ကြိုးမဲ့ဆက်သွယ်ရေး
ကြိုးမဲ့ဆက်သွယ်ရေးစနစ် (wireless communication) ဆိုသည်မှာ အကွာအဝေး တစ်ခုအတွင်း လျှပ်ကူးပစ္စည်း သို့မဟုတ် ဝိုင်ယာကြိုးကို အသုံးမပြုဘဲ သတင်းအချက်အလက်များကို ကူးပြောင်းပေးပို့ခြင်းဖြစ်သည်။ ဆက်သွယ်မှု ပြုလုပ်သည့် အကွာအဝေးမှာ နီးကပ်သောအကွာအဝေး (ဥပမာ တယ်လီဗွီးရှင်း ရီမုတ်ကွန်ထရိုးကဲ့သို့ မီတာအနည်းငယ်သာရှိသော အကွာအဝေး) သို့မဟုတ် အလွန်ဝေးကွာသော အကွာအဝေး (မိုင်ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရှိသည့် ရေဒီယိုဆက်သွယ်ရေး ပြုလုပ်သည့် အကွာအဝေး) ဖြစ်နိုင်သည်။ ကြိုးမဲ့ဆက်သွယ်ရေးစနစ်သည် ဆက်သွယ်ရေးဘာသာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။
ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွင် နေရာတကျ တပ်ဆင်ထားသောစနစ်များ၊ ရွှေ့ပြောင်းနိုင်သောစနစ်များ၊အလွယ်တကူသယ်ယူနိုင်သောစနစ်များ၊ နှစ်လမ်းသွားရေဒီယို (two-ways Radio) ၊ ဆယ်လူလာတယ်လီဖုန်း၊ တစ်ကိုယ်ရေသုံး ဒစ်ဂျစ်တယ်အကူအညီပေးကိရိယာ သို့ ပီဒီအေ (PDA) နှင့် ကြိုးမဲ့ကွန်ယက်တည်ဆောက်ခြင်း(Wireless Networking) တို့ပါဝင်ပတ်သက်နေသည်။ ကြိုးမဲ့ဆက်သွယ်ရေး၏ အခြားသော ဥပမာများမှာ ဂျီပီအက်စ်ကိရိယာများ၊ အဝေးထိန်းဂိုဒေါင်တံခါးဖွင့် စနစ်များ၊ ကွန်ပြူတာတွင် သုံးသော ကြိုးမဲ့ မောက်စ်များ၊ ကြိုးမဲ့ကီးဘုတ်များ၊ ဂြိုလ်တု တယ်လီဗွီးရှင်းစနစ်နှင့် ကော့ဒ်လတ်စ်ဖုန်း (Cordless Phone)တို့ဖြစ်သည်။
မာတိကာ |
[ပြင်ဆင်ရန်] ကြိုးမဲ့ဆက်သွယ်ရေးမိတ်ဆက်
ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးပြုခြင်းအားဖြင့် ပုံမှန်အားဖြင့် ဝိုင်ယာကြိုးကို အသုံးပြု၍ ဆက်သွယ်ရန် လက်တွေ့မကျသော သို့မဟုတ် မဖြစ်နိုင်သော လုပ်ငန်းဆောင်တာများကို ဖြစ်မြောက်စေနိုင်သည်။ ထိုအသုံးအနှုန်းကို တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းများ၌ စွမ်းအင်တစ်မျိုးမျိုး (ဥပမာ ရေဒီယိုကြိမ်နှုန်း၊ အနီအောက်ရောင်ခြည်၊ လေဆာရောင်ခြည်၊ မြင်နိုင်သော အလင်းတန်း၊ အသံစွမ်းအင် အစရှိသော စွမ်းအင်များ)ကိုထုတ်လွှတ်သော ဆက်သွယ်ရေးစနစ်များ (ဥပမာ - ရေဒီယိုထုတ်လွှင့်စက် နှင့် အသံဖမ်းစက်၊ အဝေးထိန်းကိရိယာများ၊ ကွန်ပြူတာကွန်ယက်များ၊ ကွန်ယက်၏ terminal များ) ကို အသုံးပြု၍ သတင်းအချက်အလက်များကို ဝိုင်ယာကြိုးမပါပဲ လွှဲပြောင်းခြင်းကို ဆိုလိုသည်။ ထိုနည်းဖြင့် သတင်းအချက်အလက်များကို အနီး သို့ ဝေးလံသော နေရာများသို့ လွှဲပြောင်း ပေးအပ်နိုင်သည်။