ခရိုမီတာနာရီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Breguet twin barrel box chronometer

ခရိုမီတာဟူသော ဝေါဟာရမှာ ဂရိဘာသာစကားမှ ဆင်းသက်လာသော ဝေါဟာရဖြစ်၏။ အချိန်ကို တိုင်းတာသည့် ကိရိယာဟု အဓိပ္ပာယ်ရသည်။ ဥရောပတိုက်၌ အချိန်တိကျ မှန်ကန်စွာပြသည့် နာရီ အကောင်းစားမျိုးကို ခရိုမီတာဟု ယနေ့တိုင် ခေါ်ဝေါ်နေကြပေသည်။ ယေဘူယျအားဖြင့်ကား တိုင်ကပ်နာရီ၊ စားပွဲတင်နာရီ၊ လက်ပတ်နာရီဟူသမျှသည် ခရိုမီတာပင် ဖြစ်သည်။ အချိန်ကို တိုင်းတာသော ရှေးခေတ် ပေါ် နေနာရီ၊ ရေနာရီ၊ သဲနာရီဟူသမျှကိုလည်း ခရိုမီတာ ဟူ၍ပင် ခေါ်နိုင်သည်။ နေမှကျသောအရိပ်ဖြင့် အချိန်ကို တိုင်း တာလျှင် နေနာရီဟု ခေါ်သည်။ ရေနာရီမှာ ရှေးမြန်မာတို့၏ ခေတ်သုံးနာရီ ဖြစ်သည်။ ကြေးဖလားမြုပ်၍ နစ်သောအချိန်ကို နာရီအမှတ်အသားနှင့် ပိုင်းခြား သတ်မှတ်သည်။ သဲနာရီမှာ အလွန်ခါးသိမ်သော ဖန် ပုလင်းထဲ၌ သဲထည့်၍၊ ဖန်ပုလင်း အထက်ပိုင်းမှ အောက်ပိုင်းသို့ သဲများ တစ်မှုန့်မကျန် ကျဆင်း သွားသောအချိန်ကို အမှတ်အသားပြုသောနာရီ ဖြစ်သည်။ပင်လယ်ကူးသင်္ဘောများ သမုဒ္ဒရာ၌ခရီးသွားစဉ်၊ မိမိတို့ ရောက်ရှိဆဲနေရာ လောင်ဂျီတွဒ်ကိုရှာရန် အသုံးပြုသော ရေကြောင်းသုံးနာရီမျိုးကိုလည်း ခရိုမီတာဟု ခေါ်သည်။ ရေကြောင်းသွားလာရေးတွင် ရောက်ရှိနေသော လောင်ဂျီ တွဒ်ကို သိရန်မှာ လွန်စွာအရေးကြီးသည်။ အဆိုပါ လောင်ဂျီ တွဒ်ကို သိရှိနိုင်ရန် ရောက်နေသောအရပ်ရှိ အချိန်နာရီနှင့် ဂရင်းနစ်စံချိန်တို့ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် တွက်ချက်ရနိုင် ဖွယ်ရှိကြောင်း ရေနယေးဂျင်မာဖရီးယပ်ဆိုသူ ဒပ်ချ်လူမျိုး နက္ခတ်ဆရာကြီးတစ်ဦးက ၁၅၃ဝ ပြည့်နှစ်တွင် ရှေးဦးစွာအကြံ ပေးခဲ့သည်။ သို့သော်သင်္ဘော၏ လှုပ်ရှားမှုဒဏ်နှင့် ဒေသ အပြောင်းအလဲကြောင့် တွေ့ကြုံရသော အပူအအေး ပြောင်းလဲ မှုဒဏ်တို့ကို တကယ်တမ်း ခံနိုင်ရည်ရှိသည့် နာရီမျိုးကို ကြံ စည်ရသည်မှာ မလွယ်ချေ။ ယင်းနာရီမျိုးဖြစ်အောင် ကြိုးစား သူများ ရှိခဲ့ဘူးသော်လည်း ၁၈ ရာစုတိုင်အောင် မည်သူမျှ အောင်မြင်စွာ မတီထွင်နိုင်ခဲ့ကြပေ။သို့ဖြစ်၍ ထိုစဉ်က သင်္ဘော မာလိန်မှူးတို့သည် ကြယ်နှင့်လတို့၏ အနေအထားများမှ လောင်ဂျီတွဒ်ကို အကြမ်းတွက်ချက်ရသည့် သမားရိုးကျနည်း ဖြင့်သာ ကျေနပ်ခဲ့ကြရသည်။

၁၇၁၄ ခုနှစ်တွင် ထုတ်ပြန်သော ဗြိတိသျှအစိုးရ၏ ကြေငြာချက်တစ်ရပ်မှာ ရက်သတ္တပတ် ၆ ပတ်မျှ ပင်လယ်အတွင်း ခရီး လွင့် စမ်းသပ်ပြီးသောအခါတွင် တွက်ချက်ရရှိသော လောင်ဂျီ တွဒ်သည် ၂ ဒီဂရီ(မိုင် ၃ဝ)ထက် ပို၍ မလွဲစေရမည့် ရေကြောင်း သုံးနာရီကို ကြံစည်ပြုလုပ်နိုင်သူအား ဆုငွေပေါင် ပေါင်း ၂ဝဝဝဝ ပေးမည်ဟူ၍ ဆိုသည်။

ယင်းသို့ကြေညာပြီးနောက်တွင် ခရစ်နှစ် ၁၇၂၉ မှ ၁၇၆ဝ ခုနှစ်များ အတွင်းတွင် ယော့ရှိုင်ယာခရိုင်မှ ဂျွန်ဟယ်ရီဆန် ဆိုသူ လက်သမားသည် ထိုဆုကို ရည်မှန်း၍ အမျိုးမျိုး ကြိုးစားစမ်းသပ်၏။ ဟယ်ရီဆန်သည် ယော့ရှိုင်ယာခရိုင် ဖောင်လဗီမြို့တွင် ၁၆၉၄ ခုနှစ်၌ ဖွားမြင်၍ ၁၇၇၆ ခုနှစ်တွင် ကွယ်လွန်သည်။ လက်သမားဆရာတစ်ဦး၏ သားဖြစ်သည့် အလျောက် ငယ်ရွယ်စဉ်ကပင် လက်သမားအလုပ်နှင့် အသက် မွေးခဲ့၏။ စက်မှုပညာကို ဝါသနာအလျောက် မိမိဖါသာ လေ့လာတတ်ကျွမ်းခဲ့၏။

ဟယ်ရီဆန်သည် ၇ နှစ်မျှ အမျိုးမျိုး စမ်းသပ်ကြိုးစားပြီး နောက် သူ၏ပထမခရိုမီတာကို ၁၇၃၅ ခုနှစ်တွင် တင်ပြ ခဲ့သည်။ သူသည် ၄၅ နှစ်အတွင်း အဆိုပါ ပထမခရိုမီတာ အပါအဝင် ခရိုမီတာပေါင်း ၅ လုံးကို တစ်ခုထက် တစ်ခုသာ အောင် ကြံစည်ပြုလုပ်ရာ စတုတ္ထအကြိမ်မှာပင် အစိုးရကြေငြာထားသော အင်္ဂါရပ်များနှင့် ညီညွတ်သည့် ခရိုမီတာကို ပြုလုပ် နိုင်သည့်အတွက် ဆုငွေပေါင်း ၂ဝဝဝဝ ကို ဆွတ်ခူး သွားလေ သည်။ သူ၏ စတုတ္ထမြောက် ခရိုမီတာကို အစိုးရက ၁၇၆၁ ခုနှစ်တွင် လက်တွေ့စမ်းသပ်ကြည့် သည်။ ပင်လယ်ထဲ၌ ၆၁ ရက်မျှ ခရီးလွှင့်ပြီးသောအခါ ထိုခရိုမီတာသည် လောင်ဂျီတွဒ် ရှာရာ၌ ၅ မိုင်အတွင်း မှန်အောင်ပင် အချိန် တိကျမှန်ကန် ကြောင်း တွေ့ခဲ့ရသည်။

ခရိုမီတာသည် သာမန်နာရီများနည်းတူ သံပတ်ဖြင့် သွား သောနာရီမျိုးပင် ဖြစ်သည်။ သို့သော် မည်သည့်ဒေသမျိုးသို့ သွားရသည်ဖြစ်စေ အပူအအေးကြောင့် နာရီအသွား နှေးသွား ခြင်း မြန်လာခြင်း မရှိဘဲ တစ်သမတ်တည်းရှိစေရန် အထိန်း များ တပ်ဆင်ပေးထားသည်။ အထိန်းများမှာ ကြေးဝါနှင့် သံမဏိပြား ကလေးနှစ်ခု ထပ်ထားသော သတ္ထုပြားကလေးများ ဖြစ်ကြ၏။ အထိန်းသတ္ထုပြား၏သဘောမှာ ဤသို့ဖြစ်၏။ ကြေးဝါသည် အပူချိန်တက်လာလျှင် သံမဏိပြားထက် ပို၍ စန့်ထွက်စမြဲတည်း။ အပူချိန်တက်၍ ကြေးဝါစန့် ထွက်လာ သောအခါ၊ အထိန်းသတ္တုပြားရှိ ကြေးဝါဖက်မျက်နှာစာသည် ခုံးလာပြီးလျှင်၊ သံမဏိဖက်သို့ ကွေးသွားသည်။ အပူချိန် လျော့လာသောအခါ ကြေးဝါသည် သံမဏိထက်ပို၍ ကျုံ့ဝင် သည့်အတွက် သံမဏိဖက်မှ ခုံးလာပြီးနောက် ကြေးဝါဖက်သို့ ကွေးသွားသည်။ နာရီသည် သာမန်အားဖြင့်၊ ပူသောရာသီ၌ အသွားမြန်၍ အေးသောရာသီ၌ အသွားနှေးတတ်ရာ အဆိုပါ အထိန်းများ တပ်ဆင်ပေးထားသည့်အတွက် အပူအအေး ပြောင်းလဲသော်လည်း၊ အသွားမြန်ခြင်း၊ နှေးခြင်း ဖြစ်မလာပေ။ ထို့ပြင် နာရီတွင် ထည့်ထားသောဆီသည် အေးသောရာသီ၌ ခဲ၍သွားတတ်သည့်အတွက်၊ ခရိုမီတာတွင် ဆီထည့်မပေးရ ဘဲနှင့် သွားနိုင်အောင်လည်း စီမံထားလေသည်။


ယခုသော် တစ်ခေတ်ထက်တစ်ခေတ် တိုးတက်လာသော စက်မှုသိပ္ပံ၏ ကျေးဇူးကြောင့် ဟယ်ရီဆန် တီထွင်ခဲ့သော ခရိုမီတာမျိုးထက် ခေတ်မှီကောင်းမွန်သည့် ခရိုမီတာများပင် ပေါ်ပေါက်ခဲ့ပေပြီ။ ဝိုင်ယာလက်နှင့် ရေဒီယိုများ ပေါ်ပေါက်ခဲ့ ပေပြီ။ ဝိုင်ယာလက်နှင့် ရေဒီယိုများ ပေါ်ပေါက်လာသည့် အတွက်လည်း မိမိတို့ ခရိုမီတာများ အချိန်မှန်မမှန်ကို အချိန် မရွေး သက်ဆိုင်ရာဗဟိုဌာနနှင့် တိုက်ဆိုင်၍ ကြည့်နိုင်ကြပေပြီ။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)