ဆက်သွယ်ရေးစနစ်
From Wikipedia
ဆက်သွယ်ရေးစနစ်ဆိုသည်မှာ အချက်ပြလှိုင်း (Signals) များကို အကွာအဝေးတစ်ခုအတွင်း ဆက်သွယ်ရန် ထုတ်လွှင့်ခြင်းဖြစ်သည်။ ယနေ့ခေတ်အခါတွင် ထိုလုပ်ဆောင်မှုတွင် လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic Waves) များကို ထုတ်လွှင့်စက် (Transmitter) မှ ထုတ်လွှင့်ခြင်း အမြဲလိုပင် ပါဝင်လေ့ရှိသော်လည်း ရှေးအခါက မီးခိုးအချက်ပြမှု၊ ဗုံဖြင့်အချက်ပြမှု၊ ပုံသဏ္ဌန်ဖြင့်အချက်ပြမှု စသည်တို့ ပါဝင်လေ့ရှိသည်။ ယနေ့အခါတွင် ဆက်သွယ်ရေးစနစ်သည် အလွန်ကျယ်ပြန့်ပြီး ထိုစနစ်ကို ကူညီပံပိုးပေးသော တယ်လီဗေးရှင်း၊ ရေဒီယိုနှင့် တယ်လီဖုန်းများကို နေရာတရာတွင် တွေ့နိုင်သည်။ ထို ကရိယာများကို အချင်းချင်း ဆက်သွယ်ပေးသော ကွန်ယက်များသည် ကျယ်ပြန့်စွာတည်ရှိကြပြီး ကွန်ပျုတာကွန်ယက်၊ အများသုံးတယ်လီဖုန်းကွန်ယက်၊ ရေဒီယိုကွန်ယက် နှင့် တယ်လီဗေးရှင်းကွန်ယက် စသည်ဖြင့် အမျိုးအစားကွဲပြားစွာတွေ့မြင်နိုင်သည်။ ကွန်ပျုတာများ အင်တာနက်အတွင်း၌ အချင်းချင်းဆက်သွယ်ခြင်းမှာ ဆက်သွယ်ရေးစနစ်၏ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။
Contents |
[ပြင်ဆင်ရန်] နည်းပညာ အခြေခံ
ဆက်သွယ်ရေးစနစ်၏ အဓိကအစိတ်အပိုင်းမှာ
၁။ အချက်အလက်များကို ရယူပြီး ထုတ်လွှင့်ချက်များအဖြစ် ပြောင်းလဲပေးသော ထုတ်လွှင့်စက် (Transmitter)
၂။ ထုတ်လွှင့်ချက်များကို သယ်ဆောင်ပေးသည့် ကြားခံ ဆက်သွယ်ရေးနယ်မြေ(Transmission Medium)
၃။ ထုတ်လွှင့်ချက်များကို ဖမ်းယူပြီး အသုံးချနိုင်သည့် အချက်အလက်အဖြစ်ပြောင်းလဲပေးနိုင်သည့် လက်ခံကရိယာ(Receiver)
စသည်တို့ ဖြစ်သည်။
ဥပမာအနေနှင့် ရေဒီယိုစနစ်တွင် တွေ့ရှိနိုင်သည်။ ရေဒီယို လှိုင်းများကို ထုတ်လွှတ်ပေးသော တာဝါတိုင်မှာ ထုတ်လွှင့်စက်၊ ရေဒီယိုမှာ လက်ခံကရိယာ ဖြစ်ပြီး ပတ်ဝန်းကျင်လေထုမှာ ကြားခံဆက်သွယ်ရေးနယ်မြေ ဖြစ်သည်။
[ပြင်ဆင်ရန်] သမိုင်းကြောင်း
အသေးစိတ်သိလိုပါက ဆက်သွယ်ရေးစနစ်၏သမိုင်းကြောင်း ကို ကြည့်ပါ။
[ပြင်ဆင်ရန်] ဆက်သွယ်ရေးစနစ်၏ အစ
ဆယ်သွယ်ရေးစနစ်၏ အစမှာ မီးခိုးဖြင့် အချက်ပြမှု နှင့် ဗုံဖြင့် အချက်ပြမှုတို့ ဖြစ်သည်။ အာဖရိက ၊ နယူးဂီနီ နှင့် တောင်အမေရိကတွင် နေထိုင်သူများသည် ဗုံကို အသုံးပြု၍ အဆက်အသွယ် ပြုလုပ်ခဲ့ကြပြီး မြောက်အမေရိက နှင့် တရုတ်တွင် နေထိုင်သူများသည် မီးခိုးကို အသုံးပြု၍ အဆက်အသွယ် ပြုလုပ်ခဲ့ကြသည်။ ပုံမှန်အားဖြင့် တွေးကြည့်ပါက အဆိုပါအချက်ပြမှုများမှာ စခန်းရှိရာ နေရာကိုသာ အချက်ပြနိုင်မည် ဟု ထင်စရာရှိသော်လည်း အမှန်တကယ်တွင် ထိုစနစ်တို့မှာ ထိုထက်မက အသုံးဝင်ခဲ့သည်။

