အဆိပ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အဆိပ်ဆိုသည်မှာ ပါးစပ်မှ အနည်းငယ်စားရုံမျှဖြင့် ဖြစ်စေ၊ နှာခေါင်းမ ရှူ၍ဖြစ်စေ၊ အရေပြားကို ထိကာ အထဲသို့ ဝင်သွား၍ဖြစ်စေ သက်ရှိ တို့အား နာမကျန်းဖြစ်စေသည်သာမကအသက်ပင် သေစေနိုင်သော အရာဝတ္ထုဖြစ်သည်။ ကျွန်ုပ်တို့ သုံးဆောင်နေကြသောဆေးများစွာတို့၌ အဆိပ်ကို အနည်းငယ် ထည့်၍ ဖော်စပ်ထားရာ ထိုဆေးများကို လိုသည် ထက်ပို၍ အမြောက်အမြား စားမိပါက အဆိပ်ဖြစ်တတ်သည်။ သာမန် လူတစ်ယောက်အတွက် ဆေးအဖြစ်ဖြင့်သုံးသော အဆိပ်ပမာဏ သည် အားနည်း၍ မကျန်းမာသော လူတယောက်၊ သို့မဟုတ် ကလေးသူငယ်အတွက်ကား ဘေးဥပဒ် ဖြစ်စေနိုင်သည်။ အဆိပ် ကို စားမိ၍ဖြစ်စေ၊ သောက်မိ၍ဖြစ်စေ ဖြစ်ပေါ်လာသော ဝေဒနာကို ပျောက်အောင် ကုစားပေးသည့် အရာကို အဆိပ်ဖြေ ဆေးအန်တီတော့ဆင် ဟု ခေါ်သည်။


အဆိပ်များကို ယင်းတို့၏သတ္တိကို လိုက်၍ (၁)လောင်စား တတ်သောအဆိပ်၊ (၂) တောက်စေတတ်သော အဆိပ်၊ (၃) နာဗ်ကြောအဆိပ်၊ (၄) အဆိပ်ဓာတ်ငွေ့ဟူ၍ အမျိုးမျိုး ခွဲခြား ထားသည်။ လောင်စားတတ်သော အဆိပ်သည် အရေပြားကို လည်းကောင်း၊ အစာအိမ်အတွင်းနံရံကိုသော်လည်းကောင်း လောင်တတ်သည်။ လောင်စားတတ်သော အဆိပ်တွင် ပြင်း သည့် ဟိုက်ဒရိုကလောရစ်အက်ဆစ်ကဲ့သို့သော အက်ဆစ်များ နှင့် ပြင်းသော ကော့စတစ်ပိုတက်၊ သို့မဟုတ် အမ်မိုနီယာ ကဲ့သို့သော အယ်လကာလီများ ပါဝင်သည်။ အပုပ်နိုင်ဆေး အဖြစ် အသုံးပြုသော မာကျူရစ်ကလိုရိုဒ်ရည်သည် ကြောက် စရာကောင်းသော အဆိပ်ဖြစ်သည်။ ဤအဆိပ်များကို ပြေစေ သည့် အဆိပ်ဖြေမှာ ကြက်ဥအကာကို ရေနှင့်ခေါက်၍ တိုက် ရန်ဖြစ်သည်။ အောက်ဇဲလစ်အက်ဆစ် အပြင်းရည်သည်လည်း လောင်စားသောအဆိပ်ဖြစ်၍ အဆိပ်ဖြေမှာ မြေဖြူဖြစ်သည်။ ပိုးနှိမ်ဆေးအဖြစ် အသုံးပြုသော ကာဗော်လစ်အက်ဆစ်သည် လောင်စားတတ်သော အက်ဆစ်မျိုးတွင်ပါ၍ ယင်းကို ပြေ စေသည့်အဖြေမှာ ထုံးရေကြည်အချိုကို ပေးရန်ဖြစ်သည်။ တောက်စေတတ်သည့် အဆိပ်များကို ဝမ်းတွင်းသို့ စားမိ သောက်မိသောအခါ အလွန်ခံရခက်အောင် ပူလောင်နာကျင် စေသည်။ ယင်းအဆိပ်မျိုးများထဲတွင် စိန်ဖြူသည် အဆိုးဆုံး ဖြစ်သည်။ စိန်ဝါနှင့် စိန်ပါသော ဒြပ်ပေါင်းအားလုံးတို့သည် စိန်ဖြူလောက်ပင် ကြောက်စရာကောင်းလှပေသည်။ စိန်ဖြူ၏ သတ္တိမှာ ရုတ်ခြည်း သေစေသည် မဟုတ်ပဲ တဖြည်းဖြည်း အဆိပ်တက်၍ အချိန်ကြာမှ သေစေလေသည်။ စိန်ဖြူအဆိပ် အတွက် ဖြေဆေးမှာ မဂ္ဂနီရှာနှင့် ဖဲရစ်ဟိုက်ဒရော့ဆိုက်ရည် ဖြစ်သည်။

လက်အက်ဆက်တိတ် ပါဝင်သော ခဲဒြဗ်ပေါင်းရည်များသည် တဖြည်းဖြည်း အဆိပ်တက်သော အဆိပ်များ ဖြစ်ကြသည်။ လက်အက်ဆက်တိတ်ရည်သည် အရသာချိုနေ၏။ သို့သော် အဆိပ်အလွန်ပြင်းထန်သည်။ ခဲပိုက်လုံးများမှ ထွက်သော ရေသွက်တွင် ခဲအနည်များ စုပေါင်းနေတတ်သောကြောင့် ခဲဆိပ်ဖြစ်တတ်သည်။ သို့သော် ယင်းခဲပိုက်လုံးများမှ ထွက် သော ရေစေးတွင်မူကား ခဲဆိပ် မဖြစ်ချေ။ အဘယ်ကြောင့် ဆိုသော် ခဲအနည်သည် ရေစေးတွင် မပျော်ဝင်ဘဲ လက်ကာဗွန် နိတ် အဖြစ်ဖြင့် ခဲပိုက်လုံးတွင် စွဲနေသောကြောင့် ဖြစ်သည်။ ပျော်ဝင်နိုင်သော ကြေးနီ၊ သွပ်နှင့် ဗေရီယမ်ဓာတ်ဆားများ သည်လည်း တောက်သည့်အဆိပ်များ ဖြစ်ကြသည်။ တစ်ခါ တစ်ရံ အိမ်များတွင် မင်စွန်းများ ချွတ်ရန်နှင့် ဘီသွာလျှော်များ အရောင်ချွတ်ရန် အသုံးပြုသော အောက်ဇဲလစ်အက်ဆစ် (ဆော်ရဲဓာတ်ဆား)သည် ဤတောက်သည့် အဆိပ်မျိုး ဖြစ်သည်။

နာဗ်ကြောအဆိပ်သည် အဆိပ်တကာတို့တွင် အပြင်းထန်ဆုံး အဆိပ်ဖြစ်သည်။ ပိုးမွှား တိရစ္ဆာန်ငယ် များကို မှိုင်းတိုက်၍ သုတ်သင်ရာတွင် မှိုင်းအဖြစ် အသုံးပြုသော ပရပ်ဆစ်အက်ဆစ် သည် ဓာတ်ငွေ့ဖြစ်သည်။ ဤအဆိပ်ဓာတ်ငွေ့သည် ပြင်းထန် ၍ အလွန်အန္တရာယ်များသောကြောင့် ကျွမ်းကျင်သောသူများသာ ကိုင်တွယ် အသုံးပြုသင့်သည်။ ဤဓာတ်ငွေ့သည် ဗာဒမ်သီး အခါးနံ့ရှိသည်။ ဓာတ်ငွေ့ပျော်ဝင်နေသော ပျော်ဝင်ရည်သည် လည်း ဓာတ်ငွေ့ကဲ့သို့ပင် အလွန်အဆိပ်ပြင်းသည်။ ဓာတ်ပုံ ပညာတွင် အသုံးပြုသော ပိုတက်ဆီယမ်ဆိုင် ယနိုက်ကဲ့သို့သော ဓာတ်ဆားများသည်လည်း အဆိပ်ပြင်းထန်သည်။ ဤအဆိပ်မျိုး မိသူများအား ထွက်သက် ဝင်သက်ပေးခြင်းကို ချက်ခြင်း ပြုလုပ်ပေးရမည်။

ဤအဆိပ်မျိုးတွင် အယ်လကာလွိုက်ခေါ်သည့် နိုက်ထရို ဂျင်ဓာတ်ပါသော အရာများ ပါဝင်သည်။ အယ်လကာလွိုက် တို့သည် အပင်အမျိုးမျိုးတွင် ရှိကြသည်။ နစ်ကိုတင်သည် ပါးစပ်မှ စားသည်ဖြစ်စေ၊ အရေပြားမှဝင်သွားသည်ဖြစ်စေ အလွန်ပင်အဆိပ်ဖြစ်စေသည်။ ဆေးလိပ်သောက်ဆေးရွက်တွင် နစ်ကိုတင် အနည်းငယ်သာပါသည်။ ကြွက်သတ်ဆေးတွင် ယင်းကို အသုံးပြုသည်။ အနည်းငယ်မျှဖြင့် ကြွက်ကို လျင်မြန် စွာ သေစေနိုင်သည်။ ယင်းကိုစားမိသည့်အခါ အကြောများ ဆွဲလာရာ ကလိုရိုဖောင်းပေး၍ ဖြေနိုင်သည်။ ဗရိုမိုက်သည် အဆိပ်ဖြေဆေးတစ်မျိုးဖြစ်၍ ဖီနိုဖာဗီတုံးသည် ကိုယ်တိုင်က အဆိပ်ဖြစ်သော်လည်း ထိုးဆေးအဖြစ် ထိုးပေးသောအခါ အဆိပ်ပြေစေသည်။

ဗဲလာဒွန်နာ (ပန်းတိုင်ခတ္တာ)မှရသော အက်တြိုပင်းနှင့် ဘိန်းပန်းပင်မျိုးမှရသော မော်ဖင်းတို့သည်လည်း အယ်လကာ လွိုက်အဆိပ်များပင် ဖြစ်ကြသည်။ အက်တြိုပင်းနှင့် မော်ဖင်း တို့သည် တစ်ဦးနှင့်တစ်ဦး အဆိပ်ဖြေများ ဖြစ်ကြသည်။ အက်ကိုနိုက်ခေါ် ဆီမီးတောက်ပင်မျိုးမှရသော ဆီမီးတောက် အဆိပ်နှင့် ဒစ်ဂျီတလင်းများသည် အလွန်ပြင်းထန်သော အယ်လကာလွိုက်အဆိပ်များ ဖြစ်ကြသည်။ ဖီနိုဗာဗီတုံးသည် အနည်းငယ် စားလျှင် ဆေးဖြစ်၍ များများစားသော် အဆိပ် ဖြစ်သောကြောင့် ဘေးဖြစ်တတ်သည်။ ယင်း အဆိပ်မိသူအား ထွက်သက်ဝင်သက်ပေးခြင်းကို ပြုလုပ်ပေးသင့်သည်။

အဆိပ်ဓာတ်ငွေ့ကို နှစ်မျိုးနှစ်စား ခွဲခြားထားသည်။ ကလိုရင်း၊ ဗရိုမင်း၊ ကန့်ကို မီးရှို့၍ ထွက်လာသော အခိုးနှင့်စစ်ပွဲတွင် အသုံးပြုသော အဆိပ်ဓာတ်ငွေ့များသည် လည်ပင်း နှင့်အဆုပ် တစ်ရှူးများကို ပြင်းထန်စွာ အဆိပ်ဖြစ်စေသည်။ကာဗွန်မွန်အောက် ဆိုက်ဓာတ်ငွေ့သည် ဒုတိယအမျိုးတွင် ပါဝင်သည်။ သွေး၏လုပ်ငန်း တစ်ခုမှာ အဆုပ်မှ အောက်စီဂျင်ကိုယူ၍ အခြားလိုအပ်သောနေရာ များသို့ ပို့ပေးသည်။ သွေးသည် အောက်စီဂျင်ထက် ကာဗွန်မွန်အောက် ဆိုက်ကို ပို၍လွယ်ကူစွာ စုပ်ယူလက်ခံကာ အောက်စီဂျင်ကို ပယ်သဖြင့် လူကို လုံးလုံး မွန်းသွားစေသည်။ ကျောက်မီးသွေးဓာတ်ငွေ့၊ မော်တော်ကားအိတ်ဇောပိုက် (အခိုးထုတ်ပြွန်)မှ ထွက်သောအခိုး နှင့် ကုတ်မီးသွေးမှ ထွက်သောအခိုးတို့တွင် ကာဗွန်မွန်အောက် ဆိုက် ပါဝင်သည်။ ဤအဆိပ်မိသောသူများအား ထွက်သက်ဝင် သက် ပေးခြင်းကို ပြုလုပ်ပေးရသည်။

ပထမကမ္ဘာစစ်အတွှင်း ၁၉၁၅ ခုနှစ်က ဂျာမန်တို့သည် အဆိပ်ငွေ့ များဖြင့် တိုက်ခိုက်သောကြောင့် လူ အမြောက်အမြား သေကြေပျက် စီးခဲ့ကြသည်။ စစ်ပွဲများတွင် အဆိပ်ဓာတ်ငွေ့များကို သုံးသဖြင့်ခရီး ရောက်လှသည်ဆိုသော်လည်း ယဉ်ကျေး သောနိုင်ငံများကမူ အဆိပ် ဓာတ်ငွေ့ကို အလွန်အသုံးနည်းကြသည်။ အဆိပ် ဓာတ်ငွေ့များ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မလိုလားရကား ၁၉၃၆ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းက အဆိပ်ဓာတ်ငွေ့စစ်ပွဲများကို ရှုတ်ချပစ်ပယ်ကြောင်း ကျေညာခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ အခါအခွင့်ကို ကြည့်၍ အဆိပ်ငွေ့များကို သုံးလျက်ပင်ရှိကြပေသေးရာ ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်တပ်များတွင် အဆိပ်ငွေ့ ကာကွယ်သည့် မျက်နှာဖုံးများ၊ ဆေးများ ဆောင်ထားကြရလေသည်။အထက်ဖော်ပြပါ အဆိပ်များအပြင် တိရစ္ဆာန်များမှ ဖြစ်သောအဆိပ်နှင့် အပင်များမှ ဖြစ်သော အဆိပ်များလည်းရှိသေးသည်။ *အဆိပ်ပင်များ


တိရစ္ဆာန်အဆိပ်များတွင်မြွေဆိပ်ကို လူသိများကြသည်။ မြွေအမျိုးပေါင်း များစွာရှိ သည့်အနက် အဆိပ်ပြင်းထန်သော မြွေမျိုးကို အပူပိုင်းဒေသ များတွင် တွေ့ရသည်။ မြွေဆိပ်သည် ထိရုံနှင့် လောင်စားစေ တတ်သော အဆိပ်မျိုးမဟုတ်ဘဲ သွေးကြောထဲသို့ ရောက်မှသာ အဆိပ် တက်နိုင်သည်။ သို့ရာတွင် အဆိပ်ရှိသောမြွေတို့တွင် ချွန်ထက်သောအစွယ်များရှိ၍ ထိုအစွယ်များဖြင့် ကိုက်မိ ပေါက် မိသောအခါ သွေးကြောများအတွင်းသို့ မြွေဆိပ်ဝင်မြဲ ဖြစ်သည်။ မြွေဆိပ်မိသူသည် ထိပ်လန့်တုန်လှုပ် လျှင်လည်းကောင်း၊ ပြေး လွှားလျှင်လည်းကောင်း သွေးများလှုပ်ရှားမှု မြန်သဖြင့် အဆိပ် တက်လည်း မြန်တတ်သည်။ အဆိပ်ရှိသည့် မြွေများ ပေါများ ရာ နိုင်ငံတိုင်း၌လိုပင် မြွေဆိပ်ဖြေဆေးများ ရှိကြသည်။ မြန်မာ နိုင်ငံဆေးဝါးလုပ်ငန်းမှ ပြုလုပ်သော မြွေဆိပ်ဖြေဆေးသည် အစွမ်းထက်လှ၍ မြွေဆိုးအကိုက်ခံရသူများအား အချိန်မီ ထိုး ပေးနိုင်လျှင် မုချ အသက်ချမ်းသာရာရနိုင်သည်။ အကယ်၍ ရုတ်တရက် ထိုဆေးများ မရနိုင်လျှင် မြွေစွယ်ထိသော နေရာမှ အထက်နားမှ ကျပ်စည်း၍ အဆိပ်ကို စုပ်ယူခြင်းမှာ အကောင်း ဆုံး ဖြစ်ပေသည်။*ရှေးဦးသူနာပြု[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)