ကြယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နာဆာမှ ရိုက်ကူးထားသော မက်ဂလင်းနစ် ကြယ်တိမ်တိုက် အစုအဝေးကြီး

ကြယ်ဆိုသည်မှာ ကြီးမား တောက်ပ၍ ဆွဲငင်အားဖြင့် စုစည်းထားသော ပလာစမာ အလုံးကြီးဖြစ်သည်။ ကမ္ဘာနှင့် အနီးဆုံးကြယ်မှာ နေဖြစ်ပြီး ၄င်းသည် ကမ္ဘာမြေအတွက် စွမ်းအင်အများစု၏ အရင်းအမြစ်ဖြစ်သည်။ အခြားကြယ်များကို နေရောင်ခြည် ထွန်းလင်း တောက်ပ မနေသော ညဖက် ကောင်းကင်ယံတွင် တွေ့မြင်နိုင်သည်။ သမိုင်းအစဉ်အဆက်တွင် ကောင်းကင်ထက်ရှိ ထင်ရှားသော ကြယ်များကို အစုဖွဲ့၍ နက္ခတ်တာရာ အဖြစ် သတ်မှတ်ကြပြီး အတောက်ပဆုံးသော ကြယ်များမှာ စနစ်တကျ အမည်ပေးခြင်း ခံရသည်။ နက္ခတ်ဗေဒပညာရှင်များက ကြယ်များအတွက် အလွန် စေ့စပ်သော ကက်တလောက်များကို ပြုစုထားပြီး စံနှုန်းအဖြစ် သတ်မှတ်ထားသော နာမည်များကို ထိုကက်တလောက်များမှ လေ့လာတွေ့ရှိနိုင်သည်။

ကြယ်သည် ၄င်း၏သက်တမ်းတလျှောက်တွင် သူ၏ဗဟိုထုတွင်းမှ သာမိုနျူကလီးယား ပေါင်းစပ်မှုများဖြင့် စွမ်းအင်ကို လွှတ်ထုတ်လေ့ရှိပြီး ထိုစွမ်းအင်များသည် ကြယ်၏ အတွင်းပိုင်းကို ကန့်လန့်ဖြတ်ဖြတ်သွားကြပြီးနောက် ပြင်ပအာကာသအတွင်းသို့ ပျံနှံ့ထွက်ခွာသွားကြသည်။ ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်တို့ထက်လေးသော ဒြပ်စင်များအားလုံးလိုလိုသည် ကြယ်များအတွင်းရှိ ထိုသို့ပေါင်းစပ်ခြင်း အဖြစ်အပျက်များမှထွက်ပေါ်လာကြခြင်းဖြစ်သည်။ အာကာသသိပ္ပံပညာရှင်များသည် ကြယ်တို့၏ ဒြပ်ထု၊ သက်တမ်း၊ ဓာတုဗေဒဓာတ်များပေါင်းစပ်ခြင်း အချိုးအစားနှင့် အခြား ဂုဏ်သတ္တိများတို့ကို ကြယ်တို့၏ ဖြာထွက်ရောင်ခြည်များ၊ အလင်းရောင် ထွန်းလင်းတောက်ပမှုများနှင့် အာကာသအတွင်း ရွေ့လျားပုံတို့မှတဆင့် သိရှိနိုင်သည်။ ကြယ်တို့၏ စုစုပေါင်းဒြပ်ထုသည် ၄င်းတို့၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာခြင်း နှင့် အဆုံးသတ်မှေးမှိန်ပျောက်ကွယ် သွားခြင်းတို့အတွက် အဓိက အဆုံးအဖြတ်ပေးသည့် အရာဖြစ်သည်။ ကြယ်၏ အခြားစရိုက်သဘာဝများကိုမူ ကြယ်၏အချင်း၊ လည်ပတ်ပုံ၊ ရွေ့လျားပုံ နှင့် အပူချိန်တို့အပါအဝင် ၄င်း၏ ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲတိုးတက်လာခြင်း သမိုင်းကြောင်း မှ ဆုံးဖြတ်ပေးသည်။ ကြယ်များ၏ အပူချိန်နှင့် ၄င်း၏ အလင်းရောင်ထွန်းလင်းတောက်ပမှု တို့အား နှိုင်းယှဉ်ရေးဆွဲထားသော ပုံကို ဟတ်ဇပရင်း-ရပ်ဆဲလ်ပုံ (Hertzsprung-Russell diagram) သို့ H–R diagram ဟုခေါ်ဝေါ်ကြပြီး ထိုပုံမှတဆင့် ကြယ်၏ သက်တမ်းနှင့် ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲမှု တို့ကို တိုင်းတာနိုင်သည်။

ကြယ်များသည် အဓိကအားဖြင့် ဟိုက်ဒရိုဂျင်ပါဝင်ပြီး ဟီလီယမ်နှင့် အခြားလေးလံသော ဒြပ်စင်များ အနည်းငယ်မျှ ပါဝင်သော အရာဝတ္ထု အစုအဝေးတို့ သိပ်သည်းစွာ စုစည်းခြင်းမှ တဆင့် စတင်ဖြစ်ပေါ်လာကြသည်။ ကြယ်၏ အတွင်းပိုင်းတွင် လုံလောက်သော သိပ်သည်းမှု ရရှိသော အချိန်တွင် အချို့သော ဟိုက်ဒရိုဂျင်ဓာတ်တို့သည် နျူးကလီးယား ပေါင်းစပ်ခြင်း နည်းလမ်းအားဖြင့် ဟီလီယမ် အဖြစ်သို့ ပြောင်းလဲသွားကြသည်။[၁] ကျန်ရှိသော ကြယ်၏အတွင်းပိုင်းများသည် ဖြာထွက်ရောင်ခြည်နည်းလမ်းနှင့် အရည်အတွင်း မော်လီကျူးများ လှုပ်ခါခြင်း နည်းလမ်း နှစ်ခုတို့ ပေါင်းစပ်ခြင်းအားဖြင့် ဗဟိုထုမှ စွမ်းအင်ကို ပြင်ပသို့ လွှတ်ထုတ်ကြသည်။ ဗဟိုထုအတွင်းရှိ ဟိုက်ဒရိုဂျင်လောင်စာများ ကုန်ဆုံးသွားသောအခါတွင် နေ၏ဒြပ်ထုထက် ၁၀ ပုံ ၄ ပုံမျှရှိသောကြယ်များသည်[၂] ဧရာမ ကြယ်နီ အဖြစ် ပြောင်းလဲသွားကြသည်။ တခါတရံတွင် ပိုမို လေးလံသော ဒြပ်ထုများကို ဗဟိုထု၌ သို့မဟုတ် ဗဟိုထု၏ ပတ်ပတ်လည်ရှိ အခွံများ၌ ပျော်ဝင်ပေါင်းစပ်သွားစေသည်။ ထို့နောက်တွင် ကြယ်များသည် ပြိုကွဲပျက်စီးသော ပုံသဏ္ဌန်သို့ ရောက်ရှိကြပြီး ဒြပ်ထုများ၏ တစိတ်တပိုင်းကို ပတ်ဝန်းကျင်သို့ လွှတ်ထုတ်ကြသည်။ ထိုနေရာများတွင် ပိုမိုလေးလံသော ဒြပ်ထုများ၏ အဆ ပိုမိုပါဝင်သည့် မျိုးဆက်သစ်ကြယ်များကို ဖြစ်ပေါ်စေသည်။ [၃]

ဒွိကြယ် နှင့် ကြယ်များစု စနစ်များတွင် ကြယ်နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုသော ကြယ်များ ပါဝင်ကြပြီး ၄င်းတို့ကို ဆွဲငင်အားဖြင့် အချင်းချင်း ထိန်းချုပ်ထားကြကာ ကြယ်တစ်ခုနှင့်တစ်ခု ပုံသဏ္ဌန်မပြောင်းသော ပတ်လမ်းအတွင်းတွင် ယေဘူယျအားဖြင့် လှည့်ပတ်နေကြသည်။ ထိုသို့ အချင်းချင်းလှည့်ပတ်နေသော ကြယ်နှစ်လုံးတွင် အလွန်နီးကပ်သော ပတ်လမ်းရှိပါက ၄င်းတို့၏ ဆွဲငင်အား အချင်းချင်း အပြန်အလှန် သက်ရောက်မှုသည် ၄င်းတို့၏ ဆင့်ကဲဖြစ်ပေါ်မှုတွင် သိသာစွာ အကျိုးသက်ရောက်မှု ရှိသည်။ [၄] ကြယ်များစု တို့သည် ကလပ်စတာ နှင့် ဂယ်လက်ဆီ တို့ကဲ့သို့သော ဆွဲငင်အားဖြင့် ထိန်းချုပ်ထားသော ပုံသဏ္ဌန်တို့၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဖြစ်ပေါ်နိုင်သည်။

လေ့လာခြင်း သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

လူတို့သည် ရှေးခေတ်အခါ ကတည်းကပင် ကြယ်များအတွင်း ပုံသဏ္ဌန်ကို တွေ့မြင်ခဲ့ကြသည်။[၅] ၁၆၉၀ ခုနှစ်တွင် ပုံဖော်ရေးဆွဲခဲ့သော လီယို ရာသီခွင်၏ ပုံသဏ္ဌန် ခြင်္သေ့မှာ ဂျိုဟန်နပ်စ် ဟေဗေးလီးယပ်စ်၏ လက်ရာဖြစ်သည်။[၆]

သမိုင်းကြောင်းအား ပြန်လည်ကြည့်ရှုမည် ဆိုလျှင် ကြယ်တို့သည် ကမ္ဘာတဝှမ်းလုံးရှိ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတို့အတွက် အရေးပါသော ကဏ္ဍတွင် ပါဝင်ခဲ့သည်။ ကြယ်တို့သည် ဘာသာရေး ထုံးတမ်းစဉ်လာများ၏ အစိတ်အပိုင်းဖြစ်ခဲ့ရုံသာမက ကောင်းကင်ကို အသုံးပြု၍ လမ်းကြောင်းရှာ သွားလာခြင်းနှင့် အရပ်မျက်နှာရှာဖွေခြင်းတို့တွင်လည်း ပါဝင်ခဲ့သည်။ ရှေးခေတ် နက္ခတ္တ ပညာရှင်အများစုတို့က ကြယ်များသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သော စက်ဝန်းကြီးတစ်ခုတွင် အသေနေရာချထားပြီး မပြောင်းလဲနိုင်သော အရာများဟု ယုံကြည်ခဲ့ကြသည်။ ထုံးတမ်းစဉ်လာအရ နက္ခတ္တ ပညာရှင်တို့သည် ကြယ်များကို အစုဖွဲ့၍ နက္ခတ်တာရာများ အဖြစ်သတ်မှတ်ခဲ့ကြပြီး ၄င်းတို့ကို အသုံးပြု၍ ဂြိုဟ်တို့၏ ရွေ့လျားပုံနှင့် နေကို ရည်ညွှန်း၍ ရောက်ရှိနေသော နေရာတို့ကို ခြေရာခံ စောင့်ကြည့်ခဲ့ကြသည်။ [၅] နောက်ခံတွင် ရှိသော ကြယ်များကို မူတည်၍ နေ၏ ရွေ့လျားပုံကို အသုံးပြု၍ ပြက္ခဒိန်များကို တီထွင်ခဲ့ကြပြီး ထိုပြက္ခဒိန်များကို စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးပြုခဲ့ကြသည်။ [၇]ယနေ့ကမ္ဘာ၏ နေရာအတော်များများတွင် အသုံးပြုနေကြသော ဂျော်ဂျီယန် ပြက္ခဒိန်မှာ နေအပေါ်တွင် မူတည်၍ ဖန်တီးထားသော ပြက္ခဒိန်ဖြစ်ပြီး ကမ္ဘာ၏ မိမိဝင်ရိုးပေါ်တွင် လည်ပတ်မှု နှင့် ပတ်သက်သော ထောင့်ကို အနီးဆုံးကြယ်ဖြစ်သည့် နေအပေါ်တွင် မူတည်၍ တွက်ချက်ထားခြင်း ဖြစ်သည်။

ရှေးအကျဆုံးဖြစ်ပြီး နေ့စွဲရေးထိုးထားသော ကြယ်တို့၏ တည်ရှိရာကို ပြသောပုံကို ဘီစီ ၁၅၃၄ ခုနှစ် ရှေးခေတ်အီဂျစ် ကာလတွင် တွေ့ရသည်။ [၈] ဂရိလူမျိုး နက္ခတ္တ ဗေဒပညာရှင် အာရီစတေးလပ်စ် (Aristillus) သည် ပထမဆုံးသော ကြယ်ကတ်တလောက်ကို ဘီစီ ၃၀၀ ခုနှစ်ခန့်က တီမိုခေးရစ် (Timocharis) ၏ အကူအညီဖြင် စတင်ဖန်တီးခဲ့သည်။ [၉] တော်လမီ ၏ ကြယ်ကတ်တလောက် မှာမူ ဘီစီ ၂ရာစုခန့်က ဟစ်ပါးကပ် ၏ မှတ်တမ်းပေါ်တွင် မူတည်၍ ရေးဆွဲခဲ့သည်။ [၁၀]ဟစ်ပါးကပ်မှာ နိုဗာ ခေါ် ကြယ်ပေါက်ကွဲမှု ကို ပထမဆုံး ရှာဖွေတွေ့ရှိသူ အဖြစ် သိရှိကြသည်။ [၁၁] အစ္စလာမ် နက္ခတ္တဗေဒ ပညာရှင်တို့သည် ကြယ်များကို အာရပ်အမည်များ ပေးခဲ့ကြပြီး ထိုအမည်များကို ယနေ့တိုင် အသုံးပြုဆဲ ဖြစ်သည်။ သူတို့သည် ကြယ်တို့၏ တည်နေရာကို တွက်ချက်ပေးနိုင်သည့် အာကာသ လေ့လာရေးနှင့် သက်ဆိုင်သော ကိရိယာ အမြောက်အများကို တီထွင်ခဲ့ကြသည်။ ၁၁ ရာစုတွင် အဘူ ရေဟန် အယ်လ်ဘာရူနီက (Abū Rayhān al-Bīrūnī) နဂါးငွေ့တန်း ဂယ်လက်ဆီအား နက်ဗျူလာတို့၏ ဂုဏ်သတ္တိ ရှိပြီး မြောက်များလှသော အစိတ်အပိုင်းများ ပေါင်းစပ်ထားသည့် အရာအဖြစ် ပုံဖော်ခဲ့ပြီး ၁၀၁၉ ခုနှစ် လကြတ်သည့်အချိန်တွင် ကြယ်ပေါင်းများစွာတို့၏ လတ္တီကျုကို တွက်ချက်ဖော်ပြခဲ့သည်။ [၁၂]

ကောင်းကင်သည် ပြောင်းလဲနိုင်ခြင်းမရှိဟု အမြင်အားဖြင့် ထင်ရသော်လည်း ကြယ်အသစ်တို့ ပေါ်ထွက် လာနိုင်ကြောင်းကို တရုတ်လူမျိုး နက္ခတ္တဗေဒ ပညာရှင်တို့ သတိပြုမိ ခဲ့ကြသည်။ တိုင်ချို ဘရာဟေ (Tycho Brahe) တို့ ကဲ့သို့သော အစောပိုင်း နက္ခတ္တဗေဒ ပညာရှင်တို့သည် ညဖက်ကောင်းကင်ပြင်တွင် နောက်အခါတွင် နိုဗေး ဟု ခေါ်ဆို သုံးစွဲကြသည့် ကြယ်အသစ်များကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ကောင်းကင်ဆိုသည်မှာ မပြောင်းမလဲနိုင်သည့် အရာမဟုတ်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ၁၅၈၄ ခုနှစ်တွင် ဂျော်ဒါးနိုး ဘရူနိုက ကြယ်များသည် နေနှင့် သဏ္ဌန်တူသော အရာများဖြစ်ကြပြီး ၄င်းတို့တွင် အခြားဂြိုဟ်များလည်း ရှိနိုင်ကြောင်း၊ ၄င်းတို့၏ ပတ်လမ်းကြောင်းတွင် ကမ္ဘာနှင့် တူသော ဂြိုဟ်များပင် ရှိနိုင်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ထိုအယူအဆကို ရှေးခေတ် ဂရိတွေးခေါ်ရှင်များ ဖြစ်ကြသော ဒီမိုကရိတပ် နှင့် အက်ပီကျူးရပ်စ် တို့ကလည်း ဆွေးနွေးတင်ပြခဲ့ဖူးသည်။ နောက်ရာစုနှစ် တစ်ခုသို့ ကူးပြောင်းသော အချိန်တွင် ကြယ်များသည် ဝေးလံသော ဒေသမှ နေများဖြစ်သည်ဆိုသော အယူအဆသည် နက္ခတ္တဗေဒ ပညာရှင်အများစုတို့ သဘောတူလက်ခံသော အယူအဆ ဖြစ်လာခဲ့သည်။ ကျမ်းစာဆရာ ရစ်ချက် ဘန်တလေ က ထိုကြယ်များသည် အဘယ့်ကြောင့် နေအဖွဲ့အစည်းသို့ ပေါင်းစပ်ဆွဲငင်အား သက်ရောက်မှု မရှိရသနည်း ဆိုသောမေးခွန်းကို စတင်တင်ပြခဲ့ပြီး ကြယ်များသည် အရပ်မျက်နှာ အသီးသီး၌ ညီမျှစွာ ဖြန့်ကြက်တည်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု အိုင်ဆက်နယူတန်က ပြန်လည် ဆွေးနွေးတင်ပြခဲ့သည်။

အီတလီလူမျိုး နက္ခတ္တဗေဒ ပညာရှင် ဂျီမီနီယာနို မွန်တာနာရီ (Geminiano Montanari) က အယ်လ်ဂေါလ် (Algol) ကြယ်၏ အလင်းရောင်ထွန်းလင်း တောက်ပမှုများ၏ အပြောင်းအလဲကို လေ့လာတွေ့ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ အက်ဒမွန် ဟေလီ (Edmond Halley)က အနီးအနားရှိ တစ်နေရာတည်းတွင် တည်ရှိနေသည်ဟု ယူဆရသော ကြယ်စုံတွဲ၏ တိကျသေချာသော ရွေ့လျားမှု ကို တိုင်းတာနိုင်ခဲ့ပြီး ၄င်းတို့သည် ရှေးဟောင်း ဂရိခေတ် တော်လေမီ နှင့် ဟစ်ပါးကပ်တို့လက်ထက်က မှတ်သားထားခဲ့သော နေရာမှ ရွေ့ပြောင်းသွားကြောင်း ပြသနိုင်ခဲ့သည်။ ၁၈၃၈ ခုနှစ်တွင် ဖရိုင်းဒရစ် ဘပ်ဆဲလ် (Friedrich Bessel) က parallax နည်းလမ်းကို အသုံးပြု၍ ကြယ်သို့ အကွာအဝေး (61 Cygni နှင့် အလင်းနှစ် ၁၁.၄ နှစ် ဝေးကြောင်း) ကို ပထမဆုံး အကြိမ်အဖြစ် တိုင်းတာနိုင်ခဲ့သည်။ Parallax တိုင်းတာခြင်း နည်းလမ်းမှ ကောင်းကင်ယံ၌ ကြယ်တို့အကြား အလွန်တရာ ကွာဝေးကြောင်း ကို ပြသနိုင်ခဲ့သည်။

ဝီလီယမ် ဟာရှယ် (William Herschel) သည် ကောင်းကင်ယံတွင် ကြယ်တို့ပျံ့နှံ့တည်ရှိပုံကို ဆုံးဖြတ်ရန် ကြိုးစားသော ပထမဆုံး နက္ခတ္တဗေဒ ပညာရှင်ဖြစ်သည်။ ၁၇၈၀ နှစ်များအတွင်းတွင် သူသည် ဦးတည်ရာအရပ် ၆၀၀ ခန့်တွင် တိုင်းတာမှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပြီး ထိုအရပ်များတွင် တွေ့ရှိရသော ကြယ်တို့ကို ရေတွက်ခဲ့သည်။ ထိုသို့ တိုင်းတာမှု ပြုလုပ်ပြီးနောက် ကြယ်တို့၏ အရေအတွက်သည် နဂါးငွေ့တန်း ဂလက်ဆီ၏ ဗဟိုထုရှိရာသို့ ဦးတည်၍ ကောင်းကင်၏ အရပ်မျက်နှာ တစ်ဖက်တည်းသို့ တဖြည်ဖြည်းချင်း တိုးပွားသွားကြောင်း ကောက်ချက်ချ ခဲ့သည်။ သူ၏ သားဖြစ်သူ ဂျွန်ဟာရှယ် (John Herschel) ကလည်း အလားတူ စမ်းသပ်ချက်ကို တောင်ကမ္ဘာခြမ်းတွင် ထပ်မံပြုလုပ်ခဲ့ပြီး တူညီသောအရပ်မျက်နှာသို့ပင် ကြယ်အရေအတွက် တိုးပွားသွားကြောင်း တွေ့ရှိခဲ့သည်။ ဝီလီယမ် ဟာရှယ်၏ အခြားသော ပြောင်မြောက်သည့် တွေ့ရှိချက်မှာ အချို့ကြယ်များသည် အခြားကြယ်တို့နှင့် မျဉ်းတစ်ဖြောင့်တည်း ကျရုံသာမက အဖော်အဖြစ် တည်ရှိပြီး ဒွိကြယ်စနစ်ကို ဖြစ်ပေါ်စေကြောင်း ရှာဖွေတွေ့ရှိချက် ဖြစ်သည်။

ကြယ်တို့၏ ဖြာထွက်ရောင်ခြည်နှင့် ပတ်သက်သော သိပ္ပံပညာကို အစပြုခဲ့သူမှာ ဂျိုးဆက်ဗွန် ဖရောင်ဟိုဖာ (Joseph von Fraunhofer) နှင့် အန်ဂျလို ဆက်ချီ (Angelo Secchi) တို့ ဖြစ်သည်။ စီးရီးယပ်ကြယ်၏ ဖြာထွက်ရောင်ခြည်ကို နေ၏ ဖြာထွက်ရောင်ခြည်ဖြင့် နှိုင်းယှဉ်ခြင်း အစရှိသည့် စမ်းသပ်ချက်တို့မှ သူတို့၏ အားမတူညီမှု နှင့် ဖြာထွက်ရောင်ခြည်ကို စုပ်ယူသော လမ်းကြောင်းအရေအတွက် ခြားနားမှု တို့ကို တွေ့ရှိခဲ့သည်။ ဖြာထွက်ရောင်ခြည်ကို စုပ်ယူသော လမ်းကြောင်း ဆိုသည်မှာ လေထုမှ အချို့သော လှိုင်းလျားတို့ကို စုပ်ယူမှုကြောင့် ဖြစ်ပေါ်လာသည့် ကြယ်တို့၏ ဖြာထွက်ရောင်ခြည် လမ်းကြောင်းများအတွင်းရှိ အလင်းရောင်မဲ့သော လှိုင်းများကို ဆိုလိုခြင်းဖြစ်သည်။ ၁၈၆၅ ခုနှစ်တွင် ဆက်ချီသည် ဖြာထွက်ရောင်ခြည်လမ်းကြောင်းများ၏ အမျိုးအစားပေါ် မူတည်၍ ကြယ်တို့ကို အမျိုးအစားခွဲခြားခဲ့သည်။ သို့သော် ခေတ်သစ် ကြယ်တို့၏ အမျိုးအစား ခွဲခြားခြင်းကိုမူ အန်နီ ဂျေ ကန်နွန် (Annie J. Cannon) က ၁၉၀၀ ပြည့်နှစ်များအတွင်း စတင် ဖော်ထုတ်ခဲ့သည်။

နှစ်လုံးတွဲကြယ်တို့ကို လေ့လာခြင်းသည် ၁၉ရာစုအတွင်း အရေးပါသော အရာတစ်ခု ဖြစ်လာသည်။ ၁၈၃၄ ခုနှစ်တွင် ဖရိုင်းဒရစ် ဘက်ဆယ် (Friedrich Bessel) သည် ဆီးရီးယပ်ကြယ်၏ ပုံမှန်ရွေ့လျားမှုအတွင်းတွင် အပြောင်းအလဲကို လေ့လာတွေ့ရှိခဲ့ပြီး မမြင်နိုင်သော အဖော်ကြယ် တစ်ခု ရှိကြောင်း ယူဆနိုင်ခဲ့သည်။ အက်ဒဝပ် ပစ်ကားရင်း (Edward Pickering) သည် မီဇာ (Mizar) ကြယ်၏ အချိန်မှန် ခွဲဖြာထွက်သော ဖြာထွက်ရောင်ခြည် လမ်းကြောင်းများကို ရက်ပေါင်း ၁၀၄ ရက်ကြာမျှ လေ့လာရာမှ ပထမဆုံးသောကြယ်စုံတွဲကို ၁၈၉၉ ခုနှစ်တွင် ဖြာထွက်ရောင်ခြည် နည်းလမ်းကို အသုံးပြု၍ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည်။ ဒွိကြယ်စနစ်တို့၏ အသေးစိတ်လေ့လာခြင်း အကြောင်းများကို ဝီလီယံ စထရု (William Struve) နှင့် အက်စ် ဒဗလျူ ဘန်ဟမ် (S. W. Burnham) အစရှိသော နက္ခတ္တဗေဒပညာရှင်တို့က စုဆောင်းခဲ့ပြီး ပတ်လမ်းကြောင်း အတွင်း ရှိနေသော အရာဝတ္ထုများ အပေါ် မူတည်၍ ကြယ်တို့၏ ဒြပ်ထုကို အဆုံးအဖြတ် ပေးနိုင်စေခဲ့သည်။ ၁၈၂၇ ခုနှစ်တွင် ဖဲလစ် ဆေဗာရီ (Felix Savary) က တယ်လီစကုပ် လေ့လာရေးနည်းလမ်းကို အသုံးပြု၍ ဒွိကြယ်တို့၏ ပတ်လမ်းကြောင်းကို တိုင်းတာခြင်း ပြဿနာကို ပထမဆုံးအကြိမ် အဖြစ် ဖြေရှင်းနိုင်ခဲ့သည်။

၂၀ ရာစုနှစ်အတွင်းတွင် ကြယ်များကို သိပ္ပံနည်းကျ လေ့လာခြင်းတွင် လျှင်မြန်စွာ ဖြစ်ပေါ်တိုးတက်လာခဲ့သည်။ ဓာတ်ပုံများသည် အာကာသ လေ့လာရာတွင် တန်ဖိုးရှိသော ကိရိယာများ ဖြစ်လာသည်။ ကားလ် ရှဝါ့ဇ်ချိုင်းက ကြယ်တို့၏ အရောင် နှင့် ထိုအကြောင်းကြောင့်ဖြစ်သော အပူချိန်တို့ကို မျက်စိဖြင့် မြင်ရသော အတိုင်းအတာကို ဓာတ်ပုံတွင် မြင်ရသော အတိုင်းအတာ ပေါ်မူတည်၍ ဆုံးဖြတ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ photoelectric photometer ကိုတီထွင်နိုင်ခဲ့ခြင်းကြောင့် လှိုင်းအလျား အမျိုးမျိုးတို့၏ အပိုင်းအခြား အမျိုးမျိုးတို့တွင် အလွန်တိကျသော တိုင်းတာမှုကို ပြုနိုင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အဲလ်ဘတ် အေ မိုက်ကယ်ဆန်သည် ဟွတ်ကာ တယ်လီစကုပ် ပေါ်တွင် အင်တာဖယ်ရိုမီတာ (interferometer) ကို အသုံးပြု၍ ပထမဆုံးအနေဖြင့် ကြယ်၏ အချင်းကို တိုင်းတာနိုင်ခဲ့သည်။

ကြယ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံနှင့် ပတ်သက်သည့် အရေးပါသော အယူအဆများသည် နှစ်ဆယ်ရာစု အစပိုင်း ပထမဆုံး ဆယ်စုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ဟတ်ဇ်စပရန်း-ရပ်ဆဲလ် ပုံဆွဲနည်း (Hertzsprung-Russell diagram) ကို တီထွင်ဖော်ထုတ်ခဲ့ပြီးနောက် အာကာသရူပဗေဒနှင့် သက်ဆိုင်သော ကြယ်တို့၏ လေ့လာမှုမှာ ပိုမို တိုးတက်လာခဲ့သည်။ ကြယ်တို့၏ အတွင်းပိုင်းနှင့် ဆင့်ကဲဖြစ်ပေါ်လာပုံတို့ကို ရှင်းလင်းပြနိုင်သည့် အောင်မြင်သော သရုပ်ပြပုံစံများကိုလည်း တီထွင်ဖော်ထုတ် နိုင်ခဲ့သည်။ ကွမ်တမ် ရူပဗေဒ တိုးတက်လာမှုကြောင့် ကြယ်တို့၏ ဖြာထွက်ရောင်ခြည် အလင်းတန်းများ အကြောင်းကို အောင်မြင်စွာ ရှင်းလင်း ပြသနိုင်ခဲ့သည်။ ထိုအကြောင်းကြောင့် ကြယ်တို့၏ ပတ်ဝန်းကျင်ရှိ ဓာတ်များ ပါဝင်ဖွဲ့စည်းပုံကို အဆုံးအဖြတ် ပေးနိုင်ခဲ့သည်။

စူပါနိုဗေးကြယ်များမှ လွဲ၍ အခြားသော ကြယ်တစ်လုံးချင်းစီကို ကျွန်ုပ်တို့ နေထိုင်ရာ ဇာတိ ဂယ်လက်ဆီ အစုအဝေးများထဲတွင် အဓိကအားဖြင့် လေ့လာကြသည်။ အထူးသဖြင့် နဂါးငွေ့တန်း ဂယ်လက်ဆီ၏ မြင်သာထင်ရှားသော အပိုင်းအတွင်း တွင် ဖြစ်သည်။ ကျွန်ုပ်တို့ ဂယ်လက်ဆီ၏ အသေးစိတ် ကြယ် ကတ်တလောက် ကိုကြည့်လျှင် ထိုအချက်မှာ သိသာထင်ရှားသည်။ သို့သော် အချို့ ကြယ်များကိုမူ ကမ္ဘာမှ အလင်းနှစ် သန်း ၁၀၀ မျှဝေးသော ဗာဂို ကြယ်အစုအဝေး၏ M100 ဂယ်လက်ဆီအထိပင် လေ့လာ တွေ့ရှိကြသည်။ ဇာတိ မဟာကြယ်အစုအဝေးကြီး အတွင်းတွင် ကြယ်အစုအဝေးများကို မြင်တွေ့နိုင်သည်။ လက်ရှိ တယ်လီစကုပ်များ အနေနှင့် ယေဘူယျအားဖြင့် ဇာတိ ကြယ်အစုအဝေးအတွင်းရှိ မှေးမှိန်နေသော ကြယ်တစ်လုံးချင်းစီကိုပင် လေ့လာနိုင်သည်။ အဝေးဆုံးလေ့လာတွေ့ရှိနိုင်သော ကြယ်မှာ အလင်းနှစ် သန်းပေါင်း ၁၀၀ မျှ အကွာအဝေးတွင် ရှိသည်။ (ဥပမာ Cepheids ကြယ်) သို့သော် ဇာတိ မဟာ ကြယ်အစုအဝေးကြီး၏ အပြင်ဖက်တွင်မူ ကြယ်တစ်လုံးချင်း သို့မဟုတ် ကြယ်အစုအဝေးများကို လေ့လာနိုင်စွမ်း မရှိပေ။ တစ်ခုတည်းသော ခြွင်းချက်မှာ ကြယ်အလုံးရေ သိန်းပေါင်းများစွာ ပါဝင်ပြီး အလင်းနှစ်သန်းပေါင်း တစ်ထောင် အကွာအဝေးတွင် ရှိသော ကြီးမားသော ကြယ်အစုအဝေးကြီး၏ မှေးမှိန်သော ရုပ်ပုံတစ်ခုသာ ဖြစ်ပြီး ယခင်က လေ့လာတွေ့ရှိဖူးသော အဝေးဆုံးကြယ်ထက် ဆယ်ဆမျှ ဝေးကွာသော အကွာအဝေးတွင် တည်ရှိသည်။

အမည်မှည့်ခေါ်ခြင်း[ပြင်​ဆင်​ရန်​]

ဤမြင်ကွင်းတွင် အပြာရောင် နောက်ကျန်ရစ်သူများ အမည်ရှိသော ကြယ်ပြာများကို တွေ့နိုင်ပြီး ဟတ်ဇ်စပရန်း-ရပ်ဆဲလ် ပုံပေါ်မှ သူတို့၏ တည်နေရာပေါ်မူတည်၍ ထိုသို့ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

ကြယ်အစုအဝေးများအား အမည့်မှည့်ခေါ်သည့် အလေ့အထသည် ဘေဘီလုံ ခေတ်ကတည်းက ရှိခဲ့သည်ဟု သိရသည်။ ရှေးခေတ် ကောင်းကင်လေ့လာသူများက ကြယ်များသည် ပုံသဏ္ဌန်တစ်ခု အဖြစ်တည်ရှိနေသည်ဟု စိတ်ကူးကြည့်ကြပြီး ထိုကြယ်စုတို့ကို သဘာဝတွင် တည်ရှိနေသည့် အရာများ သို့ ဒဏ္ဍာရီပုံပြင်များနှင့် ဆက်စပ်တွေးတော ကြသည်။ ၁၂ ခုမျှသော ကြယ်အစုအဝေးတို့သည် မိုးကုပ်စက်ဝိုင်း တလျှောက် တည်ရှိနေကြပြီး ထိုကြယ်စုတို့မှာ နက္ခတ်ဗေဒင် ပညာ၏ အခြေခံ အဖြစ် ရှိနေကြသည်။ အခြားသော ကြယ်များထဲမှာ ထင်ရှားသော ကြယ်များကိုလည်း အာရပ်ဘာသာ သို့မဟုတ် လက်တင်ဘာသာဖြစ် နာမည်ပေးထားကြသည်။

နေ အပါအဝင် အချို့သော တာရာများတွင် ၎င်းတို့နှင့် သက်ဆိုင်သော ကိုယ်ပိုင် ဒဏ္ဍာရီများ ရှိကြသည်။[၁၃] ရှေးခေတ်ဂရိများအတွက်မူ ပလဲနက် သို့မဟုတ် လျှောက်သွားနေသူများဟု အဓိပ္ပာယ်ရသော ဂြိုဟ်များမှာ အရေးကြီးသော နတ်ဘုရားများကို ကိုယ်စားပြုနေကြသည်။ ထို့ကြောင့် ဂြိုဟ်များကို မာကျူရီဂြိုဟ်ဗီးနပ်စ်ဂြိုဟ်မားစ်ဂြိုဟ်ဂျူပီတာဂြိုဟ် နှင့် စေတန်ဂြိုဟ် ဟု အမည်များ မှည့်ခေါ်ခဲ့ကြသည်။[၁၃] ယူရေးနပ်စ် နှင့် နပ်ပကျွန်းတို့မှာလည်း ဂရိ နှင့် ရောမတို့၏ ဒဏ္ဍာရီလာ နတ်ဘုရားများ ဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့၏ အလင်းရောင် မှေးမှိန်မှုကြောင့် ရှေးခေတ် အခါက ရှိမှန်း မသိခဲ့ကြပေ။ ၎င်းတို့၏ နာမည်ကို နောက်ပိုင်းခေတ် နက္ခတ္တဗေဒပညာရှင်များက မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။

ခရစ်သက္ကရာဇ် ၁၆၀၀ မှ စ၍ တာရာတို့၏ အမည်များမှာ ကောင်းကင်ပြင်၏ သက်ဆိုင်ရာ အပိုင်းများ အလိုက် အမည်များ မှည့်ခေါ်ခဲ့ကြသည်။ ဂျာမန် နက္ခတ္တဗေဒပညာရှင် ဂျိုဟန် ဘေယာက ကြယ်မြေပုံများကို အတွဲလိုက် ဖန်တီးခဲ့ပြီး တာရာ တစ်ခုချင်းစီတွင် ဂရိအက္ခရာများဖြင့် အမည်သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် ဂျွန်ဖလမ်စတိက သူ၏ စာအုပ်အတွင်းရှိ ကြယ်ကက်တလောက်များတွင် ကြယ်တို့၏ အီကွေတာမှ လက်ယာရစ် အတိုင်း တိုင်းတာသည့် ထောင့်အကွာအဝေးပေါ်မူတည်၍ နံပါတ်စဉ် ထားသော စနစ်ကို ထည့်သွင်းဖော်ပြခဲ့သည်။ ထို့ကြောင့် ထိုနံပါတ် စနစ်ကို ဖလမ်စတိ အမည်ပေးပုံ သို့မဟုတ် ဖလမ်စတိ နံပါတ်စနစ် ဟု ခေါ်ဆိုကြလေသည်။[၁၄][၁၅]

ကောင်းကင်အတွင်းမှ အရာဝတ္ထုများကို အမည်ပေးရာတွင် နိုင်ငံတကာက အသိအမှတ်ပြုထားသော အဖွဲ့အစည်းမှာ အပြည်ပြည်ဆိုင်ရာ နက္ခတ္တဗေဒ သမဂ္ဂ (အိုင်အေယူ) ဖြစ်သည်။[၁၆] အချို့သော ပုဂ္ဂလိက ကုမ္ပဏိများက ကြယ်တို့၏ အမည်များကို ရောင်းချ လျှက် ရှိပြီး ဗြိတိသျှ စာကြည့်တိုက်မှ စည်းမျဉ်းမရှိသော ကုန်သွယ်မှု အင်တာပရိုက်စ်များ၏ ခေါ်ကြသည်။[၁၇][၁၈] သို့သော်လည်း အိုင်ဒေယူမှ ကုန်သွယ်ခြင်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ထိုနာမည်များမှ အိုင်အေယူမှ အသိအမှတ်ပြုခြင်း သုံးစွဲခြင်း မရှိပေ။ ၁၉၈၀ နှစ်များက ထိုသို့သော ကုမ္ပဏီတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြယ်မှတ်ပုံတင်ကုမ္ပဏီမှာ သူတို့ပေးသော အမည်များမှာ တရားဝင် ဖြစ်သည့်ပမာ လုပ်ကိုင်ကြသဖြင့် လိမ်လည် လုပ်ကိုင်ကြောင်း စွပ်စွဲခံရသည်။ ယခု မရှိတော့သော ကြယ်မှတ်ပုံတင်ခြင်း အလုပ်ကို ရိုက်စားလုပ်သည် သို့မဟုတ် ကလိမ်ကကျစ် လုပ်သည်ဟု ယခုအခါ ရည်ညွှန်းကြပြီး နယူးယောက်မြို့တော် စားသုံးသူရေးရာ ကိစ္စ ဌာနမှ ကြယ်မှတ်ပုံတင်ကုမ္ပဏီအား လိမ်လည်သော ကုန်သွယ်မှု ပြုလုပ်သူ အဖြစ် ထုတ်ပြန်ခဲ့သည်။

အတိုင်းအထွာ ယူနစ်များ[ပြင်​ဆင်​ရန်​]

ကိုးကားချက်များ[ပြင်​ဆင်​ရန်​]

  1. Bahcall, John N. (2000-06-29). How the Sun Shines. Nobel Foundation. Retrieved on 2006-08-30
  2. Richmond, Michael. Late stages of evolution for low-mass stars. Rochester Institute of Technology. Retrieved on 2006-08-04
  3. Stellar Evolution & Death. NASA Observatorium. Retrieved on 2006-06-08
  4. Iben, Icko, Jr. (1991). "Single and binary star evolution". Astrophysical Journal Supplement Series 76: 55–114. doi:10.1086/191565. 
  5. ၅.၀ ၅.၁ Forbes, George (1909). History of Astronomy (Free e-book from Project Gutenberg), London: Watts & Co.. 
  6. Hevelius, Johannis (1690). Firmamentum Sobiescianum, sive Uranographia. 
  7. Tøndering, Claus. Other ancient calendars. WebExhibits. Retrieved on 2006-12-10
  8. von Spaeth, Ove (2000). "Dating the Oldest Egyptian Star Map". Centaurus International Magazine of the History of Mathematics, Science and Technology 42 (3): 159–179. Retrieved on 2007-10-21. 
  9. Murdin, P. (November 2000). "Aristillus (c. 200 BC)", Encyclopedia of Astronomy and Astrophysics. doi:10.1888/0333750888/3440. Retrieved on 2009-06-02. 
  10. Grasshoff, Gerd (1990). The history of Ptolemy's star catalogue. Springer, 1–5. ISBN 0387971815. 
  11. Pinotsis, Antonios D.. Astronomy in Ancient Rhodes. Section of Astrophysics, Astronomy and Mechanics, Department of Physics, University of Athens. Retrieved on 2009-06-02
  12. Zahoor, A. (1997). Al-Biruni. Hasanuddin University. Retrieved on 2007-10-21
  13. ၁၃.၀ ၁၃.၁ Coleman, Leslie S. Myths, Legends and Lore. Frosty Drew Observatory. Retrieved on 2012-06-15
  14. Naming Astronomical Objects. International Astronomical Union (IAU). Retrieved on 2009-01-30
  15. Naming Stars. Students for the Exploration and Development of Space (SEDS). Retrieved on 2009-01-30
  16. Cite error: Invalid <ref> tag; no text was provided for refs named space_law09
  17. Cite error: Invalid <ref> tag; no text was provided for refs named astrometry05
  18. Cite error: Invalid <ref> tag; no text was provided for refs named bl_disclaimer