ကုံလုံဆရာတော်

ဝီကီပီးဒီးယား မှ

အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇနိယ ကုံလုံဆရာတော် (၄ ဧပြီ ၁၉၀၈–၃၀ ဇန်နဝါရီ ၂၀၀၄) သည် မြန်မာလူမျိုး ရဟန်းတော် တစ်ပါးဖြစ်သည်။

ကုံလုံဆရာတော်
ဘာသာဗုဒ္ဓဘာသာ
ဓမ္မအမည်ဘဒ္ဒန္တတေဇနိယ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးမြန်မာ
မွေးဖွား၁၉၀၈ ခု၊ ဧပြီလ ၄ ရက်နေ့
ပင်းတယမြို့နယ်၊ ထယ်သွန်းကျေးရွာအုပ်စု၊ တမဲကျေးရွာ
ကွယ်လွန်၂၀၀၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့
မိဘဦးထူး+ဒေါ်ထွေးမိ
ဂုဏ်ပြုခံရမှုများအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နိုင်ငံတော်ဩဝါဒါစရိယ

ဆရာတော်ကို ၁၂၆၉-ခု၊ တန်ခူးလဆန်း ၄ ရက် ၁၉၀၈ ခု၊ ဧပြီလ ၄ ရက်၊စနေနေ့ ညနေ ၆ နာရီတွင် ဖွားမြင်သည်။ ဖွားရာဇာတိသည် ပင်းတယမြို့နယ်၊ ထယ်သွန်းကျေးရွာအုပ်စု၊ တမဲကျေးရွာဖြစ်သည်။ သက်တော်(၁၃)နှစ်အရွယ်တွင် တောင်ကြားကြီးရွာက ဦးအောင်+ဒေါ်ပိုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ဘုရားနီကျောင်းတွင် သာမဏေအဖြစ်ရောက်ရှိခဲ့သည်။ ဆရာတော်လောင်းလျာ ရှင်တေဇနိယသည် ဘုရားနီဆရာတော်၏ စီစဉ်ချက်အရ မန္တလေးမြို့ အသောကာရာမတိုက်၊ ကံသာကျောင်းတွင် သာမဏေ(၄)ဝါရသည်အထိ သင်ယူခဲ့သည်။ ငယ်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ ထံတွင် ပန်းချီပန်းပု၊ ဆေး၊ အင်း၊ မန္တာန် စသော ပညာရပ်များကိုလည်းကောင်း၊ ဘော်တွင်းနယ်၊ ငွေတောင်ကျောင်း (ယခု ခွေးကုပ်ကျောင်း)ဆရာတော် ဘဒ္ဒန္တကိတ္တိ ထံတွင် တိုင်းရင်းဆေးပညာ ကိုလည်းကောင်း သင်ယူခဲ့သည်။ သက်တော်(၂၀)အရွယ်တွင် တောင်ကြားကြီးရွာက ဘကြွေ+ဒေါ်ဆွေတို့က ကြီးကျပ်ပြီး ပင်းတယမြို့နယ်၊ ထယ်သွန်းတိုက်၊ ဘုရားနီကျောင်းတွင် ရဟန်းခံပေးခဲ့သည်။ ရဟန်းဒကာ၊ဒကာမများသည် ဦးဘိုးနီ+ဒေါ်လန်း ဖြစ်ပြီး ဥပဇ္ဈာယ်ဆရာတော်သည် ပအိုဝ်းဆရာတော် ဦးကိတ္တိဖြစ်သည်။ အင်းဝင်းကျောင်းဆရာတော်၊ ဘဒ္ဒကျောင်းဆရာတော်တို့က ကမ္မဝါဆရာ အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆရာတော်သည် ဆက်လက်ပြီး ငါးဝါခန့်ရသည်ထိ ဆက်လက်စာပေသင်ကြားခဲ့ပြီး ကလောမြို့သဲကုန်းရွာ၊ သဲကုန်းကျောင်းတွင် (၂)ဝါခန့် ကျောင်းထိုင်ခဲ့ပြီး ဆရာတော် ဦးစိတ္တ၊ ဆရာတော် ဦးအာသဘတို့အား ကျောင်းထိုင်နိုင်ရန် စီစဉ်ခဲ့သည်။ ဆက်လက်ပြီး မိမိတက်သော တိုင်းရင်းဆေးပညာ တို့ဖြစ်ဆေးဖော်ပေးခဲ့သည်။ ထို့နောက် ကန်ထောင့်ကျောင်းဆရာတော် ဦးအာဒိစ္စအား သွားရောက်ကန်တော့ရာ ဆရာတော်ကြီးက ဘုရားကြိုက်သော တရားဓမ္မကိုသာ ကျင့်ကြံရန် တိုက်တွန်းသဖြင့် တရားကျင့်ကြံအားထုတ်ခဲ့သည်။

ဘုရားနီကျောင်းတွင် သီတင်းသုံးနေစဉ်က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်တွင် ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ပင်းတယမြို့နယ် သံဃာ့ကိုယ်စားလှယ်အဖြစ် ကြွရောက်ခဲ့သည်။[၁] ထိုအချိန်က စပြီး သတ်သက်လွတ်ဆွမ်း ဘုဉ်းပေးခဲ့သည်။

ဆက်လက်ပြီး ဆရာတော်သည် ဘော်နှင်းဂူတွင်လည်းကောင်း ကျားတွင်းဂူတွင်လည်းကောင်း တရားအားထုတ်ခဲ့ရာ ဂဠုန်တောင်အနီးရှိ ကံ့ကော်ပင်ကြီးအောက်တွင် တရားထူး၊တရားမြတ်များ ရခဲ့သည်။[ကိုးကားချက်လိုသည်]

ဆရာတော်သည် ၁၉၉၁-ခုတွင်အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တော်ကို ဆပ်ကပ်ခြင်းခံရသည်။ ငါးကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးတွင် မြင်းခြံဆရာတော်ကြီး၊ မကွေးဆရာတော်ကြီး နှင့် တစ်ဖွဲ့လုံး၏ သဘောတူချက်ဖြင့် နိုင်ငံတော်ဩဝါဒစရိယဆရာတော်အဖြစ် အသိအမှတ်ပြုခဲ့သည်။

ပြည်ပခရီးစဉ်များအဖြစ် ထိုင်းနိုင်ငံမလေးရှားနိုင်ငံစင်ကာပူနိုင်ငံအိန္ဒိယနိုင်ငံအမေရိကန်ပြည်ထောင်စု တို့ကိုလည်းကြွရောက်ခဲ့သည်။

ပင်းတယမြို့နယ်ရှိ ကုံလုံဆရာတော်၏ ဂူဗိမာန်နှင့်လွမ်းစေတီ

ကုံလုံဆရာတော်သည် သက်တော် ၉၆ နှစ်၊ ဝါတော် ၇၆ ဝါ အရ ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပျံလွန်တော်မူခဲ့ပြီး လွမ်းစေတီ စဉ့်စံကျောင်းတော်ကြီးတွင် ကုံလုံဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ပူဇော်ထားရှိသည်။ စဉ့်စံကျောင်းတော်ကို ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က ပန္နက်တော်တင်၍ စတင်ဆောက်လုပ်ခဲ့ကာ ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ပြီးစီးခဲ့သည်။ [၂]


ကိုးကား[ပြင်ဆင်ရန်]

  1. အောင်ဗဟို။ "ကုံလုံဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းနှင့် အံ့ဖွယ်ဖြစ်စဉ်တော်များ" (PDF)ရောင်ပြန်မဂ္ဂဇင်း။ p. ၈၆။
  2. အင်းလေးခေါင်တိုင်စခန်းမှ နဝမတန်းလူရည်ချွန်များ ပင်းတယနှင့် တောင်ကြီးမြို့နယ်တို့ရှိ အထင်ကရ နေရာများအားလေ့လာ (in en) (3 မေ 2019)။ ၂၈ ဇန်နဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။