ဇွေ့ငှက်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဇွေ့ငှက် သည် 'တင်မလိုင်းအီဒီး' မျိုးရင်းတွင် ပါဝင်၏။ ပါဏဗေဒအမည်မှာ 'တာဒွိုက်ဒီ ဂူလာရစ်' ဖြစ်သည်။ ဇွေ့ငှက် သည် ၁ဝ လက်မခန့်ရှိ၍၊ အမြီးတစ်ခုတည်းကပင် ၅ ၁/၂ လက်မရှည်သည်။ အမွှေးအတောင်များသည် သေသပ်ခြင်း မရှိချေ။ လည်တံနှင့် ရင်အုပ်တို့သည် ဖြူ၏။ အခြားအစိတ် အပိုင်းတို့၏ အရောင်မှာ ညိုသည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့ရွာများတွင် တွေ့နေကျ ငှက်မျိုးဖြစ်သည်။ ဇွေ့ငှက်သည် ၆ ကောင်မှ ၇ ကောင်ထိ စုဝေးကာသွားလာနေထိုင်တတ်သဖြင့် 'ညီအမခုနစ်ဖေါ်'ဟုလည်း တင်စားခေါ်လေ့ ရှိကြသည်။

ထိုငှက်သည် အမြဲဆူညံတတ်၏။ ချစ်-ချစ် ဟု မြည်သံ ပြုပြီးနောက်၊ တုန်သံတစ်မျိုးကိုပြုတတ်သည်။ ထို့အပြင်ပျံသန်းနေ စဉ် ထူးဆန်းကျယ်လောင်သော တုန်သံတစ်မျိုးကို ပြုလုပ်တတ် သည်။ ထိုငှက်သည် အအုပ်အသင်းဖွဲ့ကာ ကျက်စားတတ်၏။ အမြီးကို မြှောက်တုံ ချတုံပြုလုပ်၍၊ ခုန်ဆွခုန်ဆွသွားကာ၊ အစာကို လိုက်လံရှာဖွေသည်၊ ပျံသန်းသည့်အခါ တစ်ရှိန်ထိုးပျံ တက်ပြီးလျှင် အမြီးကို ယပ်တောင်သဖွယ် ဖြန့်ထားတတ်သည်။

ထိုငှက်သည် လမ်းနံဘေး၌၎င်း၊ ဥယျာဉ်များ၊ ခြံများ အတွင်း၌၎င်း သစ်ရွက်ခြောက်များကို လှန်လှော်၍ ပိုးမွှားများ ကို ရှာဖွေစားသောက်တတ်သဖြင့် စိုက်ပျိုး ရေးသမားများအတွက် အလွန်အသုံးဝင်သော ငှက်ဖြစ်လေသည်။ ထို့ကြောင့် ထိုငှက် များကို မောင်းနှင်မပစ်ဘဲ၊ မိမိတို့အနီးအပါး၌နေစေရန် ဆောင် ရွက်ပေးသင့်ပေသည်။

ဇွေ့ငှက်၏သားပေါက်ချိန်မှာ ဧပြီလမှ ဇါန်လအလယ်အထိ ဖြစ်သည်။ အသိုက်များကို ချုံဖုတ်ခပ်နိမ့်နိမ့် သို့မဟုတ် ကျူ တော၊ ကိုင်းတော၊ မြက်ဖုတ်များထဲတွင် မြက်၊ ကျူရွက်၊ ကိုင်းရွက်များဖြင့် ဖြစ်ကတတ်ဆန်း လုပ်တတ်သည်။ များသော အားဖြင့် တမြုံလျှင် ၃ ဥမှ ၄ ဥထိရှိသည်။ ဥခွံများမှာ ပြာလဲ့ ချောမွှတ်သည်။ ဇွေ့ ငှက်ကို မြန်မာနိုင်ငံ၌သာ တွေ့ရသည်။ ဇွေ့ငှက်ကို စွေ့ငှက်ဟူ၍လည်း ရေးထုံးရှိ၏။ စင်စစ် ဇွေ့ငှက်ဟုရေးသည်မှာ စွေ့ငှက် အသံထွက်အတိုင်း ရေးခြင်းမျှ သာဖြစ်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)