ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂျာမန် ဒီမို ကရက်တစ် သမ္မတနိုင်ငံခေါ် အရှေ့ဂျာမနီနိုင်ငံသည် ကမ္ဘာတွင် စက်မှုအထွန်းကားဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၄ဝ၆၄၆ ရှိ၍ ၁၉၇၆ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၁၆၈၅ဝဝဝဝ ရှိလေသည်။ မြို့တော် မှာ အရှေ့ဘာလင်မြို့ ဖြစ်သည်။

၁၉၄၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က ဂျာမနီနိုင်ငံ၏ အနောက်ဘက် ဇုံနယ်ကြီးများကို စုပေါင်း၍ ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံအဖြစ် တည်ထောင် လိုက်သောအခါ ရုရှကလည်း ထိုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် မိမိတို့ သိမ်းပိုက်ထားသော ဂျာမနီနိုင်ငံ၏ အရှေ့ဘက်ဇုံနယ်ကြီးများကို စုပေါင်း၍ ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံကို တည်ထောင်လိုက်လေသည်။

ထိုစဉ်က သမ္မတမှာ ဗီလဟင်းပက်ဖြစ်၍ ၁၉၅၃ ခုနှစ်နှင့် ၁၉၅၇ ခုနှစ်များတွင်လည်း သမ္မတအဖြစ် ပြန်လည် အရွေးခံ ရသည်။ ဝန်ကြီးချုပ်မှာ ဝီလီစတို့ဖြစ်၍ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးမှာ ဝေါ်လတာအူးဗရစ် ဖြစ်သည်။

ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ ဗရန်ဒင်ဗတ်၊ မက္ကလင်ဗတ်၊ ဆက္ကဆွန်နီ၊ ဆက္ကဆွန်နီအန်ဟော့နှင့် သူရင်းဂျီယား ပြည်နယ်များ ပါဝင်ကြသည်။ ပြည်သူ့လွှတ်တော်က ၁၉၅၂ ခုနှစ်တွင် အဆိုပါ ပြည်နယ်ငါးခုကို ဖျက်သိမ်း၍ အုပ်ချုပ်ရေး နယ်များအဖြစ် ဆက္ကဆွန်နီအန်ဟော့မှလွဲ၍ ပြည်နယ်တစ်ခုကို ခရိုင်သုံးခု ခွဲလိုက်သည်။ ဆက္ကဆွန်နီအန်ဟော့ကိုမူ ခရိုင်နှစ်ခု ခွဲလိုက်သည်။ သို့ဖြင့် အရှေ့ဂျာမနီနိုင်ငံတွင် ခရိုင် ၁၄ ခုနှင့် ကောင်တီ ၂၁၇ ခုပါဝင်သည်။

၁၉၅၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အရှေ့ဂျာမနီနိုင်ငံ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကြေငြာသည်။ သို့သော် လုံခြုရေးနှင့် လေးနိုင်ငံပါဝင်သော ပို့စဒမ်စာချုပ်ကို အကြောင်း ပြပြီး ရုရှတပ်များကို အရှေ့ဂျာမနီ နိုင်ငံ၌ ဆက်လက် ထားရှိ သည်။

ပြည်သူ့လွှတ်တော်သည် ၁၉၆ဝ ပြည့်နှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် အုပ်ချုပ်ရေး စနစ်ကို ပြောင်းလိုက်သည်။ ယင်းစနစ်အရ သမ္မတစနစ်ကို ပယ်ဖျက်၍ နိုင်ငံတော်ကောင်စီ သည် အကြီးမြင့်ဆုံးသော အုပ်ချုပ်ရေး အဖွဲ့အစည်း ဖြစ်လာ သည်။ ထိုကောင်စီ၏ ဥက္ကဋ္ဌသည် ဝေါ်လတာအူးဗရစ် ဖြစ်လေ သည်။ အရှေ့ဂျာမနီမှ အနောက် ဂျာမနီသို့ ပြောင်းရွေ့ နေထိုင် သူများ အများအပြား ရှိခဲ့ရာ ၁၉၆၁ ခုနှစ် အရှေ့ဘာလင်နှင့် အနောက်ဘာလင် နယ်စပ်ကို၎င်း၊ အနောက်ဘာလင်နှင့် ဂျာမနီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ နယ်စပ်ကို၎င်း ဂျာမနီ ဒီမို ကရက်တစ် အာဏာပိုင်တို့က ပိတ်လိုက်ကြောင်း ကြေငြာ သည်။

တရားဝင် သွားလာ ဝင်ထွက်နိုင်သော နေရာပေါင်း ၁၃ နေရာကိုသာ ဖွင့်ပေးခဲ့ပြီး လူဝင်လူထွက် စည်းကမ်း သက်မှတ်ချက်များကို ထုတ်ပြန် ကြေငြာခဲ့သည်။ ယင်းသို့ ဘာလင် နယ်နိမိတ် စည်းကမ်းသတ်မှတ်ချက်များနှင့် စပ်လျဉ်းသော လုပ်ရပ်များကို ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန် ပြည်ထောင်စုတို့က ကန့်ကွက်ခဲ့ကြသည်။

ဂျာမနီ ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် ရုရှနှင့် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး စသော စာချုပ်များကို ချုပ်ဆိုခဲ့သည်။ ရုရှဦးဆောင်သည့် အရှေ့ဥရောပ ဆိုရှယ်လစ် နိုင်ငံများနှင့် ကာကွယ်ရေး စာချုပ်များကိုလည်း ချုပ်ဆိုခဲ့ သည်။ ၁၉၆၈ ခုနှစ်တွင် မဲဆန္ဒရှင် ၉၄ ရာခိုင်နှုန်းကျော်က လက်ခံသည်ဆိုသော အုပ်ချုပ်ရေး စနစ်သစ်ကို ကြေငြာ၍ ထိုနှစ် ဧပြီ ၈ ရက်နေ့မှ စတင်ပြီး ယင်းစနစ်အရ ကျင့်သုံး ခဲ့ရာ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို ခိုင်ခိုင်မြဲမြဲ လက်ခံပြီး ရုရှနှင့် ပို၍ နီးစပ်စေလေသည်။

ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် ၁၉၇ဝ ပြည့် နှစ်ဦးပိုင်းမှ အစပြု၍ စက်မှုလုပ်ငန်းများကို ဇောက်ချ၍ ဆောင်ရွက်ခဲ့ရာ ကမ္ဘာ့ စက်မှုနိုင်ငံကြီးများ၏ အဆင့်သို့ မီအောင် တက်လှမ်းနိုင်ခဲ့လေသည်။ ယခုအခါ ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် နဝမမြောက် ကမ္ဘာ့အကြီးဆုံး စက်မှုနိုင်ငံ ဖြစ်လာသည်။

၁၉၇၁ ခုနှစ်တွင် ဝေါ်လတာအူးဗရစ်သည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်သည်။ သို့သော် နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌအဖြစ် ဆက်လက် ဆောင်ရွက်သည်။ အီရစ်ဟွန္နက္ကာက ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့သည်။ အရှေ့ဂျာမနီနိုင်ငံသည် ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုနှင့် သံတမန် ဆက်သွယ်ခဲ့သည်။

၁၉၆ရ ခုနှစ်တွင် ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝီလီစတို့သည် ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်း ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံနှင့် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ ဂျာမနီနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို နှစ်နိုင်ငံစလုံးက လိုလားခဲ့ သော်လည်း အခြေခံ အုပ်ချုပ်ပုံချင်း မတူကြ၍ အကောင် အထည်ဖော်ရန် ခက်ခဲလျက်ရှိသည်မှာ ယနေ့ထက်တိုင် အောင်ပင် ဖြစ်လေသည်။ [၁] ဂျာမန်ဒီမိုကရက်တစ် သမ္မတစ်နိုင်ငံကို ဂျီဒီအာဟုလည်း ကောင်း၊ အရှေ့ဂျာမနီဟုလည်းကောင်း ခေါ်တွင်သည်။ ဆိုရှယ် လစ်ညီညွတ်ရေးပါတီ(အက်အီးဒီ)ခေါ် အရှေ့ဂျာမန် ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှုအောက်တွင် ရှိသည်။

လက်ရှိပါတီခေါင်းဆောင်သည် အသက်အရွယ်ကြီးရင့်၍ ရာထူးမှ နုတ်ထွက်သွားသော ဝေါ်လတာအူး ဗရစ်၏ နေရာကို ဆက်ခံသည့် အဲရစ်ဟွန်နက်ကာ ဖြစ်သည်။

အနောက်ဂျာမနီနယ်၏ အနောက်ပိုင်းဆားနယ်တွင် ၁၉၁၂ ခုနှစ်က မွေးဖွားသည့် မစ္စတာဟွန်နက်ကာသည် ၁၉၂၂ ခုနှစ် တွင် ရှေ့ဆောင်ကွန်မြူနစ် လူငယ်အဖွဲ့တွင် ပါဝင်ပြီး ၁၉၂၉ ခုနှစ်တွင် ကွန်မြူနစ်ပါတီဝင် ဖြစ်လာသည်။ ဖက်ဆစ်နာဇီ အစိုးရ၏ထောင်မှ ၁၉၄၅ ခုနှစ်တွင် လွတ်မြောက်ပြီး လွတ်လပ်သော ဂျာမန်လူငယ်အသင်းကို တက်တက်ကြွကြွ ထူ ထောင်ခဲ့သည်။ မစ္စတာအူးဗရစ်နှင့်အတူ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကာ ၁၉၇၁ ခုနှစ်တွင် နိုင်ငံသမ္မတအဖြစ် တာဝန် ယူခဲ့သည်။

လူတိုင်း အလုပ်လုပ်နိုင်ခွင့်ရှိသည်။ စက်ရုံအလုပ်ရုံများကို ပြည်သူပိုင်သည်ဆိုသော ပါတီမူဝါဒဖြင့် ကုန်ထုတ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ ဂျီဒီအာ နိုင်ငံသည် ၁၉၇၈ ခုနှစ်တွင် တန် ၄ဝ၆ဝဝဝ ချိန်ရှိသည့် ကုန်တင်သင်္ဘော ၅၈ စင်းကို တည်ဆောက်နိုင်ခဲ့သည်။ ဗော်လတစ်ပင်လယ် ကမ်းခြေရှိ ရော့စတော့၊ စထရာဆန့်နှင့် စီစမာမြို့များတွင် ခေတ်မီသင်္ဘောကျင်းများကို တည်ဆောက် ခဲ့သည့်အပြင် ဘွိုင်ဇင်းဘတ်၊ ရော့စတော့ စသည်နယ်မြေများ တွင် ပြည်တွင်းသင်္ဘောကျင်းကိုလည်း တည်ဆောက် လုပ်ကိုင် လျက် ရှိလေသည်။

ဆိုဗီယက်ယူနီယံအတွက် သင်္ဘောများတည်ဆောက်ပေးရ သည့်အပြင် အိန္ဒိယ၊ နော်ဝေနှင့် ပြင်သစ်နိုင်ငံ အတွက်လည်း ကုန်သင်္ဘောနှင့် ငါးဖမ်းသင်္ဘောများကို တည်ဆောက်ပေး နေရသော နိုင်ငံဖြစ်သည်။

၁၉၆၇ ခုနှစ်မှ စတင်ခဲ့သော အင်တာကော့စမော့ခေါ် နိုင်ငံစုံ အာကာသသုတေသနလုပ်ငန်းတွင် ဆိုဗီယက် ပြည် ထောင်စု၏ အကူအညီဖြင့် ပူးပေါင်းသုတေသနပြုခဲ့သူ အရှေ့ ဂျာမန်အမျိုးသား အာကာသသုတေသီ ဆစ်ဂမန်ဂျေးသည် ဆိုဗီယက်အာကာသယာဉ်မှူး ဗလာရီဘိုင်ကော့စကီနှင့်အတူ ဆိုယု ၃၁ သည် အာကာသ ဘူတာစခန်းဖြစ်သော ဆားလျူ့ ၆ နှင့် ချိတ်ဆက်သုတေသနပြုအပြီး အစီအစဉ်အတိုင်း မြေပြင် သို့ ချောမော စွာ သက်ဆင်းနိုင်ခဲ့လေသည်။

အရှေ့ဂျာမနီနိုင်ငံသည် သိပ္ပံပညာရပ်တွင် ထူးခြား အောင် မြင်သကဲ့သို့ အားကစားလောကတွင်လည်း အောင်မြင်မှု အများ ဆုံး ရရှိခဲ့သည်။

၁၉၆၈ ခုနှစ် မက္ကဆီကို အိုလင်းပစ်တွင် အရှေ့ဂျာမနီအား ကစားသမားအဖွဲ့သည် စတုတ္ထနေရာကို ရခဲ့သည်။ ၁၉၇၂ ခုနှစ် မြူးနစ်အိုလင်းပစ်တွင် တတိယနေရာသို့ တက်လာနိုင်ကာ ၁၉၇၆ ခုနှစ် မွတ်ထရီယယ် အိုလင်းပစ်၌ တတိယနေရာကို ပြန်လည်ရရှိခဲ့သည်။ ၁၉၈ဝ ပြည့်နှစ် မော်စကိုအိုလင်းပစ်၌ ဒုတိယနေရာသို့ တက်ရောက်နိုင်ခဲ့လေသည်။ အထူးသဖြင့် အမျိုးသမီးရေကူးပြိုင်ပွဲနှင့် အမျိုးသား အမျိုးသမီး ပြေးခုန် ပစ်ပွဲ၌ ပို၍ ထူးချွန်ခဲ့ကြသည်။

စီးပွားရေး နိုင်ငံရေးစနစ်ချင်း မတူသော အနောက်ဂျာမနီ နှင့် ရေမြေဆက်လျက်ရှိသော နိုင်ငံဖြစ်သည့်အလျောက် ကာ ကွယ်ရေးအင်အားကိုလည်း လျှော့မထားခဲ့ပေ။ စီးပွားရေးတွင် စီမီးယားခေါ် စီးပွားရေးအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် ဖြစ်သကဲ့သို့ ကာကွယ်ရေး၌ ဝါဆောစာချုပ်ဝင်နိုင်ငံ ဖြစ်လေသည်။

အရှေ့ဂျာမနီနိုင်ငံသည် ဝါဆောစာချုပ်ဝင် နိုင်ငံများနှင့် အထူးရင်းနှီးစွာ ဆက်ဆံသကဲ့သို့ အနောက် ဂျာမနီနိုင်ငံနှင့် လည်း ချစ်ကြည်စွာ ဆက်ဆံရေးမူများကို ချမှတ်ထားရှိလေ သည်။

သို့ရာတွင် ဘာလင်တံတိုင်းကို ကျော်ဖြတ်၍ ဖြစ်ပွားသော ပစ်ခတ်မှုများကြောင့်လည်းကောင်း၊ လျှို့ဝှက်စုံထောက်(သူလျှို) များ စေလွှတ်ပြီး သတင်းယူကြသောအမှုများကြောင့်လည်း ကောင်း၊ အစိုးရနှင့် သဘောထားမညီ၍ ထွက်ပြေးပြောင်းရွေ့ ခိုလှုံကြသူတို့ကြောင့်လည်းကောင်း မကြာခဏ ပဋိပက္ခ ဖြစ်ခဲ့ ကြရလေသည်။

ဖမ်းဆီးထားခြင်းခံရသူ အကျဉ်းသားများကို အပြန်အလှန် အလဲအလှယ်ပြု၍ ထိုမကျေနပ်မှုများကို လျှော့နည်းစေခဲ့ကြ သည်။ ၁၉၇၅ ခုနှစ်က ထောင်ဒဏ် ၁၃ နှစ် အပြစ်ပေးခံ ရသော အရှေ့ဂျာမန်အထောက်တော် ဂီလွန်း၏ဇနီး၊ ခရစ္စတယ် ဂီလွန်းကို အနောက်ဂျာမနီ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သဖြင့် အရှေ့ဂျာမနီ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သဖြင့် အရှေ့ဂျာမနီ တွင် ဖမ်းဆီးခြင်းခံရသော အနောက်ဂျာမန်သတင်းစာဆရာ ပီတာဖဲလတင်းကို ဆိုင်ရာမှ လွှတ်ပေးခဲ့လေသည်။

ဂီလွန်းဇနီးမောင်နှံသည် ဝန်ကြီးချုပ် ဝီလီဗရန့်ရာထူးမှ နုတ်ထွက်ခဲ့စေရအောင် ဖန်တီးသူများဖြစ်သည်ဟု စွဲချက် အတင်ခံရသူများ ဖြစ်သည်။[၂] ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် ဂျာမန်ဆိုရှယ်လစ် ညီညွတ်ရေးပါတီ၏ ဦးဆောင်မှုဖြင့် စီမံကိန်း စီးပွားရေးစနစ် ကို ကျင့်သုံးသည့် နိုင်ငံဖြစ်သည်။ ၁၉၇၉-၁၉၈ဝ ခုနှစ်ငါးနှစ် စီမံကိန်းတွင် စက်မှုထုတ်လုပ်ငန်းကို အနည်းဆုံး ၃၄ ရာခိုင် နှုန်း၊ အများဆုံး ၃၆ ရာခိုင်နှုန်း တိုးထုတ်ရန် သတ်မှတ်ထား ခဲ့သည်။ အလုပ်သမားများ၏ ကုန်ထုတ်စွမ်းအားကိုလည်း ၃ဝ ရာခိုင်နှုန်း တိုးမြှင့်ရန် ရည်မှန်းချက်ပြုထားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ထုတ်လုပ်သည့် စက်မှုလုပ်ငန်းသည် သတ်မှတ်ချက်ထက်ပို၍ အောင်မြင်သည်ဟု နိုင်ငံအကြီးအကဲ ဖြစ်သူ အဲရစ်ဟွန်နက်ကာက ၁၉၈၂ ခုနှစ် ဇန္နဝါရီလ ၁ ရက် နေ့က ပြန်လည်သုံးသပ်ယင်း ပြောကြားသည်။ စီးပွားရေးအခြေ အနေ မဆိုးရွားခြင်းသည် ပတ်ဝန်းကျင်နိုင်ငံများနှင့် ဆက်ဆံ ရေးကောင်းသောကြောင့်လည်း ဖြစ်သည်။

ဂျီဒီအာနိုင်ငံသည် ဆိုဗီယက်ယူနီယံနှင့် စီးပွားရေးစာချုပ်ကို ၁၉၇၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ချုပ်ဆိုသည်။ ထိုစာချုပ်တွင် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့်အပြန် အလှန် ကူညီရေးတို့ ပါဝင်သည်။ ၁၉၇၉ ခုနှစ် အောက်တိုဘာ လတွင် ယခင်စာချုပ်ထက်ပို၍ တိကျနက်ရှိုင်းသော စာချုပ်ကို ချုပ်ကြပြန်သည်။ ထိုစာချုပ်တွင် စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးစေ ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပါရှိရာ ၁၉၉ဝ ပြည့်နှစ်ထိ တည်နေမည့်စာချုပ်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အရ၊ ဂျီဒီအာအမျိုးသား သုတေသနပြုသူ ၁ဝဝဝ သည် ဆိုဗီယက်ယူနီယံသို့ ပညာ လေ့လာသင်ကြားရန် သွားရောက်ကြသည်။ အပြန်အလှန်အနေ ဖြင့် ဆိုဗီယက်သုတေသနပညာရှင် ၅ဝဝဝ သည် ဂျီဒီအာသို့ ရောက်ရှိလာကြသည်။

အာကာသ သိပ္ပံပညာကိုလည်း ဂျီဒီအာ အမျိုးသားတို့သည် ဆိုဗီယက်တို့နှင့် ပူးတွဲလေ့လာလုပ်ကိုင်ကြသဖြင့် ၁၉၇၈ ခုနှစ် တွင် ဂျီဒီအာ အာကာသယာဉ်မှူး ဆစ်ဂမန်ယန်း ပေါ်ထွက်လာ ခဲ့သည်။ ၎င်းသည် ဆိုယုဇ် ၃၁ အာကာသယာဉ်ဖြင့် အောင် မြင်စွာ ကမ္ဘာပတ်နိုင်ခဲ့လေသည်။ ဆိုဗီယက်ယူနီယံနှင့် ဆက်ဆံရေး ကောင်းသကဲ့သို့ ပြည် ထောင်စုသမ္မတ ဂျာမနီနိုင်ငံနှင့်လည်း သင့်မြတ်စွာ ဆက်ဆံ နိုင်သည်။

၁၉၇ဝ ပြည့်နှစ်တွင် ထိုစဉ်က နိုင်ငံအကြီးအကဲ ဖြစ်သော ဝီလီဗရန့်ချမှတ်ခဲ့သည့် အော့ပိုလစ်တစ်မူအရ နှစ်နိုင်ငံချစ်ကြည် လာခဲ့ရာ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သံတမန် ဆက်သွယ်နိုင်ခဲ့သည်။ ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ တွင် ချုပ်ဆိုခဲ့သည့် စာချုပ်ဖြင့် ကီလိုမီတာ ၁၃ဝဝ ရှည်သည့် နယ်နိမိတ်ကို သတ်မှတ်နိုင်ခဲ့သည်။

အကျယ်အဝန်း။ ။၄ဝ၆၄၆။ လူဦးရေ။ ။၁၆၈ဝဝဝဝဝ။ မြို့တော်။ ။ဘာလင်မြို့။


အနောက်ဂျာမနီရှိ ဆွေမျိုးများနှင့်တွေ့လိုသူ ၃ဝဝဝ ကို လည်း တွေ့ဆုံသွားလာခွင့်ပြုလိုက်သည်။ ထိုအတွက် အနောက် ဂျာမနီက ဒေါ်လာငွေ ၄၅ သန်းတုံ့ပြန် ကူညီသည်။ အနောက် ဂျာမနီထံမှ နှစ်စဉ်ဒေါ်လာ သန်း ၃ဝဝ ကျော်ကို အတိုးမဲ့ချေး ငှားရယူနိုင်ခဲ့သည်။

ချစ်ကြည်မှုအနေဖြင့် အနောက်ဂျာမနီ ဝန်ကြီးချုပ် မစ္စတာ ရှမစ်သည် ဂျီဒီအာသို့ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် အလည် အပတ်ရောက်ရှိကာ မစ္စတာဟွန်နက်ကာနှင့် တွေ့ဆုံဆွေးနွေး သည်။ မစ္စတာရှမစ်၏ ခရီးစဉ်သည် နှစ်ကြိမ်ရွှေ့ဆိုင်းပြီးမှ ထွက်လာသော ခရီးစဉ်ဖြစ်သည်။ အာဖဂနိစတန်နိုင်ငံသို့ ဆိုဗီ ယက်တပ်များ ဝင်ရောက်လာစဉ်ကတစ်ကြိမ်၊ ပိုလန်အရေး အခင်းဖြစ်ပွားစဉ်ကတစ်ကြိမ် ရွှေ့ဆိုင်းရခြင်းဖြစ်သည်။ အနောက်ဂျာမနီသို့ ဆိုဗီယက်သဘာဝဓာတ်ငွေ့ပို့ရာတွင် အရှေ့ ဂျာမနီကိုဖြတ်၍ ပို့ရမည်ဖြစ်ရာ အရှေ့ဂျာမနီ၏ အကူအညီကို ယူရမည်ဖြစ်သည်။

ပိုလန်အရေးအခင်းတွင် မစ္စတာဟွန်နက်ကာ အစိုးရသည် ပိုလန်အစိုးရဘက်က ရပ်တည်သည်။ ပိုလန် သွေးစည်းခိုင်မာ ရေးအဖွဲ့ဝင်တို့ လှုပ်ရှားနေစဉ် အနောက်အုပ်စုနိုင်ငံများမှ ခရီး သည်များအား ပိုလန်သို့ မဝင်နိုင်စေရန် နယ်စပ်များကို ၁၉၈ဝ ပြည့်နှစ်က ပိတ်ထားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေးကိုလည်း နိုင်ငံ၏အင်အား နှင့်အညီ ကူညီဆက်ဆံခဲ့ရာ ၁၉၈၁ ခုနှစ်တွင် ဖွံ့ဖြိုးဆဲ ၃၇ ဆဲနိုင်ငံတို့သို့ အကူအညီပေးခဲ့သည်။ မစ္စတာဟွန်နက်ကာ ကိုယ်တိုင် အာဖရိကနိုင်ငံများသို့ ခရီးလှည့်လည်ကာ မိတ်ဖွဲ့ခဲ့ ရာ မိုဇမ်ဘစ်၊ အင်ဂိုလာ နိုင်ငံများနှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။[၃]


ဟန်ဂေရီနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများဖြစ် ပေါ်တိုး တက်နေသည့်အလျောက် ဩစတြေီးယားနိုင်ငံနှင့်နယ်စပ် တစ်လျှောက်ရှိ မိုင် ၁၆ဝ ရှည်သော သံဆူးကြိုးအကာအရံ၏ ထက်ဝက်နီးပါးကို ၁၉၈၉ ခုနှစ် မေလတွင် ဖျက်သိမ်းပေးခဲ့သော အခါ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီ) မှပြည်သူ အများအပြားတို့ ဂျမနီပြည်ထောင်စု သမ္မတနိုင်ငံ (အနောက် ဂျာမနီ) သို့ ဩဂုတ်လဆန်းမှစ၍ ထွက်ပြေးလာသည့်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။


ဩဂုတ်လ ၃၁ ရက်နေ့တွင် ဩစတြီးယားနိုင်ငံက ရှေ့ဂျာမန်သား တို့အတွက် ပြည်ဝင်ခွင့်ဗီဇာ မလိုသောကြောင့် ကြေညာခဲ့သည်။ ထိုအချိန်တွင် အရှေ့ဂျာမန်နိုင်ငံသား ၆ဝဝဝ ကျော်သည်ဟန်ဂေရီ နိုင်ငံမှ တစ်ဆင့်အနောက်ဂျာမနီသို့ သွားရန် ဩစတြီးယားနိုင်ငံကို တရားမဝင်ဖြတ်ကျော်သွားပြီး ဖြစ်သည်ဟုဆိုသည်။ အရှေ့ဂျာမနီ အစိုးရကနိုင်ငံသားများ ပြည်ပသို့ထွက်မသွားစေရန် ၁၉၆၁ ခုနှစ်က ဘာလင်တံတိုင်ကြီးကို တည်ဆောက်ခဲ့ပြီးနောက်ပိုင်းတွင် ထိုသို့ နိုင်ငံသားများ အစုလိုက်အပြုံလိုက် ထွက်ပြေးခြင်းသည် ပထမ ဆုံးအကြိမ်ဖြစ်သည်။

ထိုအချိန်တွင် အရှေ့ဂျာမနီရှိခရိုင် ၁၅ ခုအနက် ၁၁ ခု တွင် တရားဝင်အသိအမှတ်ပြုခံရစေရန် လျှောက်ထားပြီးဖြစ်သည့် နယူးဖိုရမ်(နွိုင်းယက်စ်ဖိုရွမ်) အမည်ရှိအတိုက်အခံ အုပ်စုတစ်စု သို့အာဏာရကွန်မြူ နစ်ပါတီမှပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိ သူတို့ ကူးပြောင်းသွားကြသည်။ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် နယူးဖိုရမ်အဖွဲ့အစည်းအဝေး ကျင်းပခဲ့ရသည်။ အစိုးရက နယူဖိုရမ်သည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် မညီ ကြောင်း၊ အစိုးရကိုဆန့်ကျင်သော အဖွဲ့ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ သဖြင့် ထိုသို့အစည်းအဝေး ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ပြုပြင် ပြောင်းလဲရေးနှင့် စပ်လျဉ်း၍အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည့် နယူးဖိုရမ်၏ပန်းကြားလွှာကို နိုင်ငံတစ်ဝန်လုံးမှ အရှေ့ဂျာမနီနိုင်ငံသား ၄၂ဝဝ ကျော်က လက်မှတ်ထိုး ထောက်ခံ ၍တင်ပြခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု၊ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့၌ လုပ်ဆောင် နေသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုမျိုး အရှေ့ဂျာမနီ ၌ မလိုအပ်ဟူ၍အခိုင်အမာပယ်ချနေသော အစိုးရကနယူးဖိုရမ်၏ လှုပ်ရှားမှုများချက်ချင်း ရပ်ဆိုင်းပစ်ရန် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် တားမြစ်ခဲ့သည်။ ထိုနေ့တွင်ပင် လိုက်ပဇစ်မြို့၌ ဆန္ဒပြပွဲဖြစ်ပွားရာ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရန်လည်းကောင်း၊ နယူးဖိုရမ်ကိုလွတ်လပ်သော အဖွဲ့အစည်း အဖြစ်တရားဝင်ခွင့်ပြုရန်လည်းကောင်း တောင်းဆိုခဲ့ ကြသည်။ နောက်ထပ်အရှေ့ဂျာမန်နိုင်ငံသား၆၃ဝဝ ခန့်သည်လည်း အောက်တိုဘာလ ၁ ရက် နေ့တွင်အနောက်ဂျာမနီသို့ အထူးမီးရထားများဖြင့် ထွက်သွားကြပြန်သည်။ ချက်ကိုစလို ဗက်ကီးယားနိုင်ငံ ပရာဟာမြို့နှင့် ပိုလန်နိုင်ငံဝါဆောမြို့တို့ရှိ အနောက်ဂျာမနီသံရုံးတို့၌ အရှေ့ဂျာမန်နိုင်ငံသားများ စုပြုံသောင် တင်နေခြင်းကို အဆုံးသတ်စေရန် အရှေ့ဂျာမနီအစိုးရက ယင်းအထူးရထားများကို စီစဉ်ပေးရခြင်းဖြစ်သည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် နောက်ထပ် အရှေ့ဂျာမနီနိုင်ငံ သား ၇၆ဝဝ ခန့်သည် လွတ်လပ်ရေးရထားများ ဟုခေါ်သော မီးရထားများဖြင့် အနောက်ဂျာမနီသို့ရောက်သွားကြပြန်ရာ အရှေ့ ဂျာမနီနိုင်ငံမှ ထွက်ခွာသွားသူပေါင်း ၅ဝဝဝဝ နီးပါးထိ များပြား လာခဲ့သည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် လိုက်ပဇစ်မြို့၌ ဆန္ဒပြသူ ၇ဝဝဝဝ ထိရှိလာသည်။

ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံသည်ဆိုရှယ်လစ်လမ်း ကြောင်းကို ဆက်လက်လျှောက်လှမ်းလျက် တွေ့ကြောင်းကိုဆက် လက်လျှောက်လှမ်းလျက် တွေ့ကြုံရသည့် ပြဿနာအသစ်များ အတွက် အဖြေသစ်များ ရှာဖွေနိုင်ရန် ဝန်ကြီးချုပ်ဝီလီစတို့ဖ် အပါအဝင်ဂျာမနီဆိုရှယ်လစ် ညီညွတ်ရေးပါတီ (အက်စ်အီးဒီ) ပေါ်လစ် ဗျူရိုအဖွဲ့ ဆွေးနွေးနေပြီဟု အရှေ့ဂျာမနီသတင်းစဉ် (အေဒီအင်) က အောက်တိုဘာလ ၆ ရက်နေ့တွင်သတင်းထုတ် ပြန်ခဲ့သည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် လိုက်ပဇစ်မြို့၌ ဆန္ဒပြပွဲများ ဖြစ်ပေါ်ပြန်သည်။ အလုပ်သမား ပြည်သူ့စစ်အဖွဲ့ဟု ခေါ်သည့် အင်းအားငါးသိန်းခန့်ရှိ ပြည်သူ့စစ်အဖွဲ့က ဆန္ဒပြပွဲ များကိုဖြိုခွဲမည် ဟုကြေညာသည်။ အောက်တိုဘာလ ၈ ရက်နေ့ တွင်အရှေ့ဘာလင်မြို့၌ ဆန္ဒပြပွဲဖြစ်ပွားပြန်သည်။ နောက်ပိုင်းတွင် ဒရက်စဒင်မြို့နှင့် ဟာလဲမြို့တို့သို့ ပျံ့နှံ့သွားခဲ့သည်။ ဆန္ဒပြပွဲများ အတွင်းလူ ၁၁ ဦးကိုဖမ်းဆီးရမိထား၍ခုံရုံးတင်မည်ဟုအောက်တို ဘာလ ၁၃ ရက်နေ့တွင် အေဒီအင်သတင်းစဉ်ကကြေညာသည်။

အတိုက်အခံအုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရေးကို အရှေ့ဂျာမနီ ခေါင်းဆောင် အဲရစ်ဟွန်နက်ကာက ထိုနေ့တွင် ပင်ပယ်ချသည်။ ထိုအုပ်စုများသည် ဆိုရှယ်လစ် စနစ်၏ ရန်သူများဖြစ်သည် ဟုကွန်မြူနစ်ပါတီ အာဘော်သတင်းစာက တိုက်ခိုက်ရေးသား ခဲ့သည်။ ထိုအချိန်တွင်အင်အား ၁၅,ဝဝဝ ရှိနေပြီဖြစ်သော နယူး ဖို ရမ်အဖွဲ့ကို အဓိကထား၍ တိုက်ခိုက်ရေးသားခဲ့သည်။ ထိုအ တောအတွင်း အရှေ့ဂျာမနီနိုင်ငံ တောင်ပိုင်းရှိ သေးငယ်သော ပလောယင်မြို့လေး၌ပင် လူ ၁ဝ,ဝဝဝ ထိပါဝင်သော ဆန္ဒပြပွဲ ဖြစ်ပွားလာသည်အထိ ပြုပြင်ပြောင်းလဲရေး တောင်းဆိုဆန္ဒပြပွဲ များ ကျယ်ပြန့်လာသည်။ အရှေ့ဂျာမနီနိုင်ငံ သမိုင်းတွင်အင်းအား အကြီး မားဆုံးသော ဆန္ဒပြပွဲများဖြစ်ပွားနေစဉ် အောက်တိုဘာလ ၁၈ ရက်နေ့တွင်နိုင်ငံ၏ ဦးဆောင်ပါတီဖြစ်သော အက်စ်အီးဒီ၏ အထွေထွေအတွင်းရေးမှူး အဲရစ်ဟွန်နက်ကာသည် ရာထူးမှနုတ် ထွက်သွားရတော့သည်။ အက်စ်အီးဒီ ဗဟိုကော်မတီက အထွေ ထွေ အတွင်းရေးမှူးသစ်အဖြစ် အဲဂွန်ခရင့်ဇ်ကို ရွေးချယ်တင် မြေ|ာက်သည်။

အက်စ်အီးဒီ ပါတီခေါင်းဆောင်က ကာလကြာမြင့်စွာ ကျင့်သုံးလာသော လျှို့ဝှက်ထိမ်ချန်မှု သည် ဆုံးခန်းတိုင်သွား ပြီးဟု အောက်တိုဘာလ ၂ဝ ရက်နေ့တွင် အေဒီအင်သတင်းစာ က ကြေညာသည်။ ၁၉၅၃ ခုနှစ်နောက်ပိုင်းတွင် အဆိုးရွားဆုံး သော နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန် အများပြည် သူတို့ ဆန္ဒဖော်ထုတ်တင်ပြ ဆွေးနွေးခွင့်နှင့် ခရီးသွားခွင့်တို့နှင့် စပ်လျဉ်း၍ ချုပ်ချယ်မှုများလျှော့ပေးမည်၊ ဆိုင်များတွင်စားသုံး ကုန်များ ပိုမိုဖြန့်ဖြူးရောင်းချပေးမည်ဟု အောက်တိုဘာလ ၂ဝ ရက်နေ့တွင်အက်စ်အီးဒီ ပါတီက ကြေညာသည်။ နိုင်ငံ၏လူဦး ရေ ၁၆ ဒသမ ၆ သန်းအနက် ၁၂ဝဝဝဝ တို့ ၁၉၈၉ ခုနှစ် အတွင်း နိုင်ငံမှ ထွက်သွားခဲ့ခြင်း၏ အဓိကအကြောင်းရင်းများကို ရှာဖွေ၍ ပြုပြင်သွား ပြည်သူတို့၏ ယုံကြည်မှု ပြန်လည်ရရှိရန် ကြိုးပမ်းခြင်းဖြစ်သည်။ ပြည်ပသို့ ထွက်ခွာသွားသူတို့အနက် ၆ဝဝဝဝ ခန့်သည် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေကြသော အရှေ့အုပ်စုဝင် နိုင်ငံများဖြစ်သည့် ပိုလန်နှင့်ဟန်ဂေရီနိုင်ငံတို့မှ တစ်ဆင့် ထွက်သွားခြင်းဖြစ်၍ ထိုသူတို့ကိုဟွန်နက်ကာမပြုတ်ကျ မီက သစ္စာဖောက်များဟု ခေါ်ဝေါ်ခဲ့သော်လည်း ခရင့်ဇ်၏လက် ထက်တွင် ထိုသူတို့ပြန်လာလျှင် ကြိုဆိုမည်ဟုကြေညာခဲ့သည်။ ခရင့်ဇ်အား ကတိအတိုင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုသော ဆန္ဒပြပွဲများ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ တွင်ထပ်မံဖြစ်ပွားသည်။

အရှေ့ဘာလင်မြို့၌ အရှေ့ဂျာမနီနိုင်ငံ၏ လွွှတ်တော်ရှေ့ မှောက်၌ ဆန္ဒပြသူများကို ဒေသပါတီအကြီး အကဲများက အောက်တိုဘာလ ၂၂ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးသည်။ အောက်တိုဘာလ ၇ ရက်နေ့နှင့် ၈ ရက်တို့က ဆန္ဒပြပွဲများ အတွင် ရဲက အကြမ်းဖက်နှိမ်းနင်းခဲ့မှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးပေးရန် အပါအဝင် တောင်းဆိုချက်များကို ဆွေးနွေးခဲ့ ကြောင်းဖြင့် အေဒီအင်သတင်းစဉ်က ပွင့်လင်းစွာသတင်းထုတ် ပြန်သည်။ နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှုများကို တောင်း ဆိုသော ဆန္ဒပြပွဲများပိုမိုကြီးထွားလာပြန်သည်။

လွှတ်တော်၌ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲအဖြစ် ပါတီခေါင်းဆောင် အဲဂွန်ခရင့်ဇ်ကိုပင် ရွေးချယ်တင်မြေ|ာက်ရာ လွှတ်တော်ကိုယ်စား လှယ် ၅၁ ဦးက သဘောမတူ ဟု ကြေညာသည့်ဖြစ်ရပ် မမျှော် လင့်ဘဲ ပေါ်ပေါက်သည်။ ထိုသို့ နိုင်ငံအကြီးအကဲ ခန့်ထားရန် ပါတီ၏ လျာထားချက်ကို လွှတ်တော် ကိုယ်စားလှယ်တို့က ဆန့်ကျင်ခြင်းမျိုးသည် ၁၉၄၉ ခုနှစ်က နိုင်ငံကို ထူထောင်ခဲ့ပြီး နောက်ပိုင်းတွင် ပထမဆုံး ပေါ်ပေါက်ခြင်းဖြစ်သည်။ လိုက်ပဇစ် မြို့နှင့် အခြားမြို့ကြီးလေးမြို့၌ ဆန္ဒပြပွဲများ ပိုမိုုကျယ်ပြန့်လာ သည်။ အဲဂွန်ခရင့်ဇ်ကို ဆန့်ကျင်ကြွေးကြော် လာကြသည်။

၁၉၅၃ ခုနှစ်ဇွန်လက အလုပ်သမား အရေးအခင်းတစ်ရပ်ကို နှိမ်နင်းခဲ့ပြီး နောက်ပိုင်းတွင် အဆိုးရွားဆုံးသော လူထုအုံကြွမှု ဖြစ်သည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင် နယူးဖိုရမ်အဖွဲ့၌ လက်မှတ်ရေးထိုး ထောက်ခံပါဝင်သူပေါင်း ၂၆ဝဝဝ ကျော်ရှိလာ သည်။

အရှေ့ဘာလင်မြို့၏ အက်စ်အီးဒီပါတီခေါင်းဆောင်နှင့် ပါတီ၏နိုင်ငံရေးဦးဆောင်အဖွဲ့ (ပေါ်လစ် ဗျူရို) အဖွဲ့ဝင်ဂူအင် ထာရှဘိုစကီးသည် နယူးဖိုရမ်အဖွဲ့ကိုဦးဆောင် ဖွဲ့စည်းရာ၌ ပါဝင်သူ သိပ္ပံပညာရှင်နှစ်ဦး ဖြစ်သောယင်းစ်ရိုက်ရှ်နှင့်ဆီဘက် စတီ ယင်ဖလုဘိုင်လ်တို့နှင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးသည်။ အခြားမြို့များတွင်လည်း ဒေသခံပါတီ ခေါင်းဆောင်များနှင့် ဆန္ဒပြလူထုခေါင်းဆောင်များ ဆွေးနွေးကြ သည်။ အက်စ်အီးဒီပါတီ ခေါင်းဆောင်ပိုင်းသည် အောက်တိုဘာ လ ၂၇ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန် သည်။ အနောက်ဂျာမနီသို့ တရားမဝင် ထွက်ခွာသွားသူများ၊ ထွက်ခွာရန် ကြိုး ပမ်းနေကြသူများ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို တောင်းဆိုလျက်ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူများကို လွတ်ငြိမ်းခွင့်ပေး ခြင်းဖြစ်သည်။

ထို့ပြင်အရှေ့ဂျာမနီ၏ တရားဝင် အလုပ်သမား အစည်း အရုံးအဖွဲ့၏ ခေါင်းဆောင် ဟာရီတစ်ရှ်သည် ၁၉၈၉ ခုနှစ် နိုဝင် ဘာလ ၁ ရက်နေ့တွင်နုတ်ထွက်သွားခဲ့သည်။ ယင်းအစည်းအရုံး သည် အလုပ်သမားတို့၏ အကျိုးစီးပွားကို ပစ်ပယ်ထားခဲ့သည် ဟူ၍ အလုပ်သမားများ၏ ဝေဖန်ရှုတ်ချမှုများ အရှိန်မြင့်လာစဉ် တစ်ရှ်နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဆန္ဒပြသူ များတောင်းဆိုချက်များ၌ စိစစ်ဖြတ်တောက်ခြင်း ကင်း၍လွတ် လပ်သော အနုပညာဖန်တီးခွင့်နှင့် ဖျော်ဖြေခွင့်ပေးရန်၊ စက်မှု ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ပိုမိုထိရောက်စွာ ကာကွယ် ပေးရန်ဟူသော အချက်များပါဝင်လာခဲ့ပြီးဖြစ်သည်။

အက်စ်အီးဒီပါတီ ပေါ်လစ်ဗျူရိုသည် စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမည့် အစီအစဉ်များနှင့်ပါတီခေါင်းဆောင် ပိုင်း အသစ်ပြင်ဆင်ခန့်ထားသည့် အစီအစဉ်များကို နိုဝင်ဘာလ ၃ ရက်နေ့တွင်ထုတ်ပြန် ကြေညာသည်။ ထိုအချိန်တွင် မြို့ကြီး အားလုံး၌နေ့စဉ်ပင် ဆန္ဒပြပွဲများပေါ်ပေါက်ကာ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပရေးကိုပါ တောင်းဆိုလာပြီဖြစ်သည်။ နိုဝင်ဘာလ ၅ ရက်နေ့တွင် လိုက်ပဇစ်မြို့ပါတီ အကြီးအကဲ ဟို့စ်ထ်ရှူးမန်းနုတ်ထွက်သွားခဲ့သည်။ အသက် ၇၅ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် ဝီလီစတို့ဖ်ခေါင်း ဆောင်၍ ဝန်ကြီး ၄ဝ ခန့် ပါဝင် သည့်အစိုးရအဖွဲ့တစ်ထဖွဲ့လုံးသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် အက်စ်အီးဒီ ပါတီခေါင်းဆောင် အဲဂွန်ခရင့်ဇ်က 'ဈေးကွက်ဦးစား ပေးသော ဆိုရှယ်လစ်စီမံကိန်း စီးပွားရေး' ဖြင့်ပို့ကုန်များကို တိုး မြှင့်၍ ပြုပြင်ပြောင်းလဲမည်ဟု လည်းကောင်း၊ ဗျူရိုကရေစီကြိုးနီ စနစ်ကို ဖျက်သိမ်းမည်ဟု လည်းကောင်းကတိပြုသည်။ ယင်းပြု ပြင်ပြောင်းလဲရေး အစီစဉ်အရ အထောက်အပံ့များကိုလည်း ဖျက်သိမ်းမည်ဟုဆိုသည်။ စားနပ်ရိက္ခာ၊ အခကြေးငွေနှင့်သယ်ယူ ပို့ဆောင်ရေးအထောက်အပံ့များသည် ၁၉၈၈ ခုနှစ် ဘတ်ဂျက် ဒေါ်လာသန်းပေါင်း ၁၃၅ဝဝဝ ၏ ငါးပုံ တစ်ပုံကျော်ကျော် ရှိခဲ့သည်။

အရှေ့ဂျာမနီအစိုးရသည် အနောက်ဂျာမနီနှင့် နယ်စပ် တစ်လျှောက်ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။ အရှေ့ဘာလင် မြို့တစ်မြို့တည်းပင် နယ်စပ် ဖြတ်သန်းရန် နေရာကိုးနေရာကို ဖွင့်လှစ်ပေးခဲ့သည်။ ထိုနေ့မှစ၍ သုံးရက်အတွင်းတွင် အနောက်ဂျာမနီသို့ သွားရောက်လည်ပတ်လို သူ ၃ ဒသမ ၄ သန်းကိုဗီဇာထုတ်ပေးခဲ့သည်။ အနောက်ဂျာမနီ သို့ သွားသည့်ကားများသည် ကီလိုမီတာ ၄ဝ ထိ ရှည်လျားစွာ တန်းစီလျက်နယ်စပ်ကို ဖြတ်ကျော်ခဲ့ကြသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အရှေ့ဘာလင်မြို့ တော်ဝန်သည် ဘာလင်တံတိုင်းကို ဖြို၍ဖွင့်ထားသော နေရာမှ တစ်ဆင့်အနောက်ဂျာမနီ အတွင်းသို့ ဝင်ကာ အနောက်ဘာလင် မြို့တော်ဝန်နှင့် တွေ့ဆုံခဲ့ကြသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အနောက်ဂျာမနီ သမ္မတ ရစ်ချတ် ဖွန် ဗိုက်ဆက်ကာသည် အရှေ့ဂျာမနီသို့ ဝင်ကာ တစ်ချိန်က 'သေမင်း လမ်းကြား' ဟုအမည်ကျော်သောနယ်မြေအတွင်းတွင် အရှေ့ဂျာမနီ အဆင့်မြင့် တပ်မတော်အရာရှိတစ်ဦး နှင့်တွေ့ဆုံခဲ့ သည်။ အရှေ့ ဂျာမနီအစိုးရသည် နယ်စပ်ကို ဖွင့်ပေးရာတွင် မီတာ ၂ဝ အထိသာကျယ်သော 'သေမင်းလမ်းကြာ' မှထွက် သွားမည့်သူများကို ပစ်ခတ်ခြင်းမပြုရန် အမိန့်ပေးခဲ့ခြင်းကြောင့် 'သေမင်းလမ်းကြား' သည် အရှေ့နှင့် အနောက်ကိုခြားထားသော 'သံကန့်လန့်ကာ'၏ အစိတ်အပိုင်းတစ်ရပ်ဟုမဆိုနိုင် တော့ချေ။

ထိုအချိန်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေး၌ ပြုပြင်ပြောင်း လဲရေး ဝါဒီဟန့်စ်မိုဒရို ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြေ|ာက်၍ အစိုးရအဖွဲ့သစ် ဖွဲ့စည်းစေခဲ့သည်။ မိုဒရိုသည် ကြိုးနီစနစ် အဟန့်အတားများကို ဖျက်သိမ်းရန် အစိုးရအဖွဲ့သစ်တွင် ယခင်ကဲ့သို့ ဝန်ကြိး ၄၄ ဦး ထိ မခန့်အပ်တော့ဘဲ ၂၈ ဦးနှင့် ဖွဲ့စည်းသည်။ ကွန်မြူနစ်ပါတီ မဟုတ်သော အခြားပါတီငယ် လေးဖွဲ့နှင့် ညွှန့်ပေါင်းအစိုးရဖွဲ့ စည်းခြင်းဖြစ်သည်။ အတိုက်အခံ နယူးဖိုရမ် (နွိုင်းယက်စ်ဖိုရွမ်) အဖွဲ့ကပြုပြင် ပြောင်းလဲရေးဝါဒီကို ဝန်ကြီးချုပ်ခန့်အပ်ရုံနှင့် မလုံ လောက်ဘဲ အတိုက်အခံတို့နှင့် လက်တွဲကာပြုပြင်ပြောင်း လဲရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဖို့ လိုကြောင်းဖြင့် ကြေညာ ခဲ့သည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ဆိုဗီယက်ပြည်ထောင်စု သမ္မတမီခါယီးဂေါ်ဘာချော့က ဂျာမန်ဒီမိုကရက်တစ် သမ္မတ နိုင်ငံ၌ ဖြစ်ပေါ် တိုးတက်နေသော ပြုပြင်ပြောင်းလဲမှုများကို ကြို ဆိုကြောင်းကြေညာခဲ့သည်။

အနုပညာနယ်ပယ်၌ ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ် သော ရွေးကောက်ပွဲများ ကျင်းပရေးနှင့်အက်စ် အီးဒီ ပါတီက လွှမ်းမိုးထားခြင်းကို အဆုံးသတ်ရေး၊ လွတ်လပ်စွာ ပြောဆိုတင်ပြ ခွင့်ပေးရေး စသည်တို့ကို တောင်းဆိုသော ဆန္ဒပြပွဲများ နိုဝင်ဘာ လ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြန်သည်။ လိုက်ပဇစ်မြို့၌ဖြစ်ပွား သောဆန္ဒပြပွဲ၌ ဂျာမနီနှစ်နိုင်ငံ ပေါင်းစည်းရေးကိုပါ ကြွေးကြော် လာခဲ့သည်။ အနောက်ဂျာမနီ နိုင်ငံနှင့်ပေါင်းစည်းရေးပယ်ချခဲ့ သည်။ အရှေ့ဂျာမနီ ခေါင်းဆောင်ဟောင်းများကို စုံစမ်းစစ်ဆေး အရေးယူသင့်ကြောင်းဖြင့် ခရင်းဇ်က နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် မော်စကိုနယူးစ် သတင်းစာနှင့် တွေ့ဆုံဆွေးနွေးခန်း၌ ပြော ကြားခဲ့သည်။ အထူးသဖြင့် ပါတီစည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူသော ဗဟိုထိန်းသိမ်းရေး ကော်မရှင်က ပါတီခေါင်း ဆောင် ဟောင်းအဲရစ် ဟွန်နက်ကာ၏ အာဏာ အလွဲသုံးစားပြု မှုကို စုံစမ်းစစ်ဆေးမည်ဟု ဆိုသည်။ စီးပွားရေး မှုခင်းစွဲချက်ဖြင့် ပေါ်လစ်ဗျူရိုမှ နိုဝင်ဘာလ အတွင်းတွင် ထုတ်ပယ်ခံရသည့် ဂွန်ထာမစ်တပ်ကို ဦးစွာစုံစမ်းစစ်ဆေး အရေးယူသည်။ [၄]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၁)
  3. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၂)
  4. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၉၀)