ဂျာမနီနိုင်ငံ၊ ပြည်ထောင်စုသမ္မတ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂျာမနီနိုင်ငံ၊ ပြည်ထောင်စုသမ္မတ[ပြင်​ဆင်​ရန်​]

တစ်ချိန်က အလွန် နာမည်ကြီးခဲ့သော ဂျာမနီနိုင်ငံကြီးသည် ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ နှင့် ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံဟူ၍ ဂျာမန် နှစ်နိုင်ငံဟူ၍ ဂျာမန်နှစ်နိုင်ငံ ကွဲသွားလေသည်။

ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံခေါ် အနောက်ဂျာမနီနိုင်ငံကို ၁၉၄၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် တည်ထောင်ကြောင်း ကြေငြာခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းတည်ထောင်ခြင်းကို တရားဝင် အတည်ဖြစ်ခဲ့သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၅၉၇၆ (၁၉၉၀ ခုနှစ်ခန့်မှန်း) ရှိသည်။ ၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆၁၅ဝဝဝဝဝ ခန့်ရှိသည်။ မြို့တော်မှာ ဗွန်းမြို့ဖြစ်သည်။

ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၌ ဗာဗေးရီယား၊ ဗားဒင်ဗင်တင်ဗတ်၊ ဗရီမင်း၊ ဟမ်းဗတ်၊ဟက်ဆီ၊ ဆက္ကဆွန်နီအောက်ပိုင်း၊ ရိုင်းဝက်စဖေးလီယား၊ မြောက်ပိုင်း ရှလဲတွစ် ဟိုလစတိုင် ပြည်နယ်များ ပါဝင်၍ ၁၉၅၇ ခုနှစ်တွင် ဆားလန်းနယ်ကိုပါ ထည့်သွင်းလိုက်သည်။ မြေမျက်နှာပြင် အနေအထားမှာ မြောက်ဘက်တွင် မြေဩဇာကောင်းသော စိုက်ပျိုးရေး နယ်မြေများ တည်ရှိပြီး အလယ်ပိုင်းတွင် သစ်တောများ ရှိလေသည်။ တောင်ဘက်ပိုင်းတွင်မူ တောတောင်များ ထူထပ်သည်ကို တွေ့ရသည်။

ဒုတိယကမ္ဘာစစ်ပွဲကြီး အပြီးတွင် ဂျာမနီနိုင်ငံသည် မဟာမိတ် တပ်ပေါင်းစုထံ ခြွင်းချက်မရှိ လက်နက်ချခဲ့ရသော စစ်ရှုံးနိုင်ငံ ဖြစ်သည်။ ၁၉၄၅ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ အစပြု၍ အမေရိကန်ပြည်ထောင်စုဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က ပူးတွဲ၍ ဂျာမနီနိုင်ငံ စစ်ရှုံးကြောင်း ကြေငြာ၍ ယင်းလေးနိုင်ငံ ပါဝင်သော မဟာမိတ်နိုင်ငံများက ဂျာမနီနိုင်ငံ တစ်နိုင်ငံလုံးကို အပိုင်းကြီး လေးပိုင်းခွဲ၍ ဇုံနယ်ကြီးများ သတ်မှတ်ကာ စစ်အုပ်ချုပ်ရေးမှူးများက အုပ်ချုပ်ခဲ့ကြသည်။ မဟာမိတ်နိုင်ငံများသည် နောင်အခါ သဘောထား မညီညွတ် ဖြစ်လာကြသည်။ သို့ဖြစ်၍ ၁၉၄၉ ခု စက်တင်ဘာလတွင် ဂျာမနီနိုင်ငံကို နှစ်ခြမ်းခွဲလိုက်သည်။

အနောက်အုပ်စုဟုလည်း ခေါ်ကြသော အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ အုပ်ချုပ်ခဲ့သော ဇုံနယ်ကြီး သုံးနယ်ကို ပူးပေါင်းလိုက်သည်။ အနောက်ဂျာမနီ နိုင်ငံဟုလည်း ခေါ်တွင်သော အနောက်အုပ်စု၏ ဩဇာမကင်းသည့် ထိုအပိုင်းသည် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ ဖြစ်လာသည်။ စစ်အုပ်ချုပ်ရေးကိုလည်း ရုပ်သိမ်းခဲ့၍ အခြားချုပ်ချယ်မှုများကိုလည်း တစတစ ရုပ်သိမ်းခဲ့ရာ ၁၉၅၅ ခု မေလ ၅ ရက်နေ့မှစ၍ လုံးဝလွတ်လပ်မှုကို ရရှိခဲ့သည်။

နိုင်ငံကြီး တစ်ခုလုံးကိုသာ နှစ်ခြမ်းခွဲလိုက်သည်မဟုတ်၊ ဂျာမနီမြို့တော်ဟောင်း ဘာလင်ကိုလည်း နှစ်ခြမ်းခွဲလိုက်ကြသည်။ သို့ဖြင့် အနောက်ဘာလင်နှင့် အရှေ့ဘာလင်ဟူ၍ ဖြစ်လာရာ အရှေ့ဘာလင်သည် ရုရှဩဇာ မကင်းသော အရှေ့ဂျာမနီနိုင်ငံ (ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ)၏ မြို့တော် ဖြစ်သွားသည် အနောက်ဂျာမနီ မြို့တော်အဖြစ် ဗွန်းမြို့ကို မြို့တော်အဖြစ် ထားရှိသည်။ ၁၉၄၈ ခုနှစ်များအတွင်းက ရုရှတို့က အနောက်ဘာလင်သို့ ရိက္ခာမသွင်းနိုင်အောင် အဆက်အသွယ်များ ဖြတ်ထား၍ အနောက်အုပ်စု အာဏာပိုင်များက အနောက်ဘာလင် မြို့သူ မြို့သားများအတွက် လေကြောင်းမှ စားနပ်ရိက္ခာများ ချပေးခဲ့ရသည်။ ၁၉၆၁ ခု ဩဂုတ်လတွင် အရှေ့ဂျာမန်သားတို့က အရှေ့နှင့် အနောက်ဂျာမန်ကို ပိုင်းခြားသော ၂၆၁/၂ မိုင် နယ်နိမိတ် တံတိုင်းကြီးကို ဆောက်လုပ်ခဲ့ကြ၍ အရှေ့နှင့် အနောက်ဘာလင် ကူးသန်းဆက်သွယ်ရေးမှာ အလွန် တင်းကြပ်ခဲ့လေသည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ ပထမဆုံး သမ္မတမှာ သီအိုဒေါ်ဟိုက် ဖြစ်သည်။ ၁၉၄၉ ခု ၁၉၅၄ ခုနှစ်အထိ သမ္မတအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ပထမဆုံး ဝန်ကြီးချုပ်သည် ဒေါက်တာအဒင်းနွာ ဖြစ်သည်။ အဒင်းနွာသည် လေးကြိမ်တိုင်တိုင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရ၍ ၁၉၄၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဆက်တိုက် ဆောင်ရွက်ခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာသော ဝီလီဗရန့်သည် အနောက်အုပ်စုနှင့် အရှေ့အုပ်စုနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့လေသည်။

ဝီလီဗရန့်၏ လက်ထက်တွင် ရုရှနှင့် ပိုလန်နိုင်ငံတို့ ချစ်ကြည်ရေး စာချုပ်များ ချုပ်ဆိုသည်။ ၁၉၇၁-၇၂ ခုနှစ်များတွင် အရှေ့နှင့် အနောက်ဘာလင် ကူးသန်း ဆက်သွယ်ရေး လွယ်ကူ ပြေပြစ်အောင် ဆောင်ရွက်သည်။ ဝီလီဗရန့်၏ လက်ထက်တွင်ပင် ဂျာမန် ပြည်ထောင်စု သမ္မတနိုင်ငံသည် ကုလသမဂ္ဂသို့ ဝင်ခွင့်ရခဲ့သည်။


ဝီလီဗရန့် နုတ်ထွက်သောအခါ သူ၏နေရာကို ဆက်ခံ သူမှာ ဟဲလမွတ်ရှမစ် ဖြစ်သည်။ ရှမစ်၏လက်ထက်တွင် သန်းကြွယ်သူဌေးကြီးများအား ပြန်ပေးဆွဲခြင်း၊ လေယာဉ် အပိုင်စီးခြင်း စသော အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှု များကြောင့် ရှမစ်၏ အစိုးရမှာ ခေါင်းခဲရလျက် ရှိလေသည်။

ဒုတိယ ကမ္ဘာစစ်ပြီးခေတ်မှစ၍ ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံသည် အံ့ဖွယ် ကောင်းလောက်အောင်ပင် စီးပွားရေး တွင် တိုးတက်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီက စက်မှုလုပ်ငန်းများ အလွန်ထွန်းကား တိုးတက်သော နယ်မြေများသည် အနောက်ဂျာမနီနိုင်ငံ အခြမ်း တွင် ပါမလာခဲ့ချေ။ ၁၉၄၈ ခု မေလတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတို့သည် အနောက်ဂျာမနီနိုင်ငံကို ထူထောင်လိုက်ကြစဉ်က ငွေကြေး စနစ်သစ် တစ်ခုကိုပါ တီထွင်လိုက်သည်။ ယင်းငွေကြေး စနစ်သစ်သည် အလွန် ကောင်းမွန် ခိုင်ခံ့သောစနစ် ဖြစ်၍ စီးပွားရေး စီမံကိန်းများ ကလည်း ကောင်းမွန်သဖြင့် အနောက်ဂျာမနီနိုင်ငံသည် ဤမျှ တိုးတက်ခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသည် ကျောက်မီးသွေး တူးဖော်ခြင်း လုပ်ငန်းများနှင့် သံမဏိတူးဖော်ခြင်း လုပ်ငန်း များကို အခြားနိုင်ငံများထက် အဆပေါင်းများစွာ ကျော်လွန်၍ ထုတ်လုပ်နိုင်သော နိုင်ငံဖြစ်သည်။ သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းကြောင့် ကမ္ဘာကျော်ခဲ့ရသည်။

နိုင်ငံရေးနှင့် စီးပွားရေးအရ အနောက်ဥရောပတိုက်ရှိ နိုင်ငံများနှင့်၎င်း၊ ဂျာမန် ဒီမိုကရက်တစ်နိုင်ငံနှင့် ဥရောပတိုက် အရှေ့ပိုင်းရှိ နိုင်ငံများနှင့်၎င်း မဟာမိတ် ပြုလုပ်၍ ဆက်ဆံခဲ့ လေသည်။[၁]

ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသည် ၁၉၈၁ ခုနှစ်တွင် စစ်ဆန့်ကျင် ရေးလှုပ်ရှားမှုကို များစွာရင်ဆိုင်ခဲ့ရသည်။ နျူး ကလီးယားဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် အဏုမြူဒုံးကျည် များ မထားရှိရေး ဆန္ဒပြမှုများ ဖြစ်သည်။

နိုင်ငံ၏မြောက်ပိုင်း အယ်ဘေမြစ်ဝရှိ ဘရုတ်ဒေါ့မြို့တွင် နျူးကလီးယားစွမ်းအင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် ဝန်ကြီးချုပ် ရှမစ်က စီစဉ်သည်ကို လူငါးသိန်းကျော်က ၁၉၈၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ဆန္ဒပြကန့်ကွက်ကြ သည်။

အဏုမြူအန္တရာယ် သတိပေးသည့် ပညာရှင်များအစည်း အဝေးကို ဟမ်းဘတ်မြို့၌ ကျင်းပသည်။ စက်တင်ဘာလ ၂ဝ ရက်နေ့တွင်ပြုလုပ်သည့် ထိုအစည်းအဝေးသို့ နယ်သာလန်၊ ဗြိတိန်၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီ နိုင်ငံတို့မှ ဆရာဝန်များ၊ သိပ္ပံပညာရှင်များ စုစုပေါင်း ၁၅ဝဝ တက်ရောက်၍ အဏုမြူဆန့်ကျင်ရေး ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။

အမေရိကန်လုပ် ပါရှင် ၂ ဒုံးကျည်နှင့် ခရုစ်ဒုံးကျည်များကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) နိုင်ငံများ၌ ချထားရန် အနောက်ဥရောပနိုင်ငံများသည် ၁၉၇၉ ခုနှစ် ဒီဇင်ဘာလတွင် သဘောတူညီခဲ့ကြသည်။ ထိုသဘောတူညီချက်အရ ဒုံးကျည်စုစု ပေါင်း ၅၇၂ ခုအနက် ၂ဝ၄ ခုကို အနောက်ဂျာမနီနိုင်ငံ၌ လည်းကောင်း၊ ၉၆ ခုကို ဗြိတိန်နိုင်ငံ၌လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် ချထားရန်သဘောတူကြသည်။ အမေရိကန် ဒုံးကျည် ထားရှိမှုကို အကြောင်းအမျိုးမျိုးကြောင့် အနောက်ဂျာမနီအပါ အဝင် ဒတ်ချ်နိုင်ငံနှင့် ဗြိတိန်ပြည်သူတို့က မလိုလားကြချေ။ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဘွန်းမြို့တော်၌ နျူး ကလီးယားဆန့်ကျင်ရေး ဆန္ဒပြပွဲကျင်းပရာ လူနှစ်သိန်းခွဲခန့် တက်ရောက်သဖြင့် ဒုတိယကမ္ဘာစစ်အပြီးတွင် အကြီးဆုံးသော ဆန္ဒပြပွဲကြီးဖြစ်လေသည်။ ဆန္ဒပြပွဲသို့ ချီတက်သူများတွင် အထူးရထား ၄၂ စင်း၊ ဘတ်စကား ၃ဝဝဝ ဖြင့် လာရောက် သူများ ပါဝင်သည်။ နယ်သာလန်၊ ဒင်းမတ်၊ နော်ဝေ၊ ဗယ်လ ဂျီယံနှင့် ဩစတြီးယားနိုင်ငံတို့မှ လူ ၁ဝဝဝဝ ခန့်လည်း ရောက်ရှိလာကြသည်။ ဆိုဗီယက်လိုလားသော အနောက် ဂျာမန်ကွန်မြူနစ်ပါတီ(ဒီကေပီ)ဝင်များ၊ မတ်ဝါဒ အဖွဲ့ဝင်များ ကလည်း ပူးပေါင်းချီတက်ကြသည်။ ထိုဆန္ဒပြပွဲတွင် ဆိုဗီယက် ဒုံးကျည်များအား ကန့်ကွက်မှု မပါပေ။

အကျယ်အဝန်း။ ။၉၅၈၁၅ စတုရန်းမိုင်။ လူဦးရေ။ ။၆၁၅၆ဝဝဝဝ။ မြို့တော်။ ။ဘွန်းမြို့။


နောက်ပိုင်း၌ ကျင်းပသော ဆန္ဒပြပွဲများတွင်မူ ဆိုဗီယက် လုပ် အက်စအက်စ ၂ဝ တာလတ်ပြေးဒုံးကျည် ထားရှိမှုကိုပါ ကန့်ကွက်ကြသည်။ ဝါဆောစာချုပ်အဖွဲ့ဝင် အရှေ့ဥရောပနိုင်ငံ များ၌ ချထားသည့် ဆိုဗီယက် ဒုံးကျည် အရေအတွက်မှာ ၃၂ဝ ဖြစ်သည်။

အဏုမြူဆန့်ကျင်ရေးဆန္ဒပြပွဲများအပြင် အိုးအိမ်မရှိသူတို့၏ အကြမ်းဖက်မှု၊ ဆန္ဒပြမှုတို့ကိုလည်း ဝန်ကြီး ချုပ်ရှမစ်အစိုးရက ရင်ဆိုင်ခဲ့ရသည်။ ဘရီမင်မြို့တွင် အိုးမဲ့အိမ်မဲ့တို့က အစိုးရပိုင် အိုးအိမ်အဆောက်အအုံ များပေါ်သို့ အတင်းအဓမ္မတက်၍ နေ ထိုင်ကြသည်ကို ရဲအဖွဲ့က လူစုခွဲ၍ ဆွဲထုတ်ကြရသည်။ မြို့ တော်ခန်းမကို ဆန္ဒပြသူတို့က ခဲနှင့်ပေါက်သဖြင့် ရဲကမျက်ရည် ယိုဗုံးနှင့် ရေပိုက်များကို သုံးရလေသည်။ ဟမ်းဘတ်နှင့် အနောက်ဘာလင်တွင်လည်း အလားတူဆန္ဒပြကြသည်။ မိမိတို့၏ စားဝတ်နေရေး မဖူလုံမှုနှင့်ပတ်သက်၍ ငြိမ်းချမ်း စွာ ဆန္ဒပြကန့်ကွက်သူများနှင့်အတူ မျိုးချစ်စိတ်ဓာတ် အစွဲ အလမ်းသန်မှု၊ နိုင်ငံရေးစိတ်ပြင်းထန်မှုတို့ဖြင့် အကြမ်းဖက် တိုက်ခိုက်သူများလည်း တပါတည်းပေါ်ထွက်လာသည်။ ၁၉၈၁ ခု နိုဝင်ဘာလတွင် ဟမ်းဘတ်မြို့နေ သစ်တောဌာန ဝန်ထမ်း ဟိန်းရစ်လင့်ကေးထံမှ သေတ္တာအလုံး ၉ဝ နှင့် ထည့် ထားသော လက်ပစ်ဗုံး၊ သေနတ်၊ ကျည်ဆန်တို့ကို ရရှိလေ သည်။ ထိုလက်နက်များကို မြို့စွန်မြို့ဖျား ၃၃ နေရာခွဲ၍ လျှို့ဝှက်သိုလှောင်ထားရာမှ ဖမ်းဆီးရရှိခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ အကြမ်းဖက်သမိုင်းတွင် အများဆုံးတွေ့ရှိရသော ဤလက်နက်များဖြင့် လင့်ကေး၏ဂိုဏ်း သည် ဒုစရိုက်မျိုးစုံကို ကျူးလွန်ကြရာ ၁၉၈ဝ ပြည့်နှစ်တွင် ၁၅၃၃ မှုကို အရေးယူ အပြစ်ပေးရလေသည်။ ၁၉၈၁ ခုနှစ်တွင် ကာကွယ်ရေးဌာနအတွက် မတ်ငွေသန်း ၄ဝ၅ဝဝ (ဒေါ်လာ ၂ဝ၂၅ဝ သန်း)သုံးရန် အကြံပြုသည်။ ၁၉၈ဝ ပြည့်နှစ်တွင် မတ်ငွေ သန်း ၃၈၈ဝဝ သုံးခဲ့၍ ၄ ဒသမ ၄ ရာခိုင်နှုန်းတိုးလာရန် ဖြစ်သော်လည်း ကက်ဘိနက် အဖွဲ့က ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးရန် ဆုံးဖြတ်သည်။ အေဝက်စခေါ် ကြိုတင်ထောက်လှမ်းရေး လေယာဉ်များကို နေတိုးအဖွဲ့အတွက်ဝယ်ယူရာ၌ အနောက်ဂျာမနီက ၂၈ ရာခိုင် နှုန်းထည့်ဝင်ရသည်။

၁၉၇ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ဝီလီဗရန့် အစပျိုးခဲ့ပြီး နောက် ၁၉၇၂ ခုနှစ်တွင် အကောင်အထည်ပေါ်ခဲ့သော အော့စ ပိုလစ်တစ်ခေါ် အရှေ့နှင့် သဟဇာတဖြစ်စွာဆက်ဆံရေးမူကို မစ္စတာရှမစ်အစိုးရသည် ဆက်လက်ကျင့်သုံးခဲ့သဖြင့် အရှေ့နှင့် အနောက် ခေါင်းဆောင်အချင်းချင်း အတုံ့အပြန်သွားလာ ဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြသည်။

၁၉၈၁ ခုနှစ် နှစ်ဦးပိုင်းတွင် ဝန်ကြီးချုပ် မစ္စတာရှမစ်သည် မော်စကိုသို့သွားရောက်ခဲ့ပြီး ဆိုဗီယက် သမ္မတ ဗရက်ဇညက် နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် ဆိုဗီယက်သမ္မတ ဗရက်ဇညက်သည် ဘွန်းမြို့သို့ လာရောက်ခဲ့ သည်။ ဘွန်းတွင် သုံးရက်ကြာနေထိုင်ပြီး မစ္စတာရှမစ်နှင့် ဆွေး နွေးကြရာ၌ ဒုံးကျည်များချထားခြင်းကိစ္စအပြင် ဓာတ်ငွေ့ပိုက် လိုင်း ဆက်သွယ်ရေးနှင့် စီးပွားရေးကိစ္စများ ပါဝင်သည်။ ဆိုက်ဗေးရီးယားအနောက်ပိုင်းမှ ဥရောပအနောက်ပိုင်းသို့ ပိုက်လိုင်းကြီးများသွယ်၍ သဘာဝဓာတ်ငွေ့များ ပို့မည့်လုပ်ငန်း ကြီးမှာ ဒေါ်လာသန်း ၁၅ဝဝဝ ကုန်မည်ဖြစ်၍ တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာ သန်း ၁ဝ၅ဝဝ ကို အနောက်ဂျာမနီက ၂၅ နှစ်ဝယ်မည်ဟု နှစ်ဘက်စာချုပ်ချုပ်ကြသည်။

ပိုက်လိုင်းသွယ်ရေး၌ လိုအပ်သော ကုန်ကြမ်းကုန်ချောပစ္စည်း များ၊ ကျွမ်းကျင်မှုပညာရပ်များကို ပြည်ထောင်စုသမ္မတဂျာမနီက ရောင်းချပါဝင်သွားရမည်ဖြစ်ရာ ပညာရှင်များနှင့် ကျွမ်းကျင်သူ များ အလုပ်ရရှိကြမည်သာမက တိုင်းပြည်၏ စက်မှုလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းများကိုပါ အထောက်အကူပြုမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနှင့် အရှေ့ဂျာမနီခေါ် ဂျာမန်ဒီမို ကရက်တစ် သမ္မတနိုင်ငံ (ဂျီဒီအာ)တို့၏ ဆက်ဆံရေးမှာလည်း ယခင်နှစ်ကကဲ့သို့ ကောင်းမွန်လျက်ရှိသည်။ အရှေ့ဘာလင်သို့ မစ္စတာရှမစ် သွားမည့်ခရီးစဉ်ကို ပိုလန်အရေးအခင်းကြောင့် ဒီဇင်ဘာလသို့ ရွှေ့ဆိုင်းခဲ့ရသည်။

နှစ်နိုင်ငံ၌ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသမားအချင်း ချင်း လဲလှယ်ခြင်းပြုခဲ့သည်။ မစ္စတာဗရန့် လက်ထက်တွင် နာမည်ကြီးခဲ့သော အရှေ့ဂျာမနီသူလျှို ဂီလွန်းအပါအဝင် အကျဉ်းသမားများကို အနောက်ဂျာမနီက လွှတ်ပေးသကဲ့သို့ အပြန်အလှန်အားဖြင့် အနောက်ဂျာမနီလူမျိုး ၄၃ ဦးကိုလည်း အရှေ့ဂျာမနီက လွှတ်ပေးခဲ့သည်။ [၂]


ဝန်ကြီးချုပ် ဟဲလမွတ်ရှမစ်သည် ၁၉၈၂ ခုနှစ် ဇန္နဝါရီလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက် ခဲ့သည်။ အမေရိကန်သမ္မတ ရေဂင်နှင့်တွေ့ဆုံပြီး ဆိုဗီယက် ပြည်ထောင်စုမှ ဆက်သွယ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကိစ္စ၊ ပိုလန်နိုင်ငံအရေးအခင်း စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ တဖန် ပြင်သစ်နိုင်ငံသို့ ဇန္နဝါရီလ ၁၃ ရက် နေ့တွင် ရောက်ရှိလာရာ ပြင်သစ်သမ္မတ မီးထရောင်းနှင့်တွေ့ဆုံ ၍ နှစ်နိုင်ငံအကျိုးတူကိစ္စများ ဆွေးနွေးခဲ့သည်။ ပိုလန် အရေးအခင်းနှင့် စပ်လျဉ်း၍ မိမိတို့နှစ်နိုင်ငံအတွင်း ကွဲလွဲချက်များမရှိကြောင်း၊ စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန် အတွက် ပိုလန်အစိုးရအားပြောကြားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နှစ်ရက်ကြာ ကျင်းပသော ၃၉ ကြိမ်မြောက် ပြင်သစ်-ဂျာမနီ ထိပ်သီး ညီလာခံသို့ ဝန်ကြီးချုပ် ရှမစ်တက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ် ရှမစ်၏ မူဝါဒနှင့် ဆောင်ရွက်ချက်များအပေါ် အယုံအကြည်ရှိကြောင်း အဆိုကို ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ညွန့်ပေါင်း အစိုးရ ကိုယ်စားလှယ် ၂၆၉ ဦးက ထောက်ခံအားပေးသဖြင့် အဆိုမှာ အနိုင်ရရှိသွားသည်။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)ထိပ်သီး အစည်း အဝေးကို ၁၉၈၂ ခုနှစ် ဇွန်လ ဒုတိယအပတ်အတွင်းက ဘွန်းမြို့တွင်ကျင်းပရာ အဖွဲ့ဝင် ၁၆ နိုင်ငံမှ အစိုးရအဖွဲ့ ခေါင်းဆောင်များ တက်ရောက်သည်။ ဖောက်ကလင်ကျွန်းစု အရေးအခင်းတွင် ဗြိတိန်နိုင်ငံကို ထောက်ခံကြောင်း ကြေငြာ သည်။

ဂျာမနီနိုင်ငံ၏ ငွေပေးငွေယူရှင်းတမ်းတွင် ၁၉၈၁ ခုနှစ် ဇွန်လအထိ လိုငွေဒေါ်လာ ၄၆၃၇ သန်းရှိခဲ့ ရာမှ ၁၉၈၂ ခုနှစ် ဇွန်လတွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၂ဝ၁၆ သန်းခန့် ပိုလာသဖြင့် ကုန်သွယ်ရေး ပိုငွေ ဒေါ်လာသန်း ၇၈၆ဝ ခန့် ရှိလာသည်။ ကုန်သွယ်ရေးပိုငွေ ပြနိုင်ခဲ့သော် လည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့်အတူ ဂျာမနီ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာလည်း ကျဆင်းခဲ့ရသည်။ ဤအခြေအနေတွင် ဂျာမနီနိုင်ငံရေး ပါတီများသည် စီးပွားရေးပြဿနာဖြေရှင်းရန် နည်းလမ်းသစ်များ ရှာဖွေရာ၌ ညီညွတ်မှုမရှိပဲ ပြိုကွဲလာသည်။ အစိုးရအဖွဲ့အတွင်းမှာလည်း စီးပွားရေးမူဝါဒနှင့် စပ်လျဉ်း၍ သဘောကွဲလွဲ အငြင်းပွားမှုများ ပေါ်ပေါက်လာသည်။ ဆိုရှယ်ဒီမိုကရက်တစ်ဝန်ကြီးများက လက်ဝဲဆန်သော ဖြေရှင်းနည်းဖြင့် ဆောင်ရွက်ရန် လိုလားပြီး၊ ခရစ်ယာန်ဒီမိုကရက်တစ် ပါတီဝင်ဝန်ကြီးများက လက်ယာ ဆန်သော ဖြေရှင်းနည်းများကို ဆောင်ရွက်ရန် ကြိုးပမ်း အားထုတ်လိုကြလေသည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဖြစ်နေသော်လည်း ဂျာမနီနိုင်ငံ၏ စီးပွားရေးမှာ ကျပ်တည်းလှသည် မဟုတ်ပဲ တန့်နေသည့် အနေအထားတွင် ရှိသည်။ စီးပွားရေး ပြန်လည် တိုးတက်မှုအတွက် မစ္စတာရှမစ် ဦးဆောင်သည့် ဆိုရှယ် ဒီမိုကရက်ဝန်ကြီးများက အခွန်အကောက်များ တိုးမြှင့်၍ အစိုးရအသုံးစရိတ် ပိုမိုသုံးစွဲခြင်းဖြင့် ပြဿနာကို ဖြေရှင်း လိုခဲ့သည်။ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ တိုးပေးပြီး အလုပ်သမား သမဂ္ဂများနှင့် နှစ်ဦးနှစ်ဝ ညိ|နှိုင်းသဘောတူညီမှု ပြုလုပ်ထားလိုသည်။ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂင်ရှာ (လွတ်လပ်သော ဒီမိုကရက်တစ်ပါတီခေါင်းဆောင်)ဦးဆောင် သော ဝန်ကြီးများက ပုဂ္ဂလိကလုပ်ငန်းရှင်များအား မက်လုံး ကောင်းကောင်းပေးကာ အလုပ်အကိုင်သစ်များ တိုးချဲ့ဖော်ထုတ် ပြီး စီးပွားရေးပြဿနာကို ဖြေရှင်းလိုကြသည်။ မစ္စတာဂင်ရှာက စီးပွားရေးမူဝါဒများ ပြောင်းလဲရေး အကြံပြုချက်များကို မိမိ ပါတီသို့ စာရေးတင်ပြခဲ့ရာမှ ဝန်ကြီးချုပ်နှင့် သဘောကွဲလွဲမှု စတင်ခဲ့သည်။

၁၉၈၂ ခုနှစ် စက်တင်ဘာလတွင် လွတ်လပ်သော ဒီမိုကရက်တစ်ပါတီဝင်ဖြစ်သူ စီးပွားရေးဝန်ကြီး လင်းစဒေါ့က မစ္စတာဂင်ရှာ့စာနှင့် တသဘောတည်းတူညီသော စာတစောင်ကို ဝန်ကြီးချုပ်ထံ တင်ပြပြန်သည်။ စီးပွားရေးပြုပြင်ရန် အကြံပေး ချက်များကို မစ္စတာရှမစ်က ပယ်ချလိုက်ရာ ညွန့်ပေါင်းအစိုးရ အဖွဲ့အတွင်းမှ မစ္စတာဂင်ရှာနှင့် လင်းစဒေါ့ အပါအဝင် လွတ်လပ်သော ဒီမိုကရက်တစ်ပါတီဝင် ဝန်ကြီးလေးဦးတို့ နုတ်ထွက်သွားခဲ့သဖြင့် ညွန့်ပေါင်းအစိုးရ အဆုံးသတ်သွား သည်။

ထို့ကြောင့် ဝန်ကြီးချုပ်က အစိုးရသစ်ဖွဲ့စည်းနိုင်ရန် ရွေးကောက်ပွဲအသစ်ကျင်းပရန် တင်ပြသည်။ ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ ပါတီခေါင်းဆောင် ဟဲလမွတ်ခိုးလ်နှင့် လွတ်လပ်သော ဒီမိုကရက်တစ် ပါတီခေါင်းဆောင်ဂင်ရှာတို့က ရွေးကောက်ပွဲသစ် ကျင်းပရေးအဆိုကို ပယ်ချခဲ့သည်။ ဂျာမနီနိုင်ငံ၏ ဖွှုဲစည်းပုံအခြေခံဥပဒေအရ ပါလီမန်တွင် ဝန်ကြီးချုပ်ဖြစ်ရန် ထောက်ခံမဲအလုံအလောက် ရှိသူတဦးက လက်ရှိ ဝန်ကြီးချုပ်အား အယုံအကြည်မရှိအဆိုကို တင်သွင်း၍ ဖြုတ်ချနိုင်ခွင့်ရှိသည်။ ထို့ကြောင့် မစ္စတာခိုးလ်နှင့် မစ္စတာ ဂင်ရှာတို့ ခေါင်းဆောင်နှစ်ဦး စေ့စပ်ညိ|နှိုင်းကြပြီး ဝန်ကြီး ချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်း၍ ဖြုတ်ချကာ ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောတူညီမှု ရယူခဲ့ကြသည်။ လွတ်လပ်သော ဒီမိုကရက်တစ်ပါတီခေါင်းဆောင် မစ္စတာ ဂင်ရှာနှင့် ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ ပါတီခေါင်းဆောင် မစ္စတာခိုးလ်တို့က မိမိတို့နှစ်ပါတီ ညွန့်ပေါင်းဖွဲ့လိုက်ပြီး ဖြစ်ကြောင်း ၁၉၈၂ ခု စက်တင်ဘာလ ၂၈ ရက် နေ့တွင် ကြေငြာချက်တရပ် ထုတ်ပြန်ခဲ့သည်။

ညွန့်ပေါင်းအဖွဲ့သစ်က အပြုသဘောဆောင်သည့် အယုံ အကြည်မရှိ အဆိုဟု အမညေ်းထားသည့် ထိုအဆိုတွင် ပါလီမန်သည် လက်ရှိ ဝန်ကြီးချုပ်အား အယုံအကြည်မရှိတော့ ကြောင်းနှင့် ပါလီမန်အမတ်တဦး ဖြစ်သူ ဒေါက်တာဟဲလမွတ် ခိုးလ်ကို ရာထူးဆက်ခံသူအဖြစ် ရွေးချယ်တင်မြေ|ာက်ကြောင်း၊ သမ္မတက ဝန်ကြီးချုပ်အား ရာထူးမှ ထုတ်ပယ်ရန် မေတ္တာ ရပ်ခံကြောင်း ဖော်ပြထားသည်။

၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အထက်ပါ အဆိုကို ပါလီမန်၌ မဲခွဲရာ ကိုယ်စားလှယ် ၄၉၇ ဦးအနက် ၂၅၆ ဦးက ထောက်ခံမဲပေးခဲ့သောကြောင့် အယုံအကြည်မရှိ အဆိုကို အောက်ပါလီမန်က အတည်ပြုလိုက်သည်။ ထို့ကြောင့် အက်စဒီပီ ဝန်ကြီးချုပ် ရှမစ်အား ဒီမိုကရက်တစ် ယူနီယံပါတီ ခေါင်းဆောင် ဟဲလမွတ်ခိုးလ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြေ|ာက်လိုက်ကြောင်း ပါလီမန်ဥက္ကဋ္ဌက ကြေငြာသည်။ အနောက် ဂျာမနီနိုင်ငံ၏ ၃၃ နှစ်တာ သမိုင်းစဉ် တလျှောက်တွင် ပါလီမန်က လက်ရှိဝန်ကြီးချုပ်အား ဖယ်ရှား သည်မှာ ယခုပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ထို့ကြောင့် ရှစ်နှစ်ခွဲမျှ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဟဲလမွတ်ရှမစ်သည် လက်ရှိရာထူးမှ နုတ်ထွက်ပေးလိုက်ရ သည်။

ဝန်ကြီးချုပ်သစ်က ရွေးကောက်ပွဲကို ၁၉၈၃ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျင်းပမည်ဟုကြေငြာသည်။ ဝန်ကြီးချုပ်သစ် ဟဲလမွတ်ခိုးလ်သည် ဝန်ကြီးအဖွဲ့သစ်ကို ဖွဲ့စည်းရာတွင် ဝန်ကြီး ၁၈ နေရာရှိသည့်အနက် ၁ဝ နေရာကို မိမိတို့ ပါတီဝင်အမတ်များအားလည်းကောင်း၊ လေးနေရာကို လွတ်လပ်သော ဒီမိုကရက်တစ် အမတ်များအား လည်းကောင်း၊ ကျန်လေးနေရာကို ခရစ်ယာန်ယူနီယံအမတ်များအား လည်းကောင်း ခွဲဝေခန့်အပ်ခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးရာထူးကို မစ္စတာဂင်ရှာကို လည်းကောင်း၊ စီးပွားရေးဝန်ကြီးရာထူးကိုလည်း ယခင်က စီးပွားရေးဝန်ကြီး ဟောင်း အောတိုလင်းစဒေါ့ကို လည်းကောင်း ပေးအပ်သည်။ ဥရောပစည်းလုံးညီညွတ်ရေးနှင့် အမေရိကန်ပြည်ထောင် စုနှင့် ဆက်ဆံမှုတိုးမြှင့်ရေးတို့သည် အနောက် ဂျာမနီအစိုးရ အနေဖြင့် အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်ပြီး ဆိုဗီယက်ဓာတ်ငွေ့ပိုက်လိုင်းကိစ္စနှင့် ပတ်သက်၍ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုတို့ ပေါ်ပေါက်နေသည့် ပြဿနာကိုမူ လက်ရှိ ဆိုဗီယက်နှင့် ချုပ်ဆိုထားသော ပိုက်လိုင်းတည်ဆောက် ရေး သဘောတူညီချက်ကို လိုက်နာမည်ဖြစ်ကြောင်း၊ သို့သော် မိမိအစိုးရသည် အမေရိကန်အစိုးရနှင့်အငြင်းပွားရသည့် ပြဿနာမျိုးတွင် နောက်တကြိမ် ပါဝင်ပတ်သက်ခွင့် ပေးတော့ မည်မဟုတ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံ ရာတွင် အမေရိကန်အစိုးရအပေါ်မှီခိုခြင်း မပြုပဲ မိတ်ဆွေဖြစ် ချစ်ကြည်မှုနှင့် စီးပွားဖက်ဖြစ်မှုကို အခြေခံလိုကြောင်း၊ ဆိုဗီယက်အပါအဝင် အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံများနှင့် ဆက်ဆံရေးတွင် ကုန်သွယ်မှု၌ အားထားရသော စီးပွားဖက် ဖြစ်စေမည်ဖြစ်ကြောင်းဖြင့် အစိုးရ၏ နိုင်ငံခြားရေးဝါဒ သဘောထားကို မစ္စတာခိုးလ်က ကြေငြာသည်။

မစ္စတာခိုးလ်သည် ဝန်ကြီးချုပ်ရာထူး လက်ခံသည့်နေ့မှာပင် ပြင်သစ်နိုင်ငံသို့ သွားရောက်၍ ပြင်သစ်သမ္မတ ဖရန်စွာ မီးထရောင်းနှင့် တွေ့ဆုံသည်။ ပြင်သစ်-ဂျာမန် ချစ်ကြည်မှု သည် စစ်ပြီးခေတ် ဂျာမနီ ပြည်ထောင်စုအတွက် အရေးအကြီး ဆုံးသော အောင်မြင်မှုတရပ်ပင် ဖြစ်ကြောင်း ကြေငြာသည်။ ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ဆိုဗီယက် ပြည်ထောင်စုမှ အနာက်ဥရောပသို့ ဆက်သွယ်မည့် ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းအတွက် စက်ပစ္စည်း ကိရိယာများ တင်ပို့ ရောင်းချပေးခဲ့ခြင်းကို တုံ့ပြန်သောအားဖြင့် အမေရိကန်အစိုးရက အနောက်ဂျာမနီမှ ကုမ္ပဏီလေးခုသို့ ကုန်ပစ္စည်းတင်ပို့ ရောင်းချမှုကို ပိတ်ပင်တားမြစ်ကြောင်း ကြေငြာသည်။

အနောက်ဂျာမနီ သမ္မတကားကာစတင်သည် တရုတ်နှင့် အနောက်ဂျာမနီဆက်ဆံမှု တည်ဆောက်ခဲ့သည့် ဒဿမအကြိမ် မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သှုူ့ သမ္မတနိုင်ငံတွင် ရက်သတ္တပတ်ကြာ လည်ပတ်ရန်အတွက် ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ပီကင်းမြို့သို့ ရောက်ရှိလာသည်။ ဝန်ကြီးချုပ် ဟဲလမွတ်ခိုးလ်သည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် လန်ဒန်မြို့သို့ သွားရောက်ပြီး ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက်ချာနှင့် တွေ့ဆုံလျက် နေတိုးအဖွဲ့ လက်နက် ဖျက်သိမ်းရေးကိစ္စ၊ ဥရောပ ဘုံဈေးအဖွဲ့ကိစ္စ၊ အမေရိကန် ဥရောပ ဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးသည်။

အမေရိကန်-ဂျာမန်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်လျက် ဝန်ကြီးချုပ် ဟဲလမွတ်ခိုးလ်နှင့် အမေရိကန် သမ္မတရေဂင်တို့၏ ဆွေးနွေးပွဲကို အိမ်ဖြူတော်တွင် ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပသည်။ မစ္စတာခိုးလ်သည် ၁၉၈၃ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံမြေ၌ နေတိုးအဖွဲ့၏ ပါရှင်း-၂နှင့် ကရုဇ်ဒုံးပျံများ ခင်းကျင်းချထားရေးကို ခြွင်းချက်မရှိထောက်ခံသည်။

ရထားပို့ဆောင်ရေးလုပ်ငန်း တိုးတက်ခေတ်မီရေးအတွက် တီထွင်ကြံဆမှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိရာတွင် ပိုမိုလျင်မြန်၍ စိတ်ချရသော နောက်ဆုံးပေါ် သံလိုက်ရထားကို ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံက တီထွင်လိုက်သည်။ ယင်းသံလိုက်ရထားကို အစိုးရ၏ အားပေးကူညီမှုဖြင့် စက်မှုလုပ်ငန်းရှင် တစုက စမ်းသပ်မှုအတွက် ဒေါ်လာ သန်းပေါင်း ၁၈ဝ ကျော် ကုန်ကျခဲ့သည်။ ထရန့်ရက်ပစ်ခေါ် ဂျာမန် သံလိုက်ရထားသည် သံလိုက်ဆွဲငင်အားကို အသုံးပြုပြီး တနာရီလျှင် မိုင် ၂၅ဝ အမြန်နှုန်း ခုတ်မောင်းနိုင်လေသည်။

အကျယ်အဝန်း။ ။၉၆ဝ၁၁ စတုရန်းမိုင်၊ လူဦးရေ။ ။၆၁၃၅ဝဝဝဝ၊ မြို့တော်။ ။ဘွန်းမြို့။ [၃]

ဝန်ကြီးချုပ် ဒေါက်တာ ဟဲလမွတ်ခိုးလ် ဦးဆောင်သော ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံပါတီ(စီဒီယူ)၊ ဖရန့်ဂျိုးဆက် စထရောက် ဦးဆောင်သော ခရစ်ယာန် ဆိုရှယ် ယူနီယံပါတီ (စီအက်စ်ယူ)နှင့် ဟန်စဒီထရစ်ဂင်ရှာ ဦးဆောင်သော ဖရီး ဒီမိုကရက်တစ်ပါတီ (အက်ဖ်ဒီပီ) ညွန့်ပေါင်း အစိုးရအဖွဲ့ကို နိုင်ငံတစ်ဝန်းက ထောက်ခံကြောင်း အတည်ပြုချက် ရယူရန် အထွေထွေ ရွေးကောက်ပွဲကို အချိန်စော၍ ကျင်းပလိုသည်ဟု ဒေါက်တာခိုးလ်က ကြေငြာသည်။ ပုံမှန် ရွေးကောက်ပွဲသည် ပါလီမန် လေးနှစ်သက်တမ်းစေ့ရောက်မည့် ၁၉၈၄ ခုနှစ်တွင် ကျင်းပရမည်ဖြစ်သည်။ ၁၉၈၂ ခုနှစ် ဒီဇင်ဘာတွင် ပါလီမန်၌ ခိုးလ် အစိုးရအပေါ် အယုံအကြည်ရှိကြောင်း အဆိုတစ်ရပ် တင်သွင်းကာ အာဏာရ ပါတီဝင်များက တစ်မင် မဲမပေးဘဲ နေလိုက်ကြပြီး ယင်းအဆိုကို အရေးနိမ့်စေခဲ့သည်၊ ဤသို့ဖြင့် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုပ်မ ၆၈ အရ အောက်လွှတ်တော်ကို ၁၉၈၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖျက်သိမ်း၍ အထွေထွေ ရွေးကောက်ပွဲကို မတ်လ ၆ ရက်နေ့တွင် ကျင်းပခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဝီလီဘရန့်သည်လည်း နိုင်ငံရေး လိပ်ခဲတည်းလည်းဖြစ်နေခြင်းကို ဖြေရှင်းရန် ၁၉၇၂ ခုနှစ်တွင် ဤနည်းကို ကျင့်သုံးဖူးသည်။ ဝန်ကြီးချုပ် ရှမစ်သည် ဤ နည်းကို ၁၉၈၂ ခုနှစ် စက်တင်ဘာလတွင် ကျင့်သုံးရန် ကြိုး ပမ်းခဲ့သော်လည်း အတိုက်အခံ စီဒီယူပါတီက တင်သွင်းသော အယုံအကြည်မရှိအဆိုကို ရှုံးနိမ့်ခဲ့သဖြင့် အခြေခံ ဥပဒေပုဒ်မ ၆၇ အရ ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။

အကျယ်အဝန်း။ ။၉၆ဝ၁၁ စတုရန်းမိုင် လူဦးရေ။ ။၆၁၇ဝဝဝဝဝ မြို့တော်။ ။ဘွန်းမြို့


မတ်လ ၆ ရက်နေ့တွင် ကျင်းပသော အထွေထွေ ရွေး ကောက်ပွဲ၌ စီဒီယူနှင့် စီအက်စ်ယူ ညွန့်ပေါင်းအဖွဲ့သည် ထောက်ခံမဲ ၄၈ ဒသမ ၈ ရာခိုင်နှုန်း ရရှိ၍ အောက်လွှတ် တော်နေရာ ၄၉၈ နေရာအနက် ၂၄၄ နေရာကို အနိုင်ရရှိသည်။ ၁၉၈ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၄၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၂၆ နေရာသာ အနိုင်ရရှိခဲ့သည်နှင့် နှိုင်းစာလျှင် ပိုမို တိုးတက်လာသည်။ ဟန့်စယိုရှင်းဖိုဂဲ ခေါင်းဆောင်သော ဆိုရှယ်လစ် ဒီမိုကရက်တစ်ပါတီ (အက်စ်ဒီပီ)သည် ၁၉၈ဝ ပြည့်နှစ်က ထောက်ခံမဲ ၄၂ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၁၈ နေရာ အနိုင်ရရှိခဲ့သော် ယခုနှစ်တွင် ထောက်ခံမဲ ၃၈ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၁၉၃ နှင့်သာ အနိုင်ရရှိသည်။ အက်စ်ဒီပီ သည် ၁၉၆၉ ခုနှစ်မှ ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့ထိ အစိုးရဖွဲ့နိုင်ခဲ့သော အာဏာရ အဓိကပါတီကြီး ဖြစ်ခဲ့ သည်။ ၁၉၈ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၁ဝ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၅၃ နေရာ အနိုင်ရရှိခဲ့သော ဖရီး ဒီမိုကရက်တစ်ပါတီ (အက်ဖ်ဒီပီ)သည် ယင်း ရွေးကောက်ပွဲ တွင် ထောက်ခံမဲ ၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၃၄ နေရာသာ အနိုင်ရရှိသည်။ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်သော ဂရင်း ပါတီသည် ထောက်ခံမဲ ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၇ နေရာ ကို အနိုင်ရရှိသည်။

ဒေါက်တာခိုးလ်သည် မတ်လ ၂၃ ရက်နေ့တွင် ညွန့်ပေါင်း အစိုးရအဖွဲ့သစ်ကို ဝန်ကြီး ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ ၁၄ ဦးသည် ယခင် ဝန်ကြီးနေရာများကို ဆက်လက် တာဝန်ယူ သည်။ စီဒီယူက ဝန်ကြီး ရှစ်နေရာ၊ ဒီအက်စ်ယူက ဝန်ကြီး ငါးနေရာနှင့် အက်ဖ်ဒီပီပါတီက ဝန်ကြီး သုံးနေရာ အသီးသီး ခွဲဝေယူသည်။ အက်ဖ်ဒီပီ ခေါင်းဆောင် မစ္စတာ ဂင်ရှာသည် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ၁၉၇၅ ခုနှစ်မှစ၍ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ စီအက်စ်ယူ ခေါင်း ဆောင် မစ္စတာစထရောက်သည် ဒေါက်တာခိုးလ်၏ ညွန့်ပေါင်း အစိုးရအဖွဲ့တွင် ဝန်ကြီးရာထူးနေရာကို လက်မခံကြောင်း မတ်လ ၂၁ ရက်နေ့ တွင် ကြေငြာခဲ့သည်။

အနောက်ဂျာမနီနိုင်ငံတွင် ထင်ရှားသော စတန်းမဂ္ဂဇင်းသည် အဲဒေါ့ ဟစ်တလာ၏ နေ့စဉ်မှတ်တမ်း ၆၂ တွဲကို ရရှိထား သည်ဟု ၁၉၈၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့၌ သတင်း ဖော်ပြ သည်။ ယင်းမှတ်တမ်းများကို ၁၉၃၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ မှ ၁၉၄၅ ခုနှစ် ဧပြီလ လလယ်ပိုင်းအထိ ရေးသားထား ကြောင်း နာဇီ ခေါင်းဆောင်တစ်ဦးဖြစ်သော ရူးဒေါ့ ဟက်စ် ဗြိတိန်နိုင်ငံသို့ ၁၉၄၁ ခုနှစ် မေလတွင် ထွက်ပြေးခြင်းနှင့် ဟစ်တလာကို ၁၉၄၄ ခုနှစ် မေလတွင် ဗုံးထောင် လုပ်ကြံရန် ကြံစည်ခြင်းတို့ကို သီးခြား နှစ်တွဲ ရေးသားထားကြောင်း ကြေငြာသည်။ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော လက်ရေး ပါရဂူများနှင့် သမိုင်းပညာရှင်များက ယင်းမှတ်တမ်းများ စစ် မှန်ကြောင်း ထောက်ခံထားသည်ဟု ဆိုသည်။ ဆန်းဒေးတိုင်း သတင်းစာက ယင်းနေ့စဉ်မှတ်တမ်းများမှ ကောက်နုတ်ချက် များကို ဧပြီလ ၂၄ ရက်နေ့တွင် အဂ‡လိပ်ဘာသာဖြင့် စတင် ဖော်ပြသည်။ ထိုကောက်နုတ်ချက်များအတွက် ဒေါ်လာ ၄ဝဝဝဝဝ ကို စတန်းမဂ္ဂဇင်းအား ပေးချေသည်။ သမိုင်း ပညာရှင် လော့ဒေးကားက ယင်းမှတ်တမ်းများ အစစ်အမှန် ဖြစ်ကြောင်း အစပိုင်းတွင် ထောက်ခံခဲ့သည်ဟု ဆိုသော်လည်း ဧပြီလ ၂၅ ရက်နေ့တွင် ထောက်ခံမှုကို ရုပ်သိမ်းသည်။ စတန်း မဂ္ဂဇင်းကမူ အစစ်အမှန် ဖြစ်ကြောင်း မေလဆန်းပိုင်းအထိ အခိုင်အမာဆိုနေသော်လည်း အနောက်ဂျာမနီအစိုးရ မော်ကွန်း တိုက်သို့ အတွဲ ခုနစ်တွဲ ပေးပို့၍ စစ်ဆေးမှု ခံယူရန် သဘော တူခဲ့သည်။

ယင်းမှတ်တမ်းများသည် ဖြစ်ကတတ်ဆန်း လုပ်ထားသော အတုများသာဖြစ်သည်ဟု အစိုးရမှတ်တမ်းများ ဌာနက မေလ ၆ ရက်နေ့တွင် ကြေငြာသည်။ စက္ကူ၊ မင်၊ ကော်နှင့် စာအုပ် ချုပ် ကြိုးများသည် စစ်ပြီးခေတ်တွင် ထုတ်လုပ်သော ပစ္စည်း များသာဖြစ်သည်ဟု မှတ်ချက်ချသည်။ စတန်း မဂ္ဂဇင်းတိုက် သည် နယူးတိုင်း သတင်းစာတိုက်အား ငွေပြန်ပေးသည်။ ကောက်နုတ်ချက် ထုတ်ဝေမှု ရပ်ဆိုင်းလိုက်သည်။ ယင်း မှတ် တမ်းများကို ယူလာသူ စာနယ်ဇင်းသမား ဂဲ့ဟိုက်ဒမန်းကို ဖြုတ်ပစ်သည်။ ယင်းမှတ်တမ်းများအတွက် ပေးချေခဲ့ရသည် ဆိုသော ဒေါ်လာ ၂ဝဝဝဝဝဝ ကို လိမ်လည်မှုဖြင့် တရားစွဲဆို သည်။ အမှုဆောင်အယ်ဒီတာနှစ်ဦး နုတ်ထွက်ရသည်၊ တည် ထောင်သူနှင့် အယ်ဒီတာချုပ် ဟင်နရီနန်နင်က အများပြည်သူ သို့ တောင်းပန်ချက်ကို မေလ ၁၉ ရက်နေ့တွင် စတန်းမဂ္ဂဇင်း ၌ ထည့်သွင်းဖော်ပြသည်။ ယင်းမှတ်တမ်းများကို အရှေ့ဂျာမနီ တွင် ကွန်မြူနစ်များက ဖန်တီးတင်သွင်းလာသည်ဟု အနောက် ဂျာမနီ သတင်းစာများက ရေးသားဖော်ပြသည်။ ယင်း နေ့စဉ် မှတ်တမ်း ပြဿနာပေါ်ပေါက်နေစဉ် အရှေ့ဂျာမနီ အာဏာရ ဂျာမန် ဆိုရှယ်လစ် ညီညွတ်ရေး ပါတီ (အက်စ်အီးဒီ) ပထမ အတွင်းရေးမှူး အီးရစ် ဟွန်းနက်ကားသည် အနောက်ဂျာမနီ နိုင်ငံတွင် ဟဲလမွတ် ခိုးလ်နှင့် တွေ့ဆုံရန် အစီအစဉ်ကို ရွှေ့ဆိုင်းကြောင်း ဧပြီလ ၂၈ ရက်နေ့တွင် ကြေငြာသည်။ ပြင်သစ် သမ္မတ မီးထရောင်းသည် ၁၉၈၃ ခုနှစ် ဇန်နဝါရီ လတွင်လည်းကောင်း၊ ဆိုဗီယက် နိုင်ငံခြားရေးဝန်ကြီး ဂရိုမီကို သည်လည်း ထိုလတွင်ပင်လည်းကောင်း၊ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ရှာမီးယားသည် ဖေဖော်ဝါရီလတွင်လည်းကောင်း၊ ဂျော်ဒန်ဘုရင် ဟူစိန်သည် မတ်လတွင်လည်းကောင်း၊ ဒိန်းမတ် နိုင်ငံ ဝန်ကြီးချုပ် ပိုက်ရှုတ်တာသည် ဧပြီလတွင်လည်းကောင်း၊ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဝိုင်းဘာဂါသည် မေလတွင် လည်းကောင်း ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသို့ လာရောက် လည်ပတ်သည်။

ဆအူးဒီအာရေဗျနိုင်ငံ စစ်ဘက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သည် ၁၉၈၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံသို့ လာရောက်၍ ကြည်း၊ ရေ၊ လေ လက်နက်ကိုင် တပ်ဖွဲ့များ၏ အဆောက်အအုံများနှင့်တကွ လက်နက်ထုတ်လုပ် သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှု လေ့လာသည်။ ဆအူးဒီ အာရေဗျနိုင်ငံသို့ လက်နက်များ ရောင်းချမည့် အလား အလာကို ကန့်ကွက်ဆန့်ကျင်နေကြသည့် ကြားမှပင် ဆအူးဒီ အာရေဗျ စစ်ဘက်ကိုယ်စားလှယ်အဖွဲ့က လာရောက်လည်ပတ် ကြည့်ရှုခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ခိုးလ်သည် ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလနှင့် ဧပြီလများတွင် ဗြိတိန်နိုင်ငံသို့ လည်းကောင်း၊ ဧပြီလတွင် အမေရိကန်ပြည်ထောင်စုသို့လည်းကောင်း၊ ဇူလိုင်လတွင် ဆိုဗီယက်ပြည်ထောင်စုလည်းကောင်း၊ အောက်တိုဘာလတွင် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများဖြစ်သော ဂျော်ဒန်၊ အီဂျစ်နှင့် ဆအူးဒီအာရေဗျနိုင်ငံများသို့ လည်းကောင်း ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ [၄]

ပြည်ထောင်စုသမ္မတ ဂျာမဏီနိုင်ငံတွင် ရှတုဂတ်မြို့မြောက်ဘက် ၂၅ မိုင်အကွာ ရက်လိပ်စစ်စခန်းတွင် ၁၉၈၅ ခုနှစ်ဇန္နဝါရီလ ၁၁ ရက်နေ့က ပါရှင်း ၂ ဒုံးပျံမီးလောင်ရာ အမေရိကန် စစ်သားသုံးဦးသေဆုံး၍ ခုနစ်ဦးဒဏ်ရာရသည်။ ယင်းဒုံးပျံတွင် နျူးကလီးယားထိပ်ဖူး တပ်ဆင် ထားခြင်းမရှိသေးဟု ဆိုသည်။ နျူးကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော အမေရိကန်လုပ် ပါးရှင်း ၂ ဒုံးပျံများကို ၁၉၈၃ ခုနှစ် ဒီဇင်ဘာလမှစ၍ အနောက်ဂျာမနီတွင် ထားရှိရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း ၁ဝ၈ ခုထားရှိရန် ရှိသည့် အနက် မီးလောင်မှု ဖြစ်ပွားချိန်တွင် ၆ဝ ခန့်ထားရှိပြီး ဖြစ်သည် ဟုဆိုသည်။ ယင်းဒုုံးပျံများကို ရက်လိပ်စခန်းတည်ရှိရာဘာဒင်-ဗျူတင်းဗဲ့ ပြည်နယ်အတွင်း၌ လုံးဝခြင်း မပြုရန် လူ ၁ဝဝဝဝဝ လက်မှတ် ရေးထိုးထားသော ပန်ကြားချက် တစ်စောင်ကို ဒုံးပျံဆန့်ကျင်ရေး အုပ်စု တစ်စုက ထုတ်ပြန်ခဲ့ သည်။ အရှေ့ဥရောပတွင် ဆိုဗီယက် အက်စ် အက်စ် ၂ဝ ဒုံးပျံ များ ဖြန့်ထားခြင်းကို တန်ပြန်ရန် ပါရှင်း ၂ ဒုံးပျံများကို အနောက်ဥရောပတွင် ထားရှိမည်ဟု အမေရိကန်ပြည်ထောင်စုက စီစဉ်ခဲ့ ခြင်းဖြစ်သည်။

အနောက်ဂျာမနီနိုင်ငံ၌ ခိုလှုံခွင့်တောင်းသူပေါင်းသည် ၁၉၈၄ ခုနှစ် ပထမ ၁၁ လအတွင်းမှာပင် ၂၈၇ဝဝ ဦးရှိ၍ ယင်းတို့အနက် သုံးပုံတစ်ပုံကျော်သည် အနောက်ဘာလင် မြို့တွင် ခိုလှုံခွင့် တောင်းခဲ့ခြင်း ဖြစ်ကြောင်း ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ကြော်ငြာခဲ့သည်။ ၁၉၈၄ ခုနှစ် တစ်နှစ်လုံးတွင် ၃၅ဝဝဝ နီးပါးရှိရာ ၁၉၈၃ ခုနှစ်ထက် ၇ဝ ရာခိုင်နှုန်း တိုးလာကြောင်း၊ သို့သော် ၁၉၈၂ ခုနှစ်က လျှောက် ထားသော အရေအတွက် ၁ဝဝဝဝဝ ကိုမူ မမီသေးကြောင်းဖြင့် ပြည်ထောင်စုဂျာမနီနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနက ကြော်ငြာ သည်။ ဧည့်နိုင်ငံသား အလုပ်သမားများကို ၁၉၈၃ ခုနှစ် နှစ်လယ်မှစ၍ ဌာနေနိုင်ငံရင်းသို့ ပြန်သွားကြရန် ဖိအားပေးခဲ့ ရာ ၁၉၈၄ ခုနှစ် ဩဂုတ်လတွင် အနောက်ဂျာမနီရှိ နိုင်ငံခြား သားဦးရေသည် ၄၄ဝဝဝဝဝ အောက်သို့ ရောက်ရှိသွားခဲ့သည်။

၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၉၈၄ ခုနှစ် ဩဂုတ်လအထိ ဧည့်နိုင်ငံသားအလုပ်သမားများ ထွက်ခွာရေး ကိစ္စနှင့် စပ်လျဉ်း၍ ဂျာမန်မတ်ငွေသန်း ၁၇ဝဝ အကုန် အကျခံခဲ့သည်ဟု ဆိုသည်။ ခိုလှုံခွင့်တောင်းသူဦးရေ ပိုမိုများ ပြားလာခြင်းမရှိစေရန် ခိုလှုံခွင့် ပေးရေးအတွက် လက်ရှိ တည်ဆဲလုပ်ထုံး လုပ်နည်းများကို အစိုးရအဖွဲ့က ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစ၍ ပြန်လည်သုံးသပ်မှုများ ပြုလုပ်သည်။

မဟာမိတ်တပ်များ ဥရောပတွင် အောင်ပွဲခံသည့်နေ့ (ဗွီအီးနေ့) အကြိမ် ၄ဝ မြောက် အခမ်းအနားကို ၁၉၈၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ဂျာမန်လွှတ်တော်နှစ်ရပ်ပေါင်းအစည်း အဝေး၌ ကျင်းပရာ သမ္မတ ရစ်ချတ် ဖွန်ဗိုက်ဆက်ကာက မိန့်ခွန်းပြောကြားသည်။ ထို့ပြင် ဘဲရဂင်-ဘယ်လဆင်အကျဉ်း စခန်း လွတ်မြောက်သည့် နှစ် ၄ဝ မြောက်အခမ်းအနားကို ဧပြီလ ၂၂ ရက်နေ့က ထိုအကျဉ်းစခန်းတည်ရှိခဲ့ရာ နေရာ၌ ကျင်းပ၍ အနောက်ဂျာမနီဝန်ကြီးချုပ် ဟဲလမွတ်ခိုးလ် တက် ရောက်သည်။ မေလ ၅ ရက်နေ့ ကလည်း ဝန်ကြီးချုပ် ဒေါက်တာခိုးလ်သည် အမေရိကန်ပြည်ထောင်စု သမ္မတရော်နယ် ရေဂင်နှင့်အတူ ဘစ်ဘတ်စစ်သင်္ချိုင်းနှင့် ဘယ်လဆင် အကျဉ်း စခန်းတို့သို့ သွားရောက်ခဲ့သည်။ ဘစ်ဘတ်စစ်သင်္ချိုင်း၌ ဒုတိယကမ္ဘာစစ်အတွင်းက အက်စ်အက်စ်ခေါ် နာဇီထောက်လှမ်း ရေးအဖွဲ့ဝင်များကို မြှုပ်နှံထားသဖြင့် ယင်းသင်္ချိုင်းသို့ သွား ရောက်ခြင်းမပြုရန် အမေရိကန်ဂျူးလူမျိုးများက တားမြစ်နေ သည့်ကြားမှ မူလအစီအစဉ် အတိုင်း သွားရောက်ခဲ့သော သမ္မတရေဂင်ကို ဒေါက်တာခိုးလ်က ချီးကျူးခဲ့သည်။ ယင်းကိစ္စ နှင့်စပ်လျဉ်း၍ မေလ ၁၅ ရက်နေ့တွင် ပါလီမန်၌ အစိုးရ အဖွဲ့ဝင်များနှင့် အတိုက်အခံပါတီများအကြား အပြင်းအထန် ငြင်းခုံ မှု ပေါ်ပေါက်ခဲ့ရသည်။

အနောက်ဂျာမနီနိုင်ငံ တန်ပြန် ထောက်လှမ်းရေးအဖွဲ့က အရှေ့ဂျာမနီရေးရာဌာန အကြီးအကဲတစ်ဦးဖြစ်သူ ဟန့်စ်ယို ရှင်းတီဂဲသည် အရှေ့ဂျာမဏီနိုင်ငံသို့ ထွက်ပြေးကာနိုင်ငံရေး ခိုလှုံခွင့် တောင်းခံသွားကြောင်းဖြင့် အနောက်ဂျာမနီအစိုးရက ၁၉၈၅ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် ကြော်ငြာသည်။ ထိုကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ထောက်လှမ်းရေးဌာနချုပ် အကြီးအကဲ ဟယ်ရီဘတ်ဟယ်လင်ဘရွိုက်ရှ်ကို ရာထူးမှ အငြိမ်းစားပေးလိုက်သည်။ ဟယ်လင်ဘရွိုက်ရှ်သည် တန်ပြန် ထောက်လှမ်းရေး အဖွဲ့ဖြစ်သော အခြေခံဥပဒေကာကွယ် စောင့်ရှောက်ရေးအဖွဲ့(အိုပီစီ)၏ အကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့ရာမှ လွန်ခဲ့သောနှစ်လကမှ ထောက်လှမ်း ရေးဌာနချုပ်အကြီးအကဲရာထူး ရရှိခဲ့ခြင်းဖြစ်သည်။ ဟယ်လင် ဘရွိုက်ရှ်၏ရာထူးကို နေတိုးအဖွဲ့ဆိုင်ရာ သံအမတ်ကြီးဖြစ်သော ဝါရင့်သံတမန် ဟန့်စ်ဂျော့ဗိခ်က ဆက်ခံလိုက်သည်။ အိုပီစီသို့ ၁၉၆၆ ခုနှစ်မှစ၍ ဝင်ရောက်အမှုထမ်းခဲ့သော တီဂဲသည် အရှေ့ဂျာမနီကို တန်ပြန်ထောက်လှမ်းသည့် လုပ်သက် တစ်လျှောက်လုံး အရှေ့ဂျာမနီအတွက် ထောက်လှမ်းရေး သတင်းများ ပေးပို့ခဲ့ခြင်း ဖြစ်သလော၊ အကြာမီအချိန်ကမှ သစ္စာဖောက်ဖျက်၍ အရှေ့ဂျာမနီဘက်သို့ ကူးပြောင်းသွားခြင်း ဖြစ်သလော ဆိုသည်ကိုအတိအကျ မသိရှိရသေးချေ။

ထို့ပြင် သမ္မတရစ်ချတ် ဖွန်ဗိုက်ဆက်ကာ၏ ရုံးမှ အတွင်းရေးမှူး မာဂရက်ဟိုကဲကို အရှေ့ဂျာမနီအတွက် သူလျှိုလုပ်ပေးမှုဖြင့် ၁၉၈၅ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးမိသည်။ ထိုအမျိုးသမီးသည် ဩဂုတ်လတစ်လတည်း မှာပင် သူလျှိုမှုဖြင့် ဖမ်းဆီးအရေးယူခံရသော ငါးဦးမြောက် အစိုးရဝန်ထမ်း ဖြစ်သည်။ မာဂရက်ဟိုကဲသည် အရှေ့ဂျာမနီ အတွက် ၁၅ နှစ်ခန့်မျှ ဆောင်ရွက်ခဲ့ကြောင်း ဖြောင့်ချက်ပေး သည်။

နာဇီ ဆန့်ကျင်ရေးသမားများနှင့် နာဇီလက်သစ်အမျိုးသား ဒီမိုကရက်တစ်ပါတီဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် အနောက်ဘာလင်၊ ဟမ်းဘတ်၊ ရှတုဂတ်၊ မြူးနစ်နှင့် အခြား မြို့ငယ်များ၌ ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှစ၍ ဆူပူမှုများဖြစ်ပွားခဲ့သည်။ ရဲအဖွဲ့က လူ ၃၅ဝ ကျော်ဖမ်းဆီ အရေးယူခဲ့ ရသည်။ နာဇီဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦး သေဆုံး ခဲ့ရသည်။ ဝန်ကြီးချုပ် ဒေါက်တာခိုးလ်က ဆန္ဒပြသူများအား တရားဥပဒေစိုးမိုးရေးကို အလေးထားကြရန် သတိပေးခဲ့သည်။ [၅] ဂျာမနီ ပြည်ထောင်စု သမ္မတနိုင်ငံ၏ အထွေထွေရွေး ကောက်ပွဲ ကို ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပရာ ခရစ်ယာန် ဒီမိုကရက်၊ ခရစ်ယာန် ဆိုရှယ်ယူနီယံပါတီ (စီဒီယူ /စီအက်စ်ယူ) က ၂၂၃ နေရာ၊ ယင်းတို့နှင့်အတူ ညွန့်ပေါင်း အစိုးရ မဟာမိတ်ဖြစ်သည့် ဖရီးဒီမိုကရက်ပါတီ (အက်ဖ်ဒီပီ) က ၄၆ နေရာ၊ အတိုက်အခံ ဆိုရှယ်ဒီမိုကရက်ပါတီက ၁၈၆ နေရာ အသီးသီးအနိုင်ရရှိကြသည် စီဒီယူ / စီအက်စ်ယူသည် ၁၉၈၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၂၄၄ နေရာ ရရှိခဲ့ရာမှလည်း ကောင်း၊ ဆိုရှယ်ဒီမိုကရက်တို့သည် ၁၉၃ နေရာရရှိခဲ့ရာမှလည်း ကောင်း လျော့နည်းကျဆင်း သွားခြင်းပင် ဖြစ်သည်။ အက်ဖ်ဒီပီ ပါတီက ၃၄ နေရာမှ တိုးတက်ရရှိလာခြင်း ဖြစ်သည်။ ၁၉၈၃ ခုနှစ်ကမှ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဂရင်းပါတီ သည် ၂၇ နေရာ ရရှိထားရာမှ ၄၂ နေရာအထိ အနိုင်ရရှိလာ သည်။ ခရစ်ယာန်ဒီမို ကရက်နှင့် ဖရီးဒီမိုကရက် လွှမ်းမိုးသော ညွှန့်ပေါင်း အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်အဖြစ် ဦးဆောင်သွားရန် ဟဲလ မွတ်ခိုးလ်ကို ၁၉၈၇ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပါလီမန်ကရွေးချယ်တင်မြေ|ာက်သည်။ ယင်းရွေးကောက် ပွဲတွင် ခိုးလ်၏ လက်ယာ ဗဟိုဝါဒီ ညွှန့်ပေါင်းအဖွဲ့သည် ထောက်ခံမဲ ၅၃ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အာဏာ ရရှိလာခဲ့ခြင်းဖြစ်သည်။

စီဒီယူ / စီအက်စ်ယူသည် ၁၉၈၃ ခုနှစ်က ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၄၈ဒသမ ၈ ရာခိုင်နှုန်းရရှိခဲ့ရာမှ ၄၄ ဒသမ ၃ ရာခိုင်နှုန်း သို့ ကျဆင်းသွားခဲ့ရာ ၁၉၄၉ ခုနှစ်က အနောက် ဂျာမနီ၏ ဗွေဆော်ဦး ပါလီမန် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် အဆိုးရွားဆုံး အခြေအနေဖြစ်သည်ဟုဆိုသည်။

အက်ဖ်ဒီပီပါတီကမူ ၁၉၈၃ ခုနှစ်တွင် ခုနစ် ရာခိုင်နှုန်းသာရခဲ့ရာ မှ ၉ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာခြင်း ဖြစ်သည်။ ဂရင်း ပါတီသည် ထောက်ခံမဲ ၅ ဒသမ ၆ ရာခိုင်နှုန်း ရရှိခဲ့ရာမှ ဤရွေးကောက်ပွဲတွင် ၈ဒသမ ၃ ရာခိုင်နှုန်း ရရှိလာသည်။

ဂျာမနီပြည်ထောင်စု သမ္မတနိုင်ငံတွင် ၁၉၆၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော ပါလီမန်ရွေး ကောက်ပွဲအပြီး ဆိုရှယ်ဒီမိုကရက်နှင့် ဖရီးဒီမိုကရက်တို့၏ ညွှန့်ပေါင်း အစိုးရကို စတင်ဦးဆောင် လာခဲ့ပြီးနောက် အရှေ့ ဂျာမနီ၏ ကွန်မြူနစ် သူလျှိုတစ်ဦးကို ပါတီရေးရာလက်ထောက် အဖြစ် ခန့်အပ်မိခဲ့ခြင်းကြောင့် ၁၉၇၄ ခုနှစ် မေလ ၆ ရက်နေ့ တွင် ရာထူးမှရှတ်တရက် နုတ်ထွက်ခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ဝီလီဘရန့်သည် ၁၉၈၇ ခုနှစ် မတ်လ ၂၃ရက်နေ့တွင် ဆိုရှယ် ဒီမိုကရက်တစ် ပါတီ၏ အကြီးအကဲ အဖြစ်မှ နုတ်ထွက်သွားရ သည်။ အရှေ့ဂျာမနီ အပါအဝင် အရှေ့ဥရောပအုပ်စုဝင် နိုင်ငံတို့ နှင့် ဆက်ဆံရေး ပုံမှန်ပြုလုပ်ရန် တွန်းအားပေးသည့် အော့စ်ထ်ပို လစ်တစ် (အရှေ့နိုင်ငံရေး) မူဝါဒကြောင့် အထူးထင်ရှား ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဝီလီဘရန့်သည် ၁၉၇၁ ခုနှစ် ငြိမ်းချမ်းရေး နိုဗဲဆုရှင်လည်း ဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် အဲရစ်ရှိ အိုလင် ဟောင်းဝါးကို ဆက်ခံခြင်းဖြင့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို ၂၃ နှစ်တိုင်တိုင် ဦးဆောင်လာခဲ့သော ဘရန့်သည် သက်တမ်းစေ့ ရောက်မည့် ၁၉၈၈ ခုနှစ်မတိုင်မီနုတ်ထွက်သွားခဲ့ရခြင်းဖြစ်သည်။ ဘရန့်ကပါတီ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်အပ်နှင်းထား သော မာဂါရီတာ မာသီအိုပေါ့လိုစ် အမည်ရှိ အမျိုးသမီးသည် ဂျာမန်လူမျိုးလည်း မဟုတ်သည့်ပြင် ပါတီဝင်လည်း မဟုတ် ကြောင်း၊ ဘရန့်၏ တတိယ ဇနီးနှင့် ခင်မင်ရင်းနှီးသူသာ ဖြစ် ကြောင်းဖြင့် သတင်းများထွက်ပေါ်လာ၍ ပါတီတွင်း၌မကျေနပ် မှုများပေါ်လာသဖြင့် ဘရန့်သည် နုတ်ထွက်သွားရခြင်းဖြစ်သည်။ ဘရန့်ကို ဆက်ခံရန် ဟန့်စ်ယိုရှင်းဖိုဂယ်ကို ရွေးချယ်တင်မြေ|ာက် သည်။

အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး နယ်ပယ်တွင်လည်း ထူးခြားသောဖြစ်ရပ်များရှိသည်။ ၁၉၈၇ ခုနှစ် ဧပြီလ ၆ ရက် နေ့တွင် အစ္စရေးနိုင်ငံသမ္မတ ချိန်းစာဇော့သည် အနောက်ဂျာမနီ သို့ ပထမဆုံး လာရောက်လည်ပတ်သော အစ္စရေးနိုင်ငံ အကြီး အကဲဖြစ်လာခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စုနှင့် အမေရိကန် ပြည်ထောင်စုတို့ ၏ သုညနှစ်ထပ်ကွမ်း လက်နက်ဖျက်သိမ်း ရေး အစီအစဉ်ကို အတည်ပြုရန်တင်ပြသော အစိုးရ၏အဆိုကို ပါလီမန်က ဇွန်လ ၄ ရက်နေ့တွင် ထောက်ခံမဲ ၂၃၂ မဲ ကန့် ကွက်မဲ ၁၈၉ မဲဖြင့် အတည်ပြုလိုက်ကြသည်။ ဘာလင်မြို့ နှစ် ၇၅ဝ ပြည့် အထိမ်းအမှတ်ပွဲတော်သို့ တက်ရောက်ရန် ဇွန်လ ၁၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု သမ္မတ ရော်နယ် ရေဂင် ရောက်ရှိလာရာ အနောက် ဘာလင်တွင် လက်ဝဲဝါဒီ ၂၄ယဝဝဝ ခန့်က အမေရိကန်၏မူဝါဒများကို ဆန့်ကျင်ဆန္ဒပြခဲ ကြသည်။အနောက်ဂျာမနီသမ္မတ ရစ်ချတ်ဖွန်ဗိုက်ဆက်ကာသည် ဆိုဗီယက် ပြည်ထောင်စုသို့ ခြောက်ရက်ကြာ နေထိုင်လည်ပတ် ရန် ဇူလိုင်လ ၆ ရက်နေ့က မော်စကိုမြို့သို့ ရောက်ရှိသည်။

ဗိုက်ဆက်ကာသည် ၁၂နှစ်တာကာလအတွင်း ဆိုဗီယက်သို့ပထမ ဆုံးသွားရောက်သည့် အနောက်ဂျာမနီနိုင်ငံ သမ္မတပင်ဖြစ်သည်။ အနောက် ဂျာမနီနိုင်ငံသည် ပြစ်ဒဏ် စီရင်ချက်ချမှတ် ပြီးသော ကေဂျီဘီ ထောက်လှမ်းရေး သူလျှို မန်းဖရက်ရို့ရှ် အပါအဝင် အရှေ့ဥရောပ အုပ်စု၏ သူလျှိုသုံးဦးနှင့် အရှေ့ဂျာမနီ နိုင်ငံတွင် တရား စွဲဆိုခံထားရသော အနောက်ဂျာမန် အကျဉ်းသားနှစ်ဦးကို ဩဂုတ်လ ၁၂ ရက်နေ့တွင် လဲလှယ်ခဲ့သည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလတွင် အရှေ့ဂျာမနီ (ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ) ခေါင်းဆောင် အဲရစ်ဟွန်နက်ကာသည် အနောက် ဂျာမနီသို့ ပထမဆုံး လာရောက်သော အရှေ့ဂျာမနီ၏ ခေါင်း ဆောင်ဖြစ်လာသည်။ ခေါင်းဆောင် နှစ်ဦးသည် သိပ္ပံနှင့်နည်း ပညာဖလှယ်ရေး သဘောတူစာချုပ်သုံးရပ်ကို လက်မှတ်ရေးထိုးခဲ့ သည်။ ဟွန်နက်ကာ သည် ငယ်စဉ်ကနေထိုင်ကြီးပြင်းလာခဲ့သော ဇာလန်းပြည်နယ်၏ မြို့ကလေးတစ်မြို့ဖြစ်သည့်ဗီဘဲစကာရှင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ နှမတော်စပ်သူဂါးထရု ဟော့စတ် တာနှင့် ပြန်လည်တွေ့ဆုံကာ မိဘဆွေမျိုးများ၏ သင်္ချိင်းဂူများသို့ သွားရောက်ခဲ့သည်။ ကားလ်မာ့က်စ် (၁၈၁၈-၈၃)၏ မွေးရပ်မြေ ထရီယာရှိမာ့က်စ် ငယ်စဉ်တောင်ကျေးကလေးဘဝက နေထိုင်ခဲ့ သောအိမ်သို့ သွားရောက် လည်ပတ်ခဲ့သည်။ ဆိုဗီယက်ပြည် ထောင်စု ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ အနာတိုလီ ဒိုဘရီနင်သည် ၁၉၈၇ခုနှစ် အောက် တိုဘာလတွင် အနောက် ဂျာမနီနိုင်ငံသို့ အလည်အပတ် လာ ရောက်သည်။ ၁၉၈၃ ခုနှစ်က ဆိုဗီယက် နိုင်ငံခြားရေးဝန်ကြီး အန်ဒရေဂရိုမီကို (ယခုသမ္မတ) လာရောက်ခဲ့ပြီး နောက်ပိုင်း၌ အလည်အပတ် လာရောက်သည့် ဆိုဗီယက် အရာရှိကြီးများ ထဲတွင် ဒိုဘရီနင်သည် ရာထူးအမြင့်ဆုံးဖြစ်သည်။

အနောက်ဂျာမနီနိုင်ငံ၏ လူဦးရေသည်နှစ်ပေါင်း ၅ဝ နီး ပါးအတွင်း ထက်ဝက်မျှ ကျဆင်းသွားနိုင် လောက်သည့် နှုန်းမျိုး ဖြင့် မျှော်လင့်သည်ထက် လျင်မြန်စွာ ကျဆင်းနေကြောင်း ဖြင့် ဘွန်းမြို့ရှိ ပြည်ထောင်စု စာရင်းရုံးက ၁၉၈၇ ခုနှစ်ဇန်နဝါရီလ က ကြေညာခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် နောက်ပိုင်းတွင် သန်း ၆ဝ ဝန်းကျင်၌သာ ရှိနေလေရာ သားသမီး မွေးဖွားရေးနှင့် စပ် လျဉ်းသည့် မိသားစု စီမံကိန်းသဘောထားကို မပြောင်းလဲလျှင် ခရစ်နှစ် ၂ယ၃ဝဝ ခန့်တွင် သန်း ၃ဝ ပင် ပြည့်တော့မည် မဟုတ် ဟုဆိုသည်။ ၁၉၇၂ ခုနှစ်မေလနောက် ပိုင်းတွင် အနောက်ဂျာမနီ ၌ တရားဝင် သန်းခေါင်စာရင်း ကောက်ယူခြင်းမရှိခဲ့ချေ။ ၁၉၅ဝ ပြည့်နှစ်တွင်လူဦး ရေ ၄၉ ဒသမ ၉ သန်းရှိခဲ့ရာမှ ၁၉၈၂ ခုနှစ် တွင် ၆၁ ဒသမ ၆ သန်းသို့ မြင့်တတ်လာခဲ့ပြီးနောက် လူဦးရေ ကျဆင်းလာရာ ၁၉၈၆ ခုနှစ်တွင် ၆၁ သန်းပင်မပြည့်တော့ချေ။

[၆] ရုရှားသမ္မတ ယဲ့လ်ဆင်အစိုးရသည် ချီချင်ညာခွဲထွက် ပြည်နယ်အား အင်အားသုံး၍ ချင်းနင်းတိုက်ခိုက် နေလင့်ကစား ဂျာမနီသည် သမ္မတ ယဲ့လ်ဆင်အား ထောက်ခံလျက် ပင်ရှိ ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ကလောစ်ကင်ကယ်လ်က ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၌ ပြောကြားခဲ့သည်။ချီချင် ညာ ပြည်နယ်ခွဲထွက်ရေး ကိစ္စသည် ရုရှားအစိုးရ၏ ပြည်တွင်း ရေးကိစ္စသာဖြစ်ကြောင်း ဂျာမနီအစိုးရက ယင်း၏သဘောထားကို ဖော်ပြခဲ့သည်။ သို့သော် မော်စကိုအစိုးရသည် ချီချင်ညာလူထု၏ လူ့အခွင့်အရေးကို အာမခံချက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျာမနီက ပြောကြားခဲ့သည်။ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) နှင့်ရုရှားပိုမို ရင်းနှီးရေးကြိုးပမ်းမှု တစ်စိတ်တစ်ဒေသအဖြစ် စိန့်ပီစတာဘတ် မြို့အနီးတွင် ၁၉၉၅ နွေရာသီ ဂျာမနီနှင့် ရုရှားစစ်ရေးလေ့ကျင့် မည့် အစီစဉ်ကို ရုရှားအစိုးရက ရွှေ့ဆိုင်းလိုက်သည်ဟု ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဗောလကာရုက ဇန်နဝါရီလ ၁ဝ ရက်နေ့ တွင် ပြောကြားခဲ့သည်။ဂျာမနီကာကွယ်ရေး ဝန်ကြီးကမည်သည့် အတွက်ကြောင့် ရွှေ့ဆိုင်းကြောင်း မပြောသော်လည်း ရုရှကထို သို့ဆုံးဖြတ်ခြင်းမှာ ချီချင်ညာခွဲထွက်ပြည်နယ်တွင် ရုရှားတပ်များ တိုက်ခိုက် နေရသောကြောင့် ဖြစ်ပုံရသည်ဟုဆိုသည်။ ရုရှားနှင့် အနောက် အုပ်စုအကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော် ရမည်ဖြစ်ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီးက ပြောကြားသွားခဲ့သည်။ ဂျာမနီနိုင်ငံ ဖရန်ဖွတ်မြို့ပြင်ရှိ စက်ရုံတစ်ရုံတွင် ရုရှား နျူကလီးယား ထိပ်ဖူးများမှ ပလူတိုနီယမ်ကို နျူကလီးယား လောင်စာအဖြစ် သန့်စင်ရေး အစီအစဉ်တစ်ရပ်ကိုလုပ်ဆောင်သင့် မသင့် ဂျာမနီအစိုးရက စဉ်းစားခဲ့သည်။ ထိုအစီစဉ်ကိုအမေရိကန် ပြည်ထောင်စုက ထောက်ခံသည်။ ဂျာမနီအစိုးရကရုရှားပလူတိုနီ ယမ်ကို သန့်စင်ခြင်းပြုမပြု အလားအလာနှင့် စပ်လျဉ်း၍အမေရိ ကန်က တီးခေါက်ကြည့်ကြောင်း ဘွန်းမြို့ရှိ အမေရိကန်သံရုံးက ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။ အမေရိ ကန် အရာရှိများသည် မစ်အောက်ဆိုက် လောင်စာချောင်းများ ထုတ်လုပ်ရေးအတွက် ဆီးမင်းကုမ္ပဏီ၏ ဟာနောစက်ရုံသို့သွား ရောက်လေ့လာခဲ့ကြသည်။ ဟာနောစက်ရုံတွင် ရုရှားပလူတိုနီယမ်များ သန့်စင်ရေး အစိုးရ၏ အစီစဉ်ကို ဂျာမနီပြည်သူများက ဆန့်ကျင်ကန့်ကွက် ကြလိမ့်မည်ဟု သေချာသည်ဟုဆိုကြသည်။ သို့ရာတွင်ထိုစက်ရုံ လည်ပတ်ပါက ဂျာမနီပြည်သူများ အလုပ်အကိုင်များရရှိစေမည့် အပြင် နိုင်ငံတကာလက်နက် လျော့ပါးရေးအတွက်ပါ အကျိုး သက်ရောက်မည်ဖြစ်ပေရာ အတိုက်အခံ ဆိုရှယ်ဒီမိုကရက်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ၎င်းတို့၏ကန့်ကွက်မှု များကို ရုပ်သိမ်းနိုင်သဖြင့် ဂျာမနီအစိုးရက စွန့်စားရန်လက္ခဏာ ရှိသည်ဟုဆိုကြသည်။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ရုရှားသမ္မတ ယဲ့လ်ဆင်က ချီချင်ညာပြည်နယ်ကို ဝင် ရောက်တိုက်ခိုက်၍ ထိုဒေသရှိ ပြည်နယ်သားများ၏ လူ့အခွင့် အရေးကိစ္စနှင့် စပ်လျဉ်းသော စိုးရိမ်သောက ဖြစ်မိသော်လည်း မိမိသည် သမ္မတယဲ့လ်ဆင်အား ဆက်လက် ထောက်ခံကြောင်း ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုးက ဇန်နဝါရီလထဲ၌ ပြောကြားခဲ့သည်။ ချီချင်ညာသည် ရုရှ၏ ဒေသတစ်ခုဖြစ်ကြောင်း ချီချင် ညာပြည်နယ် ရုရှမှခွဲထွက်ခြင်းဖြင့် ရုရှနိုင်ငံ သည်တည်ငြိမ်မှု ပျက်ပြားသွားနိုင်ကြောင်း ဝန်ကြီးချုပ်ဟဲလ်မွတ်ခိုးကပြောခဲ့သည်။ ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုးက ရုရှသမ္မတ ယဲ့လ်ဆင်အားယင်းကဲ့ သို့ ထောက်ခံမှုပြုခဲ့ခြင်းကို အတိုက်အခံပါတီဖြစ်သော ဆိုရှယ် ဒီမိုကရက် (အက်စ်ပီဒီ) ပါတီက ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ ဂျာမနီနိုင်ငံရှိ ပြုပြင်ပြောင်းလဲရေး ကွန်မြူနစ်ဝါဒီများက ၎င်းတို့၏ ပါတီဖြစ်သော ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင် (ပီဒီ အက်စ်) ပါတီအတွက် Lothar Bisky ကို ပါတီဥက္ကဋ္ဌ အဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့၌ ပြန်လည်ရွေးချယ်ခဲ့သည်။ Lothar Biskyက စတာလင်ဝါဒကို စွန့်ပယ်လိုက်ပြီးနောက်ယင်းသို့ပြန် လည် အရွေးခံရခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုး၏ ခရစ်ယာန်ဒီမိုကရက်ပါတီ သည် ပြည်နယ်ရွေးကောက်ပွဲ တစ်ခုတွင် အရေးနိမ့်ခဲ့သည်။ အရေးကြီးသော ပြည်နယ်တစ်ခုဖြစ်သည့် Hesse ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ရွေးကောက် ပွဲကို ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဖြစ်သူ ခရစ်ယာန် ဒီမိုက ရက်တစ်ပါတီမှ န္တညေ်မနိ ုညေအ့နမ သည် ဆိုရှယ်ဒီမို ကရက်တစ်ပါတီမှ ံညျေ နငခ့နူ ကို ရှုံးနိမ့်သွားခဲ့သည်။ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဂျာမနီ ပြည်ထဲရေးဝန်ကြီးဌာနက လွတ်လပ်သောလက်ယာအစွန်းရောက် ဂျာမာန် အလုပ်သမားပါတီ ( The farright free German Worker's Party - FAP ) အား တရားဝင်ပါတီအဖြစ်မှပိတ်ပင် တားဆီးလိုက်သည်။ ထိုပါတီမှာ ဂျာမနီနိုင်ငံတွင် နာဇီလက်သစ် သမားများ အများဆုံးပါဝင်သော ပါတီဖြစ်သည်။ကျွန်ုပ်တို့သည် လက်ယာ အစွန်းရောက်မှု၊ လက်ဝဲ အစွန်းရောက်မှုများ ကိုတိုက် ဖျက်သွားရမည် ဖြစ်ကြောင်း၊ ဂျာမာန်ပြည်ထဲရေး ဝန်ကြီးကပြော ကြားသည်။ လက်ယာအစွန်းရောက် ဂျာမာန် အလုပ်သမားပါတီ (အက်ဖ်အေပီ)သည် သဘောသဘာဝအရ နာဇီပါတီဖြစ်ကြောင်း၊ ၎င်းပါတီဝင်များ သည် နာဇီခေါင်းဆောင်များကို အလေးအမြတ် ပြုကြကြောင်း၊ လူ့အခွင့်အရေးကိုလည်း မထေမဲ့မြင်ပြုကြကြောင်း ၊ဒီမိုကရေစီ စိတ်ဓာတ်ကိုလည်း သေးသိမ်မှေးမှိန်အောင်ပြုလုပ်နေ ကြကြောင်း ပြည်ထဲရေးဝန်ကြီးက တစ်ဆက်တည်း ပြောကြားခဲ့ သည်။ ဂျာမနီနိုင်ငံတွင် ၁၉၉ဝ ပြည့်နှစ်အတွင်းကနာဇီလက်သစ် တို့၏အကြမ်း ဖက်မှုများပေါ် ပေါက်ခဲ့ပြီးနောက် ဂျာမာန်အစိုးရ သည် လက်ယာအစွန်းရောက် ပါတီလေးခုကို ပိတ်ပင်ခဲ့ပြီးဖြစ် သည်။ ဂျာမနီနိုင်ငံ၏ အကြီးဆုံးအလုပ်သမား အဖွဲ့အစည်းဖြစ် သော The IG Metal Trade Union ကဦးဆောင်၍ဂျာမနီ နိုင်ငံရှိ ကုမ္ပဏီပေါင်း ၂၂ ခုမှ အင်ဂျင်နီယာ ကဏ္ဍတွင် လုပ် ကိုင်ကြသော အလုပ်သမား များသည်လုပ်ခတိုးပေးရေးတောင်း ဆိုချက်ကိုင်စွဲလျက် ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သပိတ် မှောက်ခဲ့ကြသည်။ သပိတ်မှောက်ရာတွင် အလုပ်သမား ပေါင်း ၁၁,ဝဝဝ ခန့် ပါဝင်ခဲ့ကြသည်ဟုဆိုသည်။ လွတ်လပ်သော ဒီမိုကရက်တစ်ပါတီ Free Democrats ပါတီခေါင်းဆောင် ကလော့စ်ကင် ကယ်လ်သည် ပါတီခေါင်း ဆောင်အဖြစ်မှ နုတ်ထွက်ကြောင်း ၁၉၉၅ ခုနှစ်၊ မေလ ၁၈ရက် နေ့၌ ကြေညာပြောကြားသည်။ သို့သော် ၎င်းကဝန်ကြီးချုပ်ဟဲလ် မွတ်ခိုး၏ ညွန့်ပေါင်းအစိုးရတွင် လက်ရှိထမ်းဆောင်လျက်ရှိ သောနိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ဂျာမနီနိုင်ငံညွန် ပေါင်းအစိုးရအဖွဲ့ ဝင်ပါဝင်သည့် ကလောစ်ကင်ကယ်လ်၏ လွတ်လပ်သော ဒီမိုက ရက်ပါတီသည် မေလ ၁၅ ရက်နေ့က ပြုလုပ်သောပြည်နယ်ရွေး ကောက်ပွဲနှစ်ခုတွင် ရှုံးနိမ့်ခဲ့သည်။ ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုး၏ ခရစ်ယာန် ဒီမိုကရက်ယူနီ ယမ်ပါတီ ခေါင်းဆောင်များက ဟဲလ်မွတ်ခိုးအား ၁၉၉၈ ခုနှစ်၌ ပြုလုပ်မည့် ဂျာမနီနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ထပ်မံယှဉ် ပြိုင်အရွေးခံရန် တိုက်တွန်းခဲ့ကြသည်။ ခရစ်ယာန်ဒီမိုကရက်ပါတီ သည် ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုး ပြန်လည်အရွေးမခံလျှင် ၁၉၉၈ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ဖွယ်မရှိဟု ပါတီခေါင်း ဆောင်များက တွက်ဆခဲ့ကြသဖြင့် နိုင်ငံရေးဩဇာတိ က္ကမရှိသော ဟဲလ်မွတ်ခိုးကို ၁၉၉၈ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်ထပ်မံ အရွေးခံရန်တိုက်တွန်းခြင်း ဖြစ်သည်ဟုဆိုသည်။ ခိုးသည်ဂျာမနီ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲများတွင် လေးကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ပြီး ၁၉၈၂ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူဖြစ်သည်။ ၁၉၉၄ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ထမ်းဆောင်ခဲ့သူ ဟဲလ်မွတ်ခိုးက မိမိသည်နောက်တစ်ကြိမ်အထွေထွေရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ထိုစဉ်ကပြော ကြားခဲ့သည်။ ထို့ကြောင့် ၁၉၉၈ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် ဟဲလ်မွတ်ခိုး ဝင်ရောက်ယှဉ်ပြိုင်ဖွယ် မရှိသဖြင့် ခရစ်ယာန် ဒီမိုကရက်ယူနီယမ်ပါတီ ခေါင်းဆောင်များက အထက်ပါအတိုင်း တိုက်တွန်းခြင်းဖြစ်သည်။


ပြည်တွင်းရေး[ပြင်​ဆင်​ရန်​]

၁၉၉၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ကကာဒ်ခွဲထွက်ရေး သမားများက ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ရှိဘဏ် နှစ်ခုကိုဗုံးခွဲတိုက် ခိုက်ခဲ့သည်။ ဂျာမနီနိုင်ငံတွင် ကာဒ်လူမျိုးတို့က ၎င်းတို့၏နှစ် သစ်ကူးပွဲတော်ကို ယင်းသို့ ဗုံးခွဲတိုက်ခိုက်ခြင်းဖြင့်စတင်ကျင်းပ လိုက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ကာဒ် ခွဲထွက်ရေးသမားတို့၏ ဗုံးခွဲတိုက် ခိုက်မှုများသည် ကိုလုံးမြို့မှာသာမက ဘာလင်မြို့ရှိ တူရကီ ခရီးသွားလာရေးလုပ်ငန်း အေဂျင်စီအဆောက်အအုံတွင် လည်းကောင်း၊ ဘာဗာရိန်းမြို့ရှိ တူရကီယဉ်ကျေးမှု စင်ကာတွင် လည်းကောင်း ဖြစ်ပွားခဲ့သည်။ ဂျာမနီနိုင်ငံ အစိုးရအရာရှိများက ယင်းသို့ဗုံးခွဲတိုက်ခိုက် မှုတွင် ကာဒ်အလုပ်သမားပါတီ (Kurdistan Worker's Party Pkk) ၏ ပယောဂပါရှိကြောင်း ပြောကြားသည်။ ကာဒ်အလုပ် သမားပါတီသည် တူရကီနိုင်ငံ တောင်ပိုင်းကာဒ်တို့ နေထိုင်ရာ ဒေသကို တူရကီနိုင်ငံမှ ခွဲထွက်ကာသီးခြား နိုင်ငံထူထောင်ရေး အတွက်၁၉၈၄ ခုနှစ်ကတည်းက တူရကီအစိုးရအား ဆန့်ကျင် တိုက်ခိုက်နေသော အဖွဲ့အစည်းဖြစ်သည်။ ယင်းသို့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေချိန်၌အီရန်နိုင်ငံ တောင်ပိုင်း၌ ကာဒ်ခွဲထွက်ရေးသမားများကို တူရကီ စစ်တပ်က နှိမ်နင်းတိုက်ခိုက်မှုကို အကြောင်းပြု၍ ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ ကာဒ်လူမျိုး ၃ဝဝ ခန့် ကလည်း ဆန္ဒပြပွဲများ ပြုလုပ်ကြသည်။ အလားတူပင် ဘွန်းမြို့ရှိ ကာဒ်လူမျိုး ၁၃ဝခန့်ကလည်းဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ မြူးနစ်ရဲအဖွဲ့က အသက် ၂၉ နှစ်ရှိကာဒ်အလုပ်သမား ပါတီ ခေါင်းဆောင်နှင့် ၎င်း၏မိန်းမအပြင် ကာဒ်လူမျိုး ခုနှစ် ယောက်ကို ဝါဒဖြန့်ဆူပူလှုံဆော်ရေး စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးလိုက်သည်။ဂျာမနီ နိုင်ငံတွင် ကာဒ်အလုပ်သမားပါတီကို တရားမဝင်ကြေညာထားရာ ပါတီဝင်များသည်လျှို့ဝှက်စွာလှုပ်ရှား နေကြသည် ဟုဆိုသည်။ ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုး၏ ထောက် လှမ်းရေးအကြီးအကဲ Bernd Schmidbauer ကကာဒ်တို့၏လှုပ် ရှားမှုတွင် ဂျာမန်လက်ယာအုပ်စုသည်လည်း အတူတကွပါဝင် လှုပ်ရှား ပတ်သက်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောခဲ့သည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ကလောက်စ် ကင်ကယ်လ်က ဂျာမနီနိုင်ငံသည် တူရကီနိုင်ငံသို့စစ်ပစ္စည်းများရောင်းချနေခြင်းကို ဆိုင်းငံ့ထားလိုက်ကြောင်း ၁၉၉၅ ခုနှစ်၊ မတ်လ ၂၇ရက်နေ့တွင် ပြောကြားလိုက်သည်။ တူရကီက အီရန်မြောက်ပိုင်းရှိကာဒ်တို့ကို ဝင်ရောက်တိုက်ခိုက် ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့်ယင်းသို့ လက်နက်နှင့် စစ်ပစ္စည်းရောင်းချမှုကို ဆိုင်းငံ့ထားလိုက်ခြင်းဖြစ် သည်ဟု ဆိုသည်။ ဂျာမနီနိုင်ငံသည် တူရကီနိုင်ငံသို့စစ်ပစ္စည်း များ တင်ပို့ရောင်းချသော နိုင်ငံများအနက် အများဆုံး တင်ပို့ ရောင်းချသောနိုင်ငံဖြစ်သည်။ တူရကီသမ္မတ စူလေမန်ဒီပီရယ်က သတင်းစာ တစ်စောင်နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အီရန် နိုင်ငံမြောက်ပိုင်းရှိ ကာဒ်ခွဲထွက်ရေး သမားများကိုဝင်ရောက်တိုက် ခိုက်ရာ၌ တစ်နှစ်ခန့် ကြာနိုင်ကြောင်းပြော ကြားခဲ့သည်ကို မိမိ တုန်လှုပ်သွားကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ သည်။ တစ်ဖန် ၁၉၉၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့၌ ထိပ်တန်း ကွန်ဆာဗေးတစ် နိုင်ငံရေးသမားတစ်ဦး၏ အိမ်ကိုဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြန်သည်။ ခရစ်ယာန် ဒီမိုကရက်ယူနီယံ (စီဒီယူ) ပါတီ ဝင်ပါလီမန်အမတ် ဂျိုးဇက်သီရိုဒါဘလန့်၏ နေအိမ်ဝင်းအတွင်း တွင် ဗုံးပေါက်ကွဲခဲ့သည်။ အိမ်သားများ ထိခိုက်သေဆုံးမှုမရှိခဲ့ သော်လည်း နေအိမ်အဆောက်အအုံနှင့်အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့သည်။ ထိုဗုံးခွဲတိုက်ခိုက်မှုသည် မိမိတို့၏ လက် ချက်ဖြစ်သည်ဟု ဂျာမနီနိုင်ငံရှိ လက်ဝဲအစွန်းရောက်အုပ်စုကကြေ ညာသည်။ထိုအုပ်စု သည်ကာဒ်များကို ထောက်ခံအားပေးသော အုပ်စုဖြစ်သည်။ ထိုအုပ်စုကိုလက်ဝဲအစွန်းတပ်နီအုပ်စု(Extreme leftist red army faction)ဟုခေါ်သည်။ အဆိုပါအုပ်စုသည် နေတိုး၊ ဂျာမာန်အစိုးရ၏ နိုင်ငံရေးနှင့်စက်မှုဆိုင်ရာ အဆောက် အအုံ၊ ဝါဒသဘောထား ဆောင်ရွက်မှုများကို ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်နေသော အဖွဲ့အစည်းဖြစ်သည်။ ၁၉၉၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၌လည်း ဂျာမနီ နိုင်ငံလူးဘတ်မြို့ မြို့တော်ခန်းမထဲ၌ စာအိတ်ထဲတွင်ပေါက်ကွဲစေ သော ပစ္စည်းထည့်၍ ပေးပို့သော စာအိတ်ဗုံး ( Letter bomb) ပေါက်ကွဲခဲ့ပြန်သည်။ အဆိုပါစာအိတ်ဗုံးပေါက်ကွဲသဖြင့်နိုင်ငံရေး သမားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ စာအိတ်ဗုံးဖောက် ခွဲမှုမှာလက် ယာအစွန်းရောက်ဝါဒီများ၏လုပ်ရပ်ဖြစ်နိုင်သည်ဟု ဂျာမန်ရဲအရာ ရှိတစ်ဦးက ပြောကြားခဲ့သည်။ ဇွန်လ ၉ ရက်နေ့ကယင်းကဲ့သို့ စာအိတ်တွင် ဗုံးထည့်၍ ဗုံးဖောက်ခွဲမှုတစ်ရပ် မြူးနစ်မြို့ ရုပ်မြင် သံကြားဌာန တစ်ခု၌ ဖြစ်ပွားခဲ့သေးရာ လူးဘတ်မြို့တွင်ဖြစ်ပွားခဲ့ သော ဗုံးပေါက်ကွဲမှုနှင့် ဆက်နွယ်နိုင်ကြောင်း ရဲအဖွဲ့ကပြောကြား သည်။ လူးဘတ်မြို့ မြို့တော်ခန်းမ အဆောက်အအုံရှိ ဆိုရှယ်ဒီမို ကရက်တစ် ပါတီရုံးသို့စာပို့သယောင် ဗုံးထည့်ထားသောစာအိတ် ကို ပို့လိုက်သဖြင့် ယင်းသို့ဗုံးပေါက်ကွဲကာ ဒီမိုကရက်တစ်ပါတီ မှနိုင်ငံရေးသမား သောမတ်စ်ရိုတာ ဒဏ်ရာရရှိသွားခဲ့သည်။


စီးပွားရေး[ပြင်​ဆင်​ရန်​]

တောင်ကိုးရီးယား သမ္မတကင်ယုံဆမ်သည် ၁၉၉၅ခုနှစ်၊ မတ်လ ၆ ရက်နေ့က ဂျာမနီနိုင်ငံဘွန်းမြို့သို့ ရောက်ရှိကာဂျာမန် ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုးနှင့် နှစ်နိုင်ငံ စီးပွားရေးကိစ္စများ ညိ|နှိုင်း ဆွေးနွေးခဲ့သည်။ ဥရောပရှိ နိုင်ငံများအနက် ဂျာမနီနိုင်ငံသည် တောင်ကိုးရီးယား၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ တောင်ကိုးရီးယားတွင် ဂျာမနီနိုင်ငံ၏ရင်းနှီးမြှပ်နှံမှု ငွေကြေးပမာ ဏမှာ အမေရိကန် ဒေါ်လာ ၃၈၅ သန်းဖိုးရှိသည်။တောင်ကိုးရီး ယားနှင့် ဂျာမနီနိုင်ငံ ကုန်သွယ်မှု ငွေကြေးပမာဏမှာ ၁၉၉၃ခုနှစ် က အမေရိကန် ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံဖိုးရှိသည်။ ဥရောပတွင်အကြီးဆုံးသော ကားထုတ်လုပ်သည့်ကုမ္ပဏီ တစ်ခုဖြစ်သော ဗောက်ဝက်ဂွန်းကား ထုတ်လုပ်ရေး ကုမ္ပဏီသည် ယခင့်ယခင် အချိန်များက အရှုံးပြခဲ့သော်လည်း ၁၉၉၄ ခုနှစ်၌ အကျိုးအမြတ်ပြန်လည် ရရှိလာခဲ့သည်။ဗောက်ဝက်ဂွန်းကားထုတ် လုပ်ရေးကုမ္ပဏီ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ အစည်းအဝေးကပြော ကြားရာတွင် ၁၉၉၃ ခုနှစ်က အရှုံးပေါ်ခဲ့သော်လည်း ၁၉၉၅ခုနှစ် ထဲတွင် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁ဝ၈ သန်း ရရှိခဲ့သည်ဟု ဆိုသည်။ ကမ္ဘာတွင် အကြီးဆုံး စက်မှုကုန်စည်ပြပွဲ တစ်ခုဟုဆို သည့် ဟင်နိုဗာစက်မှု ကုန်စည်ပြပွဲကို ဂျာမနီနိုင်ငံ ဟင်နိုဗာမြို့ တွင် ၁၉၉၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က ဖွင့်လှစ်ပြသခဲ့သည်။ ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုးက ပြပွဲကိုဖွင့်လှစ်ပေးလိုက်ပြီး ဂျာမန် စက်မှုကုန်သည်ကြီးများကို စီးပွားရေးတိုးတက်လာသော အာရှ တစ်လွှားတွင် ရင်းနှီးမြှပ်နှံမှုများ ပြုကြရန် တိုက်တွန်းပြောကြား ခဲ့သည်။ ဤရာစုနှစ်အကုန်တွင် အာရှနိုင်ငံများထဲမှ ခုနှစ်နိုင်ငံ သည် ကမ္ဘာ့ထိပ်သီး စီးပွားရေး ဖွံ့ဖြိုးနိုင်ငံ ၁ဝ နိုင်ငံထဲတွင် စာရင်းဝင် လာလိမ့်မည်ဟု ဟဲလ်မွတ်ခိုးက ထည့်သွင်းပြောကြား သွားသည်။ ထို့ကြောင့် ဂျာမန်စက်မှု ကုန်သည် ကြီးများသည် အာရှနိုင်ငံများတွင်ရင်းနှီး မြှပ်နှံကြရန် တိုက်တွန်းခြင်းဖြစ်ကြောင်း ဟဲလ်မွတ်ခိုးက ပြောခဲ့သည်။ ဂျာမန်စီးပွားရေးလုပ်ငန်း ကုမ္ပဏီကြီးများသည် တရုတ် ပြည်သူ သမ္မတနိုင်ငံတွင် စီးပွားရေးလုပ်ငန်းကြီးရှစ်ခုရင်းနှီးမြှပ်နှံ လုပ်ကိုင်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၅ ခုနှစ်၊ဇူလိုင်လ ၁၃ ရက်နေ့တွင်လက် မှတ်ရေးထိုးခဲ့ကြသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ကျန်ဇီမင်း ဂျာမနီနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့စဉ် ယင်းကဲ့သို့ ရင်းနှီးမြှပ်နှံရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ ကြခြင်းဖြစ်သည်။ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်း ရင်းနှီးမြှပ်နှံ ဆောင်ရွက်မှုတွင် ဂျာမနီနိုင်ငံ မာစီဒီးကားထုတ်လုပ် ရေးကုမ္ပဏီနှင့် တရုတ်နိုင်ငံ တို့အကျိုးတူ ပူးပေါင်းကာ မီနီဗင် မော်တော်ကားနှင့် ကားအင်ဂျင်များ ထုတ်လုပ်ရေးလုပ်ငန်းလည်း ပါဝင်သည်။ ထိုလုပ်ငန်းအတွက် ရင်းနှီးမြှပ်နှံမှုမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံဖြစ်သည်။


ပြည်ပဆက်ဆံရေး[ပြင်​ဆင်​ရန်​]

ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုးသည် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့၌ ပိုလန်နိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ခရီး ရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ်ခိုးက ပိုလန်နိုင်ငံအားဥရောပယူနီယံ ( European Union) သို့ဝင်ရောက်ရေးကို ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုးသည် ပိုလန်ဝန်ကြီး ချုပ် ဂျိုးဇက်အိုလက်ဆီ အပါအဝင် ပိုလန်ခေါင်းဆောင်များနှင့် ပိုလန်နိုင်ငံ နေတိုးနှင့် ဆက်သွယ်နိုင်ရေး ကိစ္စ၊ နယ်စပ်အဝင် အထွက်ကိစ္စ၊ နှစ်နိုင်ငံရင်းနှီးမြှပ်နှံ ကုန်သွယ်ရေးကိစ္စများကိုဆွေး နွေးခဲ့ပေသည်။ [၇]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၂)
  3. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၃)
  4. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၄)
  5. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၆)
  6. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၈)
  7. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၉၆)