ဆေးလိပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -
ဆေးရွက်ကြီးရွက်

ဆေးရွက်ကြီးသည် လူ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ဆေးရွက်ကြီးမီးခိုးကို အဝတ်ဖြူပေါ်တွင် မှုတ်တင်လိုက်ပါက အဝတ်ဖြူတွင် အမည်းစွန်းများ ထင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ အမည်းစွန်းများတွင် နီကိုတင်းခေါ် ပြင်းထန်သော အဆိပ်တမျိုး ပါဝင်နေပါသည်။ အဆိုပါ နီကိုတင်း အဆိပ်သည် မည်မျှပြင်းထန်သနည်းဆိုပါလျှင် အဆိပ်တစက်ကိုယူပြီး ယုန်၏အရေပြားကို တို့လိုက်ရုံဖြင့် ယုန်သေစေနိုင်ပါသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ဤမျှ ပြင်းထန်သော အဆိပ်ကို လူသားတို့ သောက်ရှူသုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၈၀၀၀-ခန့်ရှိပြီဖြစ်ပါသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀၀-ခန့် (ဘီစီ ၆၀၀၀-ခန့်) ကတည်းက အမေရိကတိုက်တွင် ဆေးရွက်ကြီးများ စတင်ပေါ်ပေါက်နေကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြပါသည်။ အမေရိကတိုက်နေ လူရိုးများ ဆေးရွက်ကြီးကို သုံးစွဲခဲ့သည့် အထောက်အထားကိုမူ ခရစ်တော်မပေါ်မီ ၁-ရာစုအလိုခန့်တွင်မှ စတင်တွေ့ရှိခဲ့ပါသည်။ လူရိုင်းတို့သည် ဆေးရွက်ကြီးမှ အငွေ့များကို ကောင်းကင်သို့ မှုတ်ထုတ်ပြီး နတ်ဘုရားများထံ အငွေ့များ ဆက်သခဲ့သည်ဟု ဆိုပါသည်။ ထို့ပြင် ဆေးရွက်ကြီးကိုငုံခြင်း၊ ရေစိမ်ပြီး အရည်သောက်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း အထောက်အထားများ တွေ့ရှိခဲ့ပါသည်။ အမေရိကန် ရက်အင်ဒီးယန်းလူရိုင်းတို့၏ သင်္ချိုင်းများတွင် ဆေးတံများကို တူးဖော်တွေ့ရှိခဲ့ခြင်းက ဤအချက်ကို ထောက်ခံနေပါသည်။

ခရစ်နှစ် ၁၄၉၂-သို့ရောက်သောအခါ နယ်မြေသစ်ရှာဖွေသူ ခရစ်တိုဖာကိုလံဘတ်စ်သည် အမေရိကတိုက်ရှိ ဗဟားမားကျွန်းသို့ ရောက်ရှိလာပါသည်။ ကိုလံဘတ်စ်သည် ကျွန်းနေလူရိုင်းများ လယ်ယာလုပ်ငန်းမှအပြန် ညနေစောင်းတွင် သစ်ရွက်တမျိုးကို မီးရှို့ရှူရှိုက်နေကြသည်ကို တွေ့မြင်ခဲ့ပါသည်။ ဤသည်ကို တွေ့မြင်သော ကိုလံဘတ်စ်သည် သူကိုယ်တိုင် ရှူရှိုက်ကြည့်သောအခါတွင် အနံ့အရသာကို နှစ်သက်သောကြောင့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အစေ့များကို ဥရောပတိုက်သို့ ယူဆောင်လာခဲ့ပါသည်။ ဤသို့ဖြင့် လူသားတို့ကို ဒုက္ခပေးမည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့သည် အမေရိကတိုက်မှ ဥရောပတိုက်သို့ ခြေဆန့်ရောက်ရှိလာခဲ့ပါသည်။

အာနိသင်[ပြင်​ဆင်​ရန်​]

ဆေးလိပ်တွင်ပါဝင်သော နီကိုတင်း၏ စွမ်းရည်တခုမှာ တကြိမ်သောက်ပြီးလျှင် နောက်တကြိမ်ထပ်သောက်ရန် အတွက် စွဲလမ်းသွားခြင်းပင် ဖြစ်ပါသည်။ ဤအာနိသင်ကို မသိသေးသော ဥရောပတိုက်သားများသည် တဦးမှတဦး လက်ဆင့်ကမ်းသောက်သုံးခဲ့ရာမှ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်းတို့သည် ဥရောပတိုက်တွင် ခေတ်စားလာခဲ့ပါသည်။

၁၅၅၉-ခုတွင် ပေါ်တူဂီနိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့သော ပြင်သစ်သံအမတ် ဇင်းနစ်ကောသည် ဆေးရွက်ကြီး၏ ဆေးဖက်ဝင်အာနိသင်များကို မှတ်တမ်းတင်ခဲ့ပါသည်။ ထိုအချိန်တွင် ပြင်သစ်ဘုရင်မ ကက်သရင်းသည် ခေါင်းတခြမ်းကိုက် ဝေဒနာ စွဲကပ်နေပါသည်။ နစ်ကောသည် ဘုရင်မကြီး ခံစားနေရသော ခေါင်းတခြမ်းကိုက် ဝေဒနာအတွက် ဆေးရွက်ကြီးကို နှာရှူဆေးအဖြစ် ဆက်သခဲ့ပါသည်။ ထိုအချိန်မှစ၍ ပြင်သစ်နန်းတော်ကြီး၌ ဆေးရွက်ကြီးသည် အထူးခေတ်စားလာခဲ့ပါသည်။ ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဆိုသောအမည်သည် အထက်ဖော်ပြပါ သံအမတ်ကြီး နစ်ကောကို ဂုဏ်ပြုခေါ်ဆိုထားခြင်းပင် ဖြစ်ပါသည်။

အင်္ဂလန်သို့ ဆေးရွက်ကြီး ယူဆောင်လာခဲ့သူမှာ ဆာဝေါ်လတာရော်လီ ဖြစ်ပါသည်။ ဆေးလိပ်သောက်သုံးစက ဆာဝေါ်လတာ၏ အဖြစ်အပျက်ကလေးတခုမှာ ထင်ရှားပါသည်။ တနေ့တွင် ဆာဝေါ်လတာသည် အခန်းထဲတွင် တကိုယ်တည်းထိုင်ပြီး ဆေးလိပ်သောက်နေပါသည်။ မီးခိုးများလည်း တလူလူ ထွက်နေပါသည်။ ထိုအချိန်တွင် ဆေးလိပ်သောက်သည်ကို မမြင်ဖူးသော ဆာဝေါ်လတာ၏ အစေခံသည် သူ့သခင်ကို မီးလောင်နေသည်ထင်ပြီး မီး-မီး ကယ်ကြပါ-ဟု ထိတ်လန့်တကြား အော်ဟစ်ရင်း သူ့သခင်ကို ရေနှင့်လောင်းခဲ့ဖူးပါသည်။

ပျံ့နှံ့လာပုံ[ပြင်​ဆင်​ရန်​]

၁၆၀၀-ပြည့်နှစ်ရောက်သောအခါ ဆေးရွက်ကြီးသည် ဥရောပတိုက်မှတဆင့် ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံများသို့ ပျံ့နှံ့လာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်မူ မြန်မာသက္ကရာဇ် ၉၉၁ (ခရစ်နှစ် ၁၆၂၉) သာလွန်မင်းတရား လက်ထက်တွင် ဆေးလိပ်သောက်ဆေး စတင်ရောက်ရှိလာကြောင်း အထောက်အထားများ အရ သိရှိရပါသည်။ စိန္တကျော်သူ၏ ဩဝါဒထူးပျို့တွင် ဆေးတံညို တတိုလောက်၊ ရော့သောက်တော့ပေး၊ ဆေးတအိုးကျွမ်း၊ ကွမ်းတယာညက်-စသော စကားများ ပါဝင်နေခြင်းက စိန္တကျော်သူ၏ လက်ထက် (မြန်မာနှစ် ၁၀၉၈-၁၁၃၃) (ခရစ်နှစ် ၁၇၃၆-၁၇၇၁) တွင် ဆေးလိပ်သောက်ခြင်းဓလေ့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်ပါသည်။

မြန်မာသက္ကရာဇ် ၁၁၂၈-ခုနှစ်တွင် ဆင်ဖြူရှင်မင်းတရားသည် ဒွါရာဝတီကို အောင်မြင်ပြီးသောအခါ မြန်မာတပ်မတော်သားများ ယိုးဒယားတို့ ငှက်ပျော်ဖက်သောက်သည်ကို အတုယူပြီး ငှက်ပျောဖက်၊ ကွမ်းသီးဖက်၊ သနပ်ဖက်များဖြင့် ဆေးပေါ့လိပ် စတင်လိပ်ကာ သောက်သုံးခဲ့ကြပါသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ဆေးပေါ့လိပ် သောက်သုံးသော တခုတည်းသောနိုင်ငံမှာ မြန်မာနိုင်ငံသာ ရှိပါတော့သည်။

ဤသို့ဖြင့် အမေရိကတိုက်မှ ဆေးရွက်ကြီးများသည် ကမ္ဘာတခွင်လုံးသို့ ပြန့်နှံ့လာခဲ့ပါသည်။ ခရစ်နှစ် ၁၆၁၂-တွင် အမေရိကနိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၌ ဆေးရွက်ကြီးကို စတင်စိုက်ပျိုးခဲ့ရာ အထူးအောင်မြင်ပြီး ကမ္ဘာ့ဆေးရွက်ကြီးဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့ပါသည်။ စီးကရက်ကို စတင်သုံးစွဲသူများမှာ စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့မှ သူတောင်းစားများဖြစ်ပါသည်။ သူတို့သည် စွန့်ပစ်ထားသော ဆေးလိပ်တိုများမှ ဆေးရွက်ကြီးအမှုန့်များကိုရရာ စက္ကူများဖြင့် ပတ်ပြီး သောက်သုံးခဲ့ပါသည်။ ၄င်းဆေးလိပ်မျိုးကို စပိန်ဘာသာဖြင့် စီဂါရီလို (Cigarello) ဟုခေါ်ဆိုပါသည်။ နောင်တွင်မှ ပြင်သစ်တို့က စီးကရက် (Cigarette) ဟုအမည်ပေးခဲ့ပါသည်။

တွင်ကျယ်လာခြင်း[ပြင်​ဆင်​ရန်​]

၁၈၈၁-ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ စီးကရက်စက်ရုံ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈၈၄-ခုနှစ် ဧပြီလ ၃၀-ရက်နေ့တွင် ဂျိမ်းစ်အေဘွန်ဆက်သည် တရက်လျှင် စီးကရက်တသိန်း နှစ်သောင်းထွက်နိုင်သော စီးကရက်စက်ရုံကို တည်ထောင်ချိန်မှစ၍ စီးကရက်ဈေးနှုန်းများ ကျဆင်းလာပြီး သောက်သုံးမှုလည်း တိုးပွားလာပါသည်။ ၁၈၉၂-ခုနှစ်တွင် အလွယ်တကူ သယ်ဆောင်သွားနိုင်သော မီးခြစ်များ ပေါ်ထွက်လာသော အခါ စီးကရက်သောက်သုံးမှုမှာ အလွန်တွင်ကျယ်လာခဲ့ပါသည်။

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်များတွင် စီးကရက်သည် စစ်သားများအတွက် မရှိမဖြစ်လိုအပ်သော ရာရှင်ပါပစ္စည်းတခု ဖြစ်လာပါသည်။ ၁၉၁၃-ခုတွင် ပေါ်ပေါက်သော Camel စီးကရက်သည် ပထမဆုံး ခေတ်ပေါ်နည်းပညာဖြင့် ထုတ်လုပ်သော စီးကရက်ဖြစ်ပါသည်။ ၁၉၇၂-တွင် Marlboro (မာပိုလို) စီးကရက်သည် ကမ္ဘာ့ရောင်းအား အကောင်းဆုံး စီးကရက် ဖြစ်လာပါသည်။ စင်စစ် Marlboro ဆိုသောအမည်မှာ Men always remember Love because of romance only[၁][၂] ဆိုသော ဝါကျမှ ရှေ့ဆုံးစားလုံးများကို ဆက်ခေါ်ဆိုခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်မူ လင်းခေးဦးထွန်းမြင့်သည် အမေရိကန်နိုင်ငံမှ ဗာဂျီးနီးယားဆေးရွက်ကြီးကို ယူဆောင်လာပြီး လင်းခေးမြို့တွင် ဗာဂျီးနီးယားဆေးရွက်ကြီး လုပ်ငန်းကို စတင်ရင်း မြန်မာ့ဆေးလိပ်ခေတ်ကို ဆန်းသစ်စေခဲ့ပါသည်။

ဆေးလိပ်နှင့် ကျန်းမာရေး[ပြင်​ဆင်​ရန်​]

ရှေးဦးအစ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်တတ်ကြောင်း မသိရှိကြပါ။ ၁၉၃၀-ပတ်ဝန်းကျင်က ထွက်ပေါ်လာသော ဆေးသုတေသန စာတမ်းတစောင်က ယခင်က အဖြစ်နည်းသော အဆုတ်ကင်ဆာရောဂါသည် ပထမကမ္ဘာစစ်အပြီးတွင် အဖြစ်များလာကြောင်း၊ အကြောင်းရင်းမှာ ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ သို့သော် မည်သူကမှျ ဂရုမပြုကြပါ။ နောက်ပိုင်းတွင်အဆုပ်ကင်ဆာဖြစ်ပွားမှုနှုန်းမှာ သိသိသာသာ တိုးပွားလာသဖြင့် အစိုးရများမှာ အမှုမဲ့မနေနိုင်တော့ပါ။

၁၉၆၂-ခုနှစ်တွင် အမေရိကန်အစိုးရသည် သိပ္ပံပညာရှင် ၁၀-ဦးကို ဆေးလိပ်သောက်ခြင်းအကြောင်း သုတေသနပြုစေပါသည်။ ၄င်းတို့သည် ၂-နှစ်ကြာ သုတေသနပြုပြီးနောက် ၁၉၆၄-ခုနှစ် ခွဲစိတ်ကုဆရာဝန်များညီလာခံတွင် ဆေးလိပ်သောက်ခြင်းကြောင့် အဆုပ်ကင်ဆာဖြစ်ပွားနိုင်ကြောင်း အထောက်အထားများဖြင့် တင်ပြနိုင်ပါသည်။ ထိုအချိန်မှစ၍ စီးကရက်ဘူးခွံများတွင် ဆေးလိပ်သောက်ခြင်း သည် အန္တရာယ်ရှိကြောင်း သတိပေးချက်များ ထွက်ပေါ်လာပါသည်။

ယခုအခါတွင် အမေရိကန်တနိုင်ငံတည်းမှာပင် စီးကရက်သောက်သုံးမှုကြောင့် နှစ်စဉ် လူဦးရေ ၄၄၂၀၀၀-သေဆုံးလျက်ရှိပါသည်။ အဆုပ်ကင်ဆာဖြစ်ပွားသူ ၉၀% မှာ ဆေးလိပ်ကြောင့်ပင် ဖြစ်ပါသည်။ [၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://www.google.co.th/search?hl=th&client=firefox-a&hs=7mB&rls=org.mozilla%3Aen-US%3Aofficial&q=Men+always+remember+Ladies+because+of+romance+only&aq=f&aqi=&aql=&oq=
  2. http://mmogamesale.wordpress.com/2010/01/11/marlboro-men-always-remember-love-because-of-romance-only/
  3. သန်းမင်းထွဋ် ( မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဧပြီလ)