ဒက္ခိဏပထတိုင်း

ဝီကီပီးဒီးယား မှ

ဒက္ခိဏာ (ဏ)ပထတိုင်း၊ မဇ္ဈိမတိုက် (ဇမ္ဗူဒိပ် အလယ် ဗဟိုဌာန)၏ တောင်ဖက်၌တည်သော အဝန္တီ (မိန်းမတို့ကို အထူးစောင့်ရှောက်တတ်သော)-တိုင်း-နိုင်ငံ-နယ်ပယ်။ (ယင်း-သည် နွားကောင်း, နွားလှ, နွားချောတို့ ဖြစ်ထွန်း ပေါက်ဖွားရာ နယ်ပယ်ဖြစ်၏။ [၁][၂]

ဣန္ဒြိယတိုက်၏ အလယ်၌ အနောက် သမုဒြာထိအောင် အရှေ့အနောက် ဖြတ်၍ တည်သော တောင်သည် ဝိဉ္ဈ-မည်၏။ ထိုတောင်၏တောင်ဖက်ကို(ဒက္ခိဏာပထ)ဣန္ဒြိယ တောင်ပိုင်း-ဟုခေါ်၏။ [၃][၂]

သင်္ခတနည်းအားဖြင့် မြောက်ဖက်၌ ဟိမဝန္တာတောင်, တောင်ဘက်၌ ဝိဉ္ဈ တောင်တန်း, အရှေ့ဘက်၌ ဗင်္ဂလားအော် ခေါ်သော ဝင်္ဂါပသာဂရ အနောက်ဖက်၌ ယခု အာရေဗျ ခေါ်ကြသော-အာရဗပင်လယ်–အာရဗသာဂရ၊ ဤ ဆိုအပ်ပြီးသည် တို့မှ တောင်ဖက် နယ်ပယ် တလျှောက်ကို “ဒက္ခိဏာပထ”ဟု ခေါ်သည်။ [၄] [၂]

ဒမိလတိုင်း၏ တစိတ်အရပ်၊ သို့မဟုတ် ယခု ဒေခန်ခေါ်သော အရပ်။ [၅] [၂]

ဣန္ဒြိယနိုင်ငံတွင် တောင်ဖက် ခရီး စဉ်သည်လည်းကောင်း, ဣန္ဒြိယတောင်ပိုင်းသည်၎င်း ဒက္ခိဏာပထ-မည်၏။ [၆] [၇][၂]

ဒက္ခိဏပထခေါ် မဇ္ဈိမအလယ်ပိုင်းမှ တောင်ဘက်ကြသော တိုင်းနိုင်ငံ ကလေးများရှိကြ၍ ၎င်းတိုင်းနိုင်ငံများ၌ကား အလယ်ပိုင်း တိုင်းနိုင်ငံလောက် မြတ်စွာဘုရား တရားဓမ္မစက် ဟောမြွက်တော်မူသောအားဖြင့် ထွန်းကားခြင်းမရှိသော်လည်း သုတ္တနိပါတ် စသော ခုဒ္ဒကနိကာယ်များ၌ များစွာလာရှိ၍ မြတ်စွာဘုရား သာသနာတော် မြတ် ပြန့်နှံ့ထွန်းလင်းရာ တိုင်းနယ်များဖြစ်ကြောင်း မှတ်သားအပ်ကုန်၏။ [၈]

ဗာဝရီဆရာကြီးအကြောင်း[ပြင်ဆင်ရန်]

ထိုသို့ သာသနာတော် ရောက်သဖြင့်လည်း အရှင်မဟာကစ္စာနမထေရ်သည် များသောအားဖြင့် ဒက္ခိဏပထ တောင်ပိုင်းနိုင်ငံများ၌ သီတင်းသုံးတော်မူသည်ကများ၍ သုတ္တန်များ ဟောကြားတော်မူသည့်အပြင် သုတ္တန်နိပါတ်လာ ဗာဝရီဆရာကြီးအကြောင်း အတ္ထုပ္ပတ်အားဖြင့်လည်း ထင်ရှားသည်။

၎င်းဗာဝရီ ဆရာကြီးကား သာဝတ္ထိမြို့တော်ကြီးမှ ဒက္ခိဏပထ တောင်ဘက်တိုင်း နိုင်ငံသို့ သွား၍ ဂေါဓာဝရီ မြစ်ကမ်းဝယ် အဿကမင်းနှင့် မုဠကမင်းတို့၏ တိုင်းနိုင်ငံ အလယ်၌ နေပြီးလျှင် ထိုမင်း ၂-ပါးတို့၏ ပူဇော်သက္ကာရကို ခံယူလျက်နေစဉ် ကြီးစွာသော ယဇ်ပူဇော်ပွဲကြီး ပြုလုပ်ပြီးသောအခါ၌ နတ်တစ်ပါး သတိပေးလာ၍ လောက ၃-ပါး၌ မြတ်စွာဘုရား ထင်ရှားပွင့်တော်မူလာကြောင်း သိသဖြင့် မြတ်စွာဘုရားအထံ များစွာသော ပြဿနာများကို လျှောက်ထားရန် အဇိတအစရှိသော တပည့်ကြီး ၁၆-ယောက်တို့ကို လွှတ်လိုက်၍၎င်းတပည့်အပေါင်းတို့လည်း မိမိတို့စိတ်ဖြင့် ကြံစည်အပ်သော ပြဿနာများကို စိတ်အားဖြင့် မေးလျှောက်ထားပြီး ဖြေကြားတော်မူသည်၏ အဆုံး၌ အားလုံး(ပင်) တရားတော်၏အရသာကို သိကြလျက် အသီးသီး မဂ်ဖိုလ်ကို ရကြလေကုန်၏။ ၎င်းခရီးစဉ် အကြောင်းအရာများကို နောက်၌ ရေးလတ္တံ့ဖြစ်၍ ဤမျှလျှင် အကျဉ်းအားဖြင့် ရေးသား လိုက်ရပေသည်။ [၈]

မုဠကတိုင်း, ကုရုတိုင်း[ပြင်ဆင်ရန်]

ထိုမှတစ်ပါး ဆိုခဲ့ပြီးသော ဒက္ခိဏပထ တောင်ပိုင်းနိုင်ငံများတွင် အဝင်အပါ မုဠကတိုင်း၏ မြို့များဖြစ်သော ပတိဋ္ဌာနမြို့, မဟိံသမြို့များအပြင် အဝန္တိတိုင်း၏ မြို့ များဖြစ်သော ဥဇ္ဇေနီမြို့, ဂေါနဒ္ဓမြို့, ဝေဒိဿကမြို့များရှိကြောင်း၊ ၎င်းသုတ္တနိပါတ် ဗာဝရီဆရာကြီး၏ အတ္ထုပ္ပတ် ဝတ္ထုကထာ၌ပင် ထင်ရှားသည့်အပြင် မဇ္ဈိမပဏ္ဏာသ၊ ရဋ္ဌပါလသုတ်၌လည်း၎င်းအရှင်ရဋ္ဌပါလသည် ထုလ္လကောဋ္ဌိကမြို့၌ ထင်ရှားသော အမျိုးသားဖြစ်၍ မြတ်စွာဘုရားသည် ကုရုတိုင်း၎င်းမြို့သို့ ဒေသစာရီ ကြွချီလျက် တရားဓမ္မစက် မိန့်မြွက်ဟောပြသောအခါ ရဟန်းအဖြစ် တောင့်တ၊ ၎င်းရဟန်းအဖြစ်ကိုရသဖြင့် မိဂစီရဥယျာဉ်၌ တရားကို ဆင်ခြင်သုံးသပ်လျက် နေ့သန့်စဉ်၎င်းကုရုတိုင်းကို အုပ်စိုးသော ကောရဗျမင်းသည် အရှင်ရဋ္ဌပါလအထံသို့ ချဉ်းကပ်၍ တရားတော်နာကြောင်းလာ၍ ထိုကုရုတိုင်းမှာလည်း ထင်ရှား၍ မင်းတစ်ပါးအုပ်ချုပ်နေကြောင်း သိသာ၏။ [၈]

မထုရဇ်မင်း[ပြင်ဆင်ရန်]

၎င်းပြင်လည်း အရှင်မဟာကစ္စာနမထေရ်သည် မထုရာမြို့တော်အနီး ဂုန္ဒာဝန ဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ်၎င်းမထုရဇ် ပြည်ကြီးကို အုပ်စိုးသော အဝန္တိပုတ္တ အမည် ရှိသော မထုရဇ်မင်းသည် ထိုဂုန္ဒာဝနာဥယျာဉ် အရှင်မဟာကစ္စာန မထေရ်အထံသို့ ချည်းကပ်၍ တရားတော်ကို နာရသဖြင့် ဥပါသကာအဖြစ်သို့ ရောက်ကြောင်း၊ သို့သော်လည်း ထိုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူကြောင်း၎င်းမင်းအား ပြောကြားသောအခါ

“အကယ်၍သာ မြတ်စွာဘုရား ထင်ရှားစွာရှိပါမူ ယူဇနာ-၅၀ ဖြစ်စေ, ၁၀၀-ဖြစ်စေ တပည့်တော် သွားရောက်ဆည်းကပ်ရာ၏”ဟု မဇ္ဈိမပဏ္ဏာသ၌ပင် လာသဖြင့် ၎င်းအဝန္တိတိုင်းကြီး၏ အနီးအနားဖြစ်သော မထုရာမြို့ ၌ပင် ဘုရင်တစ်ပါး အုပ်ချုပ်ကြောင်း သိရ၏၊

သို့သော်လည်း၎င်းဘုရင်မှာ မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်စေကာမူ မြတ်စွာဘုရားအား မဖူးမမျှော်ရသည့်အပြင် တရားတော်ကိုပင် မနာလိုက်ရကြောင်း အရှင်မဟာကစ္စာနမထေရ်မြတ်နှင့် တွေ့ကြုံမှ တရားတော်ကို နာယူရကြောင်း ထင်ရှား၍-

မြတ်စွာဘုရားလက်ထက်တော်က သာသနာတော်နှင့် စပ်လျဉ်းသော ထင်ပေါ် ကျော်ကြားခြင်းမရှိသော တိုင်းငယ်များ အများအပြား ရှိကြကုန်သည်မှာ ထင်ရှားကုန်၏။ [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒီ၊ဋ္ဌ၊၁၊၁၁၅။ အံ၊ဋ္ဌ၊၂၊၁၅၅။ အဘိ၊ဋ္ဌ၊၁၊၁၈၅။ အဘိ၊ဋ္ဌ၊၂၊၄၃။ ပဋိသံ၊ဋ္ဌ၊၁၊၇၈။ ဝိသုဒ္ဓိ၊၂၊၁၁၃။ ဣတိဝုတ်၊ဋ္ဌ၊၃၂၉။ မဟာနိ၊ဋ္ဌ၊၂၀၊ ၂၅၂။ D.P.။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ တိပိဋကအဘိဓာန် အတွဲ-၁၀
  3. သပြေကန်၊ ကစ္စည်း၊ သျ။ ၅၆၄။
  4. ဗုဒ္ဓသာသနိက ပဌဝီဝင်။ ၇၅-၆။
  5. D. P.။
  6. C. P. D.။)
  7. တေန ခေါ ပန သမယေန အဝန္တိ-ဒက္ခိဏာပထော(ဒက္ခိဏပထော၊ သီ) အပ္ပဘိက္ခုကော ဟောတိ။ ဥဒါန၊၁၄၆။ ဒက္ခိဏပထေ အဝန္တိရဋ္ဌေ ဃနသေလပဗ္ဗတော နာမ အတ္ထိ။ ဇာ၊ဋ္ဌ၊၅၊၁၄၁။ တထာ (ဧဝံ-နာမကံ ရဋ္ဌံ) ဒက္ခိဏာပထော။ သီ၊ဋီ၊သစ်၊၁၊၄၆၁။ တံ (အဝန္တိရဋ္ဌံ) ပန မဇ္ဈိမဒေသတော ဒက္ခိဏဒိသာယံ။ တေနာဟ “ဒက္ခိဏာပထေ” (သံ၊ဋ္ဌ၊၃၊၁၃၀)တိ။ သံ၊ဋီ၊၂၊၃၇၁။ (ဝိ၊၃၊၂၈၄-၇။ ဓမ္မ၊ဋ္ဌ၊၂၊၁၆၁။ ပေတ၊ဋ္ဌ၊၁၂၄။)
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)