စန္ဒြိကာ ကုမာရတုင်္ဂ
စန္ဒြိကာ ကုမာရတုင်္ဂ Chandrika Kumaratunga | |
|---|---|
စန္ဒြိကာ (၂၀၁၅) | |
| ပဉ္စမမြောက် သီရိလင်္ကာနိုင်ငံ၏ သမ္မတ | |
| တာဝန်သက်တမ်း ၁၂ နိုဝင်ဘာ ၁၉၉၄ – ၁၉ နိုဝင်ဘာ ၂၀၀၅ | |
| ဝန်ကြီးချုပ် | Sirimavo Bandaranaike Ratnasiri Wickremanayake Ranil Wickremesinghe Mahinda Rajapaksa |
| ယခင်လူ | Dingiri Banda Wijetunga |
| ဆက်ခံသူ | Mahinda Rajapaksa |
| ၁၁ဦးမြောက် သီရိလင်္ကာနိုင်ငံ၏ ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၁၉ ဩဂုတ် ၁၉၉၄ – ၁၂ နိုဝင်ဘာ ၁၉၉၄ | |
| သမ္မတ | Dingiri Banda Wijetunga |
| ယခင်လူ | Ranil Wickremesinghe |
| ဆက်ခံသူ | Sirimavo Bandaranaike |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | Chandrika Bandaranaike ၂၉ ဇွန်၊ ၁၉၄၅ ကိုလံဘိုမြို့, ဗြိတိသျှအင်ပါယာ |
| နိုင်ငံရေးပါတီ | Sri Lanka Freedom Party |
| အခြား နိုင်ငံရေးလွှမ်းမိုးမှု | People's Alliance (Sri Lanka) (1994–2004) United People's Freedom Alliance (၂၀၀၄–၂၀၀၆) |
| ကြင်ဖော် | ဝိဂျယ ကုမာရတုင်္ဂ |
| သားသမီး | Yasodhara Kumaratunga Vimukthi Kumaratunga |
| မိဘ | ဆိုလွန်မို ဗန္ဓရာနိုက်ကေး (ဖခင်) သီရိမာဗို ဗန္ဓရာနိုက်ကေး(မိခင်) |
| ပညာရေး | Institut d'études politiques d'Aix-en-Provence Paris Institute of Political Studies |
| လက်မှတ် | |
စန္ဒြိကာ ဗဏ္ဍာရနာယက ကုမာရတုင်္ဂ(သီဟိုဠ်: චන්ද්රිකා බණ්ඩාරනායක කුමාරතුංග, တမီးလ်: சந்திரிகா பண்டாரநாயக்க குமாரதுங்க; ၂၉ ဇွန် ၁၉၄၅ ~) အတိုကောက်အားဖြင့် စီဘီကေ(CBK)သည် ၁၂ နိုဝင်ဘာ ၁၉၉၄ မှ ၁၉ နိုဝင်ဘာ ၂၀၀၅ အထိ သီရိလင်္ကာနိုင်ငံ၏ သမ္မတအဖြစ် လည်းကောင်း၊ ၁၉၉၄ ဩဂုတ်လမှ ၁၉၉၄ နိုဝင်ဘာလအထိ (၃ လတာကာလ) သီရိလင်္ကာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၉၃ မှ ၁၉၉၄ အထိ သီရိလင်္ကာ အနောက်ပိုင်းတိုင်းဒေသကြီး၏ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးသမား အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီ၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၀၅ ခုနှစ်အထိတိုင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ [၁][၂][၃]
ငယ်ဘဝနှင့် သူမ၏မိသားစု
[ပြင်ဆင်ရန်]ချန်ဒရီကာ ဗန္ဓရာနိုက်ကေး ကူမာရာတွန်ဂါကို ၂၉ ဇွန် ၁၉၄၅ တွင် ကိုလံဘိုမြို့၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ ဆိုလွန်မို ဗန္ဓရာနိုက်ကေးဖြစ်ပြီး မိခင်ဖြစ်သူမှာ သီရိမာဗို ဗန္ဓရာနိုက်ကေးဖြစ်သည်။ [၄]
ဖခင်ဖြစ်သူ ဆိုလွန်မိုသည် အောက်စဖို့မှ ဘွဲ့ရပညာတတ်၊ ဝတ်လုံးတော်ရရှေ့နေတစ်ဦးဖြစ်ပြီး သူမကိုမွေးဖွားစဉ်အခါက ဆိုလွန်မိုသည် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာဝန်ကြီးအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သည်။ သူမ၏အဘိုးတော်စပ်ပြီး ဆိုလွန်မို၏ အဖေတော်စပ်သော အက်စ်ဒီ (SD) ဗန္ဓရာနိုက်ကေးသည်လည်း ဗြိတိသျှသီဟိုဠ်ကာလအတွင်း၌ မဟာမူဒါလေရာရာထူးကိုရရှိထားသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ [၅]
ချန်ဒရီကာသည် ချမ်းသာပြီး ဩဇာအာဏာရှိသော မျိုးရိုးမှဆင်းသက်လာခဲ့သူဖြစ်ပြီး ဟိုရာဂိုလာဝါလာဝါ စံအိမ်တော်ကြီး၌ ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့သူလည်းဖြစ်သည်။ ၁၉၄၈ ခုနှစ်၌ သီရိလင်္ကာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သူမ၏ဖခင် ဆိုလွန်မိုသည် ကျန်းမာရေးဝန်ကြီးဖြစ်လာခဲ့သည်။ ထို့နောက် ဆိုလွန်မိုသည် သူ၏ကိုယ်ပိုင် နိုင်ငံရေးပါတီဖြစ်သော သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီကို တည်ထောင်ဖွဲ့စည်းခဲ့သည်။ ရွေးကောက်ပွဲကြားကာလများတွင် သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီသည် ပါတီကို အားကောင်းစေသော ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆိုလွန်မိုသည် ၁၉၅၂ တွင်အတိုက်အခံခေါင်းဆောင်ဖြစ်လာပြီး ၁၉၅၆ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ [၆] ဆိုလွန်မိုသည် ဝန်ကြီးချုပ်အဖြစ် ဘတ်စ်ကားကုမ္ပဏီများကို ပြည်သူပိုင်သိမ်းခြင်းနှင့် ကိုလံဘိုဆိပ်ကမ်း၊ ဇာတ်အခြေခံခွဲခြားဆက်ဆံခြင်းကို တားမြစ်ခြင်း၊ ဗြိတိန်စစ်တပ်အခြေစိုက်စခန်းများ ဖယ်ရှားခြင်းနှင့် သံတမန်မစ်ရှင်များ ထူထောင်ခြင်းစသည့် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ဆိုလွန်မိုသည် ဆင်ဟာလာဘာသာစကားကိုလည်း နိုင်ငံ၏တစ်ခုတည်းသော ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့ပြီး အင်္ဂလိပ်ဘာသာစကားကို အဓိကအသုံးပြုပြောဆိုသည့် လူလတ်တန်းစား တမီးလ်လူမျိုးများ ပညာတတ်အထက်တန်းစားအဖွဲ့ဝင်များကိုပါ ပစ်ပယ်ထားရှိစေခဲ့သည်။ [၇]
၁၉၅၉ ခုနှစ်၊ ချန်ဒရီကာ၏ အသက် ၁၄ နှစ်တွင် ဆိုလွန်မိုသည် လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ လုပ်ကြံသတ်ဖြတ်မှုအပြီးတွင် ချန်ဒရီကာ၏ မိခင်ဖြစ်သူ သီရိမာဗိုသည် မုဆိုးမတစ်ဦးဖြစ်လာခဲ့ပြီး သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီ၏ ဥက္ကဋ္ဌရာထူးကို တာဝန်ရယူခဲ့ပြီး ၁၉၆၀ ခုနှစ်တွင်သူမသည် သီရိလင်္ကာတွင်သာမက ကမ္ဘာတွင်ပါ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ [၈]
ထို့ကြောင့် ချန်ဒရီကာသည် ဗန္ဓရာနိုက်ကေးမိသားစုတွင် သုံးယောက်မြောက်သမီးဖြစ်ရာ ငယ်စဉ်ကတည်းက နိုင်ငံရေးတွင် ပါဝင်ခဲ့သည်။ သူမ၏အစ်မဖြစ်သူ ဆူနီထရာ ဗန္ဓရာနိုက်ကေးသည် လူမှုဆက်ဆံရေးသမားတစ်ဦးဖြစ်လာပြီး သူမ၏မောင်အငယ်ဆုံးဖြစ်သူ အာနူရာ ဗန္ဓရာနိုက်ကေးသည် နိုင်ငံရေးတွင်တက်ကြွစွာပါဝင်ခဲ့ပြီး သီရိလင်္ကာလွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံ၏ အသက်အငယ်ဆုံး အတိုက်အခံပါတီခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ [၉]
ပညာရေး
[ပြင်ဆင်ရန်]ချန်ဒရီကာသည် ကိုလံဘိုရှိ စိန့် ဘရစ်ဂတ် ကွန်းဘန့်တွင် ပညာသင်ကြားခဲ့ပြီး ရိုမန်ကက်သလစ် အကွီးနက်စ် ယူနီဗာစတီ ကောလိပ်တွင် ဥပဒေဘွဲ့ရရှိဖို့ရန်အတွက် ပညာသင်ကြားရန် စာရင်းသွင်းခဲ့သည်။ သို့သော်လည်း ၁၉၆၇ ခုနှစ်တွင် သူမသည် ပြင်သစ်လေ့လာရေးသိပ္ပံမှ ပညာသင်ဆုဖြင့် ဥပဒေပညာကို မပြီးဆုံးဘဲ ပြင်သစ်နိုင်ငံ အကွီးနက်စ် ယူနီဗာစတီ ကောလိပ်မှ ထွက်ခွာခဲ့သည်။ ပြင်သစ်ဘာသာစကားနှင့် ယဉ်ကျေးမှုသင်တန်းကို သင်ကြးခဲ့ပြီးနောက် သူမသည် Institut d'études politiques d'Aix-en-Provence တွင် တစ်နှစ်နေခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် Institut d'Etudes Politiques de Paris (Sciences Po) တွင် နိုင်ငံရေးသိပ္ပံဒီပလိုမာဘွဲ့ရခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ထို့နောက်တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ PhD ပရိုဂရမ်တွင် စာရင်းသွင်းခဲ့သည်။ ၁၉၇၀ မှ ၁၉၇၃ ခုနှစ်အထိ ပါရီမြို့၊ École pratique des hautes études တွင် စီးပွားရေးပညာကိုလည်း ဆည်းပူးခဲ့သည်။ [၁၀][၁၁] ချန်ဒရီကာသည် သီဟိုဠ်ဘာသာစကားကိုသာမကဘဲ အင်္ဂလိပ်ဘာသာစကားနှင့် ပြင်သစ်ဘာသာစကားတို့ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်သူလည်းဖြစ်သည်။ [၁၂]
နိုင်ငံရေးလောကအတွင်း စတင်ဝင်ရောက်စဉ်
[ပြင်ဆင်ရန်]စန္ဒြိကာသည် ၁၉၇၂ ခုနှစ်တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် သူမ၏မိခင်သည် ၁၉၇၀ ပြည့်နှစ်မှစ၍ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ဆိုရှယ်လစ်စနစ် ပြုပြင်ပြောင်းလဲရေး စီမံကိန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန်ဖြစ်သည်။ ထို့ပြင် ၁၉၇၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ကွန်မြူနစ်အုံကြွမှုကိုလည်း ရင်ဆိုင်နေရသော ကာလဖြစ်သည်။
သီရိလင်္ကာသို့ ပြန်ရောက်ပြီးနောက် ဖခင်ဖြစ်သူ တည်ထောင်ခဲ့ပြီး မိခင်ဖြစ်သူ ဦးဆောင်နေသော သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီ (SLFP) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ပါတီ၏ အမျိုးသမီးအဖွဲ့ခွဲ (Women's League) ၌ အလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
သူမသည် မြေယာပြုပြင်ပြောင်းလဲရေး ကော်မရှင် (LRC) တွင် ထပ်ဆင့်အဓိကညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရပြီး မြေယာပြုပြင်ပြောင်းလဲရေးဥပဒေအရ ပုဂ္ဂလိကပိုင်မြေ ဟက်တာပေါင်း ၂၂၈,၀၀၀ ခန့်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူသည့် လုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LRC မှ ထွက်ခွာပြီးနောက် သိမ်းယူထားသော မြေယာများပေါ်တွင် စုပေါင်းပိုင်လယ်ယာများ တည်ထောင်သည့် Janawasa ကော်မရှင် ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၁၉၇၇ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သူမမိခင်၏ SLFP အစိုးရ ရှုံးနိမ့်သွားပြီးနောက် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ကာ ၁၉၇၉ ခုနှစ်အထိ ကုလသမဂ္ဂ အစားအသောက်နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တွင် အတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။
သီရိလင်္ကာ မဟာဂျနာပါတီ (SLMP)
[ပြင်ဆင်ရန်]၁၉၇၈ ခုနှစ်တွင် စန္ဒြိကာသည် နာမည်ကြီးရုပ်ရှင်မင်းသားနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဝိဂျယ ကုမာရတုင်္ဂ နှင့် လက်ထပ်ခဲ့သည်။ ၁၉၈၃ ခုနှစ် မဟာရာ (Mahara) ကြားဖြတ်ရွေးကောက်ပွဲတွင် ခင်ပွန်းဖြစ်သူ၏ မဲဆွယ်စည်းရုံးရေးကို ကူညီခဲ့သော်လည်း ခင်ပွန်းဖြစ်သူမှာ မဲပြန်လည်ရေတွက်မှုတွင် ရှုံးနိမ့်ခဲ့သည်။
၁၉၈၄ ခုနှစ်တွင် ဝိဂျယသည် ကိုယ်ပိုင်ပါတီဖြစ်သော သီရိလင်္ကာ မဟာဂျနာပါတီ (SLMP) ကို တည်ထောင်သောအခါ သူမသည် SLFP မှ နုတ်ထွက်ကာ ခင်ပွန်းဖြစ်သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကို ကူညီခဲ့ပြီး SLMP ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဤကိစ္စကြောင့် ထိုစဉ်က SLFP ကို ဦးဆောင်နေသော သူမ၏မိခင်၊ မောင်ဖြစ်သူတို့နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ခင်ပွန်းဖြစ်သူ ဝိဂျယသည် နာရာဟန်ပီတာရှိ နေအိမ်ရှေ့၌ပင် ဇနီးဖြစ်သူ၏ ရှေ့မှောက်တွင် သေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက် စန္ဒြိကာသည် ပါတီခေါင်းဆောင်မှုကို ခေတ္တတာဝန်ယူခဲ့ပြီး အခြားလက်ဝဲပါတီများနှင့်ပေါင်းကာ United Socialist Alliance ကို တည်ထောင်ခဲ့သည်။ သို့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ၁၉၈၈ ခုနှစ်နှောင်းပိုင်းတွင် ဗြိတိန်နိုင်ငံသို့ တိမ်းရှောင်ခဲ့ပြီး ကုလသမဂ္ဂတက္ကသိုလ်၏ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးသုတေသနဌာနတွင် အလုပ်ဝင်ခဲ့သည်။
နိုင်ငံရေးလောကသို့ ပြန်ဝင်လာခြင်း
[ပြင်ဆင်ရန်]၁၉၉၀ ပြည့်နှစ်တွင် သီရိလင်္ကာသို့ စတင်ပြန်လည်ရောက်ရှိလာပြီး နိုင်ငံရေးတွင် ပြန်လည်ပါဝင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အာဏာရပါတီဖြစ်သော United National Party (UNP) အတွင်း သဘောထားကွဲလွဲမှုများကြောင့် အတိုက်အခံအင်အားစုများ အားကောင်းလာချိန်တွင် စန္ဒြိကာသည် SLFP သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် အဓိကနိုင်ငံရေးခေါင်းဆောင်များ လုပ်ကြံခံရပြီးနောက် ဖြစ်ပေါ်လာသော အပြောင်းအလဲများတွင် သူမသည် အတိုက်အခံပါတီ၏ အဓိကကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။ ၁၉၉၃ ခုနှစ် မေလ ၂၁ ရက်တွင် သူမသည် အနောက်ပိုင်းတိုင်းဒေသကြီး၏ ဝန်ကြီးချုပ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
ဝန်ကြီးချုပ်အဖြစ်
[ပြင်ဆင်ရန်]၁၉၉၄ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပရန် နီးကပ်လာချိန်တွင် စန္ဒြိကာသည် ပြည်သူ့မဟာမိတ်အဖွဲ့ (People's Alliance - PA) ဟုခေါ်သော ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီ (SLFP) ၏ လက်တွေ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၁၉၉၄ ခုနှစ် ဩဂုတ်လတွင် ကျင်းပခဲ့သော ထိုရွေးကောက်ပွဲတွင် သူမသည် ဂမ်ပါဟာခရိုင် (Gampaha District) မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
လွှတ်တော်အတွင်း သီဟိုဠ်အလုပ်သမားကွန်ဂရက် (Ceylon Workers' Congress) ၏ ထောက်ခံမှုကို ရယူကာ မဲအနည်းငယ်အသာဖြင့် အစိုးရဖွဲ့နိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် စန္ဒြိကာသည် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆိုခဲ့သည်။ ထိုစဉ်က သူမ၏မိခင်ဖြစ်သူမှာလည်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ဝန်ကြီးချုပ်ဖြစ်ပြီးနောက် မကြာမီတွင်ပင် သူမသည် မိခင်ဖြစ်သူ၏နေရာကို ဆက်ခံကာ SLFP ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထို့နောက် များမကြာမီ နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲ ကျင်းပရန် ထပ်မံကြေညာခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "BBC Profile: Chandrika Kumaratunga"၊ BBC News၊ 26 August 2005။
- ↑ Chandrika။
- ↑ Skard, Torild "Chandrika Kumaratunga" in Women of Power – half a century of female presidents and prime ministers worldwide, Bristol: Policy Press, 2014, 978-1-44731-578-0
- ↑ Chandrika Bandaranaike Kumaratunga | 1st Female President of Sri Lanka | Britannica (in en) (2023-06-25)။ 2023-08-03 တွင် ပြန်စစ်ပြီး။
- ↑ Skard, Torild "Sirimavo Bandaranaike" and "Chandrika Kumaratunga", 2014
- ↑ S.W.R.D. Bandaranaike | Ceylon leader, independence, reformer | Britannica (in en)။ 2023-08-03 တွင် ပြန်စစ်ပြီး။
- ↑ Solomon Brandaranaike | Inner Temple (in en-GB) (2021-11-23)။ 2023-08-03 တွင် ပြန်စစ်ပြီး။
- ↑ Fewer than a third of UN member states have ever had a woman leader (in en-US)။ 2023-08-03 တွင် ပြန်စစ်ပြီး။
- ↑ Parliament of Sri Lanka - News - Handing over of a copy of publication titled 'Anura Bandaranaike – Legacy in the Legislature 1977-2008' (in en-gb)။ 2023-08-03 တွင် ပြန်စစ်ပြီး။
- ↑ Alumni – Sciences Po International (4 February 2015)။ 7 November 2018 တွင် ပြန်စစ်ပြီး။
- ↑ "Chandrika awarded France's Highest National Honour" (in en)၊ Daily News။
- ↑ "Chandrika Kumaratunga: Politics in the blood"၊ BBC News၊ 9 October 2000။