ဆရာဝန်တင်ရွှေ

ဝီကီပီးဒီးယား မှ
ဆရာဝန်တင်ရွှေ
မွေးဖွားတင်ရွှေ
(1936-08-13)ဩဂုတ် ၁၃၊ ၁၉၃၆
မော်လမြိုင်မြို့
ကွယ်လွန်ဒီဇင်ဘာ ၂၈၊ ၂၀၀၀(2000-12-28) (အသက် ၆၄)
အလုပ်အကိုင်ဆရာဝန်၊ စာရေးဆရာ
အိမ်ထောင်ဖက်(များ)ဒေါ်အေးသန့်
သားသမီး
မိဘ(များ)ဦးပါ၊ ဒေါ်ရှင်ရှင်

ဒေါက်တာတင်ရွှေ (ကလောင်အမည် ဆရာဝန်တင်ရွှေ)သည် အနာကြီးရောဂါနှင့် အပူပိုင်းဆေးပညာ အထူးကု မြန်မာဆရာဝန်တစ်ဦးဖြစ်ပြီး စာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ၎င်းကို ၁၉၃၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် အဖ ဦးပါ အမိ ဒေါ်ရှင်ရှင်တို့က မော်လမြိုင်မြို့၌ မွေးဖွားခဲ့သည်။[၁]

ပညာရေး[ပြင်ဆင်ရန်]

ငယ်စဉ်က မော်လမြိုင်မြို့၊ စိန်ု့ပက်ထရစ်ကျောင်း၊ မော်လမြိုင် ဥပစာကောလိပ် တို့တွင်ပညာသင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန် ဆေးတက္ဗသိုလ် (၁)၊ လန်ဒန် တက္ကသိုလ်၊ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပကင်း တက္ကသိုလ်တို့တွင် အထက်တန်း ပညာများကို သင်ကြားခဲ့ရသည်။ ၁၉၆၀ ခုနှစ်တွင် ဆေးကောလိပ်၊ ရန်ကုန်မှ ဆေးပညာဘွဲ့၊ ၁၉၆၈ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ ဒီပလိုမာဘွဲ့ (DPTM) နှင့် လန်ဒန်တက္ကသိုလ် School of Hygiene & Tropical Medicine မှ Diploma in Clinical Medicine of Tropics (DCMT) ဘွဲ့၊ ၁၉၇၂ ခုနှစ်တွင် လန်ဒန်တက္ကသိုလ် School of Hygiene & Tropical Medicine မှပင် PhD ဘွဲ့ နှင့် ၁၉၉၆ ခုနှစ်တွင် Royal College of Physicians, Edinburgh မှ FRCP ဘွဲ့များ ရရှိခဲ့သည်။ ထို့ပြင် FACTM (Australia) နှင့် DLSHTM ဘွဲ့များလည်း ချီးမြှင့်ခံရသည်။[၁]

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

  • မြို့နယ်ကျန်းမာရေးအရာရှိ၊ ထီးလင်းမြို့နယ် ၁၉၆၄-၁၉၆၆
  • လက်ထောက်ဆရာဝန်၊ အနာကြီးရောဂါဆေးရုံ၊ မန္တလေးမြို့ ၁၉၆၆-၁၉၆၇
  • လက်ထောက်ဆရာဝန်၊ အနာကြီးရောဂါဆေးရုံ၊ ထောက်ကြံ့၊ မင်္ဂလာဒုံမြို့နယ် ၁၉၆၇-၁၉၇၄
  • စီမံခန့်ခွဲရေးဆရာဝန်၊ အနာကြီးရောဂါဆေးရုံ၊ ထောက်ကြံ့၊ မင်္ဂလာဒုံမြို့နယ် ၁၉၇၄-၁၉၇၉
  • အဖွဲ့ခေါင်းဆောင်၊​ အနာကြီးရောဂါထိန်းချုပ်ရေး၊ ကျိုင်းတုံမြို့နယ် ၁၉၇၉-၁၉၈၄
  • သုတေသနအရာရှိ၊ ကုသရေးသုတေသနဌာန (ငှက်ဖျား) ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန် ၁၉၈၄-၁၉၈၈
  • ဌာနမှူး၊ ကုသရေးသုတေသနဌာန (ငှက်ဖျား) ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန် ၁၉၈၉-၁၉၉၁
  • သုတေသနပညာရှင်နှင့် ဌာနမှူး၊ ကုသရေးသုတေသနဌာန (ငှက်ဖျား) ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန် ၁၉၉၂[၁]

အသက် ၆၀ နှစ် ပြည့်သည့်အချိန်တွင် အငြိမ်းစားယူခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိထားသော ငှက်ဖျားသုတေသနရန်ပုံငွေဖြင့် သုတေသနလုပ်ငန်းများကို ဆေးသုတေသနဦးစီးဌာနတွင် ၁၉၉၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။[၁]

ဆေးတက္ကသိုလ် (၂) တွင် ၁ဝ နှစ်ကျော် အကျိုးဆောင် ကထိက တာဝန်များကို ထမ်းဆောင်ခဲ့ပြီး မဟာသိပ္ပံ သင်တန်းသား ၁၂ ဦး၊ ပါရဂူဘွဲ့ ကျောင်းသား နှစ်ဦးတို့၏ သုတေသန စာတမ်းကြီးကြပ်သူ အဖြစ် ဆောင်ရွက်ခဲ့သည်။


စာပေခရီး[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်တွင် အနုပညာ စာပေဆိုင်ရာ စာပဒေသာ (ပထမ) ဆုနှင့် ၁၉၉၄ ခုနှစ်၌ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ကျမ်းစာပေ အတွက် နှစ်သိမ့်ဆု ချီးမြှင့် ခံရသည်။ ၁၉၉၆ ခုနှစ်၊ ဆေးသုတေသန စာတမ်း ဖတ်ပွဲတွင် အကောင်းဆုံး ပိုစတာဆု၊ ဝန်ထမ်းကောင်း ဆုများကိုလည်း ချီးမြှင့် ခံရသည်။ လစဉ်ထုတ် မဂ္ဂဇင်းများတွင် ဆေးပညာပေး ဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။ ဆေးပညာ သုတေသန စာတမ်း ၁၈၂ စောင်ကို ပြည်တွင်း အတွက် သာမက၊ ပြည်ပသို့ပါ ရေးသား တင်သွင်းခဲ့သည်။ ဆရာ၏ 'သူရဲခြောက်သော အိမ်ကြီး'၊ 'လူနာအမှတ်'၊ 'ယောနယ်၌ ပြုစားခံရခြင်း' နှင့် 'ဆေးပညာ အထွေထွေ'ဟူသည့် ဆောင်းပါး သုံးပုဒ်ကို ကျောင်းသုံး အဖြစ် ပြဋ္ဌာန်း ခဲ့ရသည်။ ဆရာဝန် တင်ရွှေ ရေးသား ထုတ်ဝေခဲ့သော စာအုပ်များသည် အကျိုးအမြတ် ရရှိသော စာအုပ်များလည်း ရှိသည်။ သို့သော် ဆရာဝန် အချိန်ပြည့် မရှိနိုင်သော ဒေသများတွင် 'စာတအုပ် ဖတ်ရှု နားလည်က ရောဂါ သက်သာနိုင်ပါစေ' ဟူသော စေတနာ ရည်ရွယ်ချက်ဖြင့် အကျိုးအမြတ် မရရှိနိုင်မှန်း သိသော်လည်း ထုတ်ဝေခဲ့သော စာအုပ်များလည်း ရှိသည်။ အချို့ စာအုပ်များသည် ဝန်ထမ်းများ အသုံးပြုနိုင်ရန် သက်ဆိုင်သော ဌာနများသို့ လှူဒါန်း ခဲ့သည်တို့လည်း ရှိသည်။ ဥပမာ၊ ငှက်ဖျားရောဂါနှင့် အနာကြီးရောဂါ စာအုပ်များ ဖြစ်သည်။ လက်တွေ့ တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ အတွက် အထောက်အကူ ပြုရန် ရည်ရွယ်သည်။ ဆေးကျောင်းသားများ ရန်ပုံငွေ အတွက် 'မြန်မာ့ ဆေးလောကကို တည်ဆောက်ပေးခဲ့သော ပညာရှင်များ' စာအုပ် နှစ်တွဲကို ပြုစု လှူဒါန်း ခဲ့သည်။

ဘာသာရေးနှင့် ပရဟိတ[ပြင်ဆင်ရန်]

ဇီဝိတဒါန သံဃာ့ ဆေးရုံ၊ စလင်းကျောင်းတိုက် ကဲ့သို့သော စာသင် ကျောင်းတိုက်များတွင်လည်း လုပ်အားပေး ဆရာဝန် အဖြစ် ကုသိုလ် ပြုခဲ့သည်။ သမိဒ္ဓေါယ သုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင် သီလရှင် စာသင်တိုက်တွင် ဓမ္မာရိယ ပြန့်ပွားရေး အသင်းကို စတင် တည်ထောင် တာဝန်ယူခဲ့သည်။ အသက်ရှိစဉ်က (၁) အသက်မသေဆုံးမီ မိမိလေ့လာတတ်မြောက်ထားသော ပညာကို မြန်မာစာပေဖြင့် ဖြန့်ဖြူးခဲ့ရန်၊ (၂) မိမိ ရေးသားခဲ့သော စာအုပ်စာတမ်း အားလုံးကို စီးပွားရေးအတွက် မဟုတ်ပါက လွတ်လပ်စွာ ကူးယူအသုံးပြုခွင့်ပြုရန်၊ (၃) ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် သူ၏ ခန္ဓာကိုယ်နှင့် မျက်လုံးကို လှူဒါန်းရန် မှာကြားခဲ့သည်။


အဖွဲ့အစည်းတာဝန်များ[ပြင်ဆင်ရန်]

  • စာပေနှင့် စာနယ်ဇင်း ဗဟိုကော်မတီဝင်
  • စာပေဗိမာန် စာမူဆု ရွေးချယ်ရေး အဖွဲ့ဝင်
  • မြန်မာနိုင်ငံ မူးယစ်ဆေး ဆန့်ကျင်ရေး အသင်း ဗဟိုကော်မတီဝင်
  • ဗွီဒီယို လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ
  • ယဉ်ကျေးမှု အဖွဲ့အကြံပေး ပုဂ္ဂိုလ်
  • ကြည့်မြင်တိုင်မြို့နှင့် လှိုင်မြို့နယ်တို့၏ စာပေနှင့် စာနယ်ဇင်း အဖွဲ့ နာယက
  • ရွှေတိဂုံ စေတီတော် အထက်ပစ္စယံ တံမြက်လှည်း အသင်း၏ ရာသက်ပန် အသင်းဝင်
  • မဟာစည် သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ အကျိုးတော်ဆောင်
  • မဟာစည် ဆရာတော်၏ စာအုပ်များ၊ စီဒီသွင်းခြင်း လုပ်ငန်း အဖွဲ့ဝင်
  • စာသင်တိုက်များစွာ၌ စေတနာ့ ဝန်ထမ်း လုပ်အားပေး ဆရာဝန်

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဆရာဝန်တင်ရွှေသည် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးသန့်နှင့်အတူ သားသမီး ၃ ဦး (ဒေါ်တင်တင်အေး၊ ဒေါ်သက်သက်ရွှေ၊ ဦးသက်လွင်ရွှေ)နှင့် မြေးနှစ်ယောက် ကျန်ခဲ့သည်။ သမီးကြီး ဒေါ်တင်တင်အေးသည် ကေအမ်ဒီကုမ္ပဏီအုပ်စုကို ခင်ပွန်းဖြစ်သူ ဦးသောင်းတင်နှင့်အတူ တည်ထောင်ခဲ့သည်။

ဆရာဝန်တင်ရွှေ စာပေဆု[ပြင်ဆင်ရန်]

ဆရာဝန်တွင်ရွှေ ကွယ်လွန်ပြီးနောက် မိသားစုက ဆရာဝန် တင်ရွှေ၏ စာပေသံယောဇဉ်နှင့် စာပေဝန်ဆောင်မှုစိတ်ဓာတ် အရှိန်မပျက် ဆက်လက် ပြန့်ပွားစေရန် ရည်သန်၍ ဆရာဝန်တင်ရွှေ စာပေဆုကို နှစ်စဉ်ချီးမြှင့်ခဲ့သည်။


ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ကင်ဆာရောဂါ ၁၉၆၅
  2. ကြောက်ဖွယ်ကောင်းသည့် အသက်ကယ်ဆေးများ ၁၉၆၅
  3. ယောနယ်၌ ပြုစားခံရခြင်းနှင့် ဆေးပညာ အထွေထွေ ၁၉၆၅
  4. ကျန်းမာရေး ဝတ္ထု၊ ဆောင်းပါးများ ၁၉၆၆
  5. ဆရာဝန် တွေ့ခဲ့ရသည့် အဖြစ်ဆန်းများ ၁၉၆၆
  6. ယောနယ်၌ ပြုစားခံရခြင်းနှင့် အဖြစ်ဆန်းများ (နှစ်အုပ်တွဲ) ၁၉၆၆
  7. သင့်ကိုယ်တွင်း ရောဂါများ ၁၉၆၆
  8. ဆရာဝန်ကိုယ်တွေ့ ၁၉၆၇
  9. စုန်းတစ္ဆေ အတွေ့အကြုံနှင့် ရောဂါဆန်း အထွေထွေ ၁၉၆၇
  10. လူငယ်များ ဆိုင်ရာ ဆေးပညာ ၁၉၆၇
  11. အနယ်နယ်က ကျန်းမာရေး ပြဿနာ ပြန်လည် ဖြေကြားလွှာများ ၁၉၆၇
  12. အပူပိုင်းဒေသ ရောဂါများ ၁၉၆၇
  13. ကာကွယ်ခြင်း ကုသခြင်းနှင့် ခွဲစိတ်ခြင်း ၁၉၆၈
  14. ကျန်းမာရေး ပြဿနာ ပြန်လည် ဖြေကြားလွှာများ ၁၉၆၈
  15. ကာလသား ရောဂါ ၁၉၆၉
  16. စေတနာ ဝေဒနာ မဖြစ်စေလို ၁၉၇၂
  17. သွားဝေဒနာ အဖုံဖုံနှင့် ဆန်းသစ်သော ဆေးပညာစုံ ၁၉၇၂
  18. မေ့အကြောင်း သိကောင်းစရာ ၁၉၇၄
  19. အရေပြားရောဂါ ၁၉၇၄
  20. လုပ်ငန်းနှင့် သတိ ၁၉၇၅
  21. သင့်သွေးတစက် ၁၉၇၅
  22. သားသမီး နီးလို ဝေးလိုသော် ၁၉၇၆
  23. မိန်းမတို့ ဓမ္မတာ ၁၉၇၇
  24. ကျန်းမာရေးနှင့် ဆေးလိပ် ၁၉၇၇
  25. ဆင်ခြေထောက်ရောဂါ ၁၉၇၇
  26. အစာအိမ်လမ်းတလျှောက် ဖြစ်တတ်သော ရောဂါများ ၁၉၈၀
  27. ငှက်ဖျား ၁၉၈၀
  28. ဉာဏ်စမ်းပညာ ၁၉၈၁
  29. ဝသောသူများ ကိုယ်ရေစစ်၍ ပိန်သောသူများ ဝဖြိုးလိုလျှင် ၁၉၈၁
  30. တိရစ္ဆာန်များမှ ရတတ်သော ရောဂါများ ၁၉၈၂
  31. ဉာဏ်စမ်း ပဟေဠိနှင့် ဉာဏ်စွမ်းပညာ အဖြေရှာ ၁၉၈၂
  32. မျိုးရိုးကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ပြဿနာအဖုံဖုံ ၁၉၈၂
  33. အနယ်နယ်က ကျန်းမာရေး ပြဿနာ ပြန်လည် ဖြေကြားလွှာများ ပေါင်းချုပ် ၁၉၈၂
  34. အင်္ဂလိပ်စကားလုံး ပဟေဠိ ၁၉၈၂
  35. စိမ်းနေအုံးမည့် ဤဌာနေ ၁၉၈၃
  36. ဉာဏ်စမ်းပဟေဠိ ပေါင်းချုပ် ၁၉၈၃
  37. လူတိုင်းတွက်တာ လက်တွေ့ အသုံးချ ဆေးပညာ ၁၉၈၃
  38. ဆရာဝန် တွေ့ခဲ့ရသည့် စုန်းတစ္ဆေများ ၁၉၈၄
  39. အဆင့်မြင့် ဉာဏ်စမ်းပညာ ၁၉၈၅
  40. ငှက်ဖျားရောဂါ ၁၉၈၆
  41. နိုင်ငံတကာအဆင့် ဉာဏ်စမ်း ပဟေဠိ ၁၉၈၆
  42. သမိဒေါဒ္ဓယသုခိတာရာမ ဒေါ်ဉာဏစာရီ ၁၉၈၆ မြန်အောင်ကျောင်းတိုက်
  43. ကမ္ဘာ့ မှတ်တမ်းဝင် ဖြစ်ရပ်ဆန်းများ ၁၉၈၆
  44. သင့်ရင်သွေး မွေးစ အရွယ်မှ အရွယ်ရောက်သည် အထိ ကြုံတွေ့ရတတ်သော ပြဿနာစုံနှင့် အဖြေများ (ပထမတွဲ) ၁၉၈၆
  45. နိုင်ငံတကာ အင်္ဂလိပ်စာ ၁၉၈၇
  46. သူနာပြု ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများ အတွက် အခြေခံကုထုံး ကုနည်းများ ၁၉၈၇
  47. လက်တွေ့ အသုံးချ အဆင့်မြင် ဖို+မ ပညာ (ပထမတွဲ) ၁၉၈၇
  48. လိင်မှတဆင့် ကူးစက်သော ရောဂါများ (ကာလသား ရောဂါများ) ၁၉၈၇
  49. အခြေခံ ကျန်းမာရေး ဝန်ထမ်းများ အတွက် ရောဂါကုထုံး ကုနည်းများ ၁၉၈၇
  50. လူငယ်များ အတွက် ဉာဏ်စမ်းပညာ ၁၉၈၈
  51. ကမ္ဘာ့အမြင့်ဆုံး မင့်ဆာ (Men Sar) အဆင့်မြင့် ဉာဏ်စမ်းပဟေဠိ ၁၉၈၉
  52. ကိုယ်ဝန်ဆောင် တည်စမှ မွေးဖွားသည် အထိ တွေ့ကြုံ ရတတ်သော ပြဿနာစုံနှင့် အဖြေ ၁၉၈၉
  53. စိတ်ပညာ စမ်းသပ်နည်းများ ၁၉၈၉
  54. တသက်မခွဲ ရွှေလက်တွဲလိုလျှင် ၁၉၈၉
  55. လက်တွေ့ အသုံးချ ဆေးဝါးဗေဒ ၁၉၈၉
  56. အသက် လေးဆယ်ကျော်လျှင် ၁၉၈၉
  57. အဆစ်အမြစ် ကိုက်ရောဂါ ၁၉၉၀
  58. အထွေထွေ ဗဟုသုတ လေ့လာနည်း (ပထမတွဲ) ၁၉၉၀
  59. အထွေထွေ ဗဟုသုတ လေ့လာနည်း (ဒုတိယတွဲ) ၁၉၉၀
  60. ရောဂါကုထုံးနည်းများ ၁၉၉၁
  61. ကလေးရောဂါ ကုထုံး၊ ကုနည်းများ ၁၉၉၁
  62. ကမ္ဘာတွင် စံပြုထားသော မှတ်တမ်းများ (ပထမတွဲ) ၁၉၉၁
  63. ကမ္ဘာတွင် စံပြုထားသော မှတ်တမ်းများ (ဒုတိယတွဲ) ၁၉၉၁
  64. ဆီးချိုရောဂါ ၁၉၉၁
  65. မြတ်ဗုဒ္ဓ သာသနာပုံတော် သမိုင်း (ပထမတွဲမှ ဒဿမတွဲ အထိ) ၁၉၉၁
  66. သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း အမျိုးမျိုး ၁၉၉၂
  67. အမျိုးသမီးတို့ ဓမ္မတာ ၁၉၉၂
  68. နှလုံးသွေးကြောကျဉ်း ရောဂါစုံ ၁၉၉၂
  69. သမိဒေါဒ္ဓရသုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင် ၁၉၉၃(သီလရှင် စာသင်တိုက်၏ ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ် အထိ ၅ နှစ်တာ ကာလအထိ တိုးတက်မှု မှတ်တမ်း)
  70. အမျိုးသမီးများ အတွက် အရေးပေါ်နှင့် အခြားကျန်းမာရေး သုတများ ၁၉၉၃
  71. ကိုယ်ဝန်ဆောင် တည်စမှ မွေးဖွားပြီးသည် အထိ တွေ့ရတတ်သော ပြဿနာစုံနှင့် အဖြေလွှာ ပေါင်းချုပ် ၁၉၉၃
  72. ဆေးဝါးဗေဒ ၁၉၉၃
  73. တီဘီရောဂါ မိတ်ဆက် ၁၉၉၃
  74. ပဋိသန္ဓေတားနည်း ပေါင်းချုပ် ၁၉၉၃
  75. မှတ်တမ်းဝင် စိတ်နယ်လွန် ဖြစ်ရပ်မှန်များ အတွဲ (၁) မှ အတွဲ (၅၀) အထိ ၁၉၉၃
  76. သားသမီးရတနာ ထွန်းကားလိုလျှင် ၁၉၉၃
  77. သင့်၏ ဉာဏ်ရည် စွမ်းပကားကို တိုင်းတာကြည့်ရအောင် ၁၉၉၃
  78. သင့်ရင်သွေး မွေးစ အရွယ်မှ အရွယ်ရောက်သည် အထိ ကြုံတွေ့ရတတ်သော ပြဿနာစုံနှင့် အဖြေများ ၁၉၉၃
  79. အသည်းနှင့် သည်းခြေတို့၌ ဖြစ်တတ်သောရောဂါများ ၁၉၉၃
  80. မြန်မာနိုင်ငံ၌ မကြာခဏ တွေ့ရတတ်သော ရောဂါများ ရုပ်ပုံပြ ၁၉၉၄
  81. အရေးပေါ်ဆေးပညာ ၁၉၉၄
  82. ကလေးရောဂါ ကုထုံးနည်းများ (ဒုတိယတွဲ) ၁၉၉၄
  83. ကင်ဆာဆိုတာ ကြောက်စရာ ရောဂါ မဟုတ်တော့ပါ သို့သော် … ၁၉၉၄
  84. မြတ်ဗုဒ္ဓ သာသနာပုံတော် သမိုင်း အတွဲ (၁၁) မှ (၁၉) ထိ ၁၉၉၄
  85. ရင်ကျပ်ပန်းနာ ၁၉၉၄
  86. ရှေ့ဖြစ်ဟောနည်း ပေါင်းချုပ် (နှစ်တွဲ) ၁၉၉၄
  87. အစာအိမ်တဝိုက် ဖြစ်တတ်သော ရောဂါများ ၁၉၉၄
  88. ဆရာဝန်များ လက်ခံ သုံးစွဲသော မြန်မာဆေးနှင့် ဆေးပင်များ ၁၉၉၅
  89. တေဇတို့အတွက် ဉာဏ်စမ်းပညာ (ပထမတွဲ) ၁၉၉၅
  90. မြန်မာ ဆေးလာကကို တည်ဆောက် ပေးခဲ့သော ပညာရှင်များ (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၅
  91. ဝိညာဉ် ရှိ မရှိ နိုင်ငံတကာ သုတေသန မှတ်တမ်း ၁၉၉၅
  92. အနာကြီးရောဂါ ၁၉၉၅
  93. အသံမဲပြုသော ရောဂါများ ၁၉၉၅
  94. တေဇတို့ ရွှင်မြူးစရာ ဉာဏ်စမ်းပညာ (ဒုတိယတွဲ) ၁၉၉၅
  95. ဗုဒ္ဓ၏ မြတ်စွယ်တော်များ (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၅
  96. ဝိညာဉ် ရှိ မရှိ ၁၉၉၅
  97. အဓိက ကူးစက်မြန်ရောဂါများ ၁၉၉၅
  98. အရေးကြီးသော ရောဂါအချို့ အတွက် အကောင်းဆုံး ကုထုံးကုနည်းများ ၁၉၉၅
  99. ခွေးရူးရောဂါ ၁၉၉၆
  100. သွေးအားနည်း ရောဂါများနှင့် အခြားသွေးနှင့် ပတ်သက်သော ဝေဒနာစုံ ၁၉၉၆
  101. မြတ်ဗုဒ္ဓ သာသနာပုံတော် သမိုင်း (အတွဲ ၂၀) ၁၉၉၆
  102. ခါးနာသူများ အတွက် လက်ခံထားသော နောက်ဆုံးပေါ်ကုထုံးနည်းများ ၁၉၉၇
  103. သား သို့မဟုတ် သမီးလေး သင်ကြိုက်ရာရွေး ၁၉၉၇
  104. သိပ္ပံနည်းကျ အလှပြုပြင် ထိန်းသိမ်းနည်းများ (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၇
  105. ဘုရားမြတ် ရွှေတိဂုံ ပုံတော်သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ) ၁၉၉၇
  106. လူသားတို့ တည်ဆောက်ခဲ့ကြသော ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံများ ၁၉၉၇
  107. ပန်းသေ ပန်းညှိုးရောဂါ ၁၉၉၇
  108. ကုန်းဘောင်ခေတ်ဦး ပုရပိုက်ပန်းချီ လက်ရာတို့ဖြင့် တန်ဆာ ဆင်အပ်သော မဟာဗုဒ္ဓဝင် ၁၉၉၇
  109. ကျောက်ကပ်နှင့် ဆီးလမ်းတလျှောက် ဖြစ်တတ်သော ရောဂါများ ၁၉၉၇
  110. ကျန်းမာရေးဆိုင်ရာ သင့်အိမ်တွင် ပြုပြင်စရာများ ၁၉၉၈
  111. စားသုံးဆီနှင့် စားအုန်းဆီ အဟာရ ၁၉၉၈
  112. နာတာရှည် အစာမကြေ လေအောင့်ရောဂါ ၁၉၉၈
  113. နှလုံးရောဂါဝေဒနာများ ၁၉၉၈
  114. အမျိုးသားရေးနှင့် မြန်မာ ဆေးပညာရှင်များ ၁၉၉၈
  115. မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ပညာ ပြန့်ပွား လှုံ့ဆော်ရေး စာစဉ်
  116. တက္ကသိုလ် ကျောင်းသားများ အတွက် နိုင်ငံတကာ အင်္ဂလိပ်စာ (Tofel) (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၈
  117. သားဖွားမီးယပ် ရောဂါစု၊ နောက်ဆုံး တွေ့ရှိချက်များ (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၉
  118. မဟာစည် သာသနာ့ရိပ်သာ ၁၉၉၉
  119. ကလေးသူငယ် ဘဝ သာယာဖို့ အေအိုင်ဒီအက်(စ်) ကာကွယ် တိုက်ဖျက်စို့ ၂၀၀၂
  120. အသားဝါ၊ အသည်းရောင် ရောဂါ နောက်ဆုံး တွေ့ရှိချက် ၂၀၀၂
  121. အဆိပ်သင့်ခြင်းနှင့် အရေးပေါ် ကုသနည်း


[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၆၉၆။
  2. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစု၍ ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာတွင် ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့သော 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)'