ကေအေတီ
| ကေအေတီ | |
|---|---|
| အမည်ရင်း | ကျော်ကျော်အောင် |
| အခြားအမည်များ | ကေအေတီ၊ ကျော်အောင်သစ် |
| မွေးဖွား | ဧပြီ ၁၈၊ ၁၉၆၆ ရန်ကုန်မြို့ |
| ကွယ်လွန် | ဇွန် ၁၊ ၂၀၁၃ (အသက် ၄၇) ရန်ကုန်မြို့ |
| ဂီတဟန် | ရော့ခ် |
| အလုပ်အကိုင် | တေးရေးဆရာ၊ ကဗျာဆရာ၊ သီချင်းအကဲဖြတ်ဒိုင် |
| တက်ကြွသည့်နှစ်များ | –၂၀၁၃ |
ကေအေတီ (၁၉၆၆ ဧပြီလ ၁၈ ရက်နေ့မွေး - ၂၀၁၃ ခုနှစ် ဇွန်လ ၁ရက် ကွယ်လွန်)သည် ထင်ရှားကျော်ကြားသော မြန်မာ သီချင်းရေး ဆရာတစ်ဦး ဖြစ်သည်။ အဆိုတော် လေးဖြူ၏ သီချင်းများဖြင့် ဂီတလောကသို့ စတင် ဝင်ရောက်ခဲ့သည်။[၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]တေးရေးဆရာ ကေအေတီကို ဖခင် ဦးသိန်းမြင့်၊ မိခင် ဒေါ်လှရွှေ တို့မှ ၁၉၆၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ဂျင်(မ)ခါနာဆေးရုံမှာ မွေးဖွားခဲ့သည်။ ဖခင် ဦးသိန်းမြင့် မှ သားဦးရတနာအား အခက်အခဲများစွာကို "ကျော်"လွှားနိုင်ပြီး၊ အရာရာတိုင်းကို "ကျော်"ကြား၊ " အောင်မြင်ရမယ် ဆိုတဲ့ စိတ်ဓာတ်တွေ၊ သတ္တိတွေရှိစေဖို့ "ကျော်ကျော်အောင်" လို့ နာမည်ပေးခဲ့သည်။ မွေးချင်းလေးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ မိဘနှစ်ပါးမှာ မော်လမြိုင်ဇာတိဖြစ်ပြီး မိခင်က မွန်လူမျိုးစစ်စစ်ဖြစ်သည်။ ရန်ကုန်တွင် မွေးခဲ့သော်လည်း တစ်နှစ်ခွဲအရွယ် ၌ မိဘများ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့သို့ ပြောင်းရွေ့ခဲ့သည်။
ထို့နောက် မုံရွာမြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကာ ရုံးကြီးရပ်၊ ရေကန်ကျောင်းမှာ မူလတန်းကို ဆက်လက်သင်ကြားခဲ့ပါသည်။ လေးတန်းအရွယ်တွင် သက်ငယ်တန်းပန်းချီပြိုင်ပွဲဝင်ခဲ့ပြီး မထင်မှတ်ပဲ ဆုရရှိခဲ့သည်။ ထိုမှတဆင့် ပန်းချီအနုပညာကို ရူးသွပ်ခဲ့ကာ နွေရာသီကျောင်းပိတ်ရက်တိုင်း " ချင်းတွင်းရေကြည်" ပန်းချီသင်တန်းမှာ နှစ်စဉ်တတ်ရောက်ခဲ့သည်။ ပန်းချီပညာအား အခြေခံကနေ တစ်စိုက်မတ်မတ် လေ့လာသင်ယူခဲ့သည်။ အလယ်တန်း၊ အထက်တန်း ကို မုံရွာမြို့၊ အမှတ်(၃)မှာ ပညာဆက်လက်သင်ကြားခဲ့သည်။ အနုပညာဆိုတာ သိမ့်မွေ့နက်နဲသလို နယ်ပယ်တစ်ခုနဲ့တစ်ခု ဆက်နွယ်မှု့တွေရှိနေတတ်ပါသည်။ မူလတန်းတွင် ပန်းချီအနုပညာကို စွဲလန်းရူးသွပ်နေတဲ့ ၆ တန်း ၇တန်းအရွယ် ကျောင်းသားလေးဟာ မနက်တိုင်းသီချင်းတွေဖွင့်တတ်တဲ့ ဘေးအိမ်ရဲ့ကက်ဆက်သံကနေ ပျံ့လွှင့်လာတဲ့သီချင်းတွေကိုကြားမိကာ မသိစိတ်ထဲကနေ သဘောကျနှစ်သက်ခဲ့ပြီး ဂီတာလမ်းကြောင်းပေါ်ရောက်ဖို့ အစပြုလာခဲ့သည်။ အသက် ၁၁ နှစ်အရွယ်၊ (၆)တန်းကျောင်းသားလေးသည် အိမ်ကမသိအောင် ဂစ်တာတီးခိုးသင်ခဲ့ပါတယ်။ ၈ တန်းကျောင်းသားအရွယ်မှာတော့ ဂစ်တာတီးတတ်နေပြီဖြစ်သလို စာအုပ်များလည်း အများကြီးဖတ်ဖြစ်ခဲ့သည်။
မုံရွာမြို့၏ နာမည်ကြီး "တောတန်းအိုင် လ္ဘက်ရည်ဆိုင်"ဟာ နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ အစရှိသော အနုပညာရှင်တွေ အများဆုံးထိုင်လေ့ရှိကြပါသည်။ ညဘက်ကျမှသာဖွင့်သော ဆိုင်ဖြစ်ပြီး ပေါ်ပြူလာဖြစ်သည့် သီချင်းတွေထက် အနုပညာဆန်သည့် သီချင်းများကိုသာ ဖွင့်သည့်အပြင် ဆိုင်ပိုင်ရှင်ကလည်း စာအုပ်တွေကိုတန်ဖိုးထား စုဆောင်းတတ်သည့် စာပေသမားတစ်ဦးဖြစ်သည်။ ထိုသူ၏နာမည်မှာ" ကိုသန်းထွန်း" ဖြစ်သည်။ နိုင်ငံကျော်တေးရေးဆရာ "ကေအေတီ"၏ ငယ်စဉ်ဘဝက သင်ဆရာ၊ မြင်ဆရာ ဆိုရင်လည်း မမှားပါ။ ကေအေတီသည် တောတန်းအိုင်လက်ဖက်ရည်ဆိုင်တွင် နေ့စဉ်ထိုင်ရင်း ကြည်အောင်၊ ဒဂုန်တာရာ၊ တင်မိုး၊ ကြည်အေး အစရှိသော ကဗျာဆရာကြီးများ၏ ကဗျာများကို ဖတ်ခွင့်ရခဲ့ပြီး ဆိုင်ရှင် ကိုသန်းထွန်းထံမှ စာပေ၊ ကဗျာနှင့် ပတ်သက်မှုများကို လေ့လာဆည်းပူးခွင့်ရခဲ့ပါသည်။
ဆယ်တန်းကျောင်းသားဘဝတွင် ဂစ်တာတီးလိုက်၊ ကဗျာစပ်လိုက်နှင့် စာမေးပွဲကျခဲ့ပေမယ့် ဆယ်တန်း ဒုတိယနှစ်တွင် ကျောင်းစာကို မပျက်မကွက်သင်ယူရင်း "မောင်မောင်လွမ်းအောင်" ကလောင်အမည်နှင့် ကဗျာများ စတင်ရေးသားခဲ့ပြီး "ရုပ်ရှင်အောင်လံမဂ္ဂဇင်း" တွင် ကေအေတီ၏ ကဗျာတစ်ပုဒ်ကို ဖော်ပြခံခဲ့ရသည်။
ထို့နောက် ၁၉၈၂-ခုနှစ် ဆယ်တန်းစာမေးပွဲ အောင်မြင်ခဲ့သည်။ တက္ကသိုလ်မတက်ခင်မှာ “လွမ်းကြောင်းပြောပေးပါ” ကိုယ်ပိုင်သံစဉ်သီချင်းတစ်ပုဒ် ထွက်ရှိခဲ့သည်။ ထို့နောက် မုံရွာကောလိပ်တွင် ပညာသင်ရင်း ကောလိပ်မဂ္ဂဇင်း ထုတ်ဝေမှုဖြစ်မြောက်ရေးတွင် ပါဝင်လှုပ်ရှားသည်။ ကျော်အောင်သစ်(မုံရွာ) အမည်ဖြင့် ကဗျာများ ရေးဖွဲ့ခဲ့သည်။ [၂] ၁၉၈၅-ခုနှစ်တွင် ဒဿနိကမေဂျာဖြင့် မန္တလေးတက္ကသိုလ်တွင် တတိယနှစ်နှင့် နောက်ဆုံးနှစ် ဆက်လက်ပညာသင်ကြားသည်။
တေးရေးဆရာ ဘဝ
[ပြင်ဆင်ရန်]၁၉၈၇-ခုနှစ်တွင် မန္တလေးတက္ကသိုလ်၌ ဘွဲ့ရပြီးနောက် မုံရွာမြို့တွင် ပြန်လည်နေထိုင်ရင်း အဆိုတော်ရှိုင်းအောင်၏ တေးရီးစီးတွင် သီချင်းပါဝင်ရေးသားသည်။ မန္တလေးတက္ကသိုလ်မှ ကျောင်းနေဘက်သူငယ်ချင်းဖြစ်သော လေးဖြူနှင့် ၁၉၉၂-ခုနှစ်တွင် ရန်ကုန်ဆင်းလာပြီး လေးဖြူ၏ ပထမဆုံးတေးစီးရီး " ကန္တာရလမင်း " ကို စောဘွဲ့မှူး၏စတူဒီယိုတွင် အသံသွင်းသည်။ ထိုစီးရီးတွင် ကေအေတီ ရေးသားသော သီချင်း(၇)ပုဒ် ပါဝင်သည်။ ထိုစီးရီး အောင်မြင်ပြီးနောက် သီချင်းများဆက်ရေးသားခဲ့သည်။ သူရေးသားသောသီချင်းများကို သီဆိုအောင်မြင်ခဲ့သူများတွင် မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဇော်ပိုင်၊ အာဇာနည်တို့လဲပါဝင်သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် မော်လမြိုင်ဇာတိ မချမ်းအိမွန် နှင့်လက်ထပ်ခဲ့သည်။[၃][၄]
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၁၃ ခုနှစ် ဇွန်လ ၁ ရက် ညနေတွင် ရန်ကုန်မြို့ သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး [၅] ၂၀၁၃ ခုနှစ် ဇွန်လ ၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရွှေအောင်။ "တေးရေး ကေအေတီ ကွယ်လွန်"၊ ဒီဗီဘီ၊ June 1, 2013။ January 5, 2021 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၄။ ရန်ကုန်: စာပေဗိမာန်။ 2014။
- 1 2 Irrawaddy။ "တေးရေး ကေအေတီ ဈာပနအခမ်းအနား ကျင်းပ ပြီးစီး"၊ Irrawaddy၊ June 3, 2013။ January 5, 2021 တွင် ပြန်စစ်ပြီး။
- ↑ https://burma.irrawaddy.com/lifestyle/2013/06/03/41263.html
- ↑ "တေးရေးဆရာ ကေအေတီ ကွယ်လွန်"၊ BBC၊ June 1, 2013။ January 5, 2021 တွင် ပြန်စစ်ပြီး။
| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |