စခန်းသာဟော်

ဝီကီပီးဒီးယား မှ
(စခန်းသာဟော် (ကျောက်မဲမြို့) မှ ပြန်ညွှန်းထားသည်)

ကျောက်မဲမြို့မှ ကျောက်မဲ - မန္တလေး ကားလမ်းအတိုင်း ဆင်းလာခဲ့၍ မိုင်အနည်းငယ်အကွာတွင် စခန်းသာရွာလေးတည်ရှိပြီး ထိုရွာမှ အတွင်းဘက် ၂ မိုင်ခန့် အကွာတွင် ထင်းရှူးပင်အုပ်တွေနှင့် ကုန်းတန်းလေးတစ်ခုတည်ရှိပြီး ထိုကုန်တန်းလေးပေါ်တွင် စခန်းသာဟော်အမည်တွင်သော သီပေါစော်ဘွားကြီး ဆာစောချယ်၏ နွေရာသီဟော်နန်း တည်ရှိသည်။ ထိုဟော်နန်းသည် ဒေါ်စောမြအေးကြည်၏ ကျော်ကြားလှသော "မိုးဒေဝါ"သီချင်းကို စပ်ဆိုခဲ့ရာ ဟောနန်းပင် ဖြစ်သည်။

သီပေါစော်ဘွား၏ စခန်းသာဟော်မှာ တောင်စွယ်တစ်ခုပေါ်တွင် တည်ဆောက်ထားသည်။ တောင်စွယ်မျက်နှာပြင်သည် စည်မျက်နှာကဲ့သို့ ညီညာပြန့်ပြူးလျက်ရှိသည်။ တောင်စွယ်ဆုံးသွားသည့်အခါ၌ ကမ်းပါးကို ဖြိုချကာ ကျောက်တုံးတွေ စီထားပြီး အောက်အဆင့်တွင် မြတ်ခင်းပြင်တစ်ခု လုပ်ထားပြန်သည်။ အပေါ်မြတ်ခင်းပြင်နှင့် အောက်မြတ်ခင်းပြင်ကို အုတ်လှေကားတစ်ခုဖြင့် ဆက်သွယ်ထားသည်။

တောင်စွယ်အောက်တွင် ကွင်းပြင်ကြီးက မျှော်မဆုံးနိုင်ရှိနေသည်။ ကွင်းပြင်ကို လွန်လျှင် လားရှိုး - မန္တလေး ကားလမ်းကို ရေးရေးမြင်ရပြီး ကားလမ်းလွန်လျှင် မျှော်မဆုံးနိုင်သော လယ်ကွင်းများ၊ တောင်ယာများ၊ လှေကားထစ်စိုက်ကွင်းများ၊ တောအုပ်များ၊ စမ်းချောင်းများ၊ မှိုင်းပြာသောတောင်တန်းများ ထိုနောက် မိုးကုတ်စက်ဝိုင်းကြီးကို မြင်တွေ့နိုင်သည်။

ဟော်ဆောက်ထားရာ တောင်စွယ်နောက်တွင် တောင်တန်းကြီးများ၊ တောများ ရှိသည်။ ဟော်ပတ်ပတ်လည်တွင်လည်း ထင်းရှူးပင်များ၊ ဝက်သစ်ချပင်များ၊ ယူကလစ်ပင်များ စိုက်ထားသည်။ သီပေါစော်ဘွား၏ ဟော်နန်းသည် ရုတ်တရက်ကြည့်လိုက်လျှင် မြန်မာနိုင်ငံ ရောက်နေသည်ဟု မထင်ရပဲ ဥရောပနိုင်ငံတစ်ခုက ကျေးလက်စံအိပ်တစ်အိမ်သို့ ရောက်နေသည်ဟု ထင်ရလောက်သည်။

ဗိသုကာလက်ရာများ[ပြင်ဆင်ရန်]

တောင်စွယ်က မြတ်ခင်းအလယ်တွင် ဆောက်ထားသည့် နွေရာသီဟော်နန်းမှာ အနောက်တိုင်းနှင့် အရှေ့တိုင်း အမျိုးသားဗိသုကာလက်ရာကို ပေါင်းစပ်ထားသည့် အဆောက်အအုံတစ်ခု ဖြစ်သည်။ ကော့်တစ်ချ်ခေါ် တစ်ထပ်တိုက်ဖြစ်ပြီး အလယ်ထိပ်တွင် ရောမခေတ်က ကော်လံများလို ကျောက်ဖြူတိုင်လုံးကြီးတွေ ထူထားကာ ထိပ်တွင် ဒေါင်းရုပ်ကြီး တစ်ရုပ်ကို ကျောက်ဆစ်၍ ပုံဖော်ထားသည်။ ကော့်တစ်ချ်ဘေးဘက်က တောင်ပံသဖွယ် ဖြန့်နေသည်။ အဆောင်တစ်ဖက်တစ်ချက်ပေါ်တွင် ပြာသာဒ်များ တင်ထားသည်။ ပင်မကော့်တစ်ချ်အနောက်ဘက်မျက်နှာစာ အဝကလည်း ရောမကော်လံလို ကျောက်ဖြူတိုင်ကြီးတွေ ထူထားပြီး ထိပ်တွင် ယုန်ရုပ်ကို ကျောက်ဆစ်၍ ဖော်ထားလေသည်။


ဟော်နန်းအတွင်းသို့ ဝင်လျှင် ဒေါင်းရုပ် ရုပ်ကြွတပ်ထားသည့် အလယ်ခန်းမဆောင်ကြီးကို တွေ့ရသည်။ ထိုခန်းမမှာ ညီလာခံခန်းမဖြစ်သည်။ သို့သော် ပလ္လင် အစရှိသော ဟော်နန်း၏ အဆောင်အယောင်တို့ကိုတော့ မမြင်ရတော့။ အလယ်ခန်းမဆောင်၏ ဘေးတစ်ဖက်တစ်ချက်တွင် အဆောင်များရှိပြီး ညာဘက်တောင်ပံမှ အဆောင်ကား မီးသင့်၍ ပျက်ဆီးသွားပြီ ဖြစ်သည်။ ဝဲဘက်အဆောင်သည် အကောင်းပကတိ ကျန်ရှိသည်။ ဝဲဘက်အဆောင်တွင် ရေအိမ်နှင် ရေချိုးခန်းတွဲလျက် ပါရှိသော ခေတ်မီအိပ်ခန်းများ ဖြစ်သည်။ အိပ်ခန်းများအပြင် မီးလင်းဖိုကြီး ရှိသည့် ဧည့်ခန်းကြီးတစ်ခန်းလည်း ရှိသည်။[၁]

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြသန်းတင့် - လွမ်းမောဖွယ် ကမ္ဘောဇ