မာတိကာသို့ ခုန်သွားရန်

ဘာသာတရား

ဝီကီပီးဒီးယား မှ
(ကိုးကွယ်ယုံကြည်မှု မှ ပြန်ညွှန်းထားသည်)

ဘာသာတရား (ခေါ်) ဘာသာအယူဝါဒ (religion OR philosophy) သည် လူမှုအသိုင်းအဝိုင်း အသီးသီး၌ မွန်မြတ်မှန်ကန်လှသည်ဟု ယူဆကြသော၊ ကိုးကွယ်ကြ (သို့) ကျင့်ကြံကြသော အကောင်း-အဆိုး ဗေဒ နှင့် လောကကြီးအကြောင်းကို အမှတ်ကန်ဆုံး ရှင်းပြသည်ဟု အသီးသီး ယုံကြည် (သို့) ယူဆကြသော သဘာဝတရား ဗေဒ အစုအဝေး အမျိုးမျိုး ဖြစ်သည်။ သို့ဖြင့် မိမိ ရွေးချယ်ယုံမှတ်ရာ ဝါဒ အသီးသီးကိုလိုက်၍ မိမိဘဝ၌ ကျင့်ကြံအပ်သော အပြုအမူနှင့် ဆုံးဖြတ်နည်းများ၊ အောက်မေ့အပ်သော အယူအဆများ မိမိအဖို့ ရရှိမည်ဟု သဘောထားကြသည်။

ဤအခြင်းအရာတို့မှာ ယူဆပုံတို့ဖြင့်သာမက အခေါ်အဝေါ် အသုံးအနှုန်းနှင့်ပင် လိုက်၍ အငြင်းပွားဖွယ် အမျိုးမျိုး ရှိနိုင်သည်။ ကမ္ဘာတွင် ယူဆရွေးချယ်မှု များကြသော အယူဝါဒတို့ကို အရင်းစစ်ကြည့်လျှင် သဘောအသွင်ကို -

  • ပုံအပ်ယုံကြည်ဖွယ် အပိုင်း (religion) နှင့်
  • မြှုပ်နှံလေ့ကျင့်ဖွယ် အပိုင်း (spirtial practice)

ဤ၂မျိုးအနက် တခုခုအဖြစ် လည်းကောင်း၊ ၂ခုလုံး ရောနှောမှုဖြင့် လည်းကောင်း တွေ့ရတတ်သည်။
ဥပမာအားဖြင့် မိမိတို့၏ အဖြစ်အပျက်များအလုံးကို နတ်ဘုရားတပါးပါးက (သို့) နတ်ဘုရားအများက ချုပ်ကိုင်ထား၍ ထိုနတ်ဘုရားကို အစဉ် ရိုသေသင့်သည် ဆိုသည့် အယူအဆမျိုးမှာ ပုံအပ်ယုံကြည့်ဖွယ် အပိုင်း ဖြစ်သည်။ သို့တည်းမဟုတ် လောကအဖြစ်အပျက် သဘောတရားတို့ကို မည်သို့ ယူဆသင့်၍ ထိုအတွင်း၌ မည်သို့ ကျင့်ကြံနေထိုင်သင့်သည် ဆိုသည့် အယူအဆမျိုးမှာ မြှုပ်နှံလေ့ကျင့်ဖွယ် အပိုင်း ဖြစ်သည်။ သို့ဖြင့် များစွာသော အယူဝါဒတို့၌ ဤအပိုင်း၂မျိုးက ရောယှက်လျက်လည်း ပါဝင်နေနိုင်ပြီး ဝါဒီတဦးချင်းစီ၏ တကိုယ်ရည် အသေးစိတ် ယူဆပုံတို့အလိုက်လည်း အမျိုးမျိုး ကွာခြားနိုင်သေးသည်။ အချို့ဝါဒများက တပိုင်းထက် ပို၍ ကျန်တပိုင်းကိုလည်း ကိုယ်စီ အားပြုတတ်၊ အသားပေးတတ်သည်။

များစွာသော အယူဝါဒတို့မှာ နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံမျိုးကို အားပြုတွေးခေါ်လျက် လူတို့၏ ဖြစ်တည်မှု အဓိပ္ပါယ်ကို ဆန်းစစ်အဖြေလျာမှုများ ပါဝင်တတ်သည်။ အယူဝါဒတို့အပေါ် မှီတည်လျက် တဦးချင်းစီထားသင့်သော ကျင့်ဝတ်များ ပေါ်ထွက်နိုင်သကဲ့သို့ လူ့အဖွဲ့အစည်းအားဖြင့် စုပေါင်းပြုမူအပ်သော စည်းမျည်းတို့လည်း ပေါ်ထွက်တတ်သည်။ သို့ဖြင့် လူ့ယဉ်ကျေးမှု၏ ပဓာန အရေးကြီးသော အခန်းကဏ္ဍတရပ် ဖြစ်နေတော့သည်။ လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် ဘာသာနှင့်ကျောင်းတော်ဝါဒပေါင်း ၄,၃၀၀ ကျော်ရှိကြသည် ဟု သုတေသီအချို့က ရေးသားကြသည်။

ဘာသာတရား အစ ကိုးကွယ်မှုက

[ပြင်ဆင်ရန်]

ကမ္ဘာလောကမှလူအများသည် ကမ္ဘာဦးကာလမှစ၍ ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို ရင်ဆိုင်တွေ့ကြုံ ခံစားခဲ့ကြရသည်။ ယခု ရင်ဆိုင်နေကြရ၍ နောင်လည်း ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။ ထို ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို တွေ့ကြုံကြရသောအခါ ဘေးအန္တရာယ်တို့မှ ကာကွယ် စောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ်ကို မျှော်လင့်ခဲ့ကြသည်။ ရှာဖွေခဲ့ကြသည်။ ကိုးကွယ်ရာအဖြစ် အသိအမှတ်ပြုလိုခဲ့ကြသည်။ ယင်းသို့ဖြင့် မြစ်များ၊ ချောင်းများ၊ သစ်ပင်တောတောင်များသည် လူတို့၏ ကိုးကွယ်ရာအဖြစ်သို့ ရောက်ခဲ့ကြရသည်။ အသိဉာဏ် မဖွံ့ဖြိုးသေးသော ကမ္ဘာဦးကာလ လူသားများသည် မြစ်ကို နတ်ဘုရားအဖြစ် ထင်မှတ်ခဲ့ကြသည်။ မြစ်သည် သောက်စရာရေကိုလည်း ပေးသည်။ သစ်ပင်သီးနှံကိုလည်း ဖြစ်ထွန်းစေသည်။ ရေထဲမှ စားစရာ သားငါးကိုလည်း ရသည်။ ဤသို့ လူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းစေသလို တစ်ခါတရံတွင် မြစ်ရေများလျှံတက်၍ လူတို့စိုက်ပျိုးထားသော သီးနှံပင်များ၊ လယ်ယာစိုက်ခင်းများ၊ ကျွဲနွားတိရစ္ဆာန်များကို ဖျက်ဆီးပစ်တတ်သည်။ လူတို့၏အသက်စည်းစိမ် ချမ်းသာများကို ချေမှုန်းပစ်တတ်သည်။ လူတို့အား အကျိုးပြုခြင်း၊ ဖျက်ဆီးခြင်း နှစ်မျိုးကို ပြုတတ်သောကြောင့် မြစ်ကိုပင် ဖန်ဆင်းရှင်အဖြစ် ထင်မှတ်လာခဲ့ကြသည်။ ထိုမြစ်၌ မျက်စိနှင့်မမြင်နိုင်သော တန်ခိုးရှင်နတ်ဘုရား ရှိမည်ဟု ယုံကြည်လာကြတော့သည်။

လူတို့၏ကောင်းကျိုး ဆိုးကျိုးကို မျက်စိနှင့် မမြင်ရသော ထိုနတ်ဘုရားက စီရင်ဖန်တီးနေသည်ဟု ခံယူခဲ့ကြသည်။ ထို့အတူ မီး၊ ရေ၊ လေ တို့ကို၎င်း သစ်ပင်တောတောင်များကို၎င်း ယုံကြည်မှတ်ထင်ကာ ကိုးကွယ်ခဲ့ကြသည်။ မီး၊ ရေ၊ လေ အဆင့်မှ မီးနတ်၊ ရေနတ်၊ လေနတ် စသည်ဖြင့် တစ်ဆင့်တက်၍ ယုံကြည်လက်ခံကြပြန်သည်။ မျက်စိနှင့် မမြင်နိုင်သည့် များပြားလှသော နတ်များကိုလည်း မှန်းဆကိုးကွယ်ခဲ့ကြသည်။ စိုးရိမ်ကြောက်လန့်မှု၊ မျှော်လင့်အားကိုးမှု တို့ကို အခြေခံ၍ မျက်ရမ်း မှန်းဆမှု အနေမျိုးဖြင့် အစပျိုးခဲ့သည်။ ကာလကြာသောအခါ စဉ်းစားဆင်ခြင်တတ်သော ဉာဏ်ဖြင့်ယှဉ်သော ကိုးကွယ်မှုကို ပို၍ နှစ်သက်ကြလေသည်။ ဆင်ခြင်တုံတရားနှင့် သုံးသပ်ဆင်ခြင်၍ ကိုးကွယ်လာခဲ့ကြသည်။ လက်တွေ့မျက်မြင်ဘဝ လောက်ကိုသာ မကြည့်တော့ဘဲ အနာဂတ်ဘဝကိုလည်း ပတ်ဝန်းကျင် သဘာဝ ဖြစ်ရပ်များ၏ စေ့ဆော်မှုကြောင့် ရှုမြင်သုံးသပ်လာခဲဲ့ကြသည်။ ငြိမ်းချမ်းမှုကို တကယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိမရှိကိုလည်း အကဲဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ကိုးကွယ်မှု သမိုင်းကြောင်းသည် ပြောင်းလဲလာသည်။ ကိုးကွယ်မှုများသည် ဒေသတစ်ခုနှင့် တစ်ခု မတူကြတော့ဘဲ ဘာသာတရားအဖြစ် ပြောင်းလဲလာသည်။

ဖွင့်ဆိုချက်များ

[ပြင်ဆင်ရန်]

ဘာသာတရား၏ သဘာဝနှင့် အဓိပ္ပာယ်ကို ပညာရှင်တို့သည်လည်း မိမိတို့ စရိုက်ဝသီအတိုင်း အမျိုးအမျိုး ရှုမြင်ကြသကဲ့သို့ ခြားနားများပြားသော ထင်ကြေးများကိုလည်း ပေးကြလေသည်။ အယ်လ်ဒပ်စ် ဟပ်စလေ (Aldous Huxley) ၏ အဆိုအရ ဘာသာတရားဟူသည် အဓိကအားဖြင့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ယင်းဖြင့် လူသားတို့သည် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးပေါ်တွင်လည်းကောင်း၊ မိမိတို့လှုပ်ရှားကျင်လည်နေရသော လူမှုအဖွဲ့အစည်းပေါ်တွင်လည်းကောင်း လိုလားနှစ်သက်အပ်သော အပြောင်းအလဲများ ပိုင်ဆိုင်ရရှိစေရန် မိမိတို့ကိုယ်ကို ပထမလေ့ကျင့်နိုင်သည်။ ဒုတိယအဆင့်တွင် သိမြင်မှတ်သားမူဆိုင်ရာ သတိစွမ်းရည်ကို မြှင့်တင်နိုင်ပြီး၊ ဤသို့ဖြင့် နေထိုင်ရာ သဘာဝစင်္ကြာဝဠာနှင့် သူတို့အကြား ကူးလူးဆက်ဆံမှုများ၏ လုံလောက်ပြည့်စုံမှုကို တည်ဆောက်ဖန်တီးနိုင်ပေသည်။

ဒေါက်တာရာဓ ခရစ်ရှနန် (Dr.Radhakrishnan) ကဲ့သို့ ခေတ်သစ်အိန္ဒိယ အတွေးအခေါ်ရှင်များက "ဘာသာတရားဟူသည် လိုက်နာကျင့်သုံးမှုဆိုင်ရာ ကျမ်းစာအစုအဝေးကို ခေါ်ဆိုခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ရပ်သာဖြစ်သည်"ဟု ဖွင့်ဆို တင်ပြကြ၏။ သူတို့ဆိုလိုသော ဘာသာရေးအတွေ့အကြုံဟူသည်လည်း "လူနှင့်နတ်ဝိညာဉ်တို့၏ ပူးကပ်တည်ရှိမှု"အား သိမြင် နားလည်မှုအပေါ် အခြေခံသည်ဟု ဆို၏။ စာရေးဆရာကြီး အိပ်ချ် ဂျီဝဲလ် (H. G. Wells) ကလည်း "ဘာသာတရားဟူသည် ကျွန်ုပ်တို့၏ စာရိတ္တကျင့်ဝတ်ကို အဆုံးအဖြတ်ပေးသော ပညာရေးဗဟိုချက်မဖြစ်သည်"ဟု ဆို၏။ ဂျာမန်ဒဿနပညာရှင် ကန့် (Kant) ၏ အဆိုအရ "ဘာသာတရားဟူသည် သွေဖည်၍မရသော၊ မမှိတ်မသုန် လက်ခံကျင့်သုံးရမည်ဖြစ်သော ဥပဒေတရားများကဲ့သို့ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများကို နာလည်လက်ခံမှုတစ်ရပ်ဖြစ်သည်" ဟူလို။

ခြားနားချက်

[ပြင်ဆင်ရန်]

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် ဘာသာတရား၏ အဓိပ္ပာယ်ကို အလွန်ကျယ်ပြန့်စွာဖွင့်ဆိုနိုင်ရကား ဘာသာတရားဟူသည် စာရိတ္တကျင့်ဝတ်နှင့် တွေးခေါ်မြော်မြင်မှုဆိုင်ရာ ဆုံးမဩဝါဒများ၏ သိုအောင်းခိုမှီးရာ ပဓာနကိုယ်ထည်ဖြစ်ပြီး၊ ထိုကဲ့သို့သော အဆုံးအမများကို ယုံကြည်မှုသဒ္ဓါတရားဖြင့် လိုက်နာကျင့်သုံးခြင်းဖြစ်ပေသည်။ ဤအဓိပ္ပာယ်ရှုထောင့်မှ ကြည့်လျှင် ဗုဒ္ဓ၏အဆုံးအမကို ဘာသာတရားဟု ခေါ်ဝေါ်သတ်မှတ်နိုင်ပေရာသည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည် ယခင်ပြဆိုခဲ့သော အထွေထွေယေဘုယျ ဖွင့်ဆိုချက်များနှင့်ကား တိတိပပ မကိုက်ညီလှချေ။ အကြောင်းမူကား ဗုဒ္ဓဘာသာသည် အခြားသော ဘာသာအယူဝါဒများနှင့် များစွာသော ခံယူချက်တို့တွင် တူညီမှု မရှိသောကြောင့်ဖြစ်သည်။ []

ထိုဘာသာအုပ်စု(၇)မျိုးတို့တွင်

(၁) ဟိန္ဒူဘာသာ၏ အယူဝါဒ ဗြာဟ္မဏတို့ ဟောကြားထားအပ်သော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံး ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် မဟာဗြဟ္မာ” ထာ၀ရ ဘုရားသခင်ကို ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။

(၂) ဗုဒ္ဓဘာသာ၏ အယူဝါဒများ ဗုဒ္ဓ နှင့် ဗုဒ္ဓသားတော်တို့ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ”လာ အဆို အမိန့်များကို လိုက်နာ ကျင့်သုံး၏။

ဗုဒ္ဓ၊ ဓမ္မ၊ သံဃာရတနာသုံးပါးကို အသိအမှတ်ပြုဆည်းကပ်ကိုးကွယ်၏။ ဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်ရာ နာထဟု သုံးနှုန်းပါသည်။ []

ဖန်ဆင်းရှင် ထာ၀ရ ဘုရား GOD ကို မကိုးကွယ်ပါ။ မယုံကြည်ပါ။ ဖန်ဆင်းရှင် အတ္တနှင့် အဖန်ဆင်းခံ အတ္တ မရှိသောကြောင့် ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်၌ လေ့လာနိင်ပါသည်။

သို့ရာတွင် “မိမိသည်သာ မိမိ၏ ဖန်ဆင်းရှင်” ဟု အလေးအနက်ယုံကြည်၏။ အတ္တာ ဟိ အတ္တနော နာထော စကားတော်အရဖြစ်သည်။ မိမိခန္ဓာကိုယ် (လောကီ လောကုတ္တရာတရား)သည်သာ မိမိရဲ့ ကိုးကွယ်ရာ ဖြစ်သည်။ []

နာထ(ကိုးကွယ်ရာ)တရား ၁၀-ပါးအရလည်း မိမိ၏ ကိုယ့်ကျင့်သီလ၊ လုံ့လဝီရိယ, ရိုင်းပင်ကူညီမှု, အကြားအမြင်ဗဟုသုတ, သတိ, သမာဓိ, ပညာစသည်များကို အားကိုးကြကြောင်း တွေ့ရသည်။

(၃) ခရစ်ယာန်ဘာသာ၏ အယူဝါဒမှာ ဘုရားသခင်၏သားတော် သခင်ယေရှုခရစ်တော်နှင့် ယင်း၏ သာဝကတို့ ဟောကြားထားအပ်သော “သမ္မာကျမ်းစာ” လာ အဆိုအမိန့်များကို လက်ခံ၊ လိုက်နာကျင့်သုံး၏။ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် ယေဟိုးဝါး” ထာ၀ရ ဘုရားသခင်ကို ယုံကြည်သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။

(၄) အစ္စလာမ်ဘာသာ၏အယူဝါဒမှာ တမန်တော်မိုဟာမ္မဒ် ရရှိခဲ့သော ဝဟီ ကောင်းကင်ကျ ဗျာဒိတ်တော် “ကုရ်အာန်ကျမ်းစာ” လာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ အလ္လာဟ်” ထာ၀ရ ဘုရားသခင် ဖန်ဆင်းရှင်ကို ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ အစ္စလာမ်ဘာသာ ဝင်များက There is No God But ALLAH. and Muhammad is the messenger of ALLAH. အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ ဘုရားမရှိ။ တမန်တော် မိုဟာမ္မဒ်သခင်သည် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးစေလွှတ်သော တမန်တော်ကြီးဖြစ်သည် ဟုသက်ဝင်ယုံကြည်ကြ၏။ အရဗီဝေါဟာရ "အလ္လာလ်"သည် "သန့်ရှင်းစင်ကြယ်သော၊ အတုမရှိသော၊ ပြိုင်ဖက်ကင်းသော" ဟူသော အနက်များပါဝင်သည်။ အဂ်လိပ် ဝေါဟာရ "God" နှင့် ၎င်း၏ဝေါဟာရ အနွယ်ဝင် စကားလုံးများနှင့် အဓိပ္ပာယ်ကွားခြားပါသည်။ အစ္စလာမ်ဘာသာဝင်တိုင်းသည် မည်သည့်လူသားဘုရား(အဖန်ဆင်းခံများ)ကိုမျှ ကိုးကွယ်ရာ ဖန်ဆင်းရှင်အဖြစ် လုံးဝလက်မခံကြပါ။ အစ္စလာမ်ဘာသာ အရ "ကိုးကွယ်ရာအရှင်" ဟူသော အတိကျဆုံးသော အဓိပ္ပာယ်သတ်မှတ်ချက်ကို စူရာဟ် အိခ်လာဆ် (ကုရ်အာန်ကဏ္ဍ အမှတ် ၁၁၂)ရှိ အာယသ်တော်(၄)ခုက အတိအကျဖွင့်ဆိုထားသည်။ (၁) အို−နဗီတမန်တော် အသင်သည် ပြောကြားပါလေ။ ထို အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူ၏။ (၂)အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခို အားထားရာအရှင်၊ အနှိုင်းမဲ့ထာဝရအရှင်ဖြစ်တော်မူ၏။ (၃)ထိုအလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံရတော်မူသည် မဟုတ်ပေ။ (၄)ထိုမှတစ်ပါး ထိုအလ္လာဟ်အရှင်မြတ်၌ ဂုဏ်ရည်တူသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။

ဘာသာကြီး(၄)မျိုးတွင် ဗုဒ္ဓဘာသာတစ်ခုသည်သာ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာ၀ရဘုရား(God) မရှိ” ဟု အတိအလင်းငြင်းဆို၏။ ကြွင်းဘာသာကြီး(၃)မျိုးကား “အတ္တဝါဒ” များချည်းဖြစ်၍ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာ၀ရဘုရားသခင်(God) ရှိ၏” ဟု လက်ခံ၏။ ဗုဒ္ဓဘာသာတစ်ခုတည်းကသာ တိရစ္ဆာန်လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းကို “မကောင်းမှု အကုသိုလ်အလုပ်” ဟု အတိအလင်းရှုတ်ချ၏။

ခရစ်ယာန်ဘာသာ ကား ဓမ္မဟောင်းကျမ်း တွင် တိရစ္ဆာန်လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းကိုလက်ခံ လိုက်နာ ကျင့်သုံး၏။ ခရစ်တော် မွေးဖွားပြီးနောက်ပိုင်း ရေးသားသည့်ကျမ်းများဓမ္မသစ်ကျမ်း တွင် ချီးလည်းမချီးမွမ်း၊ ရှုတ်လည်းမရှုတ်ချချေ။ ဟိန္ဒူဘာသာ က တိရစ္ဆာန်လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းကို “ကောင်းမှုကုသိုလ်အလုပ်” ဟု ချီးမွမ်း၏။

(၅) ဘာသာငယ်လေးများတွင် (က) ဂျိမ်းဘာသာ၏ အယူဝါဒမှာ မဟာဝီရနှင့် ယင်း၏သာ၀ကများ ဟောကြားထားအပ်သော “အဟိံသ” ကျမ်းစာလာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။ ဂျိမ်းဘုရား မဟာဝီရကို သဗ္ဗညုဗုဒ္ဓ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ်ကိုးကွယ်၏။

(ခ) ဆစ်ဘာသာ၏အယူဝါဒမှာ ဂုရုနာနတ်က ပြုပြင်ဟောကြားထားသော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။ ဟိန္ဒူဘာသာခွဲ တစ်ခုဖြစ်၍ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင်မဟာဗြဟ္မာ” ထာ၀ရ ဘုရားသခင်ကိုပင် ယုံကြည်သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ အမှာ။ ။ အခြားဘာသာ ငယ်လေးများ၏ အကြောင်းကိုကား အသေးစိတ် မမှတ်မိတော့၍ မောင်အံ့(မဟာဝိဇ္ဇာ) ရေးသားသော ဗုဒ္ဓဘာသာ ရေးသားသော (၂၅၀၀) ခရီး စာအုပ်တွင် ဖတ်ရှုလေ့လာ မှတ်သားကြပါဟု အကြံပြုပါ ရစေ။

(၆) နတ်တင်၊ နတ်ပသ၏ အယူဝါဒမှာ ပါးစပ်ရာဇဝင်ဆရာတို့အစဉ်အဆက်ပြောကြားလေ့ရှိသော ဒဏ္ဏာရီပုံပြင်လာ နတ်သမိုင်း ဆိုင်ရာအဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့် သုံး၏။ နတ်ဒေဝတာ အမျိုးမျိုးကို အားကိုးရာ အစစ်ကယ်တင်ရှင်များအဖြစ် ယုံကြည် သတ်မှတ်ကိုးကွယ်၏၊။

(ရ) ဘာသာမဲ့ အယူဝါဒမှာ အစဉ်အလာ ဘာသာရေး အဆောက်အအုံတွေ ကို စိတ်ကုန်လာလို့ ၊ ဘာသာစွဲကြီးတဲ့ ဘာသာရှိတွေ ကို အော့ နှလုံးနာလို့ ဒါမှမဟုတ် ဘာသာရေး အဆောက်အအုံတွေ နဲ့ ဝေးရာမှာနေပီး သဘာဝကပေးတဲ့ လူသားရဲ့ ဘ၀ ရသကို ကိုယ်ဘာသာကိုယ် အပြည့် အ၀ခံစားကြည့် ချင်လို့ ဖြစ်နိုင်ပါတယ်။ ဘာသာစွဲမရှိသူ တွေ ဟာ လွတ်လပ်စွာ စဉ်းစားဆင်ခြင်ဝေဖန်တွေးခေါ်ချင်သူတွေ သာဖြစ်တယ်။ လူ့ အသိဉာဏ် တိုးတက်ပွင့်လင်းမှု ကို ရှေးရှုလိုသူတွေ ဖြစ်တယ်။ လူ့ ဦးနှောက်နဲ့ နှလုံးသား ကို ဘာနဲ့ မှ ချုပ်နှောင်မထားလိုသူတွေ ဖြစ်တယ်။ ဘာသာမဲ့ ပေမယ့် ဉာဏ်ပညာ နဲ့ မေတ္တာတရား မမဲ့ ပါ။ ဘာသာစွဲမရှိသူ တွေ ဟာ လူ့ ဂုဏ်သိက္ခာ နဲ့ လူ့ လွတ်လပ်ခြင်းသဘောတွေ ကို တန်ဖိုးထား သူ တွေသာဖြစ်တယ်။ အစဉ်အလာ ဘာသာရေး အဆောက်အအုံတွေကို လူ့ အတိတ်သမိုင်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အဖြစ် တန်ဖိုးထားပေမယ့် လူ လူချင်း စောင့် စည်းအပ်တဲ့ ကျင့်ဝတ်တွေထက် ပိုပြီး တန်းဖိုးရှိတယ် လို့ တော့ မရှုမြင်ပါ။ လက်တွေ့ အသုံးဝင်မှု အကျိုးရှိမှု နဲ့ အလျှော် ဖြစ်တယ့် လူ့ အသိဉာဏ် အကန့် အသတ်ရဲ့ ဘောင်ထဲမှာပဲ ရှိတဲ့ အယူအဆတွေ အမှန်တရားတွေကို လက်ခံကျင့် သုံးနေသူတွေ သာဖြစ်ပါတယ်။ ဘာသာမဲ့ အမျိုးအစားများ များစွာရှိသည်။ []

ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]
  1. Buddhism As A Religion by K Sri Dhamananda
  2. နာထော (ဝိ၊ဋ္ဌ၊၁၊၁)တိ လောကပဋိသရဏော၊ လောကသာမီ၊ လောကနာယကောတိ ဝုတ္တံ ဟောတိ။ သာရဋ္ဌ၊၁၊၈။ (ဝိမတိ၊၁၊၂။) ပတိဋ္ဌတ္ထော နာထသဒ္ဒေါ။ အံ၊ဋီ၊၃၊၃၁၈။
  3. အတ္တာ ဟိ အတ္တနော နာထော။ ဓမ္မ၊၃၇၊ ၆၇။ ဒီ၊ဋ္ဌ၊၃၊၃၁။ နာထောတိ ပတိဋ္ဌာ။ ဓမ္မ၊ဋ္ဌ၊၂၊၉၄။ နာထောတိ အဒဿယော ပတိဋ္ဌာ။ ဓမ္မ၊ဋ္ဌ၊၂၊၃၈၀။ ကော ပနေတ္ထ အတ္တာ နာမ လောကိယ-လောကုတ္တရော ဓမ္မော။ ဒီ၊ဋ္ဌ၊၃၊
  4. ဘာသာမဲ့ အယူဝါဒ...အောင်ကျော်မိုး ...(မြန်မာနိုင်ငံ ဘာသာမဲ့များအဖွဲ့ http://www.facebook.com/groups/irreligions.myanmar

9.ကမ္ဘာ့အဓိကဘာသာတရားများ နှင့် ကိုးကွယ်ရာအရှင်အယူအဆ (ဒေါက်တာလှလှဝင်း)