ပြက္ခဒိန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟိန္ဒူပြက္ခဒိန်တစ်ရွက်၊ ၁၈၇၁-၁၇၈၂

ပြက္ခဒိန်သည် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ရုံးသုံးရေးအတွက် အချိန်စီမံနည်းစနစ်ဖြစ်သည်။

အချိန်ကို ပိုင်းခြားသတ်မှတ်ထားရာ ပြက္ခဒိန်[ပြင်​ဆင်​ရန်​]

ပြက္ခဒိန်ဟူသည်မှာ အချိန် နှစ်အပိုင်းအခြား၊ ရာသီ အပိုင်း အခြား၊ လ အပိုင်းအခြား၊ နေ့ရက် အပိုင်းအခြား သတ်မှတ် ထားခြင်းပင် ဖြစ်သည်။ ပြက္ခဒိန်ကို မည်သို့ သတ်မှတ်ကြ သနည်း။ မည်သည့်လူမျိုးများ စတင် တီထွင်ခဲ့ကြပါသနည်း။ မည်သည့် အကျိုးထူးများ ရရှိခံစားစေခဲ့သနည်း။ ဤအကြောင်းရပ်တွင် စုံလင်စွာ ဖတ်ရှုရပေမည်။


(ပက္ခ+ဒိန-ပက္ခ=လဆန်း+လဆုတ်+ဒိန=နေ့များ- သို့အတွက် ပြက္ခဒိန်ဟု စာလုံးပေါင်းရမည်။-ပြည်ထောင်စု နိုင်ငံတော် ပြက္ခဒိန်တော်ဆက်အဖွဲ့၏ ဆုံးဖြတ်ချက်- ၁၉၄၉ ခုနှစ်။) ပြက္ခဒိန်ဟူသည်မှာ အချိန်ကို ပိုင်းခြားသတ်မှတ်ခြင်း။ တစ်နည်းဆိုရသော်နှစ်အပိုင်းအခြား၊ ရာသီအပိုင်းအခြား၊ လအပိုင်းအခြား၊ နေ့ရက် အပိုင်းအခြားသတ်မှတ်ခြင်း ဖြစ်သည်။ ကမ္ဘာမြေလုံးကြီးသည် နေကို လှည့်ပတ်သွား ခြင်းအားဖြင့် ရာသီများ ဖြစ်ပေါ်လာ၏။ တစ်ပတ် ပြည့်သောအခါ၊ တစ်နှစ်ပြည့်ချိန်ဟု သတ်မှတ်ကြ၏။ ရှေးလူများ၏ တိုင်းထွာမှတ်သားမှုအရ တစ်နှစ်လျှင် ၃၆၅ ရက် ၆ နာရီသာရှိ၏။ ထိုအခါက လူတို့သည်ရာသီသုံးမျိုးသာ သတ်မှတ်ထားရှိသည်ဟု ရာဇဝင်ကျမ်းများတွင် ဖော်ပြထား၏။ လကို သတ်မှတ်ရာ၌ လဆန်းတစ်ခုမှ လဆန်းတစ်ခုအထိ တစ်လဟု သတ်မှတ်၍၊ ယင်းသည့်လပေါင်း ၁၂ လကို 'တစ်နှစ်'ဟု သတ်မှတ်ကြ၏။ တစ်လျှင် ရက်ပေါင်း ၂၉ ရက် ၁၂ နာရီကျော်ရှိ၍၊ ၁၂ လတွင် ၃၅၄ ရက်ကျော် ၃၅၅ ရက် ရှိလေသည်။


အလွန်ရှေးကျသော အီဂျစ်လူမျိုးတို့သည် နေသွားကို အမှီပြု၍ တစ်နှစ်လျှင် ၃၆၅ ရက် သတ်မှတ်ပြီးလျှင်၊ ရက်ပေါင်း ၃ဝ ရှိသော ၁၂ လနှင့် အပို ၅ ရက်ပါဝင်သော ပြက္ခဒိန်သတ်မှတ်သည်။ လေးနှစ်တစ်ကြိမ်တွင် တစ်ရက်တိုး၍၊ ၃၆၆ ရက်ရှိ ရက်ငင်နှစ်ဟု သတ်မှတ်၏။ နှစ်စဉ် ရက်ပို ၅ ရက်နှင့် လေးနှစ် တစ်ကြိမ် ရက်ပို ၆ ရက်ကို ပွဲတော်နေ့ အဖြစ်သတ်မှတ်ကြလေသည်။


ရှေးရောမလူမျိုးတို့ အသုံးပြုခဲ့သော ပြက္ခဒိန်တွင် ၁ဝ လ သာရှိ၍၊ အင်္ဂလိပ်အခေါ်အားဖြင့် မတ်လ (၃၁)၊ ဧပြီလ(၂၉)၊ မေလ (၃၁)၊ ဇွန်လ (၂၉)၊ ကွင်းတီးလစ်လ (၃၁)၊ ဆက္ကစတီး လစ်လ (၂၉)၊ စက်တင်္ဘာလ (၂၉)၊ အောက်တိုဘာလ (၃၁)၊ နိုဝင်ဘာလ (၂၉)၊ ဒီဇင်္ဘာလ (၂၉) ရက်၊ ရက်ပေါင်း ၂၉၈ ရက်ရှိ၍၊ တစ်နှစ်ပြည့်ရန် ရက်ပိုများ၊ လပိုများဖြင့် အသုံးပြုကြ ၏။ နောင်အခါ ရောမမြို့ကို အုပ်စိုးခဲ့သူ နူမာပွန်ပီလယပ်က ဇန်နဝါရီလ (၂၉) နှင့် ဖေဖွာဝါရီလ (၂၈) ထပ်တိုး၍၊ ရက်ပေါင်း ၃၅၅ ရက်ရှိ ပြက္ခဒိန် သတ်မှတ်၏။

ပထမဆုံး ပြက္ခဒိန်[ပြင်​ဆင်​ရန်​]

လူ့သမိုင်းတစ်လျှောက်တွင် ပထမဆုံး ပြက္ခဒိန်ကို တီထွင်အသုံးပြုကြသူများမှာ အီဂျစ်လူမျိုးများဖြစ်ကြသည်။ စိုက်ပျိုးရေးကို အမှီပြုကာ အသက်မွေးကြသည့် ပထမအီဂျစ် ပြည်ထောင်စုအတွက် စိုက်ပျိုးရေးအတွက် အရေးပါသော အထောက်အကူအဖြစ် ပြက္ခဒိန်ကိုလည်း တီထွင်နိုင်ခဲ့သည်။ သို့သော် ပြည်ထောင်စုခေတ် မစတင်မှီကပင် မြောက်ပိုင်းအီဂျစ်နိုင်ငံမှ လူတို့အနေဖြင့် တစ်နှစ်တွင် ၃၆၅ရက်ရှိသည်ကို တွက်ချက်မိပြီးဖြစ်ဟန်တူသည်။ ပြည်ထောင်စုခေတ်အရောက်တွင်လည်း ထိုကဲ့သို့ပင် သတ်မှတ်ကာ တစ်နှစ်တာအတွင်းရှိ နေ့ရက်များကို အုပ်စုဖွဲ့၍ လ ဟုသတ်မှတ်ရာတွင်လည်း ကောင်းကင်ပေါ်ရှိ လ၏ အခြေအနေကိုမူတည်ကာ တွက်ချက်သတ်မှတ်ကြသည်။ သို့ဖြင့် ဘီစီ ၄၂၄၁ခုနှစ်အရောက်တွင် ပထမပြည်ထောင်စုမှ အီဂျစ်လူမျိုးများသည် ပြက္ခဒိန်သစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ အဆိုပါ ပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂လ၊ ၃၆၅ရက် ရှိကာ တစ်လတွင် ရက်ပေါင်း ၃၀ ဟုသတ်မှတ်သည်။ အစွန်းထွက်ကာ ပိုလျှံနေသော ၅ ရက်ကို ပွဲတော်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ ထို ပြက္ခဒိန်ကို မှီတည်ကာ ဖြည့်စွပ်ပြင်ဆင်ထားသော ပြက္ခဒိန်ကို နှစ်ကာလတာရှည်စွာဖြင့် ဂရိ၊ ရောမခေတ်များမှသည် ယနေ့တိုင် အသုံးပြုနေကြခြင်း ဖြစ်သည်။

သို့သော် နှစ်များကိုမူ ယခုခေတ်ကဲ့သို့ နံပါတ်စဉ်တပ်၍ ခေါ်ဆိုခြင်းမပြုကြသေးဘဲ ထူးခြားသည့် အခြင်းအရာ၊ အဖြစ်အပျက်တို့ကို စွဲမှတ်ကာ သတ်မှတ်ကြသည်။ (ဥပမာ- ရေကြီးသောနှစ်၊ မီးလောင်သောနှစ် စသည်ဖြင့်) နောက်ပိုင်းကာလများတွင်မူ နန်းတက်သည့် နှစ်မှစကာ နံပါတ်စဉ်တပ်၍ သတ်မှတ်လာကြသည်။ ထိုသို့သတ်မှတ်ရာတွင် ဘုရင်ဖြစ်သူ နန်းကျခြင်း(သို့) နတ်ရွာစံခြင်း ဖြစ်လျှင် အဆုံးသတ်သွားပြီး နောက်နန်းတက်လာသည့် ဘုရင်သစ်အတွက် နှစ်ကာလ သတ်မှတ်ချက် တဖန်စတင်သည်။

ယင်းသည့် နူမာနှစ်မှာ လေးနှစ်တစ်ကြိမ် တစ်ပတ်ကာလ သတ်မှတ်ပြီးလျှင် ပဌမနှစ်တွင် ၃၁ ရက်ရှိ လပေါင်း (၄)လ၊ ၂၉ ရက်ရှိလပေါင်း (၇)နှင့် ၂၈ ရက်ရှိ ဖေဖေါ်ဝါရီလ တစ်လ ရှိ၍၊ လပေါင်း ၁၂ လတွင် ရက်ပေါင်း ၃၅၅ ရက်ရှိ၏။ ဒုတိယနှစ်တွင် ဖေဖေါ်ဝါရီလ၌ ၂၃ ရက်ရှိ၍၊ ရက်ပေါင်း ၂၇ ရက်ဖြင့် လအပို တစ်လဖြည့်ပြီးလျှင် သတ်မှတ်၏။ တတိယ နှစ်တွင် ပထမအနှစ်အတိုင်း သတ်မှတ်၍၊ စတုတ္ထနှစ်တွင် ဒုတိယနှစ်ကဲ့သို့ပင် လပိုဖြည့်၍ ဖေဖေါ်ဝါရီလတွင် ၂၄ ရက်ဖြင့် သတ်မှတ်၏။ ဤနည်းမှာလည်း ၄ နှစ် တစ်ကြိမ်တွင် ၄ ရက်ပိုလျက်ရှိ၏။ ဂျူးလယပ်ဆီဇာလက်ထက်ရောက်သောအခါ လများနှင့် ရာသီဥတု မညီမညွတ်ဖြစ်၍ ဇန်နဝါရီလတွင် ဆောင်းကူးရာသီဖြစ်နေသောကြောင့် နက္ခတ်ပညာရှိ ဆိုဆီး ဂျင်းနစ်၏ အကြံပေးချက်အရ၊ ဘီစီ ၄၆ ခုနှစ်တွင် ရက်ပေါင်း ၉ဝ (နိုဝင်္ဘာလနှင့် ဒီဇင်ဘာလအကြားတွင် ၆၇ ရက်နှင့် ဖေဖေါ်ဝါရီလ နောက်ဆုံးတွင် ၂၃ ရက်) ထပ်တိုး၍၊ ဘီစီ ၄၅ ခုနှစ် နွေကူးရာသီကို မတ်လတွင် စစေခဲ့၏။ ဤကဲ့သို့ ရာသီနှင့် လများမှန်ကန်ညီညွတ်စေရန် ဇန်နဝါရီလနှင့် ဆက္ကစတီးလစ်လ(ဩဂုတ်လ) တို့ကို ၂ ရက်စီတိုး၍၊ ဒီဇင်ဘာလကို ၃၁ ရက်လ၊ ပြုပြင်ပြီးလျှင် ကျန် ဧပြီလ၊ ဇွန်လ၊ စက်တင်ဘာလ၊ နိုဝင်ဘာလများကို ၃ဝ ရက်ဟု သတ်မှတ်လျက်၊ ဖေဖေါ်ဝီရီလတွင် ၂၈ ရက်ဟု သတ်မှတ်သော ၃၆၅ ရက် ပြက္ခဒိန်ကို ပြုပြင်ခဲ့လေသည်။ ထိုပြင် လေးနှစ်တစ်ကြိမ်လည်း ဖေဖေါ်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက် အကြားတွင် ရက်ပိုတစ်ရက်တိုး၍ ၃၆၆ ရက် ရက်ငင်နှစ် သတ်မှတ်၏။ မတ်လ၊ မေလ၊ ကွင်းတီးလစ်လ (နောင်အခါ ဂျူးလယပ်ဆီဇာကို အကြောင်းပြု၍ ဇူ(ဂျူ)လိုင်လ အမည်ပြောင်းသည်)နှင့် အောက်တိုဘာလများကို ယခင် ပြက္ခဒိန်အတိုင်း ၃၁ ရက် လများအဖြစ် သတ်မှတ်၏။ ထိုနောက် ပုပ်ရဟန်းမင်းကြီး ဂရက်ဂရီ (၁၃)က အနည်းငယ် ပြုပြင်၍ ဂရက်ဂရီယန်း ပြက္ခဒိန် ဖြစ်ပေါ်လာ၏။


သို့သော်လည်း ထိုအခါက နေသွားနှစ်တစ်နှစ်မှာ ၃၆၅ ရက် ၆ နာရီဟု ယူခဲ့ကြ၍ အမှန်နေသွားနှစ်မှာ ၃၆၅ ရက် ၅ နာရီ ၄၈ မိနစ် ၄၆ စတ္တန့်ဖြစ်သဖြင့် ၁၆ ရာစု နှစ်အတွင်း ၁၅၈၂ ခုနှစ် မတ်လ ၁၁ ရက်ကို ၂၁ ရက်ဟု သတ်မှတ် ပြီးလျှင်၊ ရောမပြက္ခဒိန်ကို ထပ်မံပြုပြင်၍ ယခုထက်တိုင် အသုံးပြုနေကြသည်။ နှစ်စဉ် ပြုလုပ်ရမည့် ပြက္ခဒိန်တွက်နည်း မှာလည်း ခုနှစ်ကို ၄ နှင့်စားသည့်အခါ အကြွင်းမရှိသော နှစ်များကို ရက်ငင်နှစ်ဟု သတ်မှတ်၍၊ နှစ်ပေါင်း ၁ဝဝ( ရာစု)ကျရောက်သော နှစ်များတွင် ရက်တိုးခြင်း မပြုရ။ သို့သော် ခုနှစ်ကို ၄ဝဝ နှင့် စားသည့်အခါ၊ အကြွင်းပြတ်လျှင်သာ ရက်ငင်နှစ် ဖြစ်ရမည်ဟု သတ်မှတ်၏။ သို့အတွက် ၁၆၀၀ ပြည့်နှစ်သည် ရက်ငင်နှစ်ဖြစ်၍၊ ၁၇ဝဝ ပြည့်နှစ်၊ ၁၈ဝဝ ပြည့်နှစ်နှင့် ၁၉ဝဝ ပြည့်နှစ်များသည် ရက်ငင်နှစ်များမဟုတ်ချေ။ သို့သော် ၂ဝဝဝ ပြည့်နှစ်သည် ရက်ငင်နှစ်ဖြစ်ရမည်။ ဤပြက္ခဒိန်ကို ရောမလက်အောက်ခံ နိုင်ငံများက လက်ခံ အသုံးပြုကြသော်လည်း၊ ဗြိတိန်နိုင်ငံကမူ ၁၇၅၁ ခုနှစ်တွင်သာ လက်ခံအသုံးပြုခဲ့၏။ ပြင်သစ်နိုင်ငံတွင် ၁၇၉၃-ခုနှစ်မှ ၁၈ဝ၅ ခုနှစ်အထိ တော်လှန်ရေး ပြက္ခဒိန်ကို အသုံးပြု ခဲ့၏။ တူရကီနှင့် ရုရှနိုင်ငံတို့သည် ဂရက်ဂရီယန်း ပြက္ခဒိန်ကို ၁၉၁၇-ခုနှစ်တွင် လက်ခံခဲ့သည်။ ဗော်လကန် နိုင်ငံများကမူ ၁၉၂၃-ခုနှစ်မှသာ လက်ခံခဲ့သည်။

မြန်မာပြက္ခဒိန်[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်ပြက္ခဒိန်ကို စီစဉ်ရာ၌ နေသွားကိုသာ အခြေပြုထားသဖြင့် လထပ်ဟူ၍ မရှိ၊ ရက်ငင်သာရှိ၏။ သို့သော် အရှေ့နိုင်ငံများတွင် ပြက္ခဒိန်ကို စီစဉ်ရာ၌ နေသွားလသွားတို့ကို အမှီပြုကာ တွက်ချက်ရသောကြောင့် သာမန်လူများမတွက်နိုင်ချေ။ နက္ခတ်ပညာတွက်ကိန်များ လိုက်စားသူများသာလျှင်တွက်နိုင်၏။ သို့အတွက် မြန်မာပြက္ခဒိန်ကို စီစဉ်ရာ၌လည်း လထပ်ရက်ငင်အရေးများ မှန်ကန် ညီညွတ်စေရန်၊ ဗေဒင်ပညာရှိ ပြက္ခဒိန်တော်ဆက်အဖွဲ့ကို အစိုးရမင်းတို့က ခန့်အပ် ပြီးလျှင်၊ မှန်ကန်သော ပြက္ခဒိန်များကို တွက်ချက်ပြီးမှ ကြေညာသတ်မှတ်ခဲ့၏။


မြန်မာနိုင်ငံသို့ သူရိယသိဒ္ဓိကျမ်းများ မရောက်သေးမီက၊ ပြက္ခဒိန်တွက်ချက်ရာ၌၊ မကာရန္တကျမ်း သံဒိဌတွက်ရိုးကျမ်းများကိုသာ အသုံးပြုခဲ့ကြ၏။ ယင်းသည့်ကျမ်းများသည် သူရိယ သိဒ္ဓိကျမ်းကဲ့သို့ တွက်ခြေ၊ ကိန်းခန်း၊ ဂဏန်းများ မမှန်ကန်ချေ။ အကျဉ်းချုံး၍ စီရင်ထားသော တွက်ရိုးကျမ်းများဖြစ်သဖြင့် တိမ်းစောင်းမှားယွင်းခဲ့၏။ သူရိယသိဒ္ဓန္တကျမ်းမှ ကိန်းဂဏန်းများသာလျှင် အခြေခံ သဘောတရားမှန်ကန်သည်ဟု ဆိုရငြားလည်း နက္ခတ်မျှော်စင်၊ မှန်ပြောင်းများဖြင့် လေ့လာနေကြခြင်းကြောင့်၊ အနောက်နိုင်ငံများ၏ ကိန်းခန်း ဂဏန်းများကသာလျှင် သာလွန်၍ မှန်ကန်ကြောင်းကို ဝန်ခံ ရပေမည်။


သူရိယ သိဒ္ဓန္တကျမ်းထွက်အရ၊ ပြက္ခဒိန်တွက်ချက်ရာတွင် အခြေပြုသော ကိန်းများမှာ တဖက်ပါအတိုင်း ဖြစ်သည်။

  • ရက် နာရီ မိနစ် စက္ကန့်
  1. သူရိယမာသနှစ် တစ်နှစ်လျှင် ၃၆၅ ၆ ၁၂ ၃၇
  2. စန္ဒရမာသလ တစ်လလျှင် ၂၉ ၁၂ ၄၄ ၃
  3. စန္ဒရမာသနှစ် တစ်နှစ်လျှင် ၃၅၄ ၈ ၄၈ ၃၄
  4. ဝေါဟာရနှစ် တစ်နှစ်လျှင် ၃၅၄ ဝ ဝ ဝ
  5. အဓိမာသပြို တစ်ကြိမ်လျှင် ၉၉ဝ ၇ ၄၅ ၃၇
  6. ရင်ငင်ပြို တစ်ကြိမ်လျှင် ၁၈၈၃ ၁၂ ၃၃ ၂၈
  7. စန္ဒရသံဝစ္ဆရနှစ် တစ်နှစ်လျှင် ၃၅၄ ၄ ၃၉ ၁၅


မြန်မာပြက္ခဒိန်တွင် နှစ်သုံးမျိုးရှိ၏။

  • ရက် နာရီ မိနစ် စက္ကန့်
  1. သူရိယမာသနှစ် ၃၆၅ ၆ ၁၂ ၃၇
  2. စန္ဒရမာသနှစ် ၃၅၄ ၈ ၄၈ ၃၄
  3. ဝေါဟာရမာသနှစ် ၃၅၄ ဝ ဝ ဝ


သူရိယမာသနှစ်သည် ရှေ့နှစ် သင်္ကြန်တက်ချိန်မှ နောက်နှစ် သင်္ကြန်တက်ချိန်အထိ ဖြစ်၏။ စန္ဒရမာသနှစ်သည် ကောင်းကင်မျက်မြင် ရှေ့လဆန်းစသည့် နေ့မှ နောက်လဆန်းစသည့်နေ့အထိ တစ်ကြိမ်- တစ်ကြိမ်၊ အကြိမ်ပေါင်း ၁၂ ကြိမ် ပြည့်ချိန် ဖြစ်၏။


ဝေါဟာရမာသနှစ်မှာ နှစ်မျိုး ရှိ၏။ (၁) သာမန်နှစ် (လပေါင်း ၁၂ လ)နှင့် (၂) ဝါထပ်နှစ် (လပေါင်း ၁၃ လ) ဖြစ်၏။ ထိုနောက် တစ်ဖန် ဝါထပ်နှစ်များ၌လည်း (က) ဝါငယ်ထပ်နှစ် (၃၈၄ ရက်)နှင့် (ခ) ဝါကြီးထပ်နှစ်၊ တစ်နည်းဆိုရသော် ဝါထပ်ရက်ငင်နှစ် (၃၈၅) ရက်ဟူ၍ နှစ်မျိုးခွဲခြားထား၏။ မြန်မာနိုင်ငံ၌ ရှေးမင်းအဆက်ဆက်မှ စ၍ ယနေ့အထိ အသုံးပြုသော ပြက္ခဒိန်သည် ဝေါဟာရ ပြက္ခဒိန် ဖြစ်၍ ယင်းသည့် ပြက္ခဒိန်ကို တွက်ချက် စီစဉ်ရာ၌လည်း၊ သူရိယမာသနှစ်၊ စန္ဒရမာသနှစ်၊ ဝေါဟာရ မာသနှစ် သုံးပါးလုံးကို ညိ|နှိုင်း၍ တွက်ရသည်။


သူရိယမာသနှစ်သည် ဝေါဟာရမာသနှစ်ထက် ၁၁ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စတ္တန့် ပိုနေ၏။ နောက်တစ်နှစ်ကျ ရောက်သည့်အခါ ၂၂ ရက်ကျော်ပို၍ ၃ နှစ်နီးပါးသို့ ရောက်သည့်အခါ ဝေါဟာရမာသ တလ (၃ဝ ရက်) ပိုလာ၏။ ထိုသို့ ရောက်ပြီးနှစ်၌ ဝေါဟာရ မာသ တလတိုးရ၏။ ထိုအခါ၌ အဓိမာသ် လလွန်ပြိုတစ်ကြိမ် ဖြစ်၏။ ထိုနှစ်ကို ဝါထပ်နှစ်ဟု ခေါ်၏။ လပေါင်း (၁၃)လ ရှိသော နှစ်ဖြစ်၏။ မြန်မာပြက္ခဒိန်၏ စည်းကမ်းချက်မှာ ထိုသို့ တိုးသည့် လသည် ဒုတိယဝါဆိုလဟု သတ်မှတ်ရ၏။ ဤကဲ့သို့ တစ်လတိုးသည့် အတွက် ဆောင်းနွေမိုးစသော ဥတုသုံးပါးတို့၏ အစဉ်အလာ သဘာဝတို့နှင့် ကိုက်ညီမည် ဖြစ်၏။


ဝါကြီးထပ်သောနှစ်သည် အမှန်အားဖြင့် ဝါထပ်+ရက်ငင် နှစ်ဖြစ်၏။ ယင်းသည့်နှစ်၌ ဒုတိယဝါဆိုလ ရှိသည့်အပြင် နယုန်လတွင် ရက်မစုံ ၂၉ ရက်ဖြင့် လကွယ် သတ်မှတ်ရမည့် အစား၊ ရက်စုံ ၃ဝ ရက်ဖြင့် လကွယ် (ရက်ပိုတစ်ရက်) သတ်မှတ်ရ၏။ ဗေဒင်စကားအားဖြင့် ရက်ငင်ရက်ခေါ်၏။ ယင်းသည့်ရက် ဖြစ်ပေါ်ခြင်းမှာ စန္ဒရ သံဝစ္ဆရနှစ် တနှစ်လျှင် ၃၅၄ ရက် ၄ နာရီ ၃၉ မိနစ် ၁၅ စက္ကန့်ရှိသည်။ သို့ဖြစ်၍ ဝေါဟာရနှစ်ထက် စန္ဒရသံဝစ္ဆရနှစ်သည် တစ်နှစ်တစ်နှစ်လျှင် ၄ နာရီ ၃၉ မိနစ် ၁၅ စက္ကန့် ပိုလွန်၏။ ထိုသို့ ပိုလွန်သော နာရီစသည်တို့သည် အကြင်အခါ၌ ၂၄ နာရီပြည့်၍ တစ်ရက် ဖြစ်လာ၏။ ထိုအခါ အဓျာဟ ရက်လွန်တစ်ကြိမ်ပြိုသည် ဖြစ်၍၊ သင့်လျော်သော ဝါထပ်နှစ်၌ နယုန်လတွင် တစ်ရက် တိုး၍၊ ဝါကြီးထပ်ခြင်း အမှုကိုပြုကြ၏။ မြန်မာပက္ခဒိန်၌ ဝါကြီးထပ်သော နှစ်သည် အရေးကြီး၏။ တစ်နည်းကား ရက်ငင်ခြင်းသည် အရေးကြီး၏။ ရက်ငင်ခြင်း၏ ဥပဒေသများမှာ-

  • (၁) ဒုတိယဝါဆိုလပြည့်နေ့တွင် တိထီ ၁၅ လုံးပြည့်လျှင် ရက်မငင်ရ။ မပြည့်လျှင် ရက်ငင်ရမည်။
  • (၂) ဒုတိယဝါဆိုလပြည့်နေ့တွင်၊ ပြုဗ္ဗါသဠ်၊ ဥတ္တရာသဠ် နက္ခတ်တစ်လုံးလုံးနှင့် စန်းယှဉ်ရမည်။


ရှေးပဝေဏီအခါက ဝါထပ်ရက်ငင် ပြဿနာကို ၁၉ ခုစားကိန်းကို အခြေပြု၍ ဆုံးဖြတ်ကြ၏။ ၁၉ ခု စားကိန်း သည် သက္ကရာဇ်ကိုတည်၍ ၁၉ ခုနှင့် စားသည့်အခါ အကြွင်း ၂၊ ၅၊ ၇၊ ၁ဝ၊ ၁၃၊ ၁၅၊ ၁၈ ရသော နှစ်များသည် ဝါထပ် နှစ်များ ဖြစ်ကြ၏။ ထိုကိန်းဖြင့် မြန်မာ ၁၂၁၆ ခုနှစ်အထိ လထပ်ကိန်းများ ပြုလုပ်ခဲ့၏။ သို့သော် မြန်မာ ၁၂၁၈ ခုနှစ်သည် မူလကိန်း အရ၊ နှစ်ခုကြွင်းဖြစ်၍၊ လထပ်ရမည် ဖြစ်သော်လည်း၊ ညောင်ကန်ဆရာတော် အဆုံးအဖြတ်ဖြင့် မြန်မာ ၁၂၁၇ ခုနှစ်တွင် အဓိမာသပြိုကိန်းအရ၊ လထပ်ခဲ့၏။ ထိုအချိန်မှစ၍ ၁၉ ခုစားကြွင်းများ ဖြစ်သည့် ၁၊ ၄၊ ၇၊ ၁ဝ၊ ၁၂၊ ၁၅၊ ၁၈ တို့အသီးအသီးရသော နှစ်များတို့ကို ဝါထပ်နှစ်များအဖြစ် မြန်မာ ၁၂၇၃ ခုနှစ်အထိ ဆုံးဖြတ်ခဲ့၏။ တစ်ဖန် မြန်မာ ၁၂၇၄ ခုနှစ်မှ ၁၃၁၁ ခုနှစ်အထိ စားကြွင်း ၁၊ ၄၊ ၇၊ ၉၊ ၁၂၊ ၁၅၊ ၁၈ တို့အသီးအသီးရသော နှစ်များကို ဝါထပ်နှစ်များ အဖြစ် သတ်မှတ်ခဲ့၏။ မြန်မာ ၁၃၁၂ ခုနှစ်မှစ၍ စားကြွင်း ၁၊ ၄၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၇တို့ အသီးအသီးရသော နှစ်များ တွင် ဝါထပ်၏။ ၁၉ ခု စားကိန်းသည် သူရိယ သိဒ္ဓန္တကျမ်း၏ ကိန်းများကို အခြေခံထား၍ ပြက္ခဒိန်တွက်ရာ၌ မှတ်သား လွယ်ကူစေရန် ဖော်ပြသော ကိန်းဖြစ်၏။[၁]

ရက္ခိုင်ပြက္ခဒိန်

ရက္ခိုင်ပြက္ခဒိန်[ပြင်​ဆင်​ရန်​]

ပြက္ခဒိန်ဟူသော ဝေါဟာရကို ရခိုင်ပြည်၊ မြန်မာပြည်တို့တွင် မည်သည့် ခေတ်ကာလကစ၍ အသုံးပြုလာ ခဲ့ သည်ဟု အတိအကျ မသိရသေးချေ။ သို့သော် ယနေ့တိုင် မြန်မာနိုင်ငံအတွင်း တွေ့ရှိရသော စာပေများစွာ တို့တွင် ရခိုင်ဘုရင် ဘစောဖြူမင်းလက်ထက် ရေးစပ်ခဲ့သော ထိုရခိုင်ဘုရင် ဘစောဖြူမင်း၏ သမီးတော် ဧချင်းတွင် "ပြက္ခဒိန်"ဟူသော ဝေါဟာရကို အစောဆုံးရေးသားခဲ့ကြောင်း သုတေသီများ လေ့လာတွေ့ရှိရသည်ဆို၏။ ထိုဧချင်းကား ရခိုင်စာဆိုတော် ဗဒူမင်းညို၏ လက်ရာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရှေးအကျ ဆုံးဖြစ်နေသော ဧချင်းဖြစ်ကြောင်းကိုလည်း အားလုံးက အသိအမှတ်ဖြစ်ကြပေလိမ့်မည်။

ထိုရခိုင်မင်း၏ သမီးတော်ဧချင်းပါ ပြက္ခဒိန်ဟူသော ဝေါဟာရအသုံးသည် ယနေ့တိုင် ဆက်လက်သုံးစွဲမြဲ ရှိနေသေးရာ ခေတ်ပေါ်အသုံးမဟုတ်ကြောင်း ထင်ရှားလှ၏။ ယခုအခါ ပြက္ခဒိန်အစား "ပက္ခဒိန်"ဟူ၍လည်း ရေးထုံးပြုနေကြသည်များကိုပါ တွေ့ရှိနေကြပေသေး၏။

ကျွန်ုတို့ လေ့လာသိရှိရသလောက်ဆိုလျှင် သက္ကတဘာသာ၊ ဘင်္ဂါလီစာပေတို့၌ ပြက္ခဒိန်ကို ပဉ္စကာ (အသံ ထွက်ဖွင့်ကာ)ဟူ၍ ရေးသုံးကြပေ၏။ ပါဠိဘာသာသုံး ဗေဒစိန္ဒာဋီကာ၌လည်း ပဉ္စကာဟူ၍ ရေးသုံးထားပေသည်။ အဓိပ္ပါယ်မှာ နေ့ရက်တို့ကို မှတ်သားထားသော နေ့စဉ် မှတ်တမ်းဒိုင်ယာရီ သဘောပင်ဖြစ်သည်။ ဤတွင် ပြက္ခဒိန်မှန်သလော၊ ပက္ခဒိန်မှန်သလော ကျွန်ုပ်တို့ ဆုံးဖြတ်ပေးလို၍ကား မဟုတ်ပါ။

ပြက္ခဒိန်ဟူသော ဝေါဟာရသည် ပါဠိ-ပဝုတ္တဒိန၊ သက္ကတ-ပြုတ္တဒိန ဟူသောဝေါဟာရမှ အခြေခံလာသည် ဟူ၍ ဘာသန္တရသုတေသီ ဆရာတော်ကြီးများ၏ ယူဆချက်အရ လေ့လာသိရှိရသည်။ နေ့ရက်ကို ပြောပြပါသည်။ ပြောဆိုသည်၊ ဟောပြသည့် အရာဖြစ်ကြောင်း အဓိပ္ပါယ်ရှိသည်။

ထိုပဝုတ္တ/ပြုတ္တမှ တစ်ချောင်းငင်ပြုတ်၍ ပြတ္တသို့ ရွှေ့ပြောင်းလျက် ထိုမှတစ်ဖန် ပြတ္တမှ တ္တသည် က္ခသို့ရွှေ့ ပြောင်းကာ ပြက္ခဖြစ်ပြီး ပြက္ခနှင့် ဒိနစပ်လျှင် ပြက္ခဒိန ဖြစ်လာရသည်ဟူ၍ ယူဆကြသည်။ ပြက္ခဒိနကို ပါဠိပျက်လျှင် ပြက္ခဒိန် ဖြစ်လာရကြောင်း အယူအဆကို လေ့လာနိုင်သည်။

ရခိုင်တွင် ပြက္ခဒိန်ကို မည်သည့်ခေတ်ကာလကပင် စတင်သုံးစွဲလာသည်ကို မသိရသော်လည်း ရာဇဝင်တို့ တွင် သက္ကရာဇ် ဖြိုခြင်းများကို ဓည၀တီခေတ်မှစ၍ အိန္ဒိယနှင့် ညှိနှိုင်းကာ အသုံးပြုလာခဲ့ရာ ထိုအခါမှစ၍ ပြက္ခဒိန်အသုံး ရှိလာခဲ့သည်ဟု ယူဆရပေသည်။

ရခိုင် ပြက္ခဒိန်ကို မြောက်ဦးခေတ် နရအဘယရာဇာ မင်းလက်ထက် ရဟန်းပညာရှိ၊ လူပညာရှိများနှင့် ညှိနှိုင်း၍ ခရစ် ၁၇၆၁-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၁၂၂-ခုနှစ်တွင် အစည်းအေ၀း ပြုကာ ဝါဆိုလပြည့်နေ့နှင့် သင်္ကြန်အတာ အတက်နေ့တို့ကို သတ်မှတ်လျက် နှစ်ပေါင်းနှစ်ထောင်အတွက် တန်ခူးလထပ် ပြက္ခဒိန်ကို ပြုလုပ်စီစဉ်လာခဲ့ရသည် ဆို၏။

ထို့နောက် အင်္ဂလိပ်လက်ထက် အရောက်တွင် စစ်တွေမြို့ ကျားရုပ်ဆရာတော် ဦးအဂ္ဂ၊ ရွှေစေတီဆရာတော် ဦးတေဇာရာမ၊ ဝတ်လုံတော်ရ ဦးထွန်းစံတို့သည် ထိုနရအဘယရာဇာမင်းလက်ထက် ပြုလုပ်ခဲ့ကြသော ပြက္ခဒိန်ကို အမှီပြု၍ သက္ကရာဇ် ၁၁၈၁-ခုနှစ်မှ ၁၂၉၀-ခုနှစ်အထိ (ခရစ် ၁၈၂၀-မှ ၁၉၂၉-ခုထိ) နှစ်ပေါင်း တစ် ရာ့တစ်ဆယ်အတွက် အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံးဝါဒပါဝင်သော ပြက္ခဒိန်ကို စီစဉ်ထုတ်ဝေခဲ့ကြသည်။

ထို့နောက် ၁၂၉၁-မှ ၁၂၉၅-ခုနှစ်အထိ (ခရစ် ၁၉၃၀မှ ၁၉၃၄ထိ) ငါးနှစ်အတွက် ဗေဒင်ဆရာ ဦးချင်းရှီနှင့် ဦးဖြူသာအောင်တို့က အင်္ဂလိပ်၊ရခိုင် နှစ်ဝါဒပါဝင်သည့် ပြက္ခဒိန်ကို ဓညဝတီပြက္ခဒိန်ဟူသော အမည်ဖြင့် ထုတ်ဝေလာခဲ့ကြလေသည်။

သက္ကရာဇ် ၁၂၉၅-ခုနှစ်မှစ၍ ဓညဝတီပြက္ခဒိန်အမည်ဖြင့် နက္ခတ်ဗေဒင် ပညာရှိ ဦးထွန်းလှခိုင်က အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံးဘာသာဖြင့် တစ်နှစ်တစ်ကြိမ်ကျစီ ပြက္ခဒိန်ကို ယခုတိုင် နှစ်မပျက် ထုတ်ဝေလာခဲ့လေ သည်။ ထို့ပြင် ၄င်းဦးထွန်းလှခိုင်ပင်လျှင် ဦးထွန်းစံ၏ နှစ်တစ်ရာ့တစ်ဆယ် ပြက္ခဒိန်စာအုပ်ကို လက်ခံသော အားဖြင့် အင်္ဂလိပ်၊ ရခိုင်၊ မြန်မာ သုံးဝါဒပါသည့် နှစ်(၁၀၀) ပြက္ခဒိန် စာအုပ်ကြီးတစ်အုပ်ကို ခရစ် ၁၉၅၉မှ ၁၉၆၀ထိ၊ ရခိုင်-မြန်မာ သက္ကရာဇ် ၁၂၂၀မှ ၁၃၂၂-ခုနှစ် စုစည်းစီစဉ်၍ ၁၃၂၂-ခု၊ နယုန်လတွင် စစ်တွေမြို့ ဖဖြူလမ်း၊ ရခိုင်ခေတ် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့လေသေးသည်။

ဖော်ပြပါ မြောက်ဦးခေတ် နရအဘယရာဇာမင်းမှ ယခုတိုင် ဆက်ခံလာခဲ့ရသော ပြက္ခဒိန်များအရဆိုလျှင် ရခိုင်ပြည်တွင် တန်ခူးလကို ပထမတန်ခူးလ၊ ဒုတိယတန်ခူးလဟု နှစ်လခွဲ၍ လထပ်ပြုခဲ့ကြ သည်။ မြန်မာ ပြည်တွင်ကား ပထမဝါဆိုလ၊ ဒုတိယဝါဆိုလဟု ဝါထပ်နှစ်ပြုလာခဲ့ကြသည်။ ထို့ကြောင့် ရခိုင်ပြည်တွင် တန် ခူးလထပ်သော (ဒွေစိတြ) ပြက္ခဒိန်နှင့် မြန်မာပြည်တွင် ဝါဆိုလထပ်သော ပြက္ခဒိန်ဟူ၍ မူဝါဒကွဲပြားလာခဲ့ရာ ယခုတိုင် ရှည်ကြာလာခဲ့ရသည်။ အင်္ဂလိပ်တို့ အုပ်ချုပ်လာသောအခါ အနောက်နိုင်ငံ ဝါဒ နေသွားပြက္ခဒိန် တစ်မျိုးလည်း ဝင်ရောက်ခဲ့လေရာ ယခုအခါတွင် ရခိုင်ပြည်၌ ပြက္ခဒိန်မှာ သုံးမျိုး သုံးဝါဒဖြင့် ရှိလာခဲ့ရ လေ သည်။

မြန်မာဝါဒ ပြက္ခဒိန်မှာ အသုံးများခဲ့ရသော်လည်း ရခိုင်ဝါဒပြက္ခဒိန်ကိုလည်း သက်ဆိုင်ရာအစိုးရက လုံးဝပစ်ပယ်နိုင်ခြင်း မရှိရကား အသိအမှတ်ပြု ခွင့်ပေးထားလာခဲ့ရ သဖြင့် အသုံးပြုသူများလည်း ရှိခဲ့ကြသည် သာတည်း။ သို့ရာတွင် မြန်မာဝါဆိုလပြည့်နေ့တို့၌ နိုင်ငံတစ်ဝှမ်း ရုံးပိတ်နေ့ သတ်မှတ်ပေးခဲ့သော်လည်း ရခိုင်ဝါဆိုလပြည့်နေ့တွင်ကား သီးခြားရုံးပိတ်ရက် သတ်မှတ်ချက် မတွေ့ရသဖြင့် သီတင်းသီလစောင့်ရန်၊ ကုသိုလ်ကောင်းမှုပြုရန် လူတိုင်းအားလပ်ခွင့် မရနိုင်ကြသေးချေ။

ရခိုင်ရဟန်းတော်များ အနေဖြင့်လည်း ရခိုင်ပြက္ခဒိန်မူအရ ဝါဆိုကြသည့် ပုဂ္ဂိုလ်များ ရှိကြသကဲ့သို့ မြန်မာဝါဒ ပြက္ခဒိန်မူအရ ဝါဆိုကြသော ပုဂ္ဂိုလ်များလည်း အများအပြား ရှိလာခဲ့ကြသည်။ မြန်မာဝါဒတွင်ပင် ဝါထပ် ရက်ငင်ကိစ္စသည် မရှင်းမလင်းလာခဲ့သောကြောင့် မြန်မာမင်းလက်ထက်မှစ၍ ဝိဝါဒကွဲပြားကာ အင်္ဂလိပ် လက်ထက် အရောက်တွင်ပို၍ ရဟန်းရှင်လူတို့ ပြဿနာကြီးစွာ ဖြစ်ပေါ်လာခဲ့ကြရကြောင်း ဦးကုဏ္ဍလ ဆရာတော်၏ အာကနသဘာ၀စိန္တာကျမ်း နောက်ဆက်တွဲမှ သက်သေခံ အထောက်အထား၊ စာတမ်းမှတ် တမ်းများအရ လေ့လာသိရှိနိုင်ပေသည်။ အမှန်မှာ ဝါထပ်ရက်ငင်သည် ဗုဒ္ဓခေတ် အလိမကျဖြစ်ခြင်း၊ ဝိနည်း ကျမ်းဂန် အယူအဆကွဲပြားခြင်း၊ ဗေဒသုတေသီများနှင့် အစိုးရတို့က စနစ်ကျ မှန်ကန်မှုရရန် ဆောင်ရွက် မပေးလာနိုင်ခြင်းတို့ကြောင့်လည်း ထိုဝါဆိုဝါထပ်ပြဿာနာသည် ရဟန်းရှင်လူလောကတွင် ဝိဝါဒရှိမြဲ ရှိနေကြမည်သာဖြစ်၏။

ယခု ကျွန်ုပ်တင်ပြလိုသည့် ပြက္ခဒိန်ကား ရခိုင်တန်ခူးလထပ် ပြက္ခဒိန် မူပင်ဖြစ်လေသည်။ ထိုပြက္ခဒိန်ကို ပေတွင် ရှေးရခိုင် ဂဏန်းတို့ဖြင့် ဇယားကွက်စဉ်ဖြင့် ရေးမှတ်ထားခဲ့ရာ ၁၂၆၃-ခု ထိ တွေ့ရသည်။ ပေစာ အရင်းအစကိုတော့ မည်သည့်နှစ်ကဟူ၍ မသိနိုင်တော့ပြီ။ ပျက်စီး ကျိုးပြတ်သွားရာ သက္ကရာဇ် ၁၂၃၇ -ခု နှစ်ကစ၍သာ ဖတ်ရှုနိုင်ပေသည်။ ယခု ပေမူအတူ အခြားအရပ်ရပ် ရခိုင်ဒေသတို့၌လည်း ရခိုင်မူပြက္ခဒိန် များ ရှိတန်ကောင်းနိုင်ပေရာတည်း။

ဤတင်ပြထားသော ပေမူလာ ရခိုင်ပြက္ခဒိန်စနစ်သည် ယခုခေတ်စနစ်နှင့် မတူချေ။ ရှေးခေတ်စနစ်သုံး ပြက္ခဒိန်သာဖြစ်ပေသည်။ လပြည့်လကွယ်ကိုသာ အဆုံးပြထားရာ လဆန်းရက်စဉ်၊ လဆုတ်ရက်စဉ်ကို တွေး ဆ၍သာ ဖတ်ယူရပေမည်။ သို့သော် တနင်္ဂနွေနေ့၊ တနင်္လာနေ့စသော နေ့စဉ်များကား ဖော်ပြပါရှိပေသည်။ ထို့ပြင် ဂြိုဟ်စဉ်နှင့် အမြင်နက္ခတ် စသည်တို့ကိုလည်း ပြဆိုထားပေရာ ရှေးခေတ်ပြက္ခဒိန်စနစ် မည်သို့ရှိခဲ့ သည်၊ မည်သို့ပုံစံရှိသည် စသော ဗေဒင်ပညာ ဗဟုသုတတို့ကိုပါ လေ့လာရရှိနိုင်ပေသည်။ ထို့ပြင် ဤယခု တင်ပြပါ ပြက္ခဒိန်မှာ ရခိုင်နရအဘယရာဇာမင်း လက်ထက်မှ သတ်မှတ်ခဲ့သော ပြက္ခဒိန်ကို မူထား၍ စီစဉ် ထားခဲ့ဖြင်းဖြစ်ရာကား ယခုရခိုင်ပြက္ခဒိန်များသည် ဤဖော်ပြပါ ပေမူလာ ပြက္ခဒိန်မှ ဆက်ကာ ဆက်ခံလာ ခဲ့ရကြောင်း သိနိုင်သည်။

ယခုနမူနာအဖြစ် ပေမူရင်းမှ တစ်လအတွက် ပုံစံ(၁)၊(၂)ပြု၍ ဖော်ပြလိုက်ရပေသည်။ ထိုသို့ဖော်ပြရာ ၌ ပေမူရင်းတွင်ပြရှိထားသော ဂဏန်းကိုလည်း နမူနာအဖြစ်တင်ပြအပ်ပါသည်။ ဤ၌ သိသာရန်ယခု အများသုံး ဂဏန်းဖြင့်လည်း တင်ပြရခြင်းဖြစ်ပေသည်။

နမူနာပြပုံစံ(၁)၊(၂)ကို သိသာရန်မှာ ပုံစံ(၁)တွင် အစရင်းလာ လဆန်းတစ်ရက်ဇယား ကွက်၌ ထိပ်စီး(၆) သည် သောကြာနေ့ကိုပြသည်။ ၄င်းအောက် ဝဲဘက်ကွက်တွင်ရှိ ၆၊၁၃၊၃၃ တို့သည် တနင်္ဂနွေဂြိုဟ်စဉ်ကို ဖော်ပြသည်။ ၄င်းအောက် ၀၊၁၀ သည် တိထီနှင့် ဃဋီကို ဖော်ပြသည်။

လက်ယာဘက်တွင် ၆၊၂၁၊၃၉ တို့သည် တနင်္လာဂြိုဟ်စဉ်ကိုဖော်ပြသည်။၄င်းအောက် ၁၅၊၇ သည် နက္ခတ် နှင့် ဃဋီကို ဖော်ပြသည်။ ဤအတိုင်း လဆန်း ၂၊၃၊၄ ရက်စသည် ရက်စဉ် တို့ကိုလည်း သိသာနိုင် ပေသည်။ လပြည့်နေ့၌ကား ဂြိုဟ်(၈)လုံး တိထီ၊ ဃဋီ၊ နက္ခတ် ဃဋီကိုပါ စုပေါင်းဖော်ပြသည်ဟု သိမှတ်နိုင် သည်။ လဆုတ်ဇယားကွက်တို့၌လည်း ဤနည်းအတိုင်း သိမှတ်နိုင်သည်။ ယင်းပြက္ခဒိန်၏ ဂြိုဟ်၊ တိထီဃဋီ၊ နက္ခတ်ဃဋီတို့၏ တွက်နည်းကိုလည်း ရှေးမူအရ ရခိုင်ပြည်သုံး မက္ခကာရန္တနည်းဖြင့် တွက်ဆ သိသာနိုင်ပေ သတည်း။ [၂]

  • (၁၉၇၅-ခုနှစ် ဖေဖော်ဝါရီလထုတ် ရခိုင်မဂ္ဂဇင်း အမှတ်(၂)တွင် နက္ခတ်ဗေဒင် သုတေသီ နတ်မြစ်ဦးကုမာရ အမည်ဖြင့် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။)

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. အရှင်စက္ကိန္ဒ (ရခိုင်ယဉ်ကျေးမှုများ အမှတ်၆ မှ-)