နာရီ

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် အချိန်ကို တိုင်းတာသော ကိရိယာ အကြောင်း ဖြစ်သည်။ အချိန်၏ယူနစ် အတွက် နာရီ (ယူနစ်) ကို ကြည့်ပါ။
လန်ဒန်မြို့ ကင်းခရော့စ်ဘူတာရုံ ပလက်ဖောင်းပေါ်မှနာရီ
ဂရင်းနစ်ရှိ တော်ဝင်လေ့လာရေးစခန်းမှ နာရီ

နာရီဆိုသည်မှာ အချိန် သို့မဟုတ် ကာလကို ထိန်းသိမ်းညွှန်ပြသော ကိရိယာဖြစ်သည်။ အင်္ဂလိပ်ဘာသာ clock ဆိုသော စကားလုံးမှာ (ဒတ်ချ်ဘာသာ၊ မြောက်ပိုင်းပြင်သစ်ဘာသာ၊ အလယ်ခေတ် လက်တင် ဘာသာမှတစ်ဆင့်) Celtic စကားလုံး clagan နှင့် clocca မှတစ်ဆင့် ဆင်းသက်လာပြီး ခေါင်းလောင်းဟု အဓိပ္ပာယ်ရသည်။ အချိန်ကို လေ့လာတိုင်းတာသော ပညာရှင်များ (horologists) နှင့် အခြားအထူးပြုပညာရှင်များအတွက်မူ clock ဆိုသော စကားလုံးမှာ ခေါင်းလောင်းတီးခြင်းနှင့် မောင်းထုခြင်းစသော အသံပေးခြင်းနည်းအားဖြင့် အချိန်ကို ကြေညာပေးသော ရိုက်ခတ်သော နည်းစနစ်ဖြင့် ပြုလုပ်ထားသော အထူးကိရိယာအဖြစ် ဆက်လက်၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထိုသို့သောနည်းမပါပဲ ပြုလုပ်ထားသော အချိန်ကိုညွှန်ပြသည့် အသံတိတ်ကိရိယာကိုမူ ပုံမှန်အားဖြင့် အချိန်ပြကိရိယာ (timepiece) ဟု သိရှိကြသည်။ သို့သော် ယနေ့ခေတ်ကာလ အသုံးအနှုန်းတွင် ယေဘူယျအားဖြင့် clock ဆိုသော အသုံးအနှုန်းမှာ ခန္ဓာကိုယ်တွင် ဝတ်ဆင်သော လက်ပတ်နာရီ (watch) မှအပ အချိန်ကို ဖော်ပြတိုင်းတာသော မည့်သည့်ကိရိယာကိုမဆို ခေါ်ဆိုကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှေးခေတ် တရုတ်လူမျိုး တို့သုံးသော incense နာရီ၏ ပုံတူ

နာရီသည် လူတို့၏ ရှေးအကျဆုံးသော တီထွင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သဘာဝအလျောက် တိုင်းတာသတ်မှတ်မှုများဖြစ်သော နေ့၊ လ နှင့် နှစ်တို့ထက် ပို၍တိုတောင်းသော အချိန်ကာလအပိုင်းအခြားကို တသမတ်တည်း တိုင်းတာရန် လူတို့၏ လိုအပ်မှုအတွက် အထောက်အကူဖြစ်စေသည်။ ထိုသို့သော တိုင်းတာမှုများအတွက် ကိရိယာများလိုအပ်သည်။ လွန်ခဲ့သော ထောင်စုနှစ်များအတွင်းက ရုပ်ပိုင်းဆိုင်ရာ သဘောတရားအရ ကွဲပြားခြားနားသော နည်းစနစ်များရှိသော ကိရိယာများကို အသုံးပြုခဲ့ကြပြီး နောက်ဆုံးတွင် ယနေ့ခေတ်တွင် အသုံးပြုသော နာရီများဖြစ်လာခဲ့သည်။

နေနာရီနှင့် အခြားကိရိယာများ[ပြင်ဆင်ရန်]

နေနာရီသည် နေ့တစ်နေ့၏ အချိန်ကာလကို နေမှ အရိပ်ကျရာ အရပ်မျက်နှာပေါ်မူတည်၍ တိုင်းတာပြီး ရှေးဟောင်းခေတ်များက ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။ ကောင်းမွန်စွာ ဒီဇိုင်းပြုလုပ်ထားသော နေနာရီသည် ဒေသတစ်ခုအတွင်းရှိ နေနှင့်ပတ်သတ်သော အချိန်ကို လက်ခံနိုင်လောက်သော တိကျမှုအထိ တိုင်းတာပေးနိုင်သည်။ ခေတ်သစ်အချိန်ကာလထိ တိုင်အောင်ပင်နေနာရီကို အသုံးပြု၍ နာရီတို့၏ ကောင်းမွန်မှု ကို တိုင်းတာနိုင်သည်။ သို့သော် နေနာရီတွင် နေ၏ အလင်းရောင်လိုအပ်ခြင်းနှင့် ညဖက်တွင် လုံးဝ အလုပ်မလုပ်ခြင်းစသည့် အကန့်အသတ်များရှိသည်။ ထို့အတွက်ကြောင့် အချိန်ကို တိုင်းတာရန် အတွက် အခြားနည်းလမ်းများကို အသုံးပြုရန် တွန်းအားပေးသည့် ပမာပင်ဖြစ်သည်။

ဖယောင်းတိုင်နာရီ နှင့် အမွှေးတိုင်များကို ခန့်မှန်းနိုင်သော အချိန်ကာလဖြင့် လောင်ကျွမ်းစေခြင်းအားဖြင့်လည်း ကုန်လွန်သွားသော အချိန်ကာလကို ခန့်မှန်းရန် အသုံးပြုကြသည်။ သဲနာရီတွင်မူ အလွန်အရွယ်အစားသေးငယ်သော သဲမှုန်များကို အပေါက်ငယ်ကလေး တစ်ခုအတွင်းမှ ပုံမှန်အရှိန်နှုန်းဖြင့် ကျဆင်းစေပြီး ထိုသို့ပြုလုပ်ခြင်းမှ မိမိစိတ်ကြိုက် ကြိုတင်သတ်မှတ်ထားသော အချိန်ကာလတစ်ခုကို ညွှန်ပြစေသည်။

ရေနာရီများ[ပြင်ဆင်ရန်]

ရေနာရီများကို အင်္ဂလိပ်ဘာသာတွင် clepsydra ဟုလည်းခေါ်ပြီး နေနာရီများနှင့်အတူပင် ရှေးအကျဆုံးအချိန်ကို တိုင်းတာသော ကိရိယာများ ဖြစ်နိုင်သည်။ ထိုထက်ပို၍ ရှေးကျသော အချိန်တိုင်းတာသည့် ကိရိယာဆို၍ gnomon ဟုခေါ်သည့် နေနာရီတစ်မျိုးနှင့် ရက်ကို ရေတွက်သည့် တာလီ များသာရှိသည်။ ရေနာရီများသည် အလွန်ရှေးကျသည့်အတွက်ကြောင့် မည်သည့်နေရာတွင် မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည် ဆိုသည့်အချက်ကို မသိရှိကြပဲ သိရှိနိုင်ရန်လည်း မလွယ်ကူပေ။ ဟင်းချိုခွက်ပုံသဏ္ဌန် အပြင်ဘက်သို့စီးဆင်းသော ရေနာရီသည် အရိုးရှင်းဆုံးသော ရေနာရီပုံသဏ္ဌန်ပင် ဖြစ်ပြီး ဘေဘီလုံ နှင့် အီဂျစ်တို့တွင် ဘီစီ ၁၆ရာစုကပင် ရှိခဲ့သည်ဟု သိရှိရသည်။ အိန္ဒိယ နှင့် တရုတ် တို့အပါအဝင် အခြားဒေသများတွင်လည်း ရေနာရီကို အသုံးပြုခဲ့သော ရှေးကျသည့် အထောက်အထားများရှိသည်။ သို့သော် အစောဆုံး အသုံးပြုခဲ့သည့် အချိန်ကာလမှမူ မသေချာလှပေ။ အချို့သော စာရေးဆရာများကမူ ထိုဒေသများတွင် ရေနာရီသည် ဘီစီ ၄၀၀၀ ခန့်ကပင်ရှိခဲ့သည်ဟု ရေးသားကြသည်။

အစောပိုင်းနာရီများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]