အိန္ဒိယသမုဒ္ဒရာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အိန္ဒိယ သမုဒ္ဒရာ သည် ကမ္ဘာ့ သမုဒ္ဒရာနှင့်စပ်သော နယ်နိမိတ် အပိုင်းအခြားများ၏ တတိယ အကြီးဆုံးဖြစ်ပြီး ကမ္ဘာ့ မျက်နှာပြင်ပေါ်ရှိ ရေထု ၏ ၂၀ ရာခိုင်နှုန်း ကို ဖုံးလွှမ်းထားသည်။၎င်းကို မြောက်ဘက်တွင် တောင် အာရှ ၊ အနောက်ဘက်တွင် အာဖရိက အရှေ ့ပိုင်း ၊ အရှေ ့ဘက်တွင် အင်ဒိုချိုင်းနား ၊ ဆန်းဒါးကျွန်း နှင့် ဩစ တြေးလျ နှင့်တောင်ဘက်ပိုင်းတွင်တောင်ဘက်ပိုင်းသမုဒ္ဒရာ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊ အန္တာတိ ကတိုက် ဖြင့် ဝန်းရံထားခြင်းခံရသည်။ ၎င်းသည် အိန္ဒိယ နိုင်ငံအမည်ကို အစွဲပြု၍ခေါ်ဆိုသည့် တစ်ခုတည်း သော သမုဒ္ဒရာ ဖြစ်သည်။ ဆက်စပ်နေသော ကမ္ဘာတစ်ဝန်းရှိသမုဒ္ဒရာ ၏ တစ်စိတ်တဒေသဖြစ်သည့် အားလျော်စွာ၊ အိန္ဒိယသမုဒ္ဒရာသည် အတ္တလန္တိတ်သမုဒ္ဒရာ မှ အရှေ ့လောင်ဂျီတွဒ် ၂၀° တွင်ရှိပြီး Cape Agulhas (ဩဂယ်ဟက်(စ်) အငူ) မှ တောင်ဘက်သို့ နှင့် ပစိဖိတ် ၏ အရှေ ့လောင်ဂျီတွဒ် ၁၄၆° ၅၅' အကွာမှ ဆင်းလာသည်။

တည်နေရာနှင့်ထုထည်[ပြင်​ဆင်​ရန်​]

အန္တာတိတ် နယ်မြေဒေသ မပါဝင်သော အိန္ဒိယသမုဒ္ဒရာ

အိန္ဒိယသမုဒ္ဒရာ ၏ မြောက်ဘက်အကျဆုံး အပိုင်းသည် အကြမ်းအားဖြင့်ပါရှန်း ပင်လယ်ကွေ ့ ၏ ၃၀° မြောက် ဘက် တွင်ရှိ သည်။ အိန္ဒိယသမုဒ္ဒရာတွင် အချိုးမညီသော သမုဒ္ဒရာ ရေစီးကြောင်း ရှိသည်။ဤသမုဒ္ဒရာသည် အာဖရိက နှင့်ဩစတြေးလျတောင်ဘက်စွန်း ပိုင်းများတွင် ၁၀,၀၀၀ ကီလိုမီတာ (၆,၂၀၀ မိုင်) နီးပါးကျယ်ပြီး ဧရိယာသည် ရ၃,၅၅၆,၀၀၀ စတုရန်း ကီလိုမီတာ (၂၈,၄၀၀,၀၀၀ စတုရန်းမိုင်) ဖြစ်ကာ ပင်လယ်နီ နှင့် ပါရှန်း ပင်လယ်ကွေ့ တို့ပါဝင်သည်။ သမုဒ္ဒရာ၏ ထုထည်သည် ၂၉၂,၁၃၁,၀၀၀ ကုဗကီလိုမီတာ (၇၀,၀၈၆,၀၀၀ ကုဗမိုင်) ရှိသည်ဟု ခန့်မှန်းကြသည်။ကျွန်းအငယ်စားများသည် ကုန်းမြေထုအနားဝန်းကျင်များတွင် ပျံ ့နှံ့နေသည်။ သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံများ မှာ ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံးကျွန်းဖြစ်သည့် မက်ဒါဂါစကား ဖြစ်ပြီး၊ Reunion Island (ပြန်လည်ပေါင်းစည်းသည့်ကျွန်း)၊ Comoros (ကိုမိုရော့(စ်))၊ Seychelles (ဆေးချီ လီ(စ်))၊ မော်(လ်)ဒိုက်၊ Mauritius (မော်ရီတီးယပ်(စ်)) နှင့် သီရိလင်္ကာ တို့ပါဝင်သည်။ အင်ဒိုနီရှား ကျွန်းစုသည် သမုဒ္ဒရာကို အရှေ ့ ဘက်တွင် နယ်နိမိတ်ခြားထားသည်။ သမုဒ္ဒရာ၏ အရေးပါခြင်းဖြစ်သည့် အာရှ နှင့် အာဖရိက အကြားရှိ ဖြတ်သန်းခြင်းလမ်းကြောင်းသည် ၎င်းအား အငြင်းပွားမှုဖြစ်ပွားရာနေရာဖြစ်စေသည်။ မည်သို့ပင်ဖြစ်စေ၊ ၎င်း၏အရွယ်အစားကြောင့် ၁၈၀၀ အစောပိုင်းပြည့်နှစ်များအထိတိုင်အောင် မည်သည့်နိုင်ငံမှ ၎င်း၏အများစုကို အောင်မြင်စွာကြီးစိုးနိုင်ခြင်းမရှိဘဲ ထိုအချိန်တွင် ဗြိတိသျှနိုင်ငံသည် ပတ်ဝန်းကျင်နယ်မြေ အတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။



ပထဝီအနေအထား[ပြင်​ဆင်​ရန်​]

အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်အနက်ပြ မြေပုံ

အာဖရိက၊ အိန္ဒိယ နှင့် အန္တာတိတ် တို့၏ ဖြည်းညင်းစွာ မျောနေသော အပေါ်ယံ ကျောက်ထုလွှာများသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ တက်တိုးနစ်ကျောက်ထုလွှာ သုံးလွှာဆုံတွေ့ နေသော နေရာ၌ စုဆုံကြသည်။ ၎င်းတို့ ၏ ဆုံခြင်းများကို Y(ဝိုင်) ပုံသဏ္ဍာန်ပြောင်းပြန်ဖြစ်ပေါ်သော ရေအောက်တောင်စဉ်များ ၏အခွဲများဖြင့် အမှတ် အသားပြုပြီး အိန္ဒိယနိုင်ငံ ၊ မွန်ဘိုင်းမြို့အနီးရှိ တိုက်၏ ကမ်းဦးရေတိမ် အစွန်းမှ အစပြု၍ တောင်ဘက်သို့ စီးဆင်းသည်။ သို့ဖြစ်၍ ဖြစ်ပေါ်လာသော အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ဘက်ပိုင်းချိုင့်ဝှမ်းများသည် တောင်ကြောများဖြင့် ပို၍သေးငယ်သော ချိုင့်ဝှမ်းများအဖြစ် ထပ်မံပိုင်းခြား ခြင်းခံရသည်။

သမုဒ္ဒရာ၏ ကမ်းဦးရေတိမ်များသည် ကျဉ်းမြောင်းပြီး ပျမ်းမျှ ၂၀၀ ကီလိုမီတာ (၁၂၅ မို်င်) အကျယ်ရှိသည်။ ခြွင်းချက်အနေဖြင့် ဩစတေးလျ အနောက်ဘက်ကမ်းရိုးတန်းရှိကမ်းဦးရေတိမ်အကျယ်သည် ၁,၀၀၀ ကီလို မီတာ(၆၀၀ မို်င်) ထက်ပိုသည်။ သမုဒ္ဒရာ၏ ပျမ်းမျှအနက်သည် ၃,၈၉၀ မီတာ (၁၂,၇၆၀ ပေ) ရှိသည်။ ၎င်း ၏အနက်ဆုံးနေရာသည် ရ၂၅၈ မီတာရှိပြီး Java Trench[7] (ဂျာဗားမြောင်း) တွင်ရှိသည်။ ၅၀°တောင်လတ္တီ တွဒ် ၏ မြောက်ဘက်၊ အဓိကကျသောချိုင့်ဝှမ်း၏ ၈၆ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာ အနည်အနှစ်များဖြင့် ဖုံးလွှမ်းနေပြီး၊ ၎င်း၏ တစ်ဝက်ကျော်သည် globigerina ooze (အမီးဘားကဲ့သို့ အကောင်မျောလေးများ ၏ အခွံများ) ဖြစ်ကြသည်။ ကျန်ရှိသော ၁၄ ရာခိုင်နှုန်းကို ကုန်းတွင်းပိုင်း အနည်အနှစ်များဖြင့် အလွှာအထပ်ပြု ထားသည်။ ရေခဲမြစ်များ အရည်ေ ပျော်ရာမှ အနည်ပို့ချခြင်းများသည် တောင်ဘက်ပိုင်းလတ္တီတွဒ် အစွန်အဖျား များကို စိုးမိုးထားသည်။

အဓိက အဟန့်အတားဖြစ်စေသည့် နေရာများတွင် Bab el Mandeb (ဘတ်(လ်)မန်ဒပ်)၊ Hormuz (ဟော်မက် (ဇ်))ရေလက်ကြား၊ Lombok (လွန်ဘွတ်(ခ်)) ရေလက်ကြား၊ Malacca (မက်လာကာ) ရေလက်ကြား၊ Palk (ပက်(ခ်)) ရေလက်ကြား တို့ပါဝင်သည်။ ပင်လယ်များအနေဖြင့် Aden (အေဒင်) ပင်လယ်ကွေ့၊ အန်ဒမန် ပင်လယ်၊ အာရေဘီယန်ပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ Great Australian Bight (အလွန်ကျယ်ပြန့်သော ဩစတျေးလျအတွင်းဟိုက် ကမ်းရိုးကွေ့)၊ Laccadive (လက္ကဒိုက်(ဗ်))ပင်လယ်၊ Mannar (မန်နာ) ပင်လယ် ကွေ့၊ Mozambique (မိုဇမ်ဘစ်) ရေလက်ကြား၊ Oman (အိုမန်) ပင်လယ်ကွေ့၊ ပါရှန်ပင်လယ်ကွေ့၊ ပင်လယ်နီနှင့် အခြား ရေအစုအဝေး လက်တက် များတို့ ပါဝင်သည်။ ၎င်းသည် စူးအက်တူးမြောင်း မှတဆင့် မြေထဲပင်လယ် ကိုသဘာဝအလျောက်မဟုတ်ဘဲ လူတို့ဖန်တီးမှုဖြင့် ဆက်သွယ်ထားပြီး ပင်လယ်နီ မှတဆင့် အဆက်အသွယ်ပြုနိုင်သည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

အီကွေတာ မြောက်ဘက်ရှိ ရာသီဥတုသည် မုတ်သုန် ရာသီဥတု သက်ရောက်ခြင်းခံရသည်။ အရှေ ့မြောက် လေကြမ်းများသည် အောက်တိုဘာမှ ဧပြီလတိုင်အောင်တိုက်ခတ်ပြီး၊ မေလမှ အောက်တိုဘာလ အထိ တောင် လေနှင့် အနောက်လေတို့လွှမ်းခြုံထားသည်။ အာရေဘီယန် ပင်လယ်တွင် အားကောင်းသောမုတ်သုန်လေ သည် အိန္ဒိယတိုက်ငယ်ဆီသို့ မိုးကိုသယ်ဆောင်လာသည်။ တောင်ကမ္ဘာခြမ်းရှိ လေများသည် ယေဘုယျအား ဖြင့် အားပျော့သော်လည်း Mauritius (မြူရီးတီးယပ်(စ်) နိုင်ငံ) အနီးရှိ နွေရာသီ မုန်တိုင်းများသည် ပြင်းထန်နိုင် သည်။ မုတ်သုန်လေပြောင်းလဲသောအခါ အာရေဘီယန် ပင်လယ် ၏ ကမ်းရိုးတန်းများနှင့်ဘင်္ဂလား ပင်လယ် အော် တို့ကို ဆိုင်ကလုံးမုန်တိုင်းများ တစ်ခါတရံ တိုက်ခိုက်သည်။ အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာပေါ်တွင် အနွေး ဆုံးသော သမုဒ္ဒရာဖြစ်သည်။

ရေစီးဆင်းမှု၊ ဖြန့်ဝေခြင်းနှင့် အရည်အသွေး[ပြင်​ဆင်​ရန်​]

အိန္ဒိယသမုဒ္ဒရာအတွင်းသို့စီးဆင်းသော မြစ်ကြီးများအနက်အချို ့မှာ Zambezi (ဇမ်ဘီဇီ)၊ Shatt al-Arab (ရှပ် အယ် အာရပ်)၊ Indus (အင် ဒပ်(စ်))၊ Ganges (ဂင်းဂျစ်(စ်))၊ Brahmaputra (ဘရာမာပူထရာ)၊ Jubba (ဂျူ ဘာ) နှင့် ဧရာဝတီမြစ် တို့ဖြစ်သည်။ ရေစီးကြောင်းများကို အဓိကအားဖြင့် မုတ်သုန်လေ မှ ထိန်းချုပ်ထားသည်။ ရေစီးကြောင်းတစ်ခုသည် မြောက်ကမ္ဘာခြမ်းတွင် နာရီလက်တံကဲ့သို့ စီးဆင်းပြီး နောက် တစ်ခုမှာ အီကွေတာ တောင်ဘက်တွင် နာရီလက်တံ ပြောင်းပြန်ကဲ့သို့စီးသည့် ကြီးမားသော စက်ဝိုင်းပုံသဏ္ဍာန် ရေစီးကြောင်းနှစ်ခု သည် အင်အားကြီးသော စီးဆင်းသည့်ပုံစံကို ဖွဲ ့စည်းဖြစ်ပေါ်သည်။ မည်သို့ပင်ြ ဖြစ်စေ၊ ဆောင်းဥတု မုတ်သုန် ရာသီအတွင်းတွင် မြောက်ဘက်ရှိ ရေစီးကြောင်းများသည် ပြောင်းပြန်စီးဆင်းကြသည်။

နက်ရှိုင်းသောရေ လှည့်ပတ်စီးဆင်းခြင်းသည် အဓိကအားဖြင့် အတ်လန္တိတ် သမုဒ္ဒရာ၊ ပင်လယ်နီ နှင့် အန္တာ တိတ် ရေစီးကြောင်းများမှ စီးဝင်မှုများ၏ ထိန်းချုပ်ခြင်းခံရသည်။ တောင်လတ္တီတွဒ် ၂၀° ၏မြောက်ဘက်တွင် အနိမ့်ဆုံးမျက်နှာပြင်အပူချိန်သည် ၂၂ °စင်တီဂရိတ် (၇၂° ဖာရင် ဟိုက်) ဖြစ်ပြီး အရှေ ့ဘက်တွင် ပိုကာ ၂၈° စင်တီဂရိတ် (၈၂° ဖာရင်ဟိုက်) ဖြစ်သည်။ တောင်လတ္တီတွဒ် ၄၀° ၏ တောင်ဘက်ဆီသို့သွားလျှင် အပူချိန် သည် လျင်မြန်စွာကျဆင်းသွားသည်။ မျက်နှာပြင်တွင် ဆားဓာတ်ပါဝင်မှုသည် ၁၀၀၀ လျှင် အပို်င်း ၃၂ မှ ၃၇ အထိရှိပြီး အမြင့်ဆုံးသည် အာရေဘီ ယန် ပင်လယ် နှင့် အာဖရိက တောင်ပိုင်းနှင့် ဩစတြေးလျ အနောက်တောင်ဘက် အကြားရှိရပ်ဝန်းတွင် ဖြစ်ပွားသည်။ ရေခဲတုံးနှင့် ရေခဲစိုင်ကြီးများသည် တောင်လတ္တီတွဒ် ၆၅° ခန့်၏ တောင်ဘက်တွင် တစ်နှစ်ပတ် လုံး တွေ့ရသည်။ ရေခဲစိုင်ကြီးများ၏ ပျမ်းမျှမြောက်ပိုင်း နယ်နိမိတ်မှာ တောင်လတ္တီတွဒ် ၄၅° ဖြစ်သည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

အိန္ဒိယသမုဒ္ဒရာသည် အရှေ ့အလယ်ပိုင်း၊ အာဖရိက နှင့် အာရှအရှေ ့ပိုင်း ကို ဥရောပ နှင့် အမေရိကနိုင်ငံများ နှင့် အဓိက ဆက်သွယ်ပေးသော ပင်လယ် ရေကြောင်းများကိုပေးသည်။ အထူးသဖြင့် ပါရှန်ပင်လယ်ကွေ့ နှင့် အင်ဒိုနီးရှား တို့မှ ရေနံတွင်းများမှ ဓာတ်ဆီနှင့် ဓာတ်ဆီထုတ်ကုန်များ အသွားအလာအများအပြားကို သယ် ဆောင်သည်။ မြောက်မြားစွာသော အရန်အဖြစ်သိုမှီးထားသည့် ဟိုက်ဒရိုကာဗွန် များကို ဆော်ဒီ အာရေဗျ ၊ အီရန်၊ အိန္ဒိယ နှင့် ဩစတြေးလျအနောက်ပိုင်း တို့၏ ကမ်းလွန်ဒေသများမှ ထုတ်ယူသည်။ ခန့်မှန်းခြေအားဖြင့် ကမ္ဘာ့ကမ်းလွန် ရေနံထုတ်လုပ်ခြင်း၏ ၄၀ ရာခိုင်နှုန်း သည် အိန္ဒိယသမုဒ္ဒရာမှ ထွက်ရှိခြင်းဖြစ်သည်။ သတ္ထု ဓာတ် များစွာကြွယ်ဝသည့် ကမ်းခြေသဲများနှင့် ကမ်းလွန်ဒေသ အနည်ပို့ချခြင်းများကို နယ်စပ်ရှိနိုင်ငံများမှ စိတ်ဝင်တစားဖြင့် အပြည့်အဝအသုံးချပြီး၊ အထူးဩဖြင့် အိန္ဒိယ၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ နှင့် ထိုင်း နိုင်ငံတို့ဖြစ်သည်။

မြောက်ဘက်အစွန်းအဖျားတစ်လျှောက်နှင့် အခြားတစ်နေရာရာရှိ ပြန့်ကျဲနေသော နေရာအနည်းငယ်မှတပါး အိန္ဒိယသမုဒ္ဒရာ၏ နွေးထွေးမှုသည် အမီးဘားကဲ့သို့ အကောင်မျောလေးများ ပေါက်ဖွားမှုကို ကျဆင်းစေသည်။ သို့ဖြစ်၍ သမုဒ္ဒရာအတွင်းရှိ သက်တမ်းသည် အကန့်အသတ်ရှိသည်။ ငါးဖမ်းခြင်းသည် ဝမ်းရေးဖူလုံရုံမျှ လူနေမှု အဆင့်အတန်းအတွက်သာဟု ကန့်သတ်ထားသည်။ ၎င်းသမုဒ္ဒရာအတွင်းရှိ ငါးများသည် ပြည်တွင်းစားသုံးရန် နှင့် ပို့ကုန်အတွက် အိမ်နီးချင်းနိုင်ငံများအဖို့ အလွန်နှင့်ကြီးထွားလာသော အရေးပါမှုဖြစ်သည်။ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား နှင့် ထိုင်ဝမ် မှငါးဖမ်းရေယာဉ်အုပ်စုများ သည် အဓိကအားဖြင့် ပုဇွန် နှင့် တူနာငါးများအတွက် အိန္ဒိယသမုဒ္ဒရာကို အပြည့်အဝအသုံးချကြသည်။ မျိုးတုံးလုနီးပါးဖြစ်သော ပင်လယ်ရေသတ္တဝါမျိုးစိတ်များတွင် dugong (ကြီးမားသော ပင်လယ်ရေနေ နို့တိုက် သတ္တဝါ)၊ ပင်လယ်ဖျံ၊ လိပ်များ နှင့် ဝေလငါး များပါဝင်သည်။ ရေနံနှင့်သင်္ဘော ညစ်ညမ်းမှု သည် အာရေဘီယန် ပင်လယ်၊ ပါရှန် ပင်လယ်ကွေ ့ နှင့် ပင်လယ်နီ တို့ကို ခြိမ်းခြောက်လျက်ရှိသည်။ [၁] ကမ္ဘာ့သမုဒ္ဒရာကြီးငါးစင်းအနက် အိန္ဒိယ သမုဒ္ဒရာသည် တတိယအကြီးဆုံးဖြစ်သည်။ ထိုသမုဒ္ဒရာကြီး၏ ရေပြင်အကျယ်သည် စတုရန်းမိုင် ၂၈၃၅၆ဝဝဝ ရှိ၍ အတ္တ လန္တိတ်သမုဒ္ဒရာထက် အတန်ငယ်ကျဉ်းပြီးလျှင် ပစိဖိတ်သမုဒ္ဒရာ ၏ ထက်ဝက်ခန့်မျှသာရှိသည်။ အတ္တလန္တိတ်နှင့်ပစိဖိတ်သမုဒ္ဒရာ တို့မှ ခြားနားချက်မှာ အိန္ဒိယသမုဒ္ဒရာမြောက်ဘက်တွင် အာရှ တိုက်ကြီးခံနေသဖြင့် အပူပိုင်းဇုန်ဒေသအတွင်း၌သာ ကျရောက် ၍ ထိုသမုဒ္ဒရာကြီး၏ အပူပိုင်းဒေသအတွင်း၌သာ သွားလာ ကူးသန်းမှုကို အပြုများကြသဖြင့် ထိုသမုဒ္ဒရာကို အပူပိုင်း သမုဒ္ဒရာကြီးဟုခေါ်ကြသည်။ စင်စစ်အားဖြင့်မူ ထိုသမုဒ္ဒရာကြီး သည် တောင်ပိုင်းတွင် တောင်လတ္တီတွဒ် ဒီဂရီ ၇ဝ အထိ အအေးပိုင်းဒေသအတွင်း ကျရောက်နေပေသည်။

ထိုသမုဒ္ဒရာကြီး၏မြောက်ဘက်၌ အာရှတိုက်၊ အရှေ့ ဘက်၌ အရှေ့အိန္ဒိယကျွန်းများ၊ ကပ္ပလီကျွန်း၊ နဂဗာရီကျွန်း၊ (နီကိုဗာကျွန်း)၊ ဩစတြေးလီးယားတိုက်၊ တက်စမေးနီးယား ကျွန်းတို့ရှိ၍ အနောက်ဘက်၌ အာဖရိကတိုက်၊ တောင်ဘက်၌ အန္တာတိကတိုက်တို့ရှိသည်။

ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့သည် မြောက် ပိုင်းတွင် အရှေ့အိန္ဒိ၏ကျွန်းစုများ၏ ရေပြင်အားဖြင့် ဆက်စပ် လျက်ရှိသည်။ သဘာဝအားဖြင့်မဟုတ်ပဲ ကိတ္တိမနည်းအားဖြင့် စူးအက်တူးမြောင်းသည် အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းနှင့် မြေထဲပင်လယ်တို့ကို အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်ပေးသည်။ တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ နယ် နိမိတ်သည် တက်စမေးနီးယားကျွန်း (အရှေ့လောင်ဂျီတွဒ် ဒီဂရီ ၁၄၇) ဖြစ်၍ အတ္တလန္တိတ်သမုဒ္ဒရာနှင့်မူ အာဖရိကတိုက်၏ တောင်ဘက်စွန်း ဂွဒ်ဟုပ်အငူ (အရှေ့ လောင်ဂျီတွဒ် ဒီဂရီ ၁၉) က နယ်နိမိတ်ခြားထားလေသည်။

အိန္ဒိယသမုဒ္ဒရာကြီးသည် မြောက်မှတောင်သို့ အလျား မိုင်ပေါင်း ၆၅ဝဝ ကျော်ရှိပြီးလျှင် အကျယ်မှာမူ မိုင် ၆ဝဝဝ မှ ၄ဝဝဝ အထိ အမျိုးမျိုးဖြစ်သည်။ အာဖရိကနှင့်ဩစတြေးလီး ယား တောင်ဘက် အစွန်းများအကြား၌ မိုင် ၆၂ဝဝ ကျယ်၍ မြောက်ဘက်သို့ တဖြည်းဖြည်းကျဉ်းသွားသည်။ အိန္ဒိယ ကျွန်းဆွယ်ကြီးနှင့် သီဟိုဠ်ကျွန်းတို့သည် အိန္ဒိယသမုဒ္ဒရာကြီးကို အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အဖြစ် ပိုင်းခြား လိုက်လေသည်။

ထိုသမုဒ္ဒရာကြီး၏ ပင်လယ်ကွေ့များမှာ ပင်လယ်နီ၊ ပါးရှင်းပင်လယ်ကွေ့၊ အိုမန်ပင်လယ်ကွေ့နှင့် ဩစတြေးလီးယား ပင်လယ်အော်ကြီးတို့ဖြစ်သည်။ ကျွန်းများမှာမူ သီဟိုဠ်၊ မက်ဒါ ဂက်စကာ၊ မောလဒိုက်၊ လက္ကဒိုက်၊ ဆိုကိုးတြာ၊ ကပ္ပလီ၊ နဂဗာရီ၊ မြိတ်၊ မေရစ်ရှ၊ ရေးယူနီယွန်(ယခင်ကဗူးဗွန်)၊ရိုဒရိဂေ့ စသည်တို့ဖြစ်ကြသည်။ မက်ဒါဂက်စကာသည် အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ အကြီးဆုံးကျွန်းဖြစ်၍ စင်စစ်ယင်းသည် အာဖရိက တိုက်ကုန်းမကြီး၏ အဆက်ဟုဆိုကြသည်။

အာရှတိုက်မှ သံလွင်၊ ဧရာဝတီ၊ ဂင်္ဂါ၊ ဗြဟ္မပုတ္တရ၊ အိန္ဒု၊ ရှတ်-အယ်-အာရပ်(တိုင်းဂရစ်-ယူ ဖရေးတီး) မြစ်ကြီး တို့သည်လည်းကောင်း၊ အာဖရိကတိုက်မှ လင်ပိုပိုနှင့်ဇမ်ဗီဇီမြစ် တို့သည်လည်းကောင်း အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စီးဝင်ကြ သည်။ အိန္ဒိယသမုဒ္ဒရာသည် ပစိဖိတ်သမုဒ္ဒရာထက် ထက်ဝက် ခန့်ငယ်သော်လည်း ရေဆင်းဒေသအကျယ်အဝန်းတွင်မူ ပစိဖိတ် ထက် သုံးပုံနှစ်ပုံခန့်ပို၍ ကျယ်ဝန်းလေသည်။

တည်နေပုံကို ကြည့်ရခြင်းအားဖြင့် အိန္ဒိယသမုဒ္ဒရာ သည် ပစိဖိတ်သမုဒ္ဒရာနှင့် ပို၍နီးစပ်သည်။ အထောက်အထား များအရလည်းထိုအတိုင်းပင်တွေ့ရသည်။ ခိုင်လုံသောအထောက် အထားများအရ တောင်အမေရိကတိုက်၊ အာဖရိကတိုက်၊ အာရှ တိုက်တောင်ပိုင်း၊ အင်ဒိုနီးရှား၊ ဩစတြေးလီးယားနှင့် အန္တာ တိကတိုက်တို့သည် ရှေးရှေးအခါက ပင်လယ်သမုဒ္ဒရာ ရေပြင် မခြားဘဲ တစ်စပ်တည်းတစ်ပြင်တည်းရှိခဲ့သော ကုန်းမြေပြင် ကျယ်ကြီးဟုဆိုကြ၍ ဂွန်ဒွါနားကုန်းပြင်ကြီးဟု ဖော်ပြခဲ့ကြ သည်။ ကမ္ဘာ့မြေပြင် အပြင်းအထန်လှုပ်ရှားမှုကြောင့် အိန္ဒိယ သမုဒ္ဒရာ၏နေရာသည် အလွန်နက်စောက်သော ချိုင့်ဝှမ်းကြီး တစ်ခုဖြစ်လာ၍ ရေဖုံးလွှမ်းပြီးလျှင် ဆိုခဲ့သောတိုက်ကြီးများ သည် ရေပြင်ခြားကာ တစ်သီးတစ်ခြားစီ ဖြစ်သွားသည်ဟုဆိုကြ သည်။ အန်းဒီးတောင်တန်း၊ နယူးဇီလန်ကျွန်းမှ အဲ့လပတောင် တန်း၊ ဟိမဝန္တာတောင်တန်းတို့သည် ဂွန်ဒွါနား ကုန်းမြေပြင် ကျယ်ကြီး၏ အနားသတ်များဟုလည်း ဆိုကြလေသည်။

အိန္ဒိယသမုဒ္ဒရာ၏ ရေအတိမ်အနက်သည် နေရာဒေသ အလိုက်အမျိုးမျိုးဖြစ်ရာ ပျမ်းမျှခြင်းအားဖြင့်ပေ ၁၃၈ဝဝဝကျော် ဖြစ်သည်။ ရေနက်ပိုင်းသည် အီကွေတာမှ တောင်ဘက် အရှေ့ ပိုင်းတွင်ဖြစ်၍ ရေအနက်ဆုံးနေရာသည် ဂျားဗားကျွန်း၏ အရှေ့ တောင် ကမ်းရိုးတန်းအလွန်တွင် ရှိပြီးလျှင် ပေပေါင်း ၂ဝ၃၄ဝ နက်လေသည်။

ထိုသမုဒ္ဒရာကြီး၏ မြောက်ပိုင်းသည် အီကွေတာ၏ မြောက်ဘက်ဖြစ်၍ မုတ်သုန်လေတိုက်ခတ်ရာ ရပ်ဝန်းဖြစ်သည်။ အောက်တိုဘာလမှ ဧပြီလအထိ အရှေ့မြောက်မုတ်သုန်လေတိုက် ၍ ဧပြီမှ အောက်တိုဘာလအထိ အနောက်တောင်မုတ်သုန်လေ တိုက်သည်။ သမုဒ္ဒရာကြီး၏တောင်ပိုင်း အီကွေတာ၏ တောင် ဘက်တွင်မူ မြောက်ပိုင်း၌ အရှေ့မြောက်လေတိုက်နေသော ကာလတွင် အရှေ့တောင်လေတိုက်၍ မြောက်ပိုင်း၌ အနောက် တောင်လေတိုက်သည့် ကာလတွင်မူ အရှေ့တောင်လေတိုက် သည်။ နွေရာသီတွင် အရှေ့တောင်ကုန်သည်လေ၏ ရပ်ဝန်း သည် တောင်ဘက်သို့ ရွေ့လာသောအခါ အီကွေတာနှင့် တောင် လတ္တီတွဒ် ဒီဂရီ ၁၂ ကြား၌ အနောက်မြောက်မုတ်သုန်လေ တိုက်ခတ်သည်။ အိန္ဒိယသမုဒ္ဒရာကြီးအတွင်း ခေါင်လေကြမ်း ကျတတ်သောရပ်ဝန်းသည် တောင်လတ္တီတွဒ် ဒီဂရီ ၉ နှင့် ၃၅ အကြား၊ မက်ဒါဂက်စကာကျွန်းမှ တီမောကျွန်းအထိဖြစ်၍၊ ထိုလေမုန်တိုင်းသည် အရှေ့မြောက်ဘက်မှ စလာပြီးလျှင် အနောက်တောင်ဘက်နှင့် တောင်ဘက်သို့ရွေ့ပြီးနောက်မှ အရှေ့ ဘက်သို့ပြန်ရွေ့လာသည်။ ခေါင်းမုန်တိုင်းကျတတ်သော လများ မှာ ဒီဇင်ဘာလမှ ဧပြီလအတွင်း ဖြစ်လေသည်။

ရေစီးကြောင်းများသည် ထိုသမုဒ္ဒရာကြီး၏မြောက်ပိုင်း တွင် အခြားသမုဒ္ဒရာကြီးများ၏ ရေစီးကြောင်းများကဲ့သို့ လမ်း ကြောင်း တစ်မျိုးတည်းမစီးကြဘဲ ရာသီအလိုက်တိုက်ခတ်သော မုတ်သုန်လေကိုအကြောင်းပြု၍ ရေစီးလမ်းကြောင်းပြောင်းသည်။ ထို့ကြောင့် အိန္ဒိယသမုဒ္ဒရာရေစီးကြောင်းများကို အတ္တလန္တိတ် သမုဒ္ဒရာမှ ဂတ်စတြင်းရေစီးကြောင်းကဲ့သို့ သီးသီးသန့်သန့် အမည်တပ်၍ မခေါ်နိုင်ချေ။ အရှေ့မြောက်မုတ်သုန်လေ တိုက် သည့်ကာလအတွင်း ရေစီးကြောင်းသည် အီကွေတာကိုဖြတ်၍ အနောက်တောင်ဘက်နှင့် အနောက်ဘက်သို့စီးသည်။ မုတ်သုန် လေကြောင့် အရှေ့ဘက်မှစီးလာသောရေစီးကြောင်းနှင့် အရှေ့ တောင်ကုန်သည်လေကြောင့် အနောက်ဘက်သို့စီးသော ရေစီး ကြောင်းနှစ်မျိုးအကြား တောင်လတ္တီတွဒ် ဒီဂရီ ၁ဝ ခန့်၌ အရှိန်ပြင်းထန်သော ဆန့်ကျင်ရေစီးကြောင်းတစ်ခုစီးသည်။ကမ္ဘာ့ တောင်ဘက်လုံးခြမ်း၌ တိုက်ခတ်သော အရှေ့တောင်ကုန်သည် လေသည် အီကွေတာကိုဖြတ်ကျော်သည့်အခါ အနောက်တောင် သို့ လမ်းကြောင်းပြောင်းသွားသည်။ အနောက်တောင်မုတ်သုန် လေ တိုက်ခတ်သည့် ကာလအတွင်း၌ အီကွေတာ၏မြောက် ဘက်တွင် ရေစီးကြောင်းသည် အနောက်မှအရှေ့သို့စီးသည်။

ထို့နောက်မှ မြောက်ဘက်သို့စီးသည်။ မြောက်ဘက်သို့အစီးသန် သောရေစီးကြောင်းကို ဆိုမာလီကမ်းရိုးတန်းအလွန်နှင့် အာရေဗျ အရှေ့တောင်ကမ်းရိုးတန်းအလွန်၌တွေ့ကြရ၍၊ ထိုရေစီးကြောင်း ကြောင့် ထိုဒေသများတွင် အပူချိန်လျော့သည်။ အိန္ဒိယသမုဒ္ဒရာ ၏ တောင်ပိုင်းတွင် တောင်လတ္တီတွဒ် ဒီဂရီ ၂ဝ ၏ မြောက် ဘက်၌ တိုက်ခတ်မြဲလေကိုအကြောင်းပြု၍ ရေစီးကြောင်းသည် အနောက်မှအရှေ့သို့စီးသည်။ တောင်လတ္တီ တွဒ် ဒီဂရီ ၄ဝ တွင် ရေစီးကြောင်းသည် အရှေ့မှအနောက်သို့ စီးသည်။ မက်ဒါဂက်စကာကျွန်းသို့ရောက်လျှင် အီကွေတာ တောင်ပိုင်း ရေစီးကြောင်းသည် နှစ်သွယ်ကွဲထွက်ကာ၊ တစ်သွယ်သည် မြောက်ဘက်သို့၊ တစ်သွယ်သည် တောင်ဘက်သို့စီး သည်။ မြောက်ဘက်ရေစီးကြောင်းသည် မက်ဒါဂက်စကာကျွန်း မြောက်ဘက်စွန်းတွင် တောင်ဘက်သို့ကွေ့ဝိုက်စီး၍ မိုဇမ်ဗစ် ရေလက်ကြားကိုဖြတ်လျက် ဂွတ်ဒဟုတ်အငူအထိ ဆက်လက်စီး သွားရာ အဂါလတ်ရေစီးကြောင်းဟုခေါ်သည်။ ထိုရေစီးကြောင်း သည် အတ္တလန္တိတ်သမုဒ္ဒရာဘက်သို့ ရောက်သွားပြီးလျှင် ထိုမှာ ဘက်ရှိ ရေစီးကြောင်းများနှင့် ရောယှက်သွားလေသည်။ ဆူမတြာကျွန်း၏အနောက်ဘက်နှင့် ဘင်္ဂလားပင်လယ် အော်တွင် မုတ်သုန်ရာသီဥတုရှိသဖြင့်လည်းကောင်း၊ မြစ်ကြီး များစီးဝင်သဖြင့်လည်းကောင်း သမုဒ္ဒရာကြီး၏ရေပြင်သည်ဆား ငန်နှုန်းနည်း၍ ၃၄ ရာခိုင်နှုန်းမျှသာရှိသည်။ အိန္ဒိယသမုဒ္ဒရာ ကြီး၏ ဆားအငန်ဆုံးအပိုင်းသည် အာရေဗျပင်လယ်နှင့်ဩစ တြေးလီးယားမှ အာဖရိကအထိ ကျယ်ပြန့်သောရပ်ဝန်းတို့၌ ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာကြီး၏ နေရာဒေသအမျိုးမျိုး၌ တိုက် ခတ်မြဲလေကိုလိုက်၍ ရေမျက်နှာပြင်၏ အပူချိန်သည် အမျိုးမျိုး ဖြစ်သည်။ အပူပိုင်းဇုန်အတွင်းကျရောက်သောအပိုင်း၌ အပူချိန် သည် ဖာရင်ဟိုက် ဒီဂရီ ၇ဝ မှ ၈ဝ အထိရှိ၍ တစ်နှစ် အတွင်း ကွာခြားချက်သည် ခုနှစ်မှရှစ်အထိသာဖြစ်သည်။ ဂွတ်ဒဟုပ်အငူ နှင့် ဂွာဒဖွီးအငူတို့၏ အလွန်တွင်မူ တစ်နှစ် အတွင်း ကွာခြားချက်သည် ၂ဝ မှ ၃ဝ အထိ ဖြစ်သည်။ ဂွာဒဖွီးအငူအလွန်တွင် လေသည် ကုန်းဘက်မှရေပြင်ဘက်သို့ တိုက်ခတ်သည့်အခါ အပူချိန်သည် ရုတ်ခြည်းပြောင်းလဲတတ် သည်။ ယင်းသို့ ကုန်းမှ ရေပြင်ဘက်သို့ လေတိုက်လျှင် မျက်နှာပြင်ရှိ ပူနွေးသောရေတို့ သည် အရှေ့ဘက်သို့စီးသွား ကြရာ၊ ယင်းတို့ရှိခဲ့သောနေရာသို့ ရေနက်ပိုင်းမှ ရေအေးများက အစားထိုးနေရာယူရန် မျက်နှာပြင်သို့ တက်လာကြသဖြင့် ယင်းတို့၏ အအေးဓာတ်အရှိန်ကြောင့် ကမ်းခြေတစ်လျှောက် တွင် ရုတ်ခြည်း အပူချိန်လျော့ကျသွားခြင်း ဖြစ်ပေသည်။ သမုဒ္ဒရာရေပြင်အောက်ပိုင်းတွင်မူ အပူချိန်သည် တစ်နေရာနှင့် တစ်နေရာ ကွာခြားချက်မရှိလှချေ။

လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်ကအတ္တလန္တိတ် သမုဒ္ဒရာ ကမ်းရိုးတစ်လျှောက်ကို စမ်းတဝါးဝါးဖြင့် ရေကြောင်း ခရီးသွားနေကြချိန်တွင် အိန္ဒိယသမုဒ္ဒရာ၌မူ သမုဒ္ဒရာရေပြင်ကို လူးလာတုံ့ခေါက်ကူးသန်းနေကြ၍ ကုန်သွယ်မှုကိုပင်ပြုနေကြ လေပြီ။ ထိုသမုဒ္ဒရာရေပြင်၌ ပထမဆုံးကူးသန်းသွားလာခဲ့သူ များသည် ဖီနီရှန်းလူမျိုးများဖြစ်သည်။ ယင်းတို့သည် ထို သမုဒ္ဒရာကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သော အာရေဗျပင်လယ် နှင့် ပါးရှင်းပင်လယ်ကွေ့တို့ကို အဲရီသရီးယန်ပင်လယ်ဟု ခေါ် ဆိုခဲ့ကြသည်။ ဘီစီခြောက်ရာစုတွင် ကားသေ့နိုင်ငံမှရေကြောင်း ဗိုလ်ချုပ်ဟန်နိုသည် ထိုပင်လယ်ကိုဖြတ်ကျော်၍ ရေကြောင်းခရီး ထွက်ခဲ့သည်။ ဂရိဘုရင် အယ်လက်ဇန္ဒာ-သ-ဂရိတ်၏ ရေ ကြောင်း ဗိုလ်ချုပ်တစ်ဦးသည် တိုင်းဂရစ်-ယူဖရေးတီးမြစ်ဝမှ သည် အိန္ဒုမြစ်ဝတိုင်အောင် ရေကြောင်းခရီးဖြင့် သွားခဲ့ဖူး သည်။

ခရစ်ပေါ်ပြီးနောက်တွင် အိန္ဒိယသမုဒ္ဒရာအတွင်း အကူး အသန်းများ ပို၍ပြုလုပ်လာကြသည်။ အီဂျစ်ရေကြောင်းဝိဇ္ဇာ တစ်ဦးသည် အိန္ဒိယသမုဒ္ဒရာအတွင်း အချိန်မှန်ပြောင်းလဲ တိုက် ခတ်သော မုတ်သုန်လေတို့ကိုလေ့လာ၍ ထိုမုတ်သုန်လေတို့ကို အကြောင်းပြုပြီးလျှင် အကျိုးအမြတ်ထွက်အောင် အသုံးချရန် နည်းလမ်းများကိုလေ့လာခဲ့သည်။ ကိုးရာစုနှစ်တွင်မူ အာရပ်များ သည် အိန္ဒိယသမုဒ္ဒရာအတွင်း လူးလာဆန်ခတ် ကူးသန်းသွား လာကာ ကုန်သွယ်မှုများကိုပြုခဲ့သည်။ အလယ်ခေတ် ဥရောပ နိုင်ငံသားများသည် ထိုသမုဒ္ဒရာကြီးကိုဖြတ်၍ အရှေ့တိုင်းထွက် ဟင်းခတ်အမွှေးအကြိုင်များ၊ ပိုးထည်များနှင့် အခြားစည်းဇိမ်ခံ ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေကြလေသည်။ ပေါ်တူဂီ လူမျိုးတို့သည် ခရစ် ၁၄၈၆ ခုနှစ်တွင် ဂွတ်ဒဟုပ်အငူကြီးကို ကွေ့၍ အိန္ဒိယသမုဒ္ဒရာအတွင်း ဝင်ရောက်နိုင်သော ရေလမ်း ခရီးကို တွေ့ရှိခဲ့ကြပြီးလျှင် ဗက်စကိုဒါဂါးမားသည် ထိုရေ ကြောင်းခရီးဖြင့်ပင် အိန္ဒိယနိုင်ငံသို့ရောက်ခဲ့သည်။ ၁၅၂၁ ခုနှစ် တွင် မဂျဲလင်၏အဖွဲ့သည် အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ ကမ္ဘာ တစ်ပတ်ရေကြောင်းခရီးကို အောင်မြင်ပေါက်မြောက် ခဲ့သည်မှ စ၍ အာရေဗျနှင့် အိန္ဒိယကူးသန်းသွားလာရေးကို ထိုရေကြောင်း လမ်းအတိုင်းပင်အသုံးပြုခဲ့ကြသည်။ ၁၈၆၉ ခုနှစ်တွင် စူးအက် တူးမြောင်း ဖွင့်လှစ်ပြီးသည့်နောက်တွင် မြေထဲပင်လယ်မှ အိန္ဒိယသမုဒ္ဒရာသို့ရောက်ရန် မိုင် ၅ဝဝဝ ခန့်မျှ ခရီးကျုံ့သွား သဖြင့် အရှေ့အနောက် ကူးလူးဆက်ဆံရေး ခရီးလမ်းသည် ပို၍မြန်ဆန်လွယ်ကူခဲ့ပေသည်။

အိန္ဒိယသမုဒ္ဒရာသည်လှပသောသန္တာကျွန်းများ ကျောက် တန်းကျောက်ခက်များ၊ လူတို့စားသုံးနိုင်သော အပူပိုင်းဒေသ၏ ငါးလိပ်မကာရ်းစသည့် ရေသတ္တဝါများဖြင့် ကြွယ်ဝလှသဖြင့် အခြားသမုဒ္ဒရာများထက် မက်မောဖွယ်ရာကောင်းပေသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Indian_Ocean
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]