စောဦး (စာရေးဆရာ)

ဝီကီပီးဒီးယား မှ

စောဦး (၁၉၁၉ - ၁၉၉၁)[ပြင်ဆင်ရန်]

စောဦး
  1. အမည်ရင်း - ဦးစောဦး
  2. မိဘ အမည် - ဦးမောင်ကလေး + ဒေါ်သိန်းရီ
  3. မွေးသက္ကရာဇ် - ၁၈၊ ၁၁၊ ၁၉၁၉
  4. မွေးဖွားရာဒေသ - ကြံခင်းမြို့
  5. ကလောင်အမည်ခွဲများ - ဂုဏ်ရောင်

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ကြံခင်းမြို့ ရွာသစ် ရပ်၌ အဖ ရဲအရာရှိ ဦးမောင်ကလေး (သတင်းစာ ဆရာ)၊ အမိ ဒေါ်သိန်းရီ တို့က ၁၉၁၉ ခု နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း သုံးဦး အနက် အကြီးဆုံး ဖြစ်သည်။ အမည်ရင်းမှာ စောဦး ဖြစ်သည်။


အသက် (၁၆) နှစ် ငယ်ငယ်ရွယ်ရွယ် ဆယ်တန်း အောင်သော အခါ ကြံခင်းသား မြန်မာ့ အလင်း သတင်းစာ အုပ်ချုပ်ရေးမှူး ဦးတင်ကိုအား အကြောင်း ပြုပြီး ထိုအချိန်က မြန်မာ့အလင်း သတင်းစာ အယ်ဒီတာချုပ် ဦးချစ်မောင် အောက်တွင် သတင်းစာ ပညာ ဆည်းပူးရင်း အလုပ်ဝင် လုပ်သည်။ ထိုစဉ်က စ၍ စာပေနယ်သို့ ဝင်ရောက် ခဲ့သည်။ မြန်မာ့ အလင်းတွင် လက်ထောက် အယ်ဒီတာမှ တဆင့် တက်၍ ညအယ်ဒီတာ အထိ ၁၉၃၉ ခုနှစ်ထိ အမှုထမ်းခဲ့သည်။ ဆရာဖြစ်သူ ဦးချစ်မောင်သည် မြန်မာ့အလင်းမှ ထွက်၍ ထိုခေတ်က လျှမ်းလျှမ်းတောက် နာမည် ကြီးခဲ့သော ဂျာနယ်ကျော် အပတ်စဉ် စတင် ထူထောင် လိုက်သော အခါ ဦးစောဦးသည် သူ့ဆရာနှင့် အတူ ပါသွားပြီး ဂျာနယ်ကျော်၌ တွဲဖက် အယ်ဒီတာ အဖြစ် လုပ်ပြန်သည်။ ဂျာနယ်ကျော် ဦးချစ်မောင်၏ ကျေးဇူးကြောင့် ဦးစောဦးသည် နိုင်ငံရေး စာပေ အထူးသဖြင့် လက်ဝဲ စာပေများ လေ့လာခြင်း၊ နိုင်ငံရေး အသိစိတ် ဝင်ခြင်း၊ နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်များနှင့် ဆက်သွယ် ရင်းနှီးလာခြင်းဖြင့် အမြင် ကျယ်လာသည်။ ထိုအချိန်က နိုင်ငံရေးမှာ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေး (ဝါ) လွတ်လပ်ရေး ရရှိရေးပင် ဖြစ်လေသည်။ ထို့ကြောင့် ဦးစောဦးသည် စတင် ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံ စာရေးဆရာ အစည်းအရုံးသို့ ဝင်သည်။ ဆက်လက်၍ တို့ဗမာ အစည်းအရုံးသို့ ဝင်သည် သာမက ပြည်သူ့အရေးတော်ပုံ ပါတီဝင် တဦးလည်း ဖြစ်လာ လေသည်။


မြန်မာ့ အလင်း သတင်းစာတွင် လက်ထောက် အယ်ဒီတာ (၁၉၃၅ - ၃၉)၊ ညအယ်ဒီတာ (၁၉၃၉)၊ ဂျာနယ်ကျော် တွဲဖက် အယ်ဒီတာ (၁၉၃၉ - ၄၂) ၊၁၉၄၂ ခုနှစ်မှ ၁၉၄၈ ခု လွတ်လပ်ရေး ရသည့် အချိန်ထိ ဦးစောဦးသည် ဂျပန်ခေတ်တွင် ထုတ်ဝေသော ဗမာ့ခေတ် သတင်းစာ အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဝင်လုပ်သည်။ ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင် သတင်းစာ အယ်ဒီတာ (၁၉၄၆ - ၄၈)၊ ဂုဏ်ရောင် သတင်းစဉ်နှင့် ရန်ကျော် ဂျာနယ် အယ်ဒီတာချုပ် (၁၉၄၉ - ၅၂)၊ မဏ္ဍိုင် သတင်းစာ အယ်ဒီတာ (၁၉၅၂ - ၅၅) စသည့် တာဝန် များကို ထမ်းဆောင် ခဲ့သည်။


ဆိုရှယ်လစ် ပါတီဝင်များက ဖဆပလဝန်ကြီး သတင်းနှင့် ပတ်သက်၍ သတင်းစာတိုက် သုံးတိုက်ကို အတင်း ဝင်ရောက်ပြီး စာခုံများ၊ ခဲစာလုံးများ၊ ပုံနှိပ်စက်များ ရိုက်ချိုး ဖျက်ဆီးသည့် အခါ ဖျက်ဆီး ခံရသည့် ပြည်သူ့ ဟစ်တိုင် သတင်းစာ၏ တာဝန်ခံ အယ်ဒီတာချုပ်မှာ ဦးစောဦး ဖြစ်သည်။ သတင်းစာတိုက် အဖျက်ခံ ရသည် သာမက ဖဆပလ အစိုးရက ဦးစောဦးကို ပုဒ်မ (၅) ဖြင့် နှစ်လကြာ ထိန်းသိမ်း ထားခဲ့ဖူးသည်။


စတင် ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာရေး ဆရာ အသင်း၊ တို့ဗမာ အစည်းအရုံး၊ ပြည်သူ့ အရေးတော်ပုံ ပါတီ တို့တွင် ဝင်ရောက် ဆောင်ရွက် ခဲ့သည်။ ၁၉၄၃ - ၄၅ တွင် ကြံခင်းမြို့ အာရှလူငယ်များ အစည်းအရုံး ဉာဏ ဗလမှူး၊ ပြည်သူ့ အရေးတော်ပုံ ပါတီ မြေအောက် စည်းရုံးရေးမှူး၊ ဖက်ဆစ် တော်လှန်ရေးတွင် နိုင်ငံရေးမှူး၊ ကြံခင်း မြို့နယ် ဖဆပလ အတွင်းရေးမှူး အဖြစ် ထမ်းဆောင် ခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာ နိုင်ငံ) အဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက် ခဲ့သည်။ ထို့နောက် ကြံခင်း မြို့နယ် ဖဆပလ အတွင်းရေးမှူး၊ တော်လှန်ရေး ပြီး၍ ဂျာနယ်ကျော် အပတ်စဉ် ပြန်လည် ထုတ်ဝေသော အခါနှင့် နောင်တွင် ပြည်သူ့ ဟစ်တိုင် သတင်းစာ ထုတ်ဝေသော အခါ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ယူခဲ့သည်။


အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ရုံး အထူး အရာရှိ (၁၉၅၂ - ၅၅)၊ မြဝတီ မဂ္ဂဇင်း ပထမဆုံး တာဝန်ခံ အယ်ဒီတာ (၁၉၅၂)၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေး အရာရှိ၊ ကာကွယ်ရေးဝန်ကြီးဌာန ပညာရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး စိတ်ဓာတ် စစ်ဆင်ရေး အရာရှိ (၁၉၅၅ - ၆၂)၊ ယင်းဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ ထို့နောက် ထုတ်လပ်ရေး တပ်မှူး တာဝန်များ ထမ်းဆောင် ခဲ့သည်။ ၁၉၆၂ - ၆၅ တွင် ပြန်ကြားရေး ဌာန တွဲဖက် အတွင်းဝန်၊ ပေါ်လစီ ညွှန်ကြားရေးဝန်နှင့် ၁၉၆၅ နောက်ပိုင်းတွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ပါတီ စည်းရုံးရေး ဗဟို ကော်မတီ ဌာနချုပ် ပညာရေး ဌာနကြီး ကော်မတီဝင်နှင့် အယ်ဒီတာချုပ်၊ ဗဟို ကော်မတီဝင်၊ ပါတီ စာနယ်ဇင်း ဌာနကြီးမှူး အဖြစ် ပါတီ ညီလာခံ သုံးကြိမ် ဆက်တိုက် တာဝန် ပေးခြင်း ခံခဲ့ ရသည်။။ ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ၊ ပထမ အကြိမ် ပြည်သူ့ လွှတ်တော် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၇၈ တွင် အငြိမ်းစား ယူခဲ့ ပြီးနောက် ဘာသာရေးတွင် ဘဝကို မြှုပ်နှံ ခဲ့သည်။ မဟေသီ မဂ္ဂဇင်းတွင် ဝတ္ထုတိုများ ရံဖန်ရံခါ ရေးခဲ့သည်။


၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ ခေတ်တွင် တော်လှန်ရေး အစိုးရ ပြန်ကြားရေး ဝန်ကြီး ဌာန၌ ဦးစောဦးအား တွဲဖက် အတွင်းဝန်နှင့် ပေါ်လစီ ညွှန်ကြားရေးဝန် အဖြစ် ခန့်အပ် တာဝန် ပေးသည်။ တော်လှန်ရေး ကောင်စီ၏ အဓိက အနှစ်သာရ ဖြစ်သော ဝါဒ သဘောထား ရေးရာ စာတမ်းများ ပြုစု ရေးသားရေး အဖွဲ့ဝင် သုံးဦးပါ ကော်မတီတွင် ဦးစောဦးလည်း ပါဝင် ခဲ့သည်။ ထို့နောက် တော်လှန်ရေး အစိုးရ အာဘော် ဖြစ်သော လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ မြန်မာနှင့် အင်္ဂလိပ်၊ အပတ်စဉ်ထုတ် ရှေ့သို့ စာစောင်များ အသွင်သစ်ဖြင့် တနိုင်ငံလုံးသို့ စတင် ထုတ်ဝေ ဖြန့်ချိရာတွင် အဓိက ပြုစု ပျိုးထောင် ပေးသူ သုံးဦး အနက် ဦးစောဦးလည်း တဦး အပါအဝင် ဖြစ်ခဲ့သည်။


အစိုးရမှ လွှတ်၍ ဖိလစ်ပိုင်နိုင်ငံဗီယက်နမ်နိုင်ငံထိုင်းနိုင်ငံ များသို့ သွားရောက် ခဲ့သည်။ တဖန် ၁၉၆ဝ ပြည့်နှစ်၊ တရုတ်ပြည် ပီကင်းမြို့၌ ကျင်းပသည့် (၁၁) နှစ်မြောက် လွတ်လပ်ရေး နေ့နှင့် တရုတ် - မြန်မာ နယ်နိမိတ် စာချုပ် လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင်ပေါင်း (၃ဝဝ) ကျော် သွားရောက် ခဲ့ရာတွင် ဦးစောဦး ခေါင်းဆောင်သော မြန်မာ ရုပ်ရှင် အဖွဲ့လည်း ပါဝင်သည်။


မြန်မာ့ အလင်းနှင့် ဂျာနယ်ကျော်တွင် သတင်းစာ ဆရာ အဖြစ် အလုပ်လုပ် နေစဉ် ကပင် စာ စတင် ရေးခဲ့သည်။ သတင်းစာ ဆရာ ပီပီ သတင်း ဆောင်းပါး၊ ခေါင်းကြီး၊ နိုင်ငံရေး သုံးသပ်ချက် မြောက်မြားစွာ ရေးသား ခဲ့သည်။ သတင်းစာ လုပ်ငန်းမှာ ၂၄ နာရီ အလုပ် ဖြစ်ရာ ဝတ္ထု ရေးခြင်းတွင် ဝါသနာ ပါသော်လည်း ဝတ္ထု များများစားစား မရေး မိခဲ့ကြောင်း၊ ရေးခဲ့သော ဝတ္ထုများမှာ နာဖျား၍ အိပ်ရာထဲတွင် လဲစဉ်၊ သို့မဟုတ် ရေးချင်စိတ် ပြင်းပြ လာသော အခါ များ၌ သတင်းစာ လုပ်ငန်း တဖက်နှင့် ရေးခဲ့ခြင်းများ ဖြစ်ကြောင်း ကိုယ်တိုင် ဖွင့်ဟ ခဲ့သည်။ ဂုဏ်ရောင်၊ ဂျာနယ်ကျော် စောဦး၊ စောဦး ကလောင် အမည် များဖြင့် ရေးခဲ့သည့် ဝတ္ထုတို၊ ဝတ္ထုရှည်။ ဘာသာပြန် များမှာ ဒို့နဲ့ မတန် (စစ်အတွင်း ဂျာနယ်ကျော် တိုက်ထုတ်)၊ မျှော်လေတိုင်း (၁၉၄၇)၊ ကြယ်နီခင်ဖြူ (ဇွန် ၁၉၄၈)၊ အမေ (ပထမ တွဲသာ၊ ဒုတိယတွဲ မပြန် ဖြစ်ခဲ့ပါ) [Mother by Maxim Gorky] (၁၉၄၈)၊ တမိုးသောက်သော် (၁၉၆၂)၊ စောဦး၏ စာ [၁၉၄၇-၅၇ အတွင်း ဒဂုန်၊ သွေးသောက်၊ ပေဖူးလွှာ၊ မြဝတီ မဂ္ဂဇင်း များတွင် ရေးခဲ့သည့် ဝတ္ထုတို (၁၁) ပုဒ် စုစည်းမှု] (၁၉၆၄)၊ သတ္တိခဲ [စာပေ ဗိမာန်ထုတ် ပြည်သူ့ လက်စွဲ စာစဉ်၊ 'စောဦး၏ စာ'နှင့် မြဝတီ (နိုဝင်ဘာ ၁၉၅၇) တွင် ပါရှိသော "ကျွန်တော်နှင့် နှဖူးပေါ်မှ အမာရွတ် ကလေး" ဝတ္ထုတိုကို အမည် ပြောင်း၍ ထုတ်ခြင်း] (ပုံနှိပ်နှစ် မပါ) တို့ ဖြစ်ကြသည်။ ဂျာနယ်ကျော်တွင် အခန်းဆက် ဝတ္ထုရှည် အဖြစ် ဖော်ပြ ခဲ့သည့် ခွေးတိရစ္ဆာန်ကြီး၊ တာရာ မဂ္ဂဇင်းတွင် ပါသည့် ဝတ္ထုတိုများ၊ အငြိမ်းစား ယူပြီး နောက်ပိုင်း မဟေသီ မဂ္ဂဇင်းတွင် ရေးခဲ့သည့် "မေဓာဝီနှင့် ...." ဝတ္ထုတို များမှာ လုံးချင်း အဖြစ် မရောက်ရှိ ခဲ့သေး။ ထို့ပြင် ဂျပန်ခေတ်တွင် မြေပဒေသာ (The Good Earth by Pearl S.Buck) ကို ဘာသာ ပြန်ခဲ့ရာ ပုံနှိပ်တိုက် ပိုင်ရှင် နာမည်ကျော် စာရေး ဆရာကြီး၏ နာမည်ဖြင့် ထုတ်ဝေခြင်း ခံခဲ့ ရကြောင်း ကိုယ်တိုင် ဖွင့်ဟ ခဲ့သည်။


၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ချီးမြှင့် ခံရသည်။ စာရေးဆရာ၊ သတင်းစာ ဆရာ ဘဝ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး ခေါင်းကြီး စသည်ဖြင့် မြောက်မြားစွာ ရေးသား ခဲ့ဖူးရာ ကျော်ကြားသည့် လုံးချင်းများမှာ ကြယ်နီခင်ဖြူ၊ စောဦး၏စာ၊ ရုရှား စာရေးဆရာ ဂေါ်ကီ၏ ကမ္ဘာကျော် ဝတ္ထုကို ပြန်ဆိုသည့် အမေ ပထမတွဲ၊ ဒုတိယတွဲများ ဖြစ်ကြသည်။


"တမိုးသောက်သော်" ဝတ္ထုမှာ မကြာခဏ ပြန်ရိုက် ရသည် သာမက ဒါရိုက်တာ မောင်မောင်သောင်းက သရုပ်ဆောင် ကောလိပ်ဂျင် နေဝင်းဗိုလ်ဗကိုအဆိုတော် မင်းနောင်ခင်သန်းနုတို့ ပါဝင်ကာ ရုပ်ရှင်ကားကြီး အဖြစ် ရိုက်ကူး တင်ပြ ခဲ့ဖူး လေသည်။


ဦးစောဦးသည် စွန်းလွန်း ဝိပဿနာ ဘာဝနာကို လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ် ကျော်ကပင် စတင်၍ ကွယ်လွန်ချိန်ထိ လိုက်စား လေ့လာ ဆည်းပူး ခဲ့သည် သာမက ကိုယ်တိုင်လည်း လက်တွေ့ ကျင့်ခဲ့သူ ဖြစ်သည်။


ရန်ကုန်မြို့ အမှတ် (၂၆၁) ရေကူး ရွာမလမ်း ကမ္ဘာအေး နေအိမ်၌ ၆၊ ၉၊ ၉၁ နေ့တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။ ဇနီးသည် ဒေါ်တင်ရီ နှင့် သားသမီးများ ဖြစ်ကြသော ဦးမြင့်ကျော် + ဒေါ်တင်ရီ၊ ဒေါ်ရီရီခိုင်၊ ဦးမြင့်ခိုင် + ဒေါ်ခင်လှတိုးသူ၊ ဒေါ်ခင်ဆွေဦးနှင့် မြေးရှစ်ဦးတို့ ကျန်ရစ် ခဲ့လေသည်။

ဂျာနယ်ကျော် စောဦး ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ကြယ်နီခင်ဖြူ - ၁၉၄၇ ခုနှစ်
  2. စောဦး၏စာ - ၁၉၆၄ ခုနှစ်
  3. တမိုးသောက်သော် - ၁၉၆၂ ခုနှစ်
  4. မျှော်လေတိုင်း -
  5. သတ္တိ
  6. အမေ (ဘာသာပြန်၊ ဂုဏ်ရောင် ကလောင် အမည်ဖြင့်) - ၁၉၄၉ ခုနှစ်[၁]


စာညွှန်း[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)
  1. မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၁၁ဝ - ၁၁၁။
  2. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၅)။ စာ ၉ - ၂၆။
  3. ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း။ စာ ၄၉ - ၅၂။
  4. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၂)။ စာ ၂ဝ၂ - ၂ဝ၄။
  5. ချစ်စံဝင်း။ မြဝတီ ပထမဆုံး တာဝန်ခံ အယ်ဒီတာ ဦးစောဦး၊ မြဝတီ မဂ္ဂဇင်း ရွှေရတု နှစ်ငါးဆယ်ပြည့် (၁၉၅၂ - ၂ဝဝ၂)။ စာ ၈၃ - ၉ဝ။
  6. ဂုဏ်ရောင်။ ဂုဏ်ရောင်တွေ ထိန်ထိန်လင်းပါလို့၊ မြဝတီ (ဇွန် ၁၉၆၁)။ စာ ၁၁၅ - ၁၁၇။
  7. ပုဂံ စာအုပ်တိုက်၏ 'တမိုးသောက်သော်' ဝတ္ထုကြော်ငြာ၊ ရှုမဝ (ဇူလိုင် ၁၉၆၂)။ စာ (ကြော်ငြာ)။
  8. မောင်ခေတ်ထွန်း။ ဂုဏ်ရောင် (သို့မဟုတ်) ဂျာနယ်ကျော် စောဦး၊ မြန်မာ စာဆို များ၏ အတ္ထုပ္ပတ္တိ ရုပ်ပုံလွှာ (၂)၊ စတိုင်သစ် (ဩဂုတ် ၁၉၉၅)။ စာ ၁၁၅ - ၁၁၆။