ကလောင်တံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပပိုင်းရပ်ကျူစက္ကူပေါ်၌ ကျူရိုးကလောင်တံဖြင့် စာရေးသည့် ရှေးအီဂျစ်ယဉ်ကျေးမှုခေတ်

ကလောင်တံ[ပြင်​ဆင်​ရန်​]

ကလောင်တံကို လူတိုင်းလိုပင် မြင်ဘူးကြ သည်။ ကလောင်တံ သို့မဟုတ် မင်တံဟု ခေါ်သောပစ္စည်းကား စာရေးရာတွင် အသုံးပြုသော ကရိယာဖြစ်သည်။ ကလောင်တံ ကို ရှေးခေတ်အခါကစ၍ ယခုခေတ်တိုင် အသုံးပြုလျက် ရှိကြ သည်။ ယခုခေတ်တွင် အသုံးပြုလျက်ရှိသော ရိုးရိုးကလောင်တံ များမှာ အဖျားတွင် ချွန်ထက်သောကလောင်သွားများ တပ်ဆင် ထားပြီးလျှင် မင်တို့၍ ရေးသားသော လူသုံးပစ္စည်း တစ်ခု ဖြစ်၏။ ရှေးအခါက ကလောင်သွားဟူ၍ သီးခြားမရှိခဲ့ချေ။ ကလောင်တံပြုလုပ်သော ပစ္စည်းကိုသာ အဖျားချွန်အောင် ပြုလုပ်၍ အသုံးပြုခဲ့ကြသည်။

ကလောင်တံ၏ အဆင့်ဆင့်တိုးတက်လာပုံ (၁) ငှက်တောင် ကလောင် (၂) သတ္တုအသွားတပ်ကလောင် (၃) ပုံဆွဲကလောင်

ကလောင်တံဖြင့် စာရေးခြင်းသည် ရှေးခေတ် အီဂျစ်နိုင်ငံ၌ စတင်ပေါ်ပေါက်ခဲ့သည်။ ဘီစီ ၂ဝဝဝ ကျော်က အီဂျစ်လူမျိုး တို့သည် ပပိုင်းရပ်ခေါ် ကျူပင်တစ်မျိုး၏အူမှ ပြုလုပ်ထားသော စက္ကူပေါ်၌ စာရေးလေ့ရှိကြသည်။ စာရေးရာတွင် ကျပ်ခိုးနှင့် ဖျော်သောမင်ကို အဖျားချွန်ထားသောကျူရိုးဖြင့် တို့၍ ရေးကြ ၏။ ထိုသို့ အဖျားချွန်ထားသောကျူရိုးများမှာ ကလောင်တံ အမျိုးမျိုး၏ အစပင် ဖြစ်လေသည်။

နောက်ဆုံးခေတ်သစ်ပေါ် ဖေါင်ထိန်ပင်များ

အီဂျစ်နိုင်ငံမှတစ်ဆင့် ယဉ်ကျေးမှု ပျံ့နှံ့သွားသောအခါ စာရေးရာ၌ နည်းသစ်အမျိုးမျိုးကို အသုံးပြုလာကြသည်။ ထိုအခါတွင် ပပိုင်းရပ်ကျူစက္ကူများသာမက သားရေးပြား ဖယောင်းပြားများ ပေါ်၌လည်း စာရေးလာကြ၏။ ပပိုင်းရပ် ကျူစက္ကူနှင့် သားရေပြားပေါ်တွင် ရေးသားသောအခါ မာ၍ ခွျန်ထက်သော ပစ္စည်းအမျိုးမျိုး ကို ကလောင်တံပြုလုပ်၍ သုံး ကြသည်။ ဖယောင်းပြားများပေါ်တွင် စာရေးသောအခါ၌ကား သားကောင် အရိုးကို ချွန်ထားသော 'စတိုင်းလပ်'ခေါ် ကညစ် ကို သုံး၏။ ထိုနောက် ကြေးနီခေတ်သို့ ရောက်သောအခါ ကြေးနီကညစ်များ ပေါ်ပေါက်လာ၏။

နောက်ခေတ်များတွင် စာပေရေးသားမှု တိုးတက်လာသည် နှင့်အမျှ စာရေးသည့်ကရိယာအမျိုးမျိုးလည်း တိုးတက်လာခဲ့၏။ သို့ရာတွင် အခြေခံသဘောမှာ မပြောင်းလဲခဲ့ပေ။ စက္ကူသည် ပပိုင်းရပ်ကျူစက္ကူများဖြစ်၍ ကလောင်တံများသည်လည်း ကျူရိုးကလောင်တံများသာဖြစ်သည်။ အာရှတိုက်တွင်ကား ကလောင်တံကို များစွာ အသုံးမပြုခဲ့ကြဘဲ ရှေးနှစ်ပေါင်းများစွာ မှစ၍ ကညစ်နှင့်စုတ်တံများကိုသာ အသုံးပြုခဲ့ကြသည်။ စုတ် တံကို တရုတ်နိုင်ငံ၌ စတင်သုံးစွဲခဲ့၍ နောက်မှ အခြားအရှေ့ နိုင်ငံ များသို့ ပျံ့နှံသွားဟန်တူသည်။ စုတ်တံကို အချို့သုံးစွဲ လျက်ပင် ရှိသေးသည်။

မြန်မာနိုင်ငံတွင်လည်း ကလောင်တံမှာ နိုင်ငံခြားသားများ ယူဆောင်လာသော စာရေးကရိယာဖြစ်သည်။ ရှေးမြန်မာတို့ သည် စာရေးရာတွင် ကလောင်တံကိုမသုံးဘဲ ကန့်ကူ၊ ကညစ်၊ စုတ်စသည့် စာရေးကရိယာများ ကိုသာ အသုံးပြုခဲ့ကြ၏။ ယခု ခေတ်တွင်ကား ကလောင်တံအမျိုးမျိုးကို အသုံးပြုကြပြီးလျှင် ကန့်ကူ၊ ကညစ်၊ စုတ်စသည့် ရှေးဟောင်းစာရေး ကရိယာ များမှာ တိမ်ကောလုနီးပါး ဖြစ်နေလေပြီ။

ကလောင်တံကို အသုံးများသော နိုင်ငံများမှာ ဥရောပနိုင်ငံ များဖြစ်သည်။ ကျူရိုးကလောင်တံများဖြင့် စာရေးသားခြင်းသည် အီဂျစ်မှအစပြု၍ အခြားအနောက်နိုင်ငံများသို့ တစ်ဆင့်ပြန့်ပွား သွားသည်။ အလယ်ခေတ် ကုန်ခါနီးတွင် ဥရောပတိုက်၌ စာပေအရေးအသား တိုးတက်များပြားလာရာ ကလောင်တံ အမျိုးမျိုး ဖန်တီး၍ အသုံးပြုခဲ့ကြသည်။ သို့သော် ရှေးစနစ်များ နှင့် များစွာမခြားနားခဲ့ပေ။ ဥရောပတိုက် ဘုန်းကြီးကျောင်းများ တွင် ကျမ်းစာအုပ်များကို ကူးယူရေးသားရာ၌ ငှက်တောင်များ ကို အရင်းဖက်မှချွန်၍ မင်တို့ ကာရေးခဲ့ကြ၏။ ထိုစနစ်သည် အလယ်ခေတ် တစ်လျှောက်လုံးတွင်သာမက အတတ်ပညာ ပြန်လည်ဆန်းသစ် ခေတ်ဖြစ်သော ခေတ်ဆန်းချိန်၌ပင် မတိမ် ကောခဲ့ချေ။ ငှက်တောင်များကို ကလောင်တံဖြင့် သုံးကြရာတွင် ဥဒေါင်း၊ ငန်းစသည့် ငှက်များ၏ အတောင်တို့ကို အများ အားဖြင့် အသုံးပြုခဲ့ကြသည်။ ငှက်တောင်၏ အရင်းပိုင်း ဖြစ်သော အရိုးမာကို မီး၌ကျွမ်းစေပြီးနောက် ဓါးဖြင့် ခြစ်ပစ် လိုက်သောအခါ ချွန်သောအသွားကို ရသည်။ ထိုအသွားချွန်ကို အလယ်မှ မင်စီးရန် အက်ကြောင်းကလေးတစ်ခု ခွဲပေးရသည်။ ၁၈ ရာစုနှစ် ခန့်တွင် ငှက်တောင် ကလောင်တံများ သိသိ သာသာ ကောင်းမွန်လာခဲ့သည်။ ရိုးရိုး ငှက်တောင်အချွန်များကို အသုံးနှင့် လိုက်ဖက်အောင် ပြုပြင်ခဲ့ကြရုံမက၊ ငှက်တောင်ကို ငှက်တောင်အတိုင်း မသုံးဘဲ အချွန်ရှိသော အသွားပိုင်းကိုသာ ယူ၍ အတံကို သစ်သားစသည့်တို့ဖြင့် တပ်ဆင်၍ အသုံးပြု သည်။ ထိုသို့ သစ်သားစသည့် အတံတွင် ငှက်တောင်ရိုးအသွား တပ်၍ရေးခြင်းကို ၁၈ဝ၉ ခုနှစ်က ဂျိုးဇတ် ဗရားမားဆိုသူက ထွင်ခဲ့သည်။ ထိုခေတ်ကစ၍ ယခုခေတ်သုံး ကလောင်တံများ စတင်ပေါ်ပေါက်လာသည်ဟု ဆိုရပေမည်။ ထိုနောက် ကလောင်တံများမှာ ရှေးကထက် သိသိသာသာ တိုးတက် လာပြီးလျှင် များမကြာမီ သတ္ထုကလောင်သွားများ ပေါ်ပေါက်လာလေသည်။

၁၈၁၈ ခုနှစ်တွင် ချားဝပ်ဆိုသူသည် ငှက်တောင်ရိုးရိုးအစား သတ္တုကို အသွားပြုလုပ်၍ သုံးခဲ့သည်။ ထိုအချိန်မှာ ဥရောပ တိုက်၌ စက်မှုလက်မှု ထွန်းကားစပြုလာသော အချိန်ဖြစ်ရကား သတ္တုကလောင် သွားများကို ၁၈၂၂ ခုနှစ်တွင် စက်ဖြင့် ပြုလုပ် ခဲ့လေသည်။ သတ္တုကလောင်သွားများဖြင့် စာရေးရာ၌ ပထမ တွင် မာကျောပုံချင်းမတူ၍ အချို့က ငှက်တောင်ဖြင့် ပြုလုပ် သော ကလောင်တံများကိုသာ ဆက်လက် သုံးစွဲကြ၏။ သို့ရာတွင် သတ္တုကလောင်သွားများ တစ်စတစ်စ တိုးတက် ကောင်းမွန်လာသောကြောင့် ၁၈၃ဝ ပြည့်နှစ်လောက်တွင် ငှက်တောင်ကလောင်တံများ ကွယ်ပျောက်သလောက် ဖြစ် ခဲ့သည်။ သတ္တုကလောင်သွားများ တိုးတက်ကောင်းမွန် လာအောင် ပြုပြင်ရာတွင် ယခုခေတ်သုံးဖြစ်သော ဖေါင်တိန် ပင်များကို ၁၈၁၉-၂ဝ ခုနှစ်ခန့်က စမ်းသပ်ပြုလုပ်ခဲ့ရာ အသင့် အတင့် အောင်မြင်ခဲ့လေသည်။ သို့ရာတွင် မင်လိုက်ညီ၍ မင် ကို လိုသောအခါမှ ထွက်စေရန် ထိန်းထားနိုင်သော ဖေါင်တိန် ပင်မျိုးကို ၁၈၈၄ ခုနှစ်ခန့်ကမှ ဖြစ်မြောက်ခဲ့၏။ ထိုသို့ ဖေါင်တိန်ပင်များ ဖြစ်ထွန်းပေါ်ပေါက်လာသောအခါ ဂရိတ် ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့တွင် ဖေါင်တိန်ပင်လုပ်ငန်းများ ဖွံ့ဖြိုးလာခဲ့သည်။ ၁၈၉ဝ ပြည့်နှစ်ခန့်တွင် အသွားများကို ရွှေ သို့မဟုတ် ကာရက် ရွှေဖြင့်ပြုလုပ်၍ အဖျား၌ မာကျောချော ညက်စေရန် ပလက်တီနမ် သို့မဟုတ် အိုင်ရစ်ဒီယမ်သတ္တုများ တင်၍ သုံးခဲ့ကြလေသည်။ ကလောင်သွားလုပ်နည်းများတွင် ဤနည်းသည် ယခုခေတ်တိုင် အကောင်းဆုံး ဖြစ်လေသည်။ ယခုခေတ်တွင် ကလောင်တံနှင့် ကလောင်သွားအမျိုးပေါင်း များစွာရှိ၍ အမျိုးမျိုးသော သတ္တုများဖြင့် ပြုလုပ်ထားသည်ကို တွေ့ရပေသည်။ ကလောင်သွားများတွင် အတုံးအချွန်စသည်ဖြင့် စာရေးသူ၏သဘောအတိုင်း လိုရာကို အသုံးပြုနိုင်၏။ ရိုးရိုး ကလောင်သွားများကို ကြေးဝါ၊ သံ၊ သံမဏိစသည့် မာကျော သောသတ္တုတို့ဖြင့် ပြုလုပ်ထားသည်။ အထူးသဖြင့် ပုံဆွဲဆရာ တို့သုံးသော ကလောင်သွားများကို သံမဏိဖြင့်လုပ်သည်။ ဖေါင်တိန်ပင်များမှာမူ စာရေးရာတွင် တောက်လျှောက်ရေးသွား နိုင်ရန်နှင့် တာရှည်အသုံးခံရန်အတွက် မင်၌ပါသော အညစ် အကြေးဖြင့် အလွယ်တကူ မဖျက်စီးနိုင်သော ရွှေ၊ ကာရက်ရွှေ စသည်တို့ကို သုံးရလေရာ၊ ရိုးရိုးကလောင်များထက် တန်ဖိုးများ သည်။ သုံးစွဲရာတွင်လည်း ပိုမိုတွင်ကျယ်၍ အချိန်ကိုချွေတာ ရာလည်း ရောက်ပေသည်။

ဖေါင်တိန်ပင်များကို ရှေးဦးစွာ တီထွင်ခါစက အသွားပိုင်း နှင့်မင်အိမ်ပိုင်းကို ဖြုတ်နိုင်တပ်နိုင်သော အစိတ်အပိုင်းများ အဖြစ် ပြုလုပ်၍၊ မင်ထည့်လိုသောအခါ ဖြုတ်၍ မင်ထည့် ပြီးလှျင် ပြန်တပ်ရသည်။ ဤနည်းကို ယခုခေတ်တိုင် သုံးစွဲ လျက်ပင်ရှိသေးသော်လည်း ထိုသို့မဖြုတ်ဘဲ မင်ကို စုတ်ယူ နိုင်ရန် စီမံထားသော နည်းသစ်များစွာကိုလည်း ထွင်ခဲ့ကြ သည်။ ထိုနည်းများမှာ အများအားဖြင့် လေ၏ဖိအားကို အသုံး ပြုသော နည်းများဖြစ်သည်။

လေဖြင့်စုတ်ယူသော ဖေါင်တိန်ပင်များကို ၁၉၁၅-၁၉၁၆ ခုနှစ်ခန့်က စမ်းသပ်အောင်မြင်ခဲ့ကြသည်။ ရှေးဦးစွာ အောင်မြင်သောနည်းမှာ ဖေါင်တိန်အတွင်း၌ ရော်ဘာပိုက် ငယ်တပ်ဆင်ထားပြီးလျှင် ထိုပိုက်ငယ်ကို အပြင်မှ မောင်းဖြင့် ဖိပေးသောနည်းဖြစ်သည်။ အပြင်မှမောင်းဖြင့် ဖိလိုက်သောအခါ ရောဘာပိုက်သည် ပြားသွားပြီးလျှင် အတွင်းရှိလေများကို ထုတ် ပစ်၏။ ထိုသို့ပြားနေစဉ် အသွားပိုင်းကို မင်အိုး၌နှစ်၍ တစ်ဖန် မောင်းကိုလွှတ်လိုက်သောအခါ ရော်ဘာပိုက်ငယ်ထဲသို့ မင်ရည် များဝင်လာသည်။ ထိုနည်းကို ယခုတိုင် သုံးလျက် ရှိကြသော် လည်း လေ၏ဖိအားကို သုံးသည့် နည်းသစ်များစွာလည်း ပေါ်ပေါက်လျက်ရှိလေသည်။ မင်ထည့်နည်းများသာလျှင် ဆန်းသစ်လာသည် မဟုတ်၊ အသွားတပ်ပုံများလည်း အမျိုးမျိုး ဆန်းကြယ်လာခဲ့သည်။ အချို့ ဖေါင်တိန်ပင်များတွင် မင်ရည် မသုံးဘဲ မင်ခဲမင်စေးစသည်တို့ကို ထည့်၍ သုံးပြီးလျှင် အဖျား ၌ သံမဏိအလုံးကလေးများ တပ်ထားသော အသွားလုံး ဖေါင်တိန်ပင်များလည်း ပေါ်ပေါက်ခဲ့သည်။

ဖေါင်တိန်ပင်များကို အများအားဖြင့် စယ်လျူလွိုက်ခေါ် ကော်ဖြင့်ပြုလုပ်၍ အချို့မှာ မင်ကို ဖေါက်ထွင်း မြင်နိုင်စေရန် မှန်ကဲ့သို့ ကြည်လင်အောင် ပြုလုပ်ထားသည်။ ယခုခေတ်တွင် ဖေါင်တိန်ပင်များကို ဈေးနှုန်း သက်သာစွာ ဝယ်ယူအသုံးပြုနိုင် ကြပြီဖြစ်ရာ ရိုးရိုးမင်တို့၍ ရေးရသော ကလောင်တံများမှာ ခေတ် မစားလှ တော့ချေ။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)