သယ်ယူပို့ဆောင်ရေး

ဝီကီပီးဒီးယား မှ

လူများကို တစ်နေရာမှ တစ်နေရာသို့ပို့ဆောင်ခြင်း၊ ကုန်ပစ္စည်းများကိုတစ် နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသယ်ယူခြင်း စသည့်ကိစ္စတို့ကို သယ်ယူပို့ဆောင်ရေးဟုခေါ်သည်။ ယင်း သို့သယ်ယူပို့ ဆောင်ရေးမှာ အလွန်ရှေးကျသော လူရိုင်းများခေတ်ကပင် ရှိခဲ့လေသည်။ လူရိုင်းများသည်တစ်နေရာမှ တစ်နေရာသို့ ခြေကျင်ခရီးဖြင့် မိမိတို့ဝန်ထုပ်ဝန်ပိုးများကို ကျောထက်၌ သယ်ဆောင်ကာရွှေ့ပြောင်းရ၏။ ဤနည်းကား သူတို့ခေတ် ကာလ၏သယ်ယူပို့ဆောင်ရေးတစ်မျိုးပင်ဖြစ်သည်။ လူရိုင်းများ ၏နည်းမှာ ယခုကာလ သယ်ယူနည်းများနှင့်ယှဉ်သော် အလွန်နုံဖျင်း ရှေးကျသည်ဟုဆိုရပေမည်။ ထိုနောက်မှ ဘီးတပ်ယာဉ်ကြမ်းများပေါ်လာ၍ နွားမြည်းတို့နှင့်ဆွဲ၏။ တစ်ဖန် မြင်း ကုလားအုပ် ဆင် စသည်တို့နှင့် ဆွဲကြရပြန်လေသည်။

နေရာဒေသ ဥတု ရာသီအလျောက် သင့်တော်ရာကိုသုံးကြရ၏။ ရေဘက်တွင်လည်း လှေကြမ်းမှလှေချော၊ ရွက်လှေ၊ စက်လှေ ကြီးများစသည်ဖြင့် အဆင့်ဆင့်တိုးတက်တီ ထွင်လာကြလေ သည်။ သို့ရာတွင် ခေတ်တစ်ခေတ်မှ တစ်ခေတ်သို့ ကူးပြောင်းလာတိုင်းလူတို့ ကြံစည်တီထွင်ကြခြင်းဖြင့် သယ်ယူပို့ဆောင်ခြင်းမှာ အလွန်တိုးတက် ခေတ်မှီနေသည်ကို တွေ့ရလေ၏။ နောင်အနာဂတ်ခေတ်၌ အဘယ်မျှ တိုးတက်ဦးမည်ကိုကျွန်ုပ်တို့မခန့်မှန်းနိုင်ပေ။ လူတို့မည်သည် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ သွားလာနိုင်မှတိုးတက်မြဲဖြစ်၏။ မိမိတို့နေရာမှအခြား နေရာသို့ မသွားနိုင်သောလူများသည်ဗဟုသုတမရှိဘဲ အောက်ကျနောက်ကျဖြစ်နေမည်ဖြစ်၏။ ရှေးအခါက အာဖရိက တိုက်ကြီးသည် ကာလကြာမြင့်စွာ အမှောင်ထဲသို့ ရောက်နေခြင်းမှာ အတွင်းပိုင်းသို့ တိုင်းတစ်ပါးမှ လူများ သွားလာရန်အလွန်ခက်ခဲသောကြောင့်ဖြစ်၏။ ဥရောပ တိ်ုက်သားများ ရောက်သွား၍ အရပ်ရပ်တွင် လမ်းဖွင့်ပေးသောအခါမှ အာဖရိ်ကတိုင်းရင်းသားများသည် ကြီးပွားတိုးတက်လာခဲ့၏။

သယ်ယူပို့ဆောင်ရေးမရှိခဲ့ပါက ကျွန်ုပ်တို့၏ လူမှုဆက်ဆံရေးလမ်းစဉ်ကြီးသည် တည်တံတော့ မည်မဟုတ်ပေ။ တစ်နေရာမှတစ်နေရာသို့ သွားနိ်ုင်သောလမ်းများ၊ သွားရာ၌ အသုံးပြုရမည့် ယာဉ် ရထားများရှိ ခြင်းကြောင့် ကျွန်ုပ်တို့ စားရေး၊ ဝတ်ရေး၊ သုံးဆောင်ရေးတို့၌ အခက်အခဲမတွေ့ရချေ။ ထို့ကြောင့်သယ်ယူပို့ဆောင်ရေးသည် လူတို့အနေအထိုင် တည်တံ့မှု၏အရင်းခံအကြောင်းကြီးဖြစ်ပေသည်။ ကိုယ်ခန္ဓာ အတွင်း၌ သွေးလွှတ်ကြောတို့သည် အစိတ်အပိုင်းအသီးသီးသို့ သွေးကိုရောက်အောင်ပို့ပေးသကဲ့သို့သယ်ယူပို့ဆောင်မှု ပြုနေသော ယာဉ်ရထားလမ်းကြောင်းများသည်လည်း တစ်ကမ္ဘာလုံးရှိလူ တို့ထံသို့ ကုန်ပစ္စည်းအမျိုးစုံကို ရောက်အောင်ပို့ပေးနေလေသည်။ ဤသို့သယ်ယူပို့ဆောင်ရေး ရှိနေခြင်းကြောင့် လူများသည်အဘက်ဘက်မှ အခက်အခဲ မတွေ့ရဘဲ မြေပြစ်ချောမောစွာလူမှုရေးရာ ဆက်ခံခွင့်ကြီး ကိုရရှိနေသဖြင့် ထိုအရေးသည်လူတို့အတွက် မည်မျှ အဖိုးထိုက်တန်ကြောင်းသိသာလှပေသည်။

သို့ဖြစ်၍ တိုးတက်လျက်ရှိသော နိုင်ငံတိုင်း မီးရထားလမ်း၊ မော်တော်ကားလမ်းနှင့်တူးမြောင်း များကို ဖောက်လုပ်ထားကြရ၏။ အရောင်းအဝယ်နှင့် စက်မှုလက်မှု လုပ်ငန်းများ တိုးတက်ရန် ကုန်းလမ်း ရေလမ်းများ ရှိနေရုံနှင့်မပြီးသေးချေ။ ကုန်များကိုသယ်ယူပို့ဆောင်ဖြန့်ဖြူးရာ၌ လျင်မြန်စေရန် ရေနွေးငွေ့ဖြင့် မောင်းနှင်ရသော မီးရထားနှင့် မီးသင်္ဘောတို့ကို ကြံစည်လုပ်ကိုင်ကြသည်။ ယခုအခါကမ္ဘာ ပေါ်ရှိနိုင်ငံအသီးသီးတွင် မီးရထားဖြင့်ဝေးလံသော အရပ်များမှ ကုန်ပစ္စည်းများကိုသယ်ယူကြရသည်။ မီးရထားများ ပေါ်လာသဖြင့် တိုင်းနိုင်ငံတစ်ခုအတွင်း လူများငတ်ပြတ်နေသော နေရာသို့အခြားနေရာများမှ စားနပ်ရိက္ခာများကိုပို့ပေးနိုင်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်ပစ္စည်းချင်း ဖလှယ်ရာ၌ကား မီရထားထက် မီးသင်္ဘောကပို၍ ခရီးရောက်လေသည်။

သင်္ဘောသည် ရေကြောကိုရှုံ့နိုင်၍ မီးရထား မော်တော်ကားတို့သည် မြေကြောကိုရှုံ့နိုင်သည်။ ရေကြော မြေကြောနှစ်ခုစလုံးကို ရှုံ့နိုင်သောယာဉ်ကား လေယာဉ်ပျံ ဖြစ်သည်။ လေယာဉ်ပျံမှာရေမြေတော တောင်တို့ကို ကျော်ဖြတ် ပျံသန်းနိုင်သဖြင့် မီးသင်္ဘောမီးရထားတို့ထက် များစွာအဖိုးတန်သည်။ ပို၍လည်း မြန်သည်။ ကုန်လမ်း ရေလမ်း မရှိသေးသောနေရာများ၌လည်းကောင်း၊ ရှိပြီး လမ်းပန်းအဆက်အသွယ် ပျက်နေသောအခါ၌လည်းကောင်း၊ လေယာဉ်ပျံသည်အားထားရာရှိသည်။ ယခုခေတ်မှာ အပြိုင်အဆိုင်ခေတ်၊ အမြန်ခေတ်ဖြစ် နေသောကြောင့် ကူးသန်းရောင်းဝယ်ရာမှာ လေယာဉ်ပျံမှာ များစွာအရေးပါ အရာရောက်လာသည်။ မြန်မာနိ်ုင်ငံ၌ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးမှာ အရေးကြီးလာ၍ အစိုးရကိုယ်တိုင်က ချဲ့ထွင်လုပ်ကိုင်လျက်ရှိသည်။

တစ်နေရာမှတစ်နေရာသို့ ကူးသန်းသွားလာမှု၊ သယ်ယူပို့ဆောင်ရေး တိုးတက်လာသော ယခုခေတ်မျိုး၌ ခရီးတာများပြောင်းလွဲသွား၏။ ရှေးယခင်းက လမ်းရှောက်၍ လည်းကောင်း၊ မြင်းစီး၍လည်းကောင်း၊ အချိန်ကြာမြင့်စွာ သွားရမည့် ခရီးကိုယခုအခါ ယာဉ်ရထားတစ်ခုခုဖြင့် မိနစ်အနည်းငယ်အတွင်း သွားရောက်နိုင်လေပြီ။ ထို့နောက် ရန်ကုန်နှင့်မန္တလေးမှာလည်း ဘာမျှမဝေးတော့။ နံနက်ပိုင်း ရန်ကုန်၌ရှိလျှင် ညနေပိုင်းတွင် မန္တလေးသို့ရောက်နိုင်၏။ ဤသို့ပြည်တွင်းမြို့များသာမက ပြည်ပမြို့များသို့လည်း အိမ်ဦးနှင့်ကြမ်းပြင် ကဲ့သို့မှုကြာခဏ ခေါက်တုံ့ခေါက်ပြန် ကူးသန်းနိုင်လေသည်။ ကမ္ဘာလှည့်ပုဂ္ဂိုလ်တို့သည် ယခုကဲ့သို့ ခေတ်မီလျင်မြန်သော ယာဉ်မျိုးကိုအသုံးပြုရသဖြင့် သူတို့အဖို့ များစွာအကျိုးရှိလေသည်။ ဒေသသစ် နယ်သစ်၊ နိုင်ငံသစ်များသို့ သွားရောက်ကာ အသစ်အသစ်သော ပညာရပ်များ၊ လုပ်ငန်းများ၊ နည်းလမ်း ဥပဒေများ စသည့် လူလောကဆိုင်ရာပြဿနာ အမျိုးမျိုးကို ပြေလည်စေနိ်ုင်သော အဖြေကောင်းများကို သယ်ပိုးလာကြသည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့တွင် ကျယ်စေရန် တီထွင်ရသော အမျိုးမျိုးသောယာဉ်ရထားများမှာ ခရစ်နှစ် ၁၉၁ဝ ပြည့်နှစ်လောက်ကတည်းက စုံလင်နေပေပြီ။ ယခုခေတ်၌ အသုံးပြုနေကြသော မီးရထား၊ မီးသင်္ဘော၊ မော်တော်ကား၊ လေယာဉ်ပျံ စသောယာဉ်များအားလုံးသည် ထိုနှစ်လောက်တွင်ပင် အစုံအလင်ရှိနေပေသည်။ ထိုခုနှစ်မတိုင်မီက ပင်လယ်ခြားနေသော ဒေသများသို့ ပိုးထည်များ၊ လက် ဖက်ခြောက်များနှင့်အမွှေးအကြိုင်များစသော ကုန်ခြောက်တို့ကို သာတင်ပို့လေသည်။ သို့သော်ယခု အခါ၌ လူတို့လိုအပ်သည့် အသုံးအဆောင် အစားအသောက်ပစ္စည်း အမျိုးမျိုးကို တင်ပို့နိုင်ပြီဖြစ်လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)