည် ထိုရေကန်၏ အလယ်တွင်ပေါ်နေသော ကျွန်းကလေးပေါ်တွင်တည်ရှိသော ရှင်ပင်သိင်္ဂေတာ စေတီတော်မြတ်ကြီး၏ ဘေးနားတွင် ကျောင်းဆောက်၍ သီတင်းသုံးနေခြင်းဖြစ်သည်။ ကျွန်းပေါ်သို့ စည်းကမ်းမရှိ ဝင်ထွက်သွားလာခြင်း မပြုလုပ်နိုင်ရန် ကျွန်းပတ်ပတ်လည်တွင် ဝါးများကို ထရံဖြင့်ကာ၍ ဝင်ပေါက်တစ်ပေါက်သာရှိသော တောရကျောင်းအဖြစ် ဆောက်တည်နေခြင်းဖြစ်သည်။ ညောင်ပင်အိုင်ဆရာတော်တို့သည် ရေကန်အစပ်တွင် တည်ရှိသော ရှင်ပင်ရွှေမုဌောဘုရား အရောက်တွင် ဆွမ်းခံပြန်လာသော ကိုယ်ရင်လေးက ကန်လယ်ကျောင်းသို့ ကြွလျှင် လိုက်ခဲ့ပါဆိုသောကြောင့် သုံးယောက်သာစီး၍ ရသော လောင်းလှေဖြင့် လိုက်သွားခဲ့ကြသည်။

ညောင်ပင်အိုင်ဆရာတော်တို့ ကန်လယ်ကျွန်းပေါ်သို့ ရောက်သောအခါ ကန်လယ်ဆရာတော်ကြီး၏ တပည့်များက အာဂန္တုနှစ်ပါးစာ ဆွမ်းပွဲပြင်၍ စောင့်နေကြသည်ကို တွေ့ရပြီး "အရှင်ဘုရားတို့ ဆွမ်းမဘုဉ်းရသေးရင် ဆွမ်းဘုဉ်းပေးပြီးမှ ဆရာတော်ကြီးကိုဖူးဖို့ ဆရာတော်ကြီးမှာထားကြောင်း" ပြောပြ ကြသည်။ အမှန်မှာ ကန်လယ်ဆရာတော်ကြီးက တပည့်များကို အာဂန္တုနှစ်ပါးစာ ဆွမ်းပွဲပြင်ခိုင်းထားခြင်းဖြစ်သည်။ နောင်သောအခါတွင် ညောင်ပင်အိုင်ဆရာတော်ကြီးက " ကန်လယ်ဆရာတော်ကြီးက ကြယ်မြင် လမြင် ပုဂ္ဂိုလ်ကြီးဆိုတော့ ဘုန်းကြီးတို့က တကယ်လုပ်မယ့်သူတွေ ဆိုတာသိလို့ ဆွမ်းပွဲပြင်ပြီး ကြိုခဲ့တာ" ဟုမိန့်ဆိုခဲ့သည်။

ညောင်ပင်အိုင်ဆရာတော်တို့ ဆွမ်းဘုဉ်းပေးပြီး ကန်လယ်ဆရာတော်ကိုဝင်ရောက်ဖူးမြော်ရာ ကန်လယ်ဆရာတော်ကြီးက ဒီကျောင်းက ဘုန်းကြီးတစ်ပါးတည်း နေတာဖြစ်ခြင်းကြောင့် တရားအားထုတ်ကြမယ်ဆိုရင် ရေကန်စပ်တွင်ရှိသော ကန်ချောင်ရှိကျောင်းများတွင် သီတင်းသုံးကြပြီးမသိတာ မေးစရာရှိရင် ဘုန်းကြီးဆီ လာမေးကြရန် မိန့်လိုက်သောကြောင့် ညောင်ပင်အိုင်ဆရာတော်တို့ ညီနောင်နှစ်ပါးတို့သည် ကန်လယ်ကျောင်း၏ အနောက်ဘက်တည့်တည့် ကန်စပ်တွင် တည်ရှိသော "ပြည်တော်ဦး" ဘုရားအနီးရှိ ကန်ချောင်အရပ်တွင် ဆောက်လုပ်ပြီးနှင့်သော အုတ်ကျောင်းတွင် ညီနောင်နှစ်ပါး သီတင်းသုံးကြပြီး ဆွမ်းကို စလင်းမြို့ပေါ်တွင် ခံယူကြပြီး နေ့ခင်းပိုင်းတွင် "ခံတပ်လှိုင်ဂူ" တွင် တရားအားထုတ်ခြင်းအမှုတို့ ပြုကြပြီး မသိမေးမြန်းရန် ရှိပါက ညနေစောင်းအချိန်လောက်တွင် လောင်းလှေဖြင့် လှော်၍ ကန်လယ်ဆရာတော်ထံ ကြွရောက်မေးမြန်းပြီး ဆက်လက်အားထုတ်ခဲ့ကြသည်။ ဤသို့ တရားအားထုတ်နေရင်း နောင်တော် ဦးသုမိတ္တမှာ နာမကျန်းဖြစ်၍ ဖူလုံရွာသို့ပြန်လည်ကြွတော်မူခဲ့သော်လည်း ညောင်ပင်အိုင်ဆရာတော်မှာ တစ်ပါးတည်း ကန်ချောင်တွင်ဆက်လက်တရားအားထုတ်ခဲ့ရာ (၃) လခန့်အကြာတွင် ညောင်ပင်အိုင် ဆရာတော်ဘုရားကြီးသည် မိမိအလိုရှိသော တရားများ ပြည့်ပြည့်ဝဝ ရရှိပြီးနောက်(၁၃၁၇)ခုနှစ် ဆရာတော်ဘုရားကြီး (၁၅)ဝါအရောက်တွင် ညောင်ပင်အိုင်တောရကျောင်းသို့ ပြန်လည်ကြွချီ သီတင်းသုံးတော်မူခဲ့သည်။ ညောင်ပင်အိုင်ဆရာတော်ဘုရားကြီးသည် ညောင်ပင်အိုင်တောရကျောင်းသို့ ဒုတိယအကြိမ် ပြန်လည်ကြွချီ သီတင်းသုံးခဲ့သော ကျောင်း၏ပုံစံမှာ မကျီးပင်ကြီး အောက်တွင် ထန်းလက်အမိုးလေးတစ်ခု၊ ဘေးအကာ မပါသော (တစ်ဘက်ရပ်တဲ) တဲအောက်တွင် အမှီပါသော ခုံတန်းလျား အဟောင်းတစ်ခုနှင့် တန်လျားရှေ့တွင် စားပွဲအိုကြီး တစ်လုံးသာ ရှိသည်။ တန်လျား၏ အစွန်တဖက်တွင် နှုတ်ခမ်းပဲ့နေသော သောက်ရေအိုးလေးတစ်လုံးရှိသည်။ ကျောင်းမှာ ကမူကုန်းလေးပေါ်တွင် တည်ရှိ၍ ကမူကုန်းလေးအောက်နားတွင် ရေနွေးကျိုရန် နှုတ်ခမ်းကျိုးနေသော မြေကရားအိုလေးတစ်လုံးနှင့် တောရဆောက်တည်ခဲ့သည်။

ထိုသို့ တောရဆောက်တည်ခြင်းအကျင့်သည် ဓူတင်(၁၃) ပါး ဆောက်တည်ရာတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ဆွမ်းခံစားခြင်း၊ ဆွမ်းကို ရောမွေ၍စားခြင်း တစ်နေရာတည်း၌ တစ်နေ့တစ်နပ်တည်း တစ်ခွက်တည်းသော သပိတ် (သို့) ခွက်ကိုသုံး၍ ဆွမ်းဘုဉ်းပေးခြင်း၊ ဆွမ်းခံရာတွင် အိမ်စဉ်မပြတ် ဆွမ်းရပ်ခြင်း၊ သစ်ပင်ရင်း၌နေခြင်း၊ လှဲလျောင်း၍ အိပ်စက်သောအကျင့်ကို အနှစ် (၄၀) ကျော် ပယ်ရှား၍ အားထုတ်တော်မူခဲ့သည်။ ဆရာတော် ကျိန်းစက်သော ပုံစံမှာ ခုံတန်းလျားပေါ်တွင် ထိုင်၍ ရှေ့စားပွဲပေါ် တွင်လက်ပိုက်ပြီးတင်ကာ ထိုလက်ပေါ်တွင် ခေါင်းကိုမှီ၍ ကျိန်းစက်ပါသည်။ ဆရာတော်သည် ရေချိုးခြင်းအမှုကို ပယ်ရှားလိုက်ပြီး ဝတ်ထားသောသင်္ကန်းကို ဝတ်လို့ ရသည်အထိ ဝတ်ရုံတော်မူခဲ့သည်။ ဆရာတော်ကြီး အားထုတ်တော်မူခဲ့သော ဓူတင်များကို အမြင့်ဆုံးအမြတ်ဆုံး ဖြစ်အောင် သိုသိုဝှက်ဝှက် အားထုတ်ခဲ့သည်။ ထိုသို့ အားထုတ်တော်မူစဉ်လည်း အနှောက်အယှက်များအား သီးခံတော်မူ၍ အားထုတ်ခဲ့သည်။ ဥပမာအားဖြင့် ပြောရလျှင် ဆရာတော်သည် ကျောင်းကုန်ရွာသို့ ဆွမ်းခံကြွစဉ် ဆရာတော်၏ ခေါင်းရိတ် သင်တုန်းဓား၊ ဓားသွေးသည့် ကျောက်သင်ပုန်း အကွဲလေးတို့ကို ယူဆော့ခြင်း၊ ဖွတ်ထားခြင်း၊ နေရောင်ကာထားသော သင်္ကန်းအဟောင်းပိုင်းစများကို ယူဆောင်သွားခြင်း၊ ဆရာတော်သည် သင်္ကန်းကို ခေါင်းပါခြုံ၍ တရားကျင့်နေစဉ် ဖိနပ်ကို ယူဆောင်သွားခြင်း တို့ကြုံတွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ဆရာတော်မှာ ဆွမ်းခံကြွလျှင်လည်း ဖိနပ်မပါဘဲ တစ်မိုင်ကျော် ကျောက်ကုန်းလမ်းတွင် လျှောက်ရတာများတော့ ဆရာတော်၏ ခြေဖဝါးများမှာ အသားမာထုကြီး တည်နေပါသည်။ ဆရာတော်သည် ဆံရှည်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးရှည်နှင့် ဆွမ်းခံကြွကြွလာတာမြင်လို့ ရွာသားများက ဤသို့ အရှည်ထားခြင်းမှာ မသင့်လျှော်ကြောင်း လျှောက်ကြသောလည်း ဆရာက ဘာမျှမပြောဘဲ ဆိတ်ဆိတ်နေခဲ့သည်။ ရွာသားများကလည်း မင်္သကာ၍ ဆရာတော်ကျောင်းသို့ လိုက်လာကြည့်တော့မှ ခေါင်းရိတ်ဓား, ဓားသွေးကျောက်သင်ပုန်း အကွဲလေး၊ ဖိနပ်ပါမကျန်ဘာမှ မရှိတော့တာ သိရမှ ရွာသားများက နွားကျောင်းသား၊ ဆိတ်ကျောင်းသား၊ ထင်းခွေသူ၊ တောလိုက်သူများကို ခေါ်ယူသတိပေး၍ ဆရာတော်ကြီးကို မနှောက်ယှက်ကြရန် တားယူရသည်အထိ ဖြစ်ခဲ့ရသည်။ ထိုနောက်ပိုင်းတွင် ဆရာတော်ကြီးသည် ကျောင်းအနီးတွင်ရှိသော ကျောက်လှိုဏ်ဂူတွင်သာ စကားမပြောသော အကျင့်ကိုဆောင်၍ သီတင်းသုံးနေတော့သည်။ (၁၁) နှစ်ကြာပြီးမှကျောင်းသို့ ပြန်ကြွချီကာ စကားပြန်လည်ပြောဆိုတော့သည်။ မူလက စကားနည်းသော ဆရာတော်သည် စကားပြန်လည် ပြောသော်လည်း ပို၍ စကားနည်းသွားသည်။ လိုရင်းကိုဘဲ မိန့်တတ်သည်။ ထို့ကြောင့် တပည့်များက ဆရာတော်မိန့်ဆိုတာကို ပြန်၍အကျယ်ချဲ့ကာ ဆရာတော် ဘာကိုဆိုသည်ကို ပြန်၍ကောက်ကြရသည့်အခါက ပို၍များသည်။

ဆရာတော်သည် ကျောင်းကုန်းရွာသို့ ဆွမ်းခံအမြဲ ကြွနေရာ တစ်နေ့တွင် ဆရာတော်ဆွမ်းခံကြွလာရင်း ခြေသလုံးတွင် ဆူးခြစ်မိ၍ အနာဖြစ်နေသည်ကို ရွာသားအချို့က သတိထားမိကြပြီးနောက်နေ့များတွင် ဆရာတော် လမ်းလျှောက်ရာတွင် အနည်းငယ်ထော့နင်း ဖြစ်နေသည်ကို အချို့ရွာသားများ ရိပ်မိကြပြီး ဆရာတော်က ဘာမှမပြော၍ နေလိုက်ကြရာ ဆရာတော် ဆွမ်းခံမကြွတာသုံးရက်ရှိမှရွာသားများ လိုက်သွားကြသည်။ ကျောင်းသို့ရောက်သောလည်း ဆရာတော်မှာ ခုန်တန်းလျား ပေါ်တွင် ထိုင်နေသည်ကို မြင်၍ ရွာသားများက " ဆရာတော် ဆွမ်းခံမကြွတာ သုံးရက်ရှိသွားပြီမို့ နေကောင်းရဲ့လား လာကြည့်တာပါဘုရား " ဟုလျှောက်သောလည်း ဆရာတော်က ဘာမှပြန်မမိန့်ဘဲ နေနေသည်။ "ဆရာတော် ဆူးခြစ်တဲ့အနာက ကောင်းသွားပြီလား" မေးသော်လည်း ဆိတ်ဆိတ်နေပြန်ရာ ရွာသားများက ဆူးခြစ်အနာကို ဖုန်းထားသောသင်္ကန်းကို လှန်ပြီးကြည့်တော့မှ ဆရာတော် ခြေသလုံးတွင် အထက်အောက် (၅) လက္မခန့်နှင့် ဘေးတိုက် ( ၂)လက္မခန့် ရှိသော အနာပြင်ပေါ်တွင် လောက်၊ ပိုးကောင်များ တက်နေသည်ကို တွေ့လိုက်ရမှ ရွာသားများက နွားလှည်းပြန်ယူကြပြီး ဆရာတော်မှာ လမ်းပင်မလျှောက်နိုင်တော့သဖြင့် လှည်းဖြင့်ပင့်ကာ ဆားလင်းကြီးမြို့ ပြည်သူ့ဆေးရုံတွင် ကုသပေးခဲ့ကြရသည်။ ဆရာတော်၏ ခြေသလုံးတွင် အမာရွတ်အကွက်ကြီးကျန်နေခဲ့သည်။

ပေါင်းဝရွာသား ဦးခင်မောင်သည် ညောင်ပင်အိုင်ဆရာတော်ကြီး၏ တပည့်တစ်ဦး ဖြစ်သည်။ ဆရာတော်ကြီးက သူ့ဆရာမှာ ကန်လယ်ဆရာတော်ကြီး ဖြစ်ကြောင်း မိန့်ဖူးသောကြောင့်ဆင်ဖြူကျွန်းသို့ ရောက်ခိုက် ကန်လယ်ဆရာတော်ကြီးကို သွားရောက်ဖူးမြော်ရာ ကန်လယ်ဆရာတော်ကြီးက " ကိုယ့်နားမှာ ဘုရားငုတ်တိုကြီး ရှိနေရက်နဲ့ ဘာလို့ဒီထိအောင် လာဖူးရတာလဲ၊ ဘုရားငုတ်တိုကြီးကို စောင့်ရှောက်လိုက် ကြ " ဟု မိန့်မှာကြားခဲ့သည်။ ပေါင်းဝသားဦးခင်မောင်၊ မုံရွာသား ဦးဘိုခင်တို့သည် ဆရာတော်ကြီး တစ်ဘက်ရပ်တဲနှင့် သီတင်းသုံးနေစဉ်ကပင် ဆရာတော်ကြီး၏ တပည့်များဖြစ်နေခဲ့သည်။ ထို့ကြောင့်သူတို့မေးကြည့်ခဲ့ရာ သူတို့သည် ဆရာတော်ကြီးကို မကြာခဏ ဆွမ်းချိုင့်ပို့ လှူနေကြဖြစ်ကြ၍ ထိုအချိန်ဆရာတော်ကြီးမှာ ဖိနပ်ပြန်စီးပြီလား ဟုမေးမြန်းရာ သူတို့နှစ်ဦးလုံး စဉ်းစားပြီးဖြေတဲ့ အဖြေက" အဲ့ဒီ အချိန်က ဆရာတော်ကြီး ဖိနပ်မစီးသေးဘူးကွ၊ ဟုတ်ပကွာ ငါတို့ ဘာ့ကြောင့် ဒီဖိနပ်လေးတစ်ရံကို လှူဖို့မေ့ခဲ့ကြလည်း မသိဘူး " ဟု အဖြေတူနေသည်ကို တွေ့ရှိခဲ့ရသည်။ ညောင်ပင်အိုင်ဆရာတော်ကြီး သီတင်းသုံးနေထိုင်သော ကျောင်းမှာ (၉)ပေပတ်လည်သစ်သားကျောင်းလေးဖြစ်သည်။ ထိုကျောင်း၏ အရှေ့ပေ(၅၀) ဝန်းကျင်အကွာလောက်တွင် အုတ်ဖြင့် ဆောက်လုပ်ထားသော ရေအိုးလေးလုံးဆန့်သည့် ရေအိုးစင်ကြီးကို မုံရွာမှ ဦးဘိုခင် ဒေါ်စိန်စိန်တို့က လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့် ဦးဘိုခင်တို့ကို မည်သို့မည်ပုံ ဤရေအိုးစင်ကို ဆောက်လုပ်လှူဒါန်းဖြစ်ပုံကို မေးကြည့်ခဲ့ရာ ဦးဘိုခင်တို့က လှူချင်စိတ်ပေါ်လာလို့ ဆရာတော်ကိုလျှောက်ပြီး ဆောက်လုပ်လှူဒါန်းဖြစ်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောက်လုပ် လှူဒါန်းချိန်တွင် ဆရာတော်ကြီးမှာ သစ်သားကျောင်းနှင့် သီတင်းသုံးနေပြီလား ဟုမေးလိုက်ရာ ဦးဘိုခင်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြန်ဖြေလိုက်ပုံက " အဲ့ဒီ အချိန်တုန်းက ဆရာတော်ကြီးက တစ်ဘက်ရပ်တဲနဲ့ သတင်းသုံးနေတုန်းဘဲ၊ ဟုတ်တယ် တို့များက ဘာလို့ ဆရာတော်ကြီး နေဖို့ ကျောင်းလှူမည့်စိတ် မပေါ်ခဲ့တာလဲ မသိဘူး " ဟု အံ့ဩရင်း ဖြေပေးခဲ့သည်။ အမှန်မှာ ဆရာတော်ကြီးက အဓိဋ္ဌာန် ပြု၍ တည်ဖြစ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ဆရာတော်ကြီးသည် နေ့စဉ် နံနက်အာရုံဆွမ်းဘုဉ်းပြီး စင်္ကြန်လျှောက်ရန် ကျောင်းမှထွက်လာတိုင်း ထိုရေအိုးစင်သို့ ကြွ၍ ရေအိုးစင်၏အခြေတွင် အောင်မြေနင်းသကဲ့သို့ ခြေဆုံရပ်ပြီးမှ စင်္ကြန်ကြွတော်မူပြီး ပြန်လာလျှင်လည်း ထိုအောင်မြေနေရာမှာပင် ခြေဆုံရပ်ပြီး မှ ကျောင်းပေါ်သို့ ပြန်ကြွတော်မူသည်။

သာသနာပြုလုပ်ငန်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် ရန်အောင်မြင်ဘုရားအား ရွှေထီးတော် တင်လှူပူဇော်ခြင်း၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဗောဓိတစ်ထောင်ဆရာတော် ဘဒ္ဒန္တနာရဒ ကိုးကွယ်သော အောင်စကြာစေတီတော် တည်ထားရာ၌ ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ညောင်ပင်အိုင်တောရ၌ ဘုရားစေတီများတည်ထားကိုးကွယ်ခဲ့ခြင်း၊ လူမျိုးခြား ဘာသာခြားများစွာတို့အား ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာစေရန် တရားဟောပြသပြီး သရဏဂုံတည်သော ဗုဒ္ဓဘာသာဝင်များအဖြစ် ပြောင်းလဲပေးခဲ့ခြင်းစသော သာသနာပြုလုပ်ငန်းများစွာတို့ကို ဆောင်ရွက်ခဲ့ပြီး သာသနာပြုစိတ်ဓာတ် ဇွဲ လုံ့လ ဝီရိယ ထက်သန်ခြင်း၊ သီလ သမာဓိ ပညာဂုဏ်တော်တို့ကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ လေးစားကြည်ညိုခြင်းကို ခံရပါသည်။ ဗုဒ္ဓသာသနဝုဍ္ဎိကရဂုဏ်၊ ဗုဒ္ဓသာသနဟိတဓရဂုဏ်၊ ဗုဒ္ဓသာသနာနုရက္ခိတဂုဏ်၊ မဟာထေရဂုဏ်၊ သီလ သမာဓိ ပညာဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော ဆရာတော်ကို နိုင်ငံတော်အစိုးရက ကြော်ငြာစာအမှတ် ၁/၁၉၉၆ ဖြင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်လှူဒါန်းပူဇော်ကိုးကွယ်ခဲ့သည်။

ဘဝနတ်ထံ ပြန်လွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် သက်တော်(၈၂)နှစ်၊ ဝါတော်(၆၃)ဝါအရ ၁၃၆၅-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၀)ရက်၊ တနင်္လာနေ့၊ နံနက်(၀၄း၃၅)အချိန်တွင် ပျံလွန်တော်မူခဲ့သည်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို စေတီတော်တည်ထားက်ုးကွယ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]