အင်္ဂုလိမာလ

ဝီကီပီးဒီးယား မှ

သာဝတ္တိပြည် ပေဿနဒီ ကောသလမင်းကြီး၏ အတိုင်ပင်ခံပညာရှိ ပုရောဟိတ်ကြီး၏ဇနီး ပုဏ္ဏေးမကြီး(ပုဏ္ဏားလူမျိုး) မန္တာနီတွင် သားတစ်ယောက် ဖွားမြင်ရာ ဖွားမြင်သည့်အချိန်တွင် တစ်ပြည်လုံးရှိ လက်နက်များ အရောင်တဝင်းဝင်း ထွက်လာသဖြင့် မွေးဖွားသောသား၏ နက္ခတ်ကြောင့် ဖြစ်ကြောင်း သံတော်ဦးတင်၍ ၎င်းသားကို သုတ်သင် ဖျောက်ဖျက်ပစ်ပါမည်ဟု သံတော်ဦးတင် လျှောက်လေသည်။ မင်းကြီးက “တိုင်းပြည်ကို လုယူမည့် သူပုန် ဖြစ်မည်လား” မေးရာ ပုရောဟိတ်ကြီး(ပုဏ္ဏားလူမျိုး)က ထီးနန်းကို လုယူမည့်သူ မဟုတ်ပါ၊ တောတွင်းလူဆိုးသာဖြစ်ပါမည် ပြောသဖြင့် မင်းကြီးက “ဇီဝိတဒါန အသက်ရှင်ပါစေ၊ မသေပါစေနှင့်” ဟု မိန့်ကြားသဖြင့် "ဟိံသက" အမည်ပေး၍ ဆက်လက် မွေးမြူထားလေသည်။

လူဆိုးဖြစ်ရခြင်းအကြောင်း[ပြင်ဆင်ရန်]

ပါမောက္ခကြီး၏အထင်လွဲခံရခြင်း[ပြင်ဆင်ရန်]

အရွယ်ရောက်သော် တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးထံ ပညာသင် စေလွှတ်ထား၏။ တပည့်ပေါင်းများစွာရှိသည့်အနက် ဟိံသကမှာ ဖျတ်လက်သွက်လက်သဖြင့် ဆရာကတော်ကြီးက လက်စွဲပြုစေခိုင်းလေ့ရှိ၏။ ဆရာကတော်ကြီးအရေးပေးသည်ကို မနာလိုသော တပည့်များသည် ဆရာကတော်ကြီးအပေါ်၌ ဟိံသကမှာ မရိုးသားကြောင်း ဆရာကြီးအား ကုန်းချောစကား ဆိုကြလေတော့သည်။ ဆရာကြီးသည် အထင်လွဲသွားကာ ဟိံသကအား ပညာစုံပြီဖြစ်၍ ပညာကြေးကန်တော့ရန် "လူ့လက်ညှိုးတစ်ထောင် ဖြတ်ယူခဲ့" ဟု အနုနည်းဖြင့် သေလမ်းသို့ ညွှန့်ကြားလိုက်လေသည်။ (လက်ညှိုးပေါင်းတစ်ထောင်ရလျှင် အကောင်းဆုံးသော ပညာတစ်ခု သင်ပေးမည်ဟု ဆရာကြီးကပြောကြားကြောင်းကို မှတ်တမ်းတစ်ခုတွင် တွေ့ရှိရသည်။)

ရာဇဝတ်လူဆိုးကြီးတစ်ဦးဖြစ်လာခဲ့[ပြင်ဆင်ရန်]

ဟိံသက သည် ဆရာကြီးအပေါ်၌ အလွန်ကြည်ညိုလေးစားစွာဖြင့် ဩဝါဒအတိုင်း သာဝတ္ထိပြည် အနီး ဇာလိယ တောတန်းထဲတွင်နေကာ ဓားတစ်ချောင်းဖြင့် လာလာသမျှသော လူများကို သတ်၍ လက်ညှိုးဖြတ်ကာ ကြိုးနှင့်သီပြီး လည်ပင်းမှာ ဆွဲထားလေတော့သည်။ ထိုအချိန်မှစ၍ ဟိံသက အမည်မှ အင်္ဂုလိမာလ ဟု အမည်တွင်ကာ ဘုရင်မင်းမြတ်ကိုယ်တိုင် ထွက်၍ ဖမ်းဆီးနှိမ်နှင်းရန်လုပ်ဆောင်ရသည်အထိ ရာဇဝတ်လူဆိုးကြီးတစ်ဦးသဖွယ် ကြီးကျယ်လာလေတော့သည်။

မိခင်ကိုပင် သတ်ရန်ကြံ[ပြင်ဆင်ရန်]

ကောသလမင်းကြီးကိုယ်တိုင် စစ်တပ်နှင့်ထွက်၍ လက်ရဖမ်းမည်ဟု သိသောနေ့တွင် မန္တာနီပုဏ္ဏေးမကြီး(ပုဏ္ဏားလူမျိုး)သည် သားအပေါ်၌ ချစ်ခြင်းမေတ္တာ ကရုဏာဖြင့် ဇာလိက တောတန်းသို့ အပြေးလှမ်းလာကာ သားကိုတော်ရာ လွတ်ရာသို့ ရှောင်ရှားရန် ဟစ်အော် သတိပေးလေတော့သည်။ အင်္ဂုလိမာလအဖို့မှာလည်း တစ်ထောင်ပြည့်ရန် လက်တစ်ချောင်းသာ လိုသောနေ့မှ မွေးသမိခင် ကျေးဇူးရှင် ကိုယ်တိုင် လာရောက်သတိပေးလေရာ ဘုရင်ကိုယ်တိုင် လူဆိုးဖမ်းထွက်မည့်နေ့ဖြစ်၍ ဤတောတန်းများ၌ ဖြတ်သန်းမည့် အခြားသူ မရှိဘဲ တစ်ဦးတည်းသော လာသူမှာလည်း မိခင်ရင်း ဖြစ်နေတော့ရာ…ယနေ့ လက်ညှိုးတစ်ထောင်ပြည့်ပါက ဆရာ့ထံပြန်၍ ကန်တော့လိုသော အင်္ဂုလိမာလမှာ "မာတာပိတု ဂုဏော အနန္တော" ဟု သဘောသက်ဝင် မဆင်ခြင်နိုင်ဘဲ မိခင်လက်ညှိုးကို ဖြတ်ရန် ကြံစည်ကာ ဓားဆွဲ၍ လိုက်လေတော့သည်။

ဘုရားရှင်ကိုယ်တိုင်ဝင်ကယ်ခဲ့ခြင်း[ပြင်ဆင်ရန်]

သတ္တဝါဝေနေများကို ကရုဏာတော် အနန္တဖြင့် ဒိဗ္ဗစက္ခုဉာဏ်တော်မြတ်ဖြင့် ကြည့်ရှုကယ်တင်ရန် ဆုံးဖြတ်တော်မူသော မြတ်စွာဘုရားသခင်သည် ထိုအခြင်းအရာကို အာရုံတော်တွင်မြင်မိသည့်အတွက်ကြောင့် မိခင်နှင့်သားအကြား ဘွားခနဲဝင်၍ မိခင်ကို ကွယ်လိုက်လေတော့သည်။ ထို့ကြောင့် အင်္ဂုလိမာလသည် မိခင်ကိုလိုက်မည့်အစား ဗုဒ္ဓဘုရားရှင်ကိုသာ လိုက်လံဖမ်းဆီးမည်၊ လက်ညှိုးဖြတ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။

အပြေးလျင်သော သားသမင်ကိုပင် အစဉ်အမြဲရအောင်ဖမ်းယူနိုင်သော အင်္ဂုလိမာလမှာ ဘုရားရှင်ကို လိုက်၍ မမီနိုင်သည့်အဆုံး "ရဟန်းကြီး၊ ရပ်လော့" ဟု လူဆိုးပီပီ အမိန့်ပေးလေတော့သည်။

ဗုဒ္ဓဘုရားရှင်က "အင်္ဂုလိမာလ၊ ငါကား ရပ်နေ၏၊ သင်သာ မရပ်သေးပါတကား" ဟုမိန့်ရာ အင်္ဂုလိမာလက "ရဟန်းကြီး၊ အဘယ်ကြောင့် မုသားပြောသနည်း" ဟု ထပ်ဆင့် မေးသဖြင့် ဘုရားရှင်က သံသရာအမိုက်ဇာတ်ကို အမြစ်မဖြတ်ဘဲ တဝဲလည်လည် မရပ်မနား ပြေးလွှားနေခြင်း အဓိပ္ပာယ်ကို အလွယ်နှင့် နားလည်ရန် "ငါသည် သံသရာမှလွတ်မြောက်ရာလွတ်မြောက်ကြောင်းလမ်းစဉ်ကို ကိုယ်တိုင်ကျင့်ကြံသိရှိပြီးဖြစ်သဖြင့် ပြေးလွှားရန်မလို၊ အသင်သည် လူအများကိုဒုက္ခပေးသတ်ဖြတ်သည့်အပြင် မိခင်ဟူသော ကျေးဇူးရှင်ကိုပါ သတ်ဖြတ်မည်ဆိုပါက သံသရာတစ်လျှောက်လုံး မရပ်မနားပြေးလွှားနေရဦးမည်။ အချိန်မီနောင်တရပြီး တရားကျင့်ကြံလျှင် သံသရာမှလွတ်မြောက်နိုင်လိမ့်မည်။" ဟူ၍ ဟောကြားတော်မူခဲ့သည်။

ပျက်အစဉ် ပြင်ခဏ၊ အင်္ဂုလိမာလ[ပြင်ဆင်ရန်]

ပါရမီရင့်ပြီးဖြစ်သူ အင်္ဂုလိမာလမှာ တစ်ထိုင်တည်းဖြင့် "ဧဟိ ဘိက္ခု" ရဟန်း ဖြစ်လေတော့သည်။ လူဆိုးဖမ်းထွက်လာသော ကောသလမင်းကြီးမှာ ဘုရားကျောင်းတော်တွင် ရဟန်းဖြစ်နေသော အင်္ဂုလိမာလအား ရဟန်းအသွင်နှင့်တွေ့မြင်သဖြင့် ဖမ်းဆီးရန်မလိုတော့ပဲ ကန်တော့၍သာ နန်းတော်သို့ ပြန်ရရှာလေသည်။

နောက်ပိုင်းနေ့ရက်များတွင် ရဟန်းမြတ် ဣန္ဒြေနှင့် ပြည့်စုံစွာ ဆွမ်းခံထွက်လာသော အရှင်အင်္ဂုလိမာလကို မြို့တွင်းမှ လက်ညှိုးဖြတ်ခံရသူများ၊ ၎င်းတို့၏ဆွေမျိုးမောင်နှမ မိသားစုဝင်များက တုတ်၊ အုတ်ခဲ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည့်အတွက် ဒဏ်ရာများရသော်လည်း သည်းခံ၍သာ သီတင်းသုံးနေရရှာသည်။ တစ်ခါတွင်မူ ဆွမ်းခံကြွချိန်တွင် ကလေးမီးမဖွားနိုင်သောမိန်းမပျိုတစ်ဦး အခက်အခဲဖြစ်နေသည်ဟု ကြားသိရသောအခါ သနားဂရုဏာဖြစ်ကာ ထိုအခက်အခဲအား ကူညီဖြေရှင်းပေးလိုကြောင်း မြတ်စွာဘုရားအား လျှောက်ထားလေရာ မီးမဖွားနိုင်သူတို့အား သစ္စာပြုပြီး မီးဖွားစေသော ဂါထာမန္တန်တော်ကို သင်ကြားပေးတော်မူ၏။ အင်္ဂုလိမာလ ရဟန္တာမြတ်၏ ကျေးဇူးတော်ကြောင့် မီးမဖွားနိုင်သူတို့ လွယ်ကူစွာ မီးဖွားနိုင်သည်မှစ၍ ကြည်ညိုသူပေါများလာခြင်း၊ လူအများ၏ ချစ်ခင်အားကိုးခြင်းခံရသော ရဟန္တာထေရ်မြတ်တစ်ပါးဖြစ်သွားသည့်အခါကစ၍ အင်္ဂုလိမာလသုတ်တော်ကို ရွတ်ဆိုပွားများခဲ့ကြကြောင်း မှတ်တမ်းများအရ တွေ့ရှိရသည်။

လူရမ်းကားလူသတ်သမားဖြစ်ခဲ့ရသော အင်္ဂုလိမာလသည်ပင် ဗုဒ္ဓမြတ်စွာဘုရား၏ကျေးဇူးတော်အဆုံးအမကြောင့် နောင်တရပြီး ဆိုးသွမ်းမှုများကို ပြတ်ပြတ်သားသားရပ်ဆိုင်းကာ လူကောင်းသူကောင်းတစ်ဦး (သို့) ရဟန္တာအရှင်သူမြတ်တစ်ဦးဖြစ်လာခဲ့ခြင်းကို နမူနာသာဓကပြုပြီး လူသားများအားလုံးသည် မိမိအကျိုး၊ အများအကျိုးအတွက် သူတော်ကောင်းတရား၊ မဂ္ဂင် ၈ ပါးလမ်းစဉ်နှင့်အညီ အကောင်းဆုံးလက်တွေ့ကျင့်ကြံသင်ခန်းစာယူသင့်ပါကြောင်း မှတ်သားမိပါသည်။ အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့်လည်းကောင်း၊ အသိပညာ၊ အတွေးအခေါ်မှားယွင်းမှုကြောင့်လည်းကောင်း လမ်းမှားသို့လျှောက်လှမ်းနေရပါကလည်း လမ်းမှန်သို့ရဲရဲဝံ့ဝံ့ရွေးချယ်လျှောက်လှမ်းကြရန် လွန်စွာအရေးကြီးလှပါကြောင်း နားလည်မိပါသည်။

ကိုးကား[ပြင်ဆင်ရန်]