ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး[ပြင်ဆင်ရန်]

ကျီးသဲလေးထပ်ဆရာတော်သည် ရွှေတောင်မြို့၊ ကျီးသဲရွာ ရှမ်းတန်းကလေး၌ မြန်မာသက္ကရာဇ် ၁၁၇၉-ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၈)ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်လေသည်။ ငယ်မည်မှာ မောင်ကင်း ဟုခေါ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၉-နှစ်သားအရွယ်တွင် သစ်နီတော ကျောင်းတိုက်၌ ဘုန်းတော်ကြီး ဦးပညာသာမိထံ မြန်မာသင်ပုန်းကြီးမင်္ဂလသုတ်အပြင်အောင်ခြင်းအတွင်းအောင်ခြင်းနမက္ကာရပရိတ်ကြီးဇာတ်ကြီးဆယ်ဘွဲ့ စသော သင်ရိုးကျမ်းများကို သူများနှင့်မတူ လွယ်လွယ်ကူကူ ထူးချွန်စွာ တတ်မြောက်ခဲ့သည်။

၁၂-နှစ်သား အရွယ်တွင် ဘုန်းတော်ကြီး ဦးပညာသာမိကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ ဝတ်ခဲ့လေသည်။ ရှင်သာမဏေအရွယ်ကပင် သဒ္ဒါ၊ သင်္ဂြုဟ်၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်ပဋ္ဌာန်းဆန်းအလင်္ကာအဘိဓာန်၊ ရူပသိဒ္ဓိ၊ ဋီကာကျော်၊ ကင်္ခါ၊ ပါဠိအဋ္ဌကထာ၊ ကဗျာလင်္ကာ စသော ကျမ်းဂန်အမျိုးမျိုးတို့ကို အာစရိယမုဋ္ဌိ လက်ဆုပ်မိအောင် သင်ကြားတတ်မြောက်ပြီး ဖြစ်ပေသည်။

တစ်ခါက သစ်နီတော ကျောင်းတိုက်ကြီး၏ အနီး ပိန်းအင်းကြီးကို ဖြတ်၍ ဝဘုရားကုန်းတော် နှင့် ရွှေမြင်တင်ဘုရားကုန်းတော်ကို ဆက်သွယ် ဆောက်လုပ် ထားသော တိုင်တစ်ရာ တံတားကြီးပေါ်၌ ဆရာတော်ကြီး ဦးပညာသာမိက တပည့် ရှင်မုနိန္ဒ နှင့် အတူ လမ်းလျှောက်ရင်း `ဘယ့်နှယ်လဲ ကိုရင်မုနိန္ဒ၊ တောက်ပသော နေရောင်ခြည်ဖြင့် စိမ်းလဲ့ကြည်လင်နေသည့် ထက်ဝန်းကျင်ရဲ့ သာယာကြည်နူးဘွယ်ကို စိတ်ဝင်စားစွာ တွေ့မြင်နေရသည့် အကြောင်း အာရုံပြုပြီး ပျို့ကဗျာ တန်ဆောင်ဖြစ်အောင် စပ်ဆိုဖွဲ့နွဲ့ ကြည့်စမ်းပါ´ဟု တိုက်တွန်းသည့်အတွက်-

`သီရိပရမ၊ သုဇေယျဖြင့်၊ လောကသုံးခိုင်၊ ဆုံးမယ့်ပိုင်သည့်၊ ဘုန်းလှိုင်သကျ၊ စိန္တေယျနှင့်၊ ဓမ္မဆယ်ဖြာ၊ မြတ်သံဃာကို၊ စေတနာညွတ်တွား၊ ကံသုံးပါးဖြင့်၊ ဦးဖြားညွတ်ခိုက်၊ တမွတ်စိုက်ပြီ´

အစချီသော `မဟာသာရပျို့´ကို ဖွဲ့ဆိုစီကုံးလေသည်။ ထိုအခါက ရှင်မုနိန္ဒသည် အသက် ၁၆-နှစ်သာရှိသေးသည်။

ထို့နောက် အသက် ၂၀-ရွယ်သို့ ရောက်သောအခါ ရွှေတောင်မြို့ဂိုဏ်းအုပ် ဆရာတော် ဦးကုမာရကို ဥပဇျွာယ်ပြု၍ ရဟန်းဘောင်သို့ တက်ခဲ့သည်။ ရဟန်းဘွဲ့လည်း ဦးမုနိန္ဒာဘိဇ ဖြစ်လေသည်။

ရဟန်း၂-ဝါ ရလာသောအခါ အမရပူရသို့ သွား၍ ဒုတိယ မောင်းထောင်း သာသနာပိုင် ဆရာတော်၊ မိတ္ထီလာဆရာတော်၊ ခင်မကန်ဆရာတော်ကြီးတို့ထံ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ ကျမ်းကြီးများကို သင်ကြား၍ ရွှေတိုက်ဝန် ဆရာတော်ကြီး၏ အထံ၌ သက္ကတကျမ်းဂန်များ ကို သင်ကြားလေသည်။ ရဟန်း ၆-ဝါ ရရှိသောအခါ ရွှေတောင်မြို့သို့ ပြန်ကြွလာသဖြင့် ပုဂံမင်းလက်ထက်က ရွှေတောင်မြို့၊ ပန်းတောင်းမြို့၊ ဟံသာဝတီမြို့များကို အုပ်ချုပ်ရသော `သတိုးမင်းကြီး မဟာ မင်းလှမင်းခေါင် နော်ရထာ´ဘွဲ့ခံ ဦးမှိုက ကျီးသဲ၏ အရှေ့ဘက်၌ လေးထပ်ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းပြီး ကိုးကွယ်သဖြင့် `ကျီးသဲလေးထပ် ဆရာတော်´ဟု ထင်ရှားကျော်ကြားလေသည်။

ကျီးသဲလေးထပ် ဆရာတော်သည် ရွှေတောင်မြို့ ကျီးသဲလေးထပ် ကျောင်းအပြင် ပန်းတောင်းမြို့၊ မော်လမြိုင်မြို့၊ အင်္ဂပူမြို့၊ ဟင်္သတမြို့များတွင် လှည့်လည်သွားလာ သီတင်းသုံး နေထိုင်တော်မူသည်။ ပန်းတောင်းမြို့တွင် နေထိုင်စဉ် စလေဦးပုည ထံ မေတ္တာစာ တစ်စောင်ပေးဘူး၏။ ထိုမေတ္တာစာမှာ ပညာရှင်တစ်ဦးထံ ပေးသော မေတ္တာစာဖြစ်၍ မေတ္တာစာ ရိုးရိုးမဟုတ်ပဲ ပါဠိစကားလုံးများ ခြယ်မှုန်းထားပြီး ရေးသားသောစာ ဖြစ်၍ အနက်အဓိပ္ပါယ် ကျယ်ဝန်းသဖြင့် လူသာမန်တို့ သိရှိနားလည်ရန် ခက်ခဲနက်နဲ လှပေသည်။ ကျီးသဲဆရာတော်သည် စလေဦးပုညကို ညီတော်ဟူ၍ သုံးနှုန်းခေါ်ဝေါ်၍ ညီတော်နှင့် မိတ်သင်္ဂဟ ဖြစ်လိုကြောင်း ယခုအခါ နောင်တော်တွင် ဒူလာပါဒရက် ဖိစီးနှိပ်စက်ပြီးနေသဖြင့် ညီတော်ထံတွင် ဆေးနည်းကောင်းများ ရှိလျှင် နောင်တော်အား ကြားသိစေလိုကြောင်း များလည်း ပါရှိသည်။

အင်္ဂပူမြို့တွင် သီတင်းသုံးနေသည့် အချိန်မှာ ဒွါရဂိုဏ်းချုပ် အုတ်ဖိုဆရာတော်ကြီးလည်း အင်္ဂပူမြို့တွင် သီတင်းသုံးနေထိုင်တော်မူ သဖြင့် ဒွါရဖြင့် ရှိခိုးကန်တော့မှ မှန်ကန်သည်၊ ကံဖြင့် ရှိခိုးကန်တော့မှ မှန်ကန်သည်ဟု အင်္ဂပူမြို့တွင် ဂိုဏ်းနှစ်ဂိုဏ်း ဝိဝါဒကွဲပြားနေလေသည်။ ကံ ဒွါရ ပြဿနာက အစပျိုးရာ ဌာနကား အင်္ဂပူမြို့ဟု ဆိုရမည် ဖြစ်သည်။ ထိုအချိန်၌ ဒွါရဘက်မှ ဦးဆောင်သော ပုဂ္ဂိုလ်မှာ အုတ်ဖိုဆရာတော်ကြီး ဖြစ်ပြီး၊ ကံဘက်မှ ဦးဆောင်သော ပုဂ္ဂိုလ်မှာ ကျီးသဲလေးထပ် ဆရာတော်ကြီး ဖြစ်သဖြင့် ကံဘက်မှ မှန်ကန်ကြောင်း `ကံ-ဒွါရ အဆုံးအဖြတ်´ကို ပေးခဲ့ဘူးသည်။

ဟင်္သတမြို့၌ သီတင်းသုံးတော်မူစဉ် စာသင်သား သံဃာတော်များအား စာပေပို့ချ၍ အားလပ်သည့်အခါ ဝိပဿနာ တရားများကို ပွားများပြီး ရံဖန်ရံခါ အရပ်လေးမျက်နှာမှ မေးမြန်းသော အမေးပုစ္ဆာ ပြဿနာတို့ကို ဖြေကြားတော်မူသည်။ ထို့အပြင် ကျီးသဲလေးထပ် ဆရာတော်ကြီးသည် ကျမ်းပေါင်း ၃၀-ကျော်တို့ကို ရေးသားပြုစုတော်မူသည်ဟု သိရသည်။ ကျမ်းများအနက် ဇိနတ္ထပကာသနီကျမ်းသည် အကျော်ကြားဆုံး ကျမ်းဖြစ်လေသည်။ လူကြိုက်အများဆုံးကျမ်း ဖြစ်လေသည်။ အဘယ်ကြောင့် ကျော်ကြားလူကြိုက်များ သနည်းဆိုသော် လူအများနားလည် လွယ်သော ဝေါဟာရ စကားလုံးတို့ဖြင့် ခြယ်မှုန်း၍ ရေးသားပုံမှာ မြန်မာဆံမှု၊ ခန့်ညားမှု၊ ညက်ညောမှု၊ သဘောနားလည် လွယ်မှု၊ ရွတ်ဖတ် လွယ်မှုတို့ကြောင့် ဖြစ်ပေသည်။ ၎င်းအပြင် `စွယ်စုံကျော်ထင် အဖြေကျမ်း´သည်လည်း ပညာဗဟုသုတ စုံလင်၍ ပညာရှင်များ ချီးကျူးခံရသဖြင့် ထင်ရှားကျော်ကြားသော ကျမ်းပင်ဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

မည်မျှပင် သီလနှင့် ပြည့်စုံ၍ ပညာရှင်ကြီး ဖြစ်သော်လည်း သက္ကရာဇ် ၁၂၅၆ -ခုနှစ်၊ သက်တော်၇၇-နှစ်၊ ဝါတော် ၅၇-ဝါအရတွင် ဘဝတစ်ပါးသို့ ပျံလွန်တော် မူရှာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးတင်မြင့် ရေး မြန်မာ့ရိုးရာ လူမှုရေး ပဒေသာ