ဆူးအက် တူးမြောင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆူးအက်တူးမြောင်း၏ ဂြိုဟ်တုဓာတ်ပုံ

ဆူးအက်တူးမြောင်းသည် အီဂျစ်နိုင်ငံတွင် တည်ရှိပြီး မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်စပ်ပေးသည့် တူးမြောင်းဖြစ်သည်။ ဆူးအက်တူးမြောင်းကို ၁၈၆၉ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ပြီးနောက် ဥရောပနှင့် အာရှတိုက်အကြား ရေကြောင်းပို့ဆောင်ရေးတွင် အာဖရိကတိုက်ကို ကွေ့ဝိုက်သွားရန် မလိုတော့ပေ။

ဖောက်လုပ်စ ကနဦးတွင် ဆူးအက်တူးမြောင်းသည် ၁၆၄ ကီလိုမီတာ (၁၀၂ မိုင်) ရှည်လျားပြီး ၈ မီတာ (၂၆ ပေ) နက်သည်။ နောက်ပိုင်းတွင် တိုးချဲ့ဖောက်လုပ်ခဲ့သောကြောင့် ၂၀၁၀ ခုနှစ်တွင်မူ ၁၉၃.၃၀ ကိလိုမီတာ (၁၂၀.၁၁ မိုင်) ရှည်လျားပြီး၊ ၂၄ မီတာ (၇၉ ပေ) နက်ကာ ၂၀၅ မီတာ (၆၇၃ ပေ) ကျယ်သည်။

ဆူးအက်တူးမြောင်း[ပြင်​ဆင်​ရန်​]

ဆူးအက်တူးမြောင်းသည် မြေထဲပင်လယ်ကမ်းခြေပေါ်ရှိ ပို့ဆက်မြို့နှင့် ပင်လယ်နီ ကမ်းခြေပေါ်ရှိ ဆူးအက်မြို့ကို ဆက် သွယ်ထားသည်။ အာရှတိုက်နှင့် အာဖရိကတိုက်ကြီး နှစ်တိုက် ကို ဆက်စပ်လျက်ရှိသော ဆူးအက်ကျွန်းဆက်ကိုဖြတ်၍ ဖေါက်လုပ် သော တူးမြောင်းဖြစ်၍ ပင်လယ်ကူး သင်္ဘောများသည် ဥရောပ တိုက်မှ အရှေ့ဘက်သို့ သွားလိုသည့်အခါ အာဖရိကတိုက်ကို လှည့်ပတ်၍ မသွားရတော့ဘဲ၊ မြေထဲပင်လယ်မှ ပင်လယ်နီသို့ ဖြတ်သန်းကာ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ရောက်ရှိနိုင်ကြ လေသည်။ ပမာအားဖြင့် အာဖရိကတိုက်ကို ကွေ့၍သွားရသည့် အခါက လန်ဒန်မြို့မှ ဘုံဘိုင်မြို့သို့ မိုင်ပေါင်း ၁၁ဝဝဝ ကျော် သွားရ၏။ သို့သော် ဆူးအက်တူးမြောင်းကို ဖြတ်လာရခြင်းအား ဖြင့် မိုင်ပေါင်း ၆ဝဝဝ ကျော်မျှသာသွားရသည်။ ထို့ကြောင့် မိုင် ၅ဝဝဝ ခန့်မျှ ခရီးပို၍နီးလာလေသည်၊ ရှေးအခါကတည်းက တူးမြောင်းဖောက်လုပ်ရန် ကြံစည် စိတ်ကူးခဲ့ကြ၏။ သို့ရာတွင် ၁၈၅၄ ခုနှစ်သို့ ရောက်မှ ဖါဒီနန် မားရီး ဒလက်ဆက်ဆိုသူ ပြင်သစ်လူမျိုး အင်ဂျင်နီယာတစ်ဦး သည် အီဂျစ်နိုင်ငံဘုရင်ခံချုပ် ဆာအိပါးရှားထံမှ တူးမြောင်း ဖောက်လုပ်ရန် အခွင့်ကိုရရှိခဲ့လေသည်။ ( လက်ဆက်၊ ဖာဒီနန်ဒါ။)

ထို့ကြောင့် ၁၈၅၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ဆူးအက်တူးမြောင်းကို စတင်ဖောက်လုပ်ခဲ့ရာ ၁ဝ နှစ်ကြာမှ ပြီးစီးအောင်မြင်ခဲ့လေသည်။ ၁၈၆၉ ခုနှစ် နိုဝင်ဘာ လ ၁ ရက်နေ့တွင် တူးမြောင်းကို အခမ်းအနားဖြင့် ဖွင့်လှစ်ပြီး နောက်၊ နိုင်ငံပေါင်းစုံမှ သင်္ဘော ၆၈ စင်းတို့သည် ဆူးအက် တူးမြောင်းကို ပထမ ဆုံးဖြတ်ကူးခဲ့လေသည်။ ရှေ့ဆုံးမှသင်္ဘော တွင် ပြင်သစ်နိုင်ငံဘုရင်မ ယူဇေးနီးနှင့် အင်ဂျင်နီယာ လက်ဆက်တို့ကိုယ်တိုင် စီးနင်းလိုက်ပါခဲ့၏။ ဆူးအက်တူးမြောင်းသည် အလျား ၁ဝ၁ မိုင်၊ အကျယ် ၁၉၇ ပေခန့်ရှိသည်။ တူးမြောင်းဖောက်လုပ်ရာ၌ ကုန်ကျ စရိတ်ငွေမှာ ပေါင် ၁၇ဝဝဝဝဝဝ ခန့်ဖြစ်သည်။ သင်္ဘောများ သည် တူးမြောင်းတစ်ဖက်မှ အခြား တစ်ဖက်သို့ရောက်အောင် အချိန် ၁၁ နာရီခွဲနီးပါးမျှ ခုတ်မောင်းရသည်။ ဆူးအက်တူးမြောင်းကို မူလ စတင်ဖောက်လုပ်စဉ်အခါက အီဂျစ်နှင့် ပြင်သစ်အစိုးရတို့က ငွေပင်ငွေရင်း စိုက်ထုတ်ခဲ့ သည်။ ထို့နောက် ဗြိတိသျှနန်းရင်းဝန် ဒစ်ဇရေလီလက်ထက်က အီဂျစ်ပိုင်အစုများကို ဗြိတိသျှတို့က ဝယ်ယူခဲ့သည်။ ယခုအခါ ဆူးအက်တူးမြောင်းအုပ်ချုပ်ရေးအဖွဲ့က စီမံအုပ်ချုပ်လျက်ရှိ သည်။ တူးမြောင်းအုပ်ချုပ်ရေးအဖွဲတွင် ပြင်သစ် ၁၆ ဦး၊ ဗြိတိသျှ ၉ ဦး၊ အီဂျစ် ၅ ဦး၊ အမေရိကန် ၁ ဦး၊ ဒပ်ချ ၁ ဦးတို့ပါဝင်ကြသည်။ ဗြိတိသျှတို့သည် ဆူးအက်တူးမြောင်း ကုမ္ပဏီ၏ အစုရှယ်ရာ ၈ဝဝဝဝဝ အနက် အစုရှယ်ရာပေါင်း ၃၅၃၅ဝ၄ အထိ တိုးတက်ဝယ်ယူ၍၊ တူးမြောင်းအုပ်ချုပ် ထိန်းသိမ်းမှုအခွင့်အရေး ကိုလည်း တိုးတက်ရယူခဲ့လေသည်။ ဆူးအက်တူးမြောင်းမဖေါက်လုပ်မီက မြန်မာနိုင်ငံမှဆန်ကို နိုင်ငံခြားသို့တင်ပို့ရောင်းချရေး လုပ်ငန်းမှာ ပြောပလောက် အောင် မရှိခဲ့ချေ။ သို့ရာတွင် တူးမြောင်းဖေါက်လုပ်ပြီးသည့် နောက်တွင် အရှေ့နှင့် အနောက် ဆက်သွယ်ရေးမှာ ပိုမို၍ လွယ်ကူလာသည့်အလျောက် မြန်မာနိုင်ငံမှ ဆန်တင်ပို့ ရောင်းချသည့် လုပ်ငန်းသည် များစွာတိုးတက်ခဲ့လေသည်။ မြန်မာ့ဆန်သည် ကမ္ဘာ့ဈေးကွက်တွင် မျက်နှာပန်းပွင့်လာလျက် မြန်မာတောင်သူ လယ်သမားတို့သည်လည်း စီးပွားဖြစ်ထွန်းလာ လေသည်။ ၁၈၈၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် တူရကီနိုင်ငံ ကွန်စတန်တီနိုပယ်မြို့၌ ချုပ်ဆိုခဲ့သော သဘောတူစာချုပ် အရ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးသည် တူးမြောင်းကို လွတ်လပ်စွာ ဖြတ်သန်းနိုင်ခွင့်ရှိသည်။ ၁၉၆၈ ခုနှစ်တွင် ဆူးအက်တူးမြောင်းကုမ္ပဏီက တူး မြောင်းအုပ်ချုပ်ရေးကို အီဂျစ်အစိုးရသို့ပြန်လည် ပေးအပ်ရမည် ဖြစ်သည်။ သို့ရာတွင် အီဂျစ်အမျိုးသား နိုင်ငံရေးလှုပ်ရှားထကြွ လာမှုကြောင့် ဆူးအက်ဒေသရှိ ဗြိတိသျှစစ်တပ်အားလုံးကို လပေါင်း ၂ဝ အတွင်းပြန်လည်ရုပ်သိမ်းရန် သဘောတူစာချုပ် တစ်ရပ်ကို ၁၉၅၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ချုပ်ဆိုခဲ့ ကြသည်။ ထိုစာချုပ်အရ ဗြိတိသျှစစ်တပ်အားလုံးကို ၁၉၅၆ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီးဖြစ်လေသည်။ ၁၉၅၂ခုနှစ်တွင် ဖါရော့ဘုရင်အား နန်းချ၍ အီဂျစ်ကို သမ္မတနိုင်ငံအဖြစ်ကြေညာခဲ့ပြီးနောက်၊ များမကြာမီ ကာနယ် နက်ဆာသည် အီဂျစ်နိုင်ငံ၏ သမ္မတဖြစ်လာသည်။ ၁၉၅၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ သည်၎င်း၊ ဗြိတိသျှနိုင်ငံသည်၎င်း အီဂျစ်နိုင်ငံ ဆူးအက်ဝန်ဆည်ရိုး တူးဖော်နိုင်ရေးအတွက် ငွေချေးမည်ဟူသော ကတိကို ပြုခဲ့သည်။ သို့ရာတွင် အီဂျစ် နိုင်ငံ၏စီပွားရေးမှာ မခိုင်မြဲဟု အကြောင်းပြကာ ငွေချေးမည် ဟူသောကတိကို ရုပ်သိမ်းလေသည်။ ဤအချက်ကို တုံ့ပြန်သော အားဖြင့် သမ္မတနက်ဆာသည် ၁၉၅၆ ခုနှစ် ဇူလိုင်လ ၂၆ ရက် နေ့ညတွင် အီဂျစ်နိုင်ငံ အယ်လက်ဇန္ဒြီးယားမြို့၌ ကျင်းပ သော လူထုအစည်းအဝေးကြီးတွင် ဆူးအက်တူးမြောင်းကို အီဂျစ်အစိုးရက ပြည်သူပိုင်အဖြစ် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။ ထိုကဲ့သို့ရုတ်တရက် ကြေညာလိုက်သည် တွင် ကမ္ဘာအရပ်အရပ်၌ လှုပ်ရှားလာလေသည်။ အထူးသဖြင့် ထိုတူးမြောင်းနှင့်တိုက်ရိုက်သက်ဆိုင်သော နိုင်ငံတို့တွင် များစွာ လှုပ်ရှားလာလေတော့သည်။ အဘယ်ကြောင့်ဆိုသော်၊ ဆူးအက် တူးမြောင်းသည် အနောက်နိုင်ငံများ၊ အထူးသဖြင့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများအဖို့ စစ်ရေးနှင့် စီးပွားရေးအရ အလွန်အရေး ကြီးသောကြောင့်ပင်ဖြစ်လေသည်။ ကူးသန်းရောင်းဝယ်ရေး တွင်၎င်း၊ ကိုလိုနီနယ်ပယ်များ ထားရှိအုပ်စိုးခဲ့ရာတွင်၎င်း၊ ဆူးအက်တူးမြောင်းသည် များစွာတွင်ကျယ်၍ ခရီးရောက်ခဲ့ပေ သည်။ ဆူးအက်တူးမြောင်းကိစ္စ၌ ဗြိတိန်နှင့် ပြင်သစ်တို့က ကန့်ကွက်ထားချက်မှာ မအောင် မြင်ခဲ့ချေ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)