မီးတောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၁၉၈၀ မေလ ၁၈ ရက်တွင် စိန့်ဟယ်လင် မီးတောင် ပေါက်ကွဲနေသောပုံ

မီးတောင်ဆိုသည်မှာ မြေကြီးအောက်မှ ချော်ရည် (အလွန်ပူသော ကျောက်ရည်များ) ထွက်လာတတ်သော တောင်တစ်မျိုး ဖြစ်သည်။ မီးတောင်အများစု၏ ထိပ်ဆုံးတွင် မီးတောင်ပေါက်ဝ ရှိတတ်သည်။ မီးတောင်အတွင်းမှ ထွက်လာသော ပစ္စည်းများတွင် ချော်ရည်များ၊ ရေနွေးငွေ့များ၊ ဆာလ်ဖာလ်ဓာတ်ပေါင်းများ၊ ပြာများနှင့် ကျောက်တုံးအစအနများ ပါဝင်တတ်သည်။ မီးတောင်များကို ကမ္ဘာပေါ်တွင်သာ မက အင်္ဂါဂြိုဟ်၏ လတစ်စင်းဖြစ်သော အိုလမ်ပတ်စ်လ ပေါ်တွင်လည်း တွေ့ရသည်။

ချော်ရည်နှင့် ဖိအားတို့ ပေါင်းစပ်သော အခါတွင် မီးတောင်ထိပ်ဝမှ ပွင့်ထွက်ပြီး မီးတောင်ပေါက်ကွဲခြင်း ဖြစ်ပေါ်သည်။

ကမ္ဘာမြေကြီးအတွင်းမှ အလွန်ပူသော ချော်ရည်ကျောက် ရည်များသည် အင်အားနုသည့် မြေပျော့မှထွက်ပေါက်ရှာ၍ အပြင် သို့ ပန်းထွက်လာသောအခါ မီးတောင်ဖြစ်ပေါ်လာလေသည်။ ကျောက်ရည် ချော်ရည်ပူများရှိရာ မြေအတွင်းဘက် တစ် လျှောက်မှ မြေမျက်နှာပြင်သို့ မီးခိုးခေါင်းတိုင်သဖွယ် အပေါက်တစ်ပေါက်ရှိ၏။ ထိုအပေါက်မှ ပန်းထွက်လာသော အရာများသည် တအိအိကျဆင်းလာ၍ ကာလကြာမြင့်သောအခါ ထိပ်ဝကျယ်လာ ပြီးလျှင်အောက်ခြေ၌ ပွင့်ကားသော ခမောက်ပုံသဏ္ဍာန်ရှိသော တောင်ပူစာသဖွယ် ဖြစ်လာလေသည်။

ထိပ်၌မူ ချိုင့်ဖြစ်နေ၍ ယင်းကို မီးတောင်ထိပ်ဝဟု ခေါ်သည်။ အတွင်းမှ ရုန်းကန်ပန်းထွက်လာသော အရာများမှာ ချော် ရည် ချော်တုံး၊ ပြာတုံး ပြာခဲ၊ ဖုံ၊ သဲနှင့် အပူငွေ့၊ မီးခိုးများဖြစ် ကြ သည်။ ယင်းတို့အပြင် ကလိုရင်း၊ ကန့်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် စသော ဓာတ်ခိုးဓာတ်ငွေ့များလည်း ပါဝင်၏။

မီးတောင်တစ်လုံးသည် ချော်ရည်ချော်မြှုပ်မီးထိုး တစ်စုံ တစ်ရာ မထွက်တော့ဘဲ ငြိမ်သက်သွားသောအခါ ယင်းကိုမီးတောင်သေဟု ခေါ်သည်။ မြန်မာနိုင်ငံ မြင်းခြံနယ်ရှိ ပုပ္ပါးတောင်သည် မီးတောင်သေဖြစ်သည်။ တစ်ခါတည်း လုံးလုံးသေမသွားဘဲ ခေတ္တမျှ ငြိမ်သက်နေသော မီးတောင်များလည်းရှိတတ်ရာ ယင်းတို့ကို မီးတောင်မြုံဟု ခေါ်သည်။

ဥရောပတိုက်၌ ထင်ရှားသော မီးတောင် ၂ လုံးရှိရာ တစ်လုံးမှာ စစ္စလီကျွန်းရှိ အက်တနာမီးတောင်ဖြစ်၍ အခြားတစ်လုံးမှာ အီတလီနိုင်ငံတောင်ပိုင်း နေပယ်မြို့အနီးရှိ ဗီဆူးဗီးယပ် မီးတောင်ဖြစ်သည်။ ဗီဆူးဗီးယပ် မီးတောင်သည် နှစ်ပေါင်းကြာမြင့်စွာ မီးတောင်သေကဲ့သို့ ငြိမ်သက် နေသဖြင့် အနီးပတ်ဝန်းကျင်၌ လူများသည် ရွာများတည်ဆောက်၍ အမှုမဲ့ အမှတ်မဲ့ နေထိုင်ခဲ့ ကြ၏။ သို့သော် ၁၉ဝ၆ ခုနှစ် ဧပြီလ တစ်နေ့တွင် ရုတ်တရက် ပေါက်ကွဲသဖြင့် အနီးအနားရှိ လူနေအိမ်ခြေပေါင်းမြောက်မြားစွာ ပျက်စီးသွားခဲ့ရလေသည်။

မီးတောင်များသည် ငြိမ်းသက်လျက်ရှိရာမှ ပေါက်ကွဲတော့ မည်ရှိသောအခါ ထိုနေရာတစ်ဝိုက်တွင် မြေငလျင်တုန်လှုပ်တတ် သည်။ မြေအောက်မှ ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်သံ၊ တော်လဲသံများ ကြားရတတ်သည်။ စိမ့်စမ်းများတွင် အပူအအေး ရုတ်တရက်ပြောင်းလဲသွားတတ်သည်။ အကယ်၍ မီးတောင်သေ ဖြစ်ပြီးလျှင် မီးတောင်ဝတွင် ရေအိုင်ကလေးတစ်ခုကဲ့သို့ ရေများရှိ နေခဲ့သော် ထိုရေများသည် အလွန်ပူလာပြီးလျှင် တစ်ခါတစ်ရံ ပွက်ပွက်ဆူလာတတ်လေသည်။

ကမ္ဘာပေါ်တွင် မီးတောင်ပေါင်း ၃ဝဝ ကျော် ၄ဝဝ ခန့် ရှိသည့်အနက် သုံးပုံတစ်ပုံသည် တိုက်ကြီးများပေါ် တည်ရှိ၍ ကျန် မီးတောင်များသည် ကျွန်းများပေါ်တွင် တည်ရှိကြသည်။ ပစိဖိတ် သမုဒ္ဒရာ၏ မျက်နှာပြင်အောက်၌ မီးတောင်များစွာရှိ၍ ထိုသမုဒ္ဒရာအတွင်းရှိ ကျွန်းများသည် အများအားဖြင့် မီးတောင်၏ တောင်ထိပ်များ၊ သို့မဟုတ် မီးတောင်မှ ဖြစ်လာသော ကျွန်းများဖြစ်သည်ဟု ယူဆဖွယ်ရှိသည်။ ၁၇၉၆ ခုနှစ်က ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်း တစ်နေရာ၌ မီးခိုးများထွက်နေသည်ကို တွေ့ရ၏။ မကြာမီ ထိုနေ ရာ၌ တောင်ပို့ကြီးကဲ့သို့ မြေများ ရေမျက်နှာပြင်ပေါ်သို့ မောက် တက်လာသည်ကိုတွေ့ရလေသည်။ နောက် ၆ နှစ်မျှကြာ၍ ထိုကျွန်းပေါ်သို့ လူအချို့ရောက်သွားသောအခါ မြေကြီးမှာ အလွန်ပူနေသေး ကြောင်းကို လည်းကောင်း၊ အတော်အတန် မြင့်နေသော တောင် တစ်တောင်ရှိ၍ တောင်ခြေမှာ ၃ မိုင်ပတ်လည်ခန့် ရှိကြောင်းကို လည်းကောင် တွေ့ရလေသည်။

အရှေ့အိန္ဒိယကျွန်းစုရှိ ကရာကာတိုအားခေါ် ကျွန်းတစ် ကျွန်းပေါ်တွင် မီးတောင်တစ်လုံးရှိ၏။ ၁၈၈၃ ခုနှစ်က ထိုမီးတောင်ပေါက်ကွဲရာ ကျွန်းကလေးမှာ ပထမထက်ခြမ်းကွဲ၍ နောက်လုံးလုံး ပျောက်ကွယ်သွားသည်။ ပင်လယ်မှ ထန်းတစ်ဖျားခန့် မြင့်သော လှိုင်းလုံးကြီးများ တက်လာသဖြင့် ကမ်းခြေတစ်လျောက်ရှိ ရွာ ပေါင်း ၃ဝဝ ခန့် ပျက်စီးပြီးလျှင် လူပေါင်း ၃၆,၅ဝဝ ခန့် ရေနစ် သေဆုံးကြသည်။ ထိုလှိုင်းလုံး ကြီးများသည် ကမ္ဘာကို တစ်ပတ် ပတ်၍သွား၏။

မီးတောင်ပေါက်ကွဲသံကြီးမှာ ကြောက်ခမန်းလိလိ ကျယ်လောင်လှ၍ မိုင်ပေါင်း ၂,၅ဝဝ ဝေးသော နေရာကပင် ကြားရ သည်။ ကရာကာတိုအား မီးတောင် ပေါက်ကွဲခြင်းသည်ကား ကမ္ဘာ့သမိုင်း၌ မကြုံစဖူး အထူး ကြောက်မက်ဖွယ်ကောင်းသော မီးတောင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်တော့သည်။

မီးတောင် ပေါက်ကွဲသောအခါ ချော်ရည် ချော်မြှုပ်ထက် မီးတောင်က မှုတ်ထုတ်လိုက်သော ပြာပူပြာခဲနှင့် အခိုးအငွေ့များက ပို၍ ကြောက်စရာ ကောင်းသည်။ ချော်ရည်များမှာ တဖြည်းဖြည်း စီးဆင်း၍ အတန်ငယ် စီးဆင်းမိသောအခါ မာခဲသွားတတ်သည်။ မီးတောင်က မှုတ်ထုတ်လိုက်သော အရာများမှာကား ဝေးလံသော နေရာများသို့ လွင့်စဉ်ပျံ့နှံ့ကာ ပတ်ဝန်းကျင်ရှိ လူတို့၏အသက်နှင့် စည်းစိမ်ဥစ္စာကို များစွာဆုံးရှုံး ပျက်စီးစေနိုင်လေသည်။

မီးတောင်ပတ်ဝန်းကျင်ရှိ အရပ်ဒေသသည် အများအားဖြင့် အလွန် မြေဩဇာကောင်းသည်။ ထိုအရပ်၌ ကောက်ပဲသီးနှံများ အထူးဖြစ်ထွန်း၏။ သို့ဖြစ်၍ လူတို့သည်ကြောက်မက်ဖွယ်ကောင်း သော မီးတောင်များအနီးအနား၌ အရဲစွန့်ကာနေထိုင်ကြလေသည်။ အီတလီနိုင်ငံ၊ တပ်စကင်နီနယ်၌မူ မီးတောင်မှ အပူအားကိုယူ၍ လျှပ်စစ်ဓာတ်အားပေးရာ၌ အသုံးချကြသည်။

မီးတောင် အရေအတွက်သည် ကမ္ဘာမြေကြီး အသက်နုစဉ် က ယခုထက် ပို၍များသည်။ ထိုအခါက မြေကြီးသည်များစွာ မအေးသေးသဖြင့် အတွင်းမှချော်ရည်နှင့် အခြားအရာများသည် အင်အားနုနယ်သောမြေနေရာများမှ အပေါ်သို့ထိုးထွက်နိုင် ကြသည်။ ကမ္ဘာကြီး အသက်ရင့်လာသောအခါ ထိုကဲ့သို့ အင်အားနည်းသော မြေနေရာများ နည်းပါးသွား၍ မီးတောင်များလည်း နည်းပါးလာရ သည်ဟု ဆိုလေသည်။

မီးတောင်ပေါက်ကွဲရာ၌ ထွက်ပေါ်လာသော ချော်ရည်များ သည် စင်စစ်အားဖြင့် မီးတောင်တွင်းရှိ ကျောက်တုံးကျောက်ခဲများ အရည်ပျော်ကျလာခြင်းပင် ဖြစ်သည်။ မီးတောင်ချော်ရည် အပျစ်၊ အကျဲ ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဆီလီကာ ၅၈ ရာခိုင်နှုန်းထက် ပို၍မပါသော ချော်ရည်များသည် ကမ္ဘာမြေကြီးအောက် နက်သော နေရာများမှ ထွက်လာ၍ အပူချိန် ဖာရင်ဟိုက် ၂၂၅ဝံလောက်တွင် အရည်ပျော်သည်။

ဤချော်ရည်များကို ဗေးဆစ်ချော်ရည်ဟု ခေါ်၍ အရည်ကျဲသည်။ ဆီလီကာ ၆၆ ရာခိုင်နှုန်းနှင့်အထက်ပါဝင်သော ချော်ရည်များသည် မြေကြီးအပေါ်ယံအထပ်များမှ ထွက်လာ၍ အရည်ပျစ်သည်။ အပူချိန်ဖာရင်ဟိုက် ၃၁ဝဝံ မှာပင် အရည်ပျစ် လျက်ရှိသေးသည်။ ဤချော်ရည်မျိုးကို အက်ဆစ်ချော်ရည်ဟုခေါ် သည်။

ဗေးဆစ်ချော်ရည်သည် အရည်ပိုသွက်သဖြင့် အက်ဆစ် ချော်ရည်ထက် အစီးမြန်သည်။ ဗေးဆစ်ချော်ရည်ထွက်သော မီး တောင်ထိပ်များသည် များသောအားဖြင့် နိမ့်၍ တောင်စောင်းများ မှာလည်း ပြေပြေ နိမ့်ဆင်းသည်။ အက်ဆစ်ချော်ရည် ထွက်သော မီးတောင်များမှာ မြင့်၍ တောင်စောင်းမတ်စောက်သည်။ မီးတောင်မှ ပန်းထွက်ခါစ ချော်ရည်လတ်လတ် ဆတ်ဆတ်များသည် တစ်နာရီလျှင် မိုင် ၅ဝ နှုန်းလောက်နှင့်စီးဆင်းကြသော်လည်း ကြာသွား သောအခါ အစီးနှေးလာ၍ တစ်နာရီလျှင် တစ်မိုင်မပြည့်တပြည့် နှုန်းလောက်နှင့် စီးလေသည်။

မီးတောင်ထိပ်ဝမှ စီးဆင်းလာသော ချော်ရည်များသည် အလွန် အအေးမြန်သောအခါ ကျောက်သလင်းဖြစ်ရန် အချိန်မရ သဖြင့် ဖန်ကဲ့သို့ ပြောင်ချောချောအပြင် ဖြစ်သွား၍ ယင်းကို ဖန် ချော်ဟု ခေါ်သည်။ ကျောက်ခဲကလေးများတွင် နစ်၍ နေသော အက်ဆစ်ချော်ရည် အစိုင်အခဲကြီးများကို ခဲဝင်မှုန်ကျောက်ဟု ခေါ်သည်။ ချော်ရည်မျက်နှာပြင်၌ ဓာတ်ငွေ့ကြောင့်စည်ဖောင်း ကလေးများဖြစ်ကာ အမြှုပ်ထနေတတ်သည်။ ဗီဆူးဗီယပ်မီးတောင် ပေါက်ကွဲစဉ်က စီးထွက်လာသော ချော်ရည်များမှာ ကျောက်ခဲ အတိဖြစ်နေသည်ကို ယနေ့တိုင် တွေ့ရှိနိုင်လေသည်။ [၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)