စိန်ကတုံး၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

စိန်ကတုံး (၁၈၇၅-၁၉၃၁) သည် မြန်မာလူမျိုး သဘင်ပညာရှင် ဖြစ်သည်။

စိန်ကတုံး
မွေးဖွား​မောင်ထွန်းလှ၊ ​မောင်ထွန်းမြိုင်၊ ​မောင်ဖိုးထွန်း
မြန်မာသက္ကရာဇ် ၁၂၃၇ခုနှစ် ဝါခေါင်လဆန်း၁၃ရက်၊ စနေနေ့(ခရစ်နှစ် ၁၈၇၅ခုနှစ်)
ညောင်တုန်းမြို့
ကွယ်လွန်မြန်မာသက္ကရာဇ် ၁၂၉၂ခုနှစ် ပြာသိုလဆုတ်၂ရက်(ခရစ်နှစ် ၁၉၃၁ခုနှစ်)
မုံရွာမြို့
အလုပ်အကိုင်ဇာတ်မင်းသား၊ ဇာတ်သဘင်ပညာရှင်
အိမ်ထောင်ဖက်(များ)မစန်းကြည်၊ ဒေါ်ရှင်၊ ဒေါ်​စောတင်
မိဘ(များ)ဦး​ကျော်ဦး + ​ဒေါ်​​ဒေါ်သစ်

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၈၇၅ ခု၊ ဩဂုတ်လ ၁၅ ရက်တွင် ညောင်တုန်းမြို့၌ ဆိုင်းဆရာ ဦးကျော်ဦး၊ ဒေါ်သစ်တို့မှ မွေးသည်။ ငယ်မည်ကို ထွန်းလှ ဟူ၍၎င်း၊ ထွန်းမြိုင် ဟူ၍၎င်း၊ ဖိုး ထွန်း ဟူ၍၎င်း ခေါ်ကြ၏။

အနုပညာခရီး[ပြင်ဆင်ရန်]

ငယ်ရွယ်စဉ်ကပင် ပြွေပတ္တလားဒိုးပတ်အိုးစည်ပုံရှည်တို့ကို တီးမှုတ်တတ်သည့်အပြင် အိုးစည်က၊ ဒိုးပတ်က၊ ပုံရှည်ကတို့တွင် အရွယ်နှင့်မမျှအောင် ကပြတတ်သဖြင့် ကျောင်းသားဘဝ၌ပင် လူချီးမွမ်းခြင်း ခံရသည်။ ဆယ့်နှစ်နှစ်သားမှ စ၍ ညောင်တုန်းအရပ်ဇာတ်များတွင် မင်းသားအဖြစ် ကပြခဲ့၏။

ကျောင်းကထွက်သောအခါ အဖ ဦးကျော်ဦးက သဘင် လောကတွင် ထင်ရှားသော ဆရာမွှန်းကြီးထံသို့ သားတပည့် အဖြစ် အပ်နှံလိုက်သောကြောင့် ဆရာမွှန်းကြီးနှင့်အတူ ဇာတ် ကရာအမြဲလိုက်ပါ၍ သဘင်ပညာကို သင်ယူခဲ့လေသည်။ ၁၂၅၂ ခုနှစ်မှစ၍ ဇာတ်ပွဲထောင်သည်ဟု အဆိုရှိသည်။ တစ်နှစ်တွင် မော်လမြိုင်မြို့သို့ သွားရောက်ကပြခဲ့ရာ ငှက်ဖျားမိသဖြင့် ပျောက်ကင်းသည့်အခါ၊ ဆံပင်များကျွတ်သောကြောင့် ခေါင်းတုံး ရိတ်လိုက်ရ၏။ ဇာတ်ပွဲကပြရာတွင် နာလန်ထစ မင်းသား မောင်ဖိုးကွန်းသည် ပုဝါအုပ်ပေါင်းနှင့်ထွက်လာ၍၊ ထုံးစံအတိုင်း ဇာတ်သေတ္တာပေါ်ထိုင်လျက် ခွန်းထောက်အဆိုအချမှာ 'ကျန်းမာ ခါလူ့ကိုယ်ဖြင့် ချုံးလျက်ပါဘဲ၊ ပွဲတော်မှာ အားကုန်ရုန်းရတယ်၊ ကျွန်တော့ကိုရှာုပါတော့၊ ဟောဗျာ့ဖန်ကတုံး' ဟုဆိုပြီးလျှင် ဦးခေါင်းပေါ်က ပုဝါကိုချွတ်လိုက်ရာ ပရိသတ်များပွဲကျသွား လေသည်။ 'ကတုံးမင်းသားဟေ့၊ ဖန်ကတုံးဟေ့၊ စိန်ကတုံး ဟေ့'ဟူ၍လည်း မော်လမြိုင်မြို့သူ မြို့သားများပါးစပ်တွင် ခေတ်စားသွားသဖြင့် ကွယ်လွန်သည့်တိုင်အောင် 'စိန်ကတုံး' ဟူ၍ အမည်တွင်လေသည်။ မင်းသား စိန်ကတုံး သည် မော်လမြိုင် သို့ လာရောက်ကပြရာတွင် ယုဝတီ ဒေါ်ခင်ညွန့်အား ၎င်းနှင့် တွဲကရန် ဖိတ်ခေါ်သဖြင့် စိန်ကတုံးနှင့် တွဲကခဲ့သည်။ ထို့နောက် ရန်ကုန်တွင်ကပြရာ ပုဇွန်တောင်ရပ်ကွက်မှ စပါးပွဲစားကြီးမောင်သာဝေက ဇာတ်ကြီး တည်ထောင်ပေးသည်ဟု အဆိုရှိသည်။ မန္တလေးသို့လွှတ်၍ အီနောင် ဦးစံတုတ်ထံတွင် ယိုးဒယားကနည်းများကိုလည်း သင်စေသည်ဟု အဆိုရှိ၏။

ဦးစိန်ကတုံးသည် အပြောအဆိုတွင် အနည်းငယ်ထစ်တတ် သော်လည်း၊ ပရိသတ်စွဲလောက်အောင် အပြောကျသည့်ပြင်၊ ယိုးဒယားအကအလွန်ကောင်းသောကြောင့် နာမည်ကြီးလာ၏။ မင်းသားကလေးဘဝမှာ အသံပျက်သွားရာ သီချင်းကောင်းစွာ မဆိုနိုင်သည့်အတွက် ခါးတောင်းကျိုက်မင်းသား (ဝါ) မင်းသား လတ်လုပ်၍၊ ဝိဋဋူပ၊ အင်္ဂုလိမာလ၊ ထိလပ်ပိုးအု၊ ခြေဖဝါး တတောင်မောင်မဲခေါင်၊ သူခိုးငတက်ပြားရွှေမောဓောမှာ နား ထွင်းခန်း၊ တစ်ပင်ရွှေထီးပြဇာတ်စသည့် ဇာတ်ထုပ်များကို ကပြ ခဲ့၏။ လူကြိုက်များလာသဖြင့် ဇာတ်မှန်သမျှမှာ ခါးထောင်း ကျိုက်မင်းသားမပါလျှင် မဖြစ်သလောက်ရှိခဲ့သည်။ စိန်ကတုံး ဟန်ဟူ၍လည်း အတော် ခေတ်စားလာလေသည်။ နောင်အခါ တွင် မင်းသားနုအဖြစ်ဖြင့် ပြန်လည်ကပြ၏။ ၁၂၇၅ ခုနှစ်တွင် မင်းသမီး အောင်ဗလနှင့် တွဲဖက်ကပြရာ နာမည်ကျော်သည် ထက်ကျော်လာလေသည်။ ၁၂၈ဝ ပြည့်နှစ်မှစ၍ ကိုယ်ပိုင် ရွက်ထည်ရုံကြီး တည်ထောင်ကာ ခေတ်ဆန်သော ဓာတ်မီး မောင်းထိုး၍ကပြသည်။ မြန်မာပြည်မြို့ရွာ အနယ်နယ်သို့ လှည့် လည်ကပြရာ ပြည်သူပြည်သားများနှင့် အစိုးရပိုင်းကပါ ရွှေ တံဆိပ်၊ ဘွဲ့စသော ဆုလာပ် အမျိုးမျိုးဖြင့်ချီးမြှင့်ခဲ့ကြသည်။ ညနောက်ပိုင်းတွင် ကပြလေ့ရှိသော ဇာတ်ထုပ်ဇာတ်ကွက်များကို ငါးရာ့ ငါးဆယ်ဓမ္မပဒ စသည်တို့မှ ထုတ်နုတ်၍ နိုင်နိုင်နင်း နင်းကပြခဲ့သည်။ နှစ်ပါးသွား သီချင်းများမှာလည်း သစ္စာတိုင် အချစ်သီချင်းများကို မသုံးဘဲ၊ သာသနာ၊ ဘာသာ၊ အမျိုးသား ရေးတို့နှင့်ဆိုင်သော သီချင်းများကိုသာ သီဆိုကပြလေ့ရှိလေ သည်။

ဦးစိန်ကတုံးသည် အဆိုအက၌သာမဟုတ်၊ အတီးအမှုတ် ဂီတစ်ဖက်တွင်လည်း ကျွမ်းကျင်၏။ အထူးသဖြင့် ကြေးတီးရာ ၌ အလွန်ကောင်း၏။ ဇာတ်မင်းသားကလေးဘဝက၊ ပွဲမထွက် ခင်ညဉ့်ဦးယံတွင် ကြေးဝိုင်းခွင်သို့ဝင်၍ ယိုးဒယားတီးလေ့ရှိ သည်။ ကြေးတီးအလွန်နိုင်နင်းရုံမျှမက၊ အပိုအလျှံ၊ အဖက် အစွက်ထည့်၍ ကစားကာတီးလေ့ရှိလေသည်။ ဆိုင်းဆရာ လောင်းများသည် သူ့ထံတွင် လာရောက်နည်းယူကြရသည်။ ထိုအခါက ရန်ကုန်မြို့နာမည်ကြီး တီးဝိုင်းဆရာများဖြစ်သော ဆရာစိုးကိုဘလှတရောဘရီပြည်မောင်ကြီး စသည်တို့ သည် ဦးစိန်ကတုံးထံချဉ်းကပ်၍ တီးကွက်ဆိုကွက်များကို နည်းယူကြသည်။

ဦးစိန်ကတုံးနှင့် တွဲဖက်ကပြခဲ့သော မင်းသမီးများမှာ နာမည်ကျော် အောင်ဗလအပြင်၊ အစမ်းကြည်မကျော်ဗလမစိန်နွဲ့မသိန်းညွှန့်စသည်တို့ဖြစ်ကြ၏။

ဦးစိန်ကတုံး၏ လက်စွဲ လူရွှင်တော်များမှာ နာမည်ကျော် ဦးရွှေအဦးမန်းရိပ်ဦးကျော်ရွှဲ့ဦးငှက်ရိုးတို့ ဖြစ်ကြ၏။

မိသားစုဘဝ[ပြင်ဆင်ရန်]

မင်းသမီး မစမ်းကြည်နှင့် လက်တွဲသည်။ ဒုတိယတဦးမှာ ဒေါ်ရှင် ဖြစ်သည်။ တတိယဇနီးအမည်မှာ ဒေါ်စောတင် ဟူ၏။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၃၁ ခု၊ ဇန်နဝါရီလ ၄ ရက်တွင် ပွဲလှည့်စဉ် မုံရွာ၌ ကွယ်လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]