ကော်ဇော

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယူနက်စကိုမှ လူသားတို့၏ လက်ရာ​မြောက်လှသော အမွေခံ ပစ္စည်း အဖြစ် သတ်မှတ်ထားသော အဇာဘိုင်ဂျန်မှ ကော်ဇော
တူနီးရှားမှ ဗလီတစ်ခုတွင် ခင်းထားသော ကော်ဇောများ
အပြာရောင် ဗလီ၊ အစ်စတန်ဘူလ်မြို့၊ တူရကီနိုင်ငံ

ကျက်သရေဆောင် အခင်းတန်ဆာ[ပြင်​ဆင်​ရန်​]

ပြောင်မြောက်သောလက်မှုပညာတစ်မျိုးဖြစ်သည့် ကော်ဇော ရက်လုပ်ခြင်းသည် အရှေ့တိုင်းသားတို့တီထွင်ခဲ့သည့်လုပ်ငန်း ဖြစ်၍ ယခုတိုင် အရှေ့တိုင်းဖြစ် လက်ရက်ကော်ဇောများ သာလျှင် ဗိုလ်စွဲနေပေသည်။ ချည်မျှင်မှ အဖိုးတန်ကော်ဇော ဖြစ်အောင် အရှေ့တိုင်းသားတို့၏အကြိုက် ရက်လုပ်ထားအပ် သော ကော်ဇောများအကြောင်းကို အောက်တွင်ဖေါ်ပြထားသည်။

ကော်ဇော[ပြင်​ဆင်​ရန်​]

ခြေချလိုက်လျှင် မြုပ်သွားမတတ် နူးညံ့လှသည့် မွေးရှည်ကော်ဇောကြီးများကား ရှေးအထက်ထက်မှ စတင်၍ ယနေ့ ထက်တိုင် ဘုရင့်နန်းတော်ကြီးများ၊ သူဌေးသူကြွယ်၊ မင်းစိုးရာဇာတို့၏ အိမ်များတွင် ခမ်းနားထည်ဝါအောင် ကျက်သရေဆောင်သည့်အခင်းများ ဖြစ်ကြသည်။ ထိုမျှမက ပွဲလမ်းသဘင် အခမ်းအနားတို့တွင်လည်း ထိုကျက်သရေဆောင် ကော်ဇောကြီးမျိုးမပါလျှင် ခမ်းနားတင့်တယ်မှုလိုနေသကဲ့သို့ ဖြစ်ချေသည်။

ထိုအသုံးအဆောင် ကော်ဇောကြီးများကို ပါးရှား၊ တူရကီ စသော အာရှနိုင်ငံများတွင် စတင် လုပ်ကိုင်ခဲ့ရာ ယခုထက် တိုင် အရှေ့တိုင်းဖြစ် ကော်ဇောကြီးများကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးပေ။ ယခုခေတ်တွင် ကော်ဇောများကိုစက်ဖြင့် ရက်လုပ် ကြသော်လည်း သုခုမပညာ လက်မှုလုပ်ငန်းတစ်ခုဖြစ်သော လက်ရက်ကော်ဇောများ၏ တန်ဖိုးမှာ လျော့ကျ နည်းပါးမသွား ဘဲ ပိုမို ကြီးမြင့်လာသေးသည်။

ထိုကော်ဇောလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ရာ ဒေသများမှာ အိန္ဒိယ၊ ပါးရှား၊ အီဂျစ်၊ တူရကီ၊ အာရှမိုင်းနားနှင့် တရုတ်နိုင်ငံတို့ ဖြစ်ကြသည်။ ထိုလုပ်ငန်းမှာ ကလေးလူကြီးမရွေး လုပ်ကိုင်နိုင်၍ ခေတ်စားသော အိမ်တွင်းမှု လုပ်ငန်းတခုလည်း ဖြစ်သည်။ အရှေ့တိုင်းနိုင်ငံတို့တွင် ဘိုးစဉ် ဘောင်ဆက်မျိုးရိုးစဉ်လာမှ ဆင်းသက်လာသော လုပ်ငန်းဖြစ်ရာ ရှေးကပုံစံအတိုင်း ရက်လုပ်ကြ၍ ထိုအခြေခံပုံစံတွင်မှ ရက်လုပ် သူ၏ ထွင်ဉာဏ်အလိုက် အတွန့်အတက် ကလေးများ ထည့်သွင်းရက်လုပ်သဖြင့် အဆင်ပုံစံချင်းမှာ နယ်ပယ်ဒေသ လိုက်၍ ကွဲပြားကြသည်။

ပန်းပွင့် ပန်းနွယ်များဖြင့် အဆင်ဖေါ်ထားသော ကော်ဇော မျိုးကို ပါးရှားနိုင်ငံမှ ရက်လုပ်၍ အဝိုင်း၊ လေးထောင့်၊ စကြာ စသည့် အဆင်များ ဖေါ်ထားသည်ကို တွေ့ရလျှင် ကော်ကေး ရှားနယ်ဖြစ် ကော်ဇောများဟု သိသာနိုင်သည်။ ပါးရှင်း ကော်ဇောအဆင်နှင့် ကော်ကေးရှန်းကော်ဇောအဆင် ၂ မျိုးကို ရောစပ်၍ ရက်လုပ်ထားသော ကော်ဇောမျိုးကို ကူးဒစ္စတန်နယ် ၌ ရက်လုပ်သည်။ အိန္ဒိယနိုင်ငံမှ ကော်ဇောများမှာ အလယ်၌ ဒိုင်းပုံ၊ ဘယက်ပုံများ ပါရှိသည်။ မွတ်စလင်များအဖို့ သက်ရှိ သတ္တဝါတို့၏အရုပ်များကို ထည့်သွင်းရက်လုပ်ခြင်း မပြုရန် သူတို့၏ အယူဝါဒက တားမြစ်ထားသည်။ တရုတ်နိုင်ငံဖြစ် ကော်ဇောကြီးများကား လှပတင့်တယ်၍ အဝါ၊ အပြာ၊ အနီ စသည့်တောက်ပသော အောက်ခံ အသွေး အရောင်များပေါ်တွင် စံယူလောက်သည့် အဆင်များ ဖေါ်ထားသည်။

စက်ရက်ကော်ဇောများသည် အဆင်အသွေးနှင့် အရုပ်ပုံ ပန်းဖေါ်ရာ၌ အရှေ့တိုင်းဖြစ် လက်ရက်ကော်ဇောကို မမှီနိုင် အောင်ရှိသည်။ လက်ရက်ကော်ဇောတွင် ဘိုးစဉ်ဘောင်ဆက်မှ ဆင်းသက်ခဲ့သော ဆိုးဆေးနည်းများဖြင့်ဆိုးထားသော ချည် မျှင်တို့၏ အသွေးအရောင်များမှာ ဓာတုဗေဒဆိုးဆေးများထက် အသွေးအရာင် နူးညံ့သိမ်မွေ့လှပ၍ ဆေးခိုင်ပြီးလျှင် ကြာရှည် ခံသည်။ ထိုသမားရိုးကျဆိုးဆေးများမှာ အသီးအရွက်တို့မှ ထုတ်ယူသော အရောင်ဆိုးဆေးများဖြစ်ကြသည်။ ရက်လုပ်သည့် ခြည်မျှင်များမှာ သိုးမွေး၊ ကုလားအုပ်မွေး စသည်တို့ဖြစ်ကြ၍ တစ်ခါတစ်ရံ ထိုချည်မျှင်များကို ရွှေချည် ငွေချည်များနှင့် ရောနှောရက်လုပ်ကြသည်။

လက်ရက်ကော်ဇောများ လုပ်နည်းမှာ အရှေ့တိုင်းနိုင်ငံများ၊ ဂရိတ်ဗြိတိန်၊ ဥရောပတိုက်တို့၌ ရှေးအဆက်ဆက်က ရက်လုပ် လာခဲ့သည့် နည်းအတိုင်းပင် လုပ်ကိုင်ကြသည်။ ကော်ဇောရက် လုပ်သည့် ရက်ကန်းစင်မှာ တိုင်နှစ်တိုင်စိုက်ထူပြီးလျှင် အထက် အောက် တန်း ၂ တန်းကို ကန့်လန့်ချည်ထားသည်။ တိုင်နှစ် တိုင်၏ ကြားနေရာအကျယ်မှာ ကော်ဇောအနံဖြစ်၏။ ထိပ်တန်း နှင့်အောက်တန်း ၂ တန်းပေါ်တွင် သွယ်တန်း၍ တိုင်ချည်များ ကို ဆင်ထားသည်။

ကော်ဇောကို အောက်ဖက်မှစ၍ ဖောက်ချည်သွင်းကာ ကလနားကို ကျစ်လျစ်စွာ ရက်လုပ်ရသည်။ ကလနားအတော် အသင့်ရသည့်အခါမှ ကော်ဇောအဆင်အကွက်ဖေါ်ရန် ချည်မျှင် များကို တိုင်ချည်တွင် ချည်နှောင်ရသည်။ ထိုသို့ ချည်နှောင် နည်းမှာ ပါးရှင်းချည်နည်းနှင့် တူရကီချည်နည်းဟူ၍ ၂ မျိုးရှိ သည်။ ချည်ရမည့်ချည်မျှင်ကို ၂ လက်မခန့် အပိုင်းကလေး များ ဖြတ်ထားရ၍ တိုင်ခြည် ၂ ပင်တွင် ချည်ရသည်။ ပါးရှင်း ချည်နည်းမှာ တိုင်ခြည် ၂ ပင်ရှိသည့်အနက် ချည်ရမည့် ကြိုးစ ၂ စမှာ တိုင်ခြည်တစ်ပင်စီ၏ ဘေး၌ တစ်စစီထွက်အောင် ချည်ရသည်။ တူရကီချည်နည်းမှာ တိုင်ခြည် ၂ ပင် ကြားထဲ၌ ကြိုးစနှစ်စလုံး တစ်ပြိုင်တည်းထွက်အောင် ချည်သည့်နည်း ဖြစ်သည်။

ပါးရှင်းချည်နည်းမှာ ၁ လက်မစတုရန်းတွင် ချည်မျှင်ကို ပို၍ ချည်နှောင်ထည့်နိုင်သဖြင့် မထုံးမဖြစ်သော ချည်နည်း ဖြစ်၍၊ စိပ်စပ်ကလေး ချည်ထည့်နိုင်ပြီးလျှင် ကော်ဇောမျက်နှာ ပြင်ကို ညှိသည့်အခါ ကပ်၍ ဖြတ်ညှိနိုင်သည်။ ကော်ဇော အမျိုးအစားမှာ ၁ လက်မ စတုရန်း၌ ချည်နှောင်ထည့်နိုင်သော ချည်မျှင်အရေအတွက်အလိုက် အစားစားခွဲခြားထား၍ အနုဆုံး သော ပါရှင်းကော်ဇောမျိုးမှာ ၁ လက်မစတုရန်း၌ ခြည်မျှင်စ ပေါင်း ၆ဝဝ ကျော်မျှ ချည်ထည့်နိုင်လေသည်။

တိုင်ခြည်များတွင် ချည်မျှင်စကလေးများ ချည်ထည့်၍ ခြည်တစ်နံစာ ပြီးဆုံးသွားသောအခါ၌ ဖောက်ခြည် ၂ တန်း မျှကို ပင်ကျော်ပင်ချ ရက်သွင်းရသည်။ ချည်ထည့်ထားသော ချည်မျှင်စကလေးများ ကျစ်လျစ်မြဲမြံသွားအောင် အပေါ်မှ ရက်ထည့်သော ဖောက်ချည်ကိုဘီးဖြင့် ဖြီးချပေးရသည်။ ကော်ဇောပုံစံကို စာရွက်ပေါ်တွင် အကွက်ချပြီးမှ ရက်လုပ်ရ သည်။ အချို့မှာ ပုံစံကို အလွတ်ကျက်မှတ်ထားကြသည်။ ဤသို့ဖြင့် တစ်တန်းပြီးတစ်တန်း ရက်လုပ်သွား၍ အတော် အတန်ရလာလျှင် လိပ်တုံးလှည့်၍ အောက်ဖက်ကို လိပ်ထား ရသည်။

ပါးရှင်းကော်ဇောနှင့် ယှဉ်ကြည့်လျှင် တူရကီနိုင်ငံ ကော်ဇော များမှာ အနည်းငယ် ကြမ်းသည်။ ပါးရှားနိုင်ငံကော်ဇောရက် လုပ်ရာ ဌာနကြီးများမှာ ကဲမန်၊ ကူးဒစ္စတန်နယ်များဖြစ်ကြ၍၊ အဆင်အသွေး အမျိုးအစားကောင်းသော ကော်ဇောကြီးများကို ရက်လုပ်ကြပြီးလျှင် အမျိုးအစားပေါင်း ၁၄ မျိုးခန့် ပါဝင် သည်။ တူရကီကော်ဇောကြီးများကို အူရှက်နယ်မှ အကြီး အကျယ် ရက်လုပ်၍၊ အာရှမိုင်းနာပြည်နယ် အနှံ့အပြားမှလည်း ထိုကော်ဇောမျိုး ထွက်သည်။ အိန္ဒိယနိုင်ငံ၌ မီရာဇပူရ၊ ဗါရာ ဏသီ၊ မတ်ဆလီပတ်တမ်၊ ကသ္မီရ၊ အမ္မရစ်ဆာ၊ ပက်ရှဝါ နယ်များတွင် ရက်လုပ်ကြသော်လည်း ပါးရှင်း ကော်ဇောများ၏ အဆင်အသွေးကို မမှီချေ။ သို့ရာတွင် မတ်ဆလီပတ်တမ်၊ ဗါရာ ဏသီတို့မှထွက်သော ပိုးကော်ဇောများမှာမူ အလွန်လှပ၍ လက်ရာကောင်းလေသည်။

အရှေ့တိုင်းများတွင် စတင်အသုံးပြုသော ပစ္စည်းဖြစ်သည် အလျောက် ကော်ဇောကို ဘုရား၊ ဂူကျောင်း၊ တန်ဆောင်းနှင့် နေအိမ်အဆောက်အအုံတို့တွင် ခင်းကျင်းရန်သာမက နံရံများ တွင် ကာရန် ကန့်လန့်ကာ၊ အိပ်ရာခင်း၊ စောင်နှင့် ဆင်၊ မြင်းကုန်းနှီး ကကြိုးတန်ဆာအတွက်လည်း အသုံးပြုကြသည်။ ဥရောပနိုင်ငံများတွင် အစပထမ၌ အရှေ့တိုင်းမှ ကော်ဇောများ ကို အဖိုးပေး၍ လူကုံထံများ ဝယ်ယူသုံးစွဲခဲ့ကြသော်လည်း အလယ်ခေတ်လောက်တွင် အရှေ့တိုင်းကော်ဇောများကို အတုယူ ရက်လုပ်ကြသည်။ သို့ရာတွင် လုပ်ကိုင်ရာ၌ အချိန်ကြာ၍ အဖိုးကြီးမြင့်လှသဖြင့် အထူးမှာယူသုံးစွဲသူတို့အဖို့သာ ရက်လုပ် ပေးကြသည်။

ချည်မျှင်စကလေးများနှင့် ချည်နှောင်ရက်လုပ်ရသော ကော်ဇောမျိုး မဟုတ်ဘဲ ကန့်လန့်ကာ ရက်သကဲ့သို့ တိုင်ခြည် ဖောက်ခြည်များဖြင့် အဆင်အကွက်ဖေါ်ကာ ရက်လုပ်သည့် ကော်ဇောမျိုးကိုလည်း စတင်အသုံးပြုကြရာ ထိုကော်ဇောမျိုးမှာ တန်ဖိုး မများလှသည့်အတွက် အသုံးများလာလေသည်။ အခြား အသုံးများ၍ လက်ဖြင့် ရက်လုပ်ရသော ကြမ်းခင်း ကော်ဇော မျိုးမှာ အင်ဂရိန်းခေါ် အရောင် ၂ မျိုးနှင့် တစ်ဖက်လျှင် အရောင်တစ်မျိုးစီ အဆင်ဖေါ်ထားသော ကော်ဇောများဖြစ် ကြ၏။ ပန်းပုံရုပ်ပုံဖေါ် ရက်လုပ်နည်းဖြင့် ရက်လုပ်သည့် ကော်ဇောမျိုးမှာ အဆင်အကွက်ဖေါ်ရာ၌ ခြည်ရောင်အမျိုးမျိုး အတွက် ဘီးလုံး အမျိုးမျိုးထား၍ ရက်လုပ်ရလေသည်။ နောက်နည်းသစ်တစ်ခုမှာ အဆင်ဖော်ရန်အတွက် အရောင် များကို ခြည်မျှင် များ၌ ပထမအဆင်ပေါ် အရောင်ဆိုးပြီးမှ ရက်လုပ်ရ၍ အဆင်အကွက် နေသားတကျရှိစေရန် သတိထား ၍ ရက်လုပ်ရသည့်နည်း ဖြစ်သည်။ ထိုနည်းသစ်ကို ၁၈၃၂ ခုနှစ်တွင် စတင်ခဲ့သည်။

မြောက်အမေရိကတိုက်မှ နက်ဗဟိုး အင်ဒီးယန်းလူမျိုးတို့ ရက်လုပ်သည့် ကော်ဇောများ၊ စောင်များမှာ အရှေ့တိုင်းဖြစ် ကော်ဇောများနှင့် ယှဉ်ပြိုင်နိုင်သည်။ ထိုလူမျိုးတို့သည်လည်း အရောင်ဆိုးရာ၌ အသီးအရွက်များမှ ထုတ်ယူသောဆိုးဆေး များကို အသုံးပြုကြသည်။

အင်္ဂလန်ပြည်တွင် ကော်ဇောများကို လက်ရက်ကန်းစင် များဖြင့် လုပ်ကိုင်လာရာ ၁၉ ရာစုနှစ်လောက်တွင် ပြင်သစ် လူမျိုး ဂျိုးဇက်ဂျက္ကတ်က ဂျက္ကတ်ရက်ကန်းစင်ကို တီထွင် လိုက်သဖြင့် အတော်အတန် တိုးတက်လာလေသည်။ ထို့ထက်တစ်ဆင့် တိုး၍ ထွင်လိုက်သူမှာ အမေရိကန်ပြည် ထောင်စု ဖော်စတန်မြို့မှ ဆေးကျောင်းသားတစ်ဦးဖြစ်သော အီရက်စတပ် ဗစ်ဂီလို ဆိုသူ ဖြစ်သည်။ ထိုသူသည် ရက်ကန်း စင်များကို ရေနွေးငွေ့အားဖြင့် ရက်လုပ်နိုင်ရန်တီထွင်လိုက်ရာ ထမြောက် အောင်မြင်၍ ကော်ဇောများကို တစ်နေ့လျှင် ၈ ကိုက်မှ ၂၅ ကိုက်အထိ ရက်လုပ်လာနိုင်သည်။ ထိုမှတစ်ဆင့် တိုးတက်အောင် ပြုပြင်လာခဲ့ရာ စက်ရက်ကော်ဇောလုပ်ငန်း သည် ဥရောပတိုက်တွင် များစွာတိုးတက်ခဲ့လေသည်။

စက်ရက်ကော်ဇော အမျိုးမျိုးတွင် ဗရပ်ဆဲကော်ဇောမှာ အင်္ဂလန်တွင် ရက်လုပ်သော်လည်း ပန်းပုံ ရုပ်ပုံဖော်ရက်နည်းကို စတင်ရက်လုပ်သည့် ဗရပ်ဆဲမြို့ကို အစွဲပြု၍ခေါ်ခြင်းဖြစ်သည်။ ထိုကော်ဇောမျိုးမှာ ပန်းပုံရုပ်ပုံဖေါ်ရက်သကဲ့သို့ အကွက်ဖော် ရက်လုပ်ထားခြင်းမဟုတ်ဘဲ မျက်နှာပြင်ပေါ်တွင် အကွင်းလိုက် ဖေါ်ထားသည့် မွေးပွကော်ဇောမျိုးဖြစ်သည်။ ဝီလတန်ကော်ဇော မျိုးမှာ ဗရပ်ဆဲကော်ဇောမျိုးနှင့် တူသော်လည်း မျက်နှာပြင်ပေါ် မှာ ကွင်းကလေးများကို ဖြတ်ညှိထား၍ ကတ္တီပါသားကဲ့သို့ ရှိသော မွေးရှည်ကော်ဇောမျိုးဖြစ်သည်။

ဝီလတန်ကော်ဇောမျိုးကဲ့သို့ မွေးရှည်ဖြစ်သော်လည်း အရှေ့တိုင်းလက်ရက်ကော်ဇောမျိုးမှာ အက်စမင်စတာ ကော်ဇောမျိုး ဖြစ်သည်။ ဖော်ပြခဲ့သော စက်ရက်ကော်ဇော များ၏ ချွတ်ယွင်းချက်မှာ အရှေ့တိုင်းကော်ဇောများကဲ့သို့ အလိုရှိရာ အရွယ်အစားစားကို မရနိုင်ဘဲ တစ်နံတည်းရှိသော ကော်ဇောလိပ်ထဲမှဖြတ်၍ စပ်ယူရလေသည်။ ထိုချွတ်ယွင်းချက် ကို ကျော်နင်း ရက်လုပ်သောကော်ဇောမျိုးမှာ ရှနီးကော်ဇောများ ဖြစ်သည်။ မွေးရှည်ကော်ဇောမျိုးပင်ဖြစ်ကာ အဆင်အကွက် မဖော်ဘဲ တောက်ပရွှန်းပြောင်သော အသွေးအရောင်များဖြင့် ပိန်းရက်လုပ်ထား၍ ဈေးကြီးပေးကြရသည်။

ကော်ဇောများကို တာရှည်သုံးနိုင်ရန် တံမြက်သိမ်း ဖုံသုတ် စက် (ဓာတ်တံမြက်စည်း)ကို အသုံးပြုနိုင်လျှင်ကောင်းသည်။ ယင်းမရှိလျှင် ကော်ဇောလှည်းတံမြက်စည်းကို သုံးသင့်ပေသည်။ ကော်ဇောများညစ်ပေလာသည့်အခါ စက်မှင်ဘီးကြမ်း၊ ကော်ဇော လျှော်သော ဆပ်ပြာ၊ ရေနွေးတို့ဖြင့် ပွတ်တိုက်လျှော်၍ သွေ့ ခြောက်အောင် လှန်ပေးလျှင် အရောင်များ ပြန်လည် ကောင်း မွန် ရွှန်းပြောင်လာနိုင်သည်။ ကော်ဇောဆိုင်များတွင်လည်း ကော်ဇောများကို မရောင်းမီ ဤကဲ့သို့ပင် လျှော်ပေးလေသည်။ အသုံးမပြုဘဲ ထားသည့်အခါ၌ကား ပိုးမကိုက်စေရန် သတိပြု သင့်လေသည်။ ကော်ဇောတွင် အပေါက်ငယ်များရှိလာလျှင် လျင်မြန်စွာ ဖါထေးပေးသင့်သည်။ ဖါထေးရာ၌ လိမ်မာ ကျွမ်းကျင် ရပေမည်။

ဂျာမနီ၊ ပြင်သစ် စသည့်နိုင်ငံများ၌လည်း ကော်ဇောစက်ရုံ များရှိသည်။ အနောက်တိုင်းနိုင်ငံများ၌ စက်ရက်ကော်ဇော လုပ်ငန်းမှာ တစ်နေ့တခြား တိုးတက် ကြီးပွားလျက် ရှိသော် လည်း အရှေ့တိုင်း လက်ရက်ကော်ဇောများမှာ ယနေ့ထက်တိုင် ဂုဏ်သရေတက်ဖြိုးလျှက်ပင် ရှိသေးသည်။ သို့သော် လက်ရက် ကော်ဇောလုပ်ငန်းသည် အလွန်တစ်ရာ စိတ်ရှည်စွာပြုလုပ်ရ၍ လက်ဝင်လှသည့်လုပ်ငန်းဖြစ်သည့်ပြင် ကုန်ထွက်လည်း နှေး သောကြောင့် ပါးရှားတူရကီးစသည့် မျိုးရိုးစဉ်လာ ပြုလုပ်ခဲ့ကြ သော အိမ်တွင်းမှုလုပ်ငန်းတစ်ရပ်မှာ ယခုအခါ အနောက်နိုင်ငံ ကုမ္ပဏီကြီးများ လက်အောက်ခံလုပ်ငန်းများဘဝသို့ ကျရောက် လျက် ရှိရချေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)