ကလသာအိုး

ဝီကီပီးဒီးယား မှ
ဟိန္ဒူဘုရားရှိခိုးကျောင်း မုတ်ဝထိပ်ရှိ ကလသာအိုး

ဟိန္ဒူဘုရားရှိခိုးကျောင်းတို့၏ မုတ်ဝထိပ်၌ ဖြစ်စေ၊ ခေါင်တန်းပေါ်၌ဖြစ်စေ၊ ညောင်ရေအိုး ကဲ့သို့သော ကလသာအိုးကို တွေ့မြင်နိုင်ပေသည်။ ကလသာအိုးကို အမြိုက်ရည်ထည့်ရာ အိုးအဖြစ် ဟိန္ဒူကျမ်းဂန်များတွင် ဖေါ်ပြထားလေသည်။ ထိုအိုး၏ပုံသဏ္ဌာန်မှာ ယခုခေတ်ဟိန္ဒူအမျိုးသမီးများ အသုံးပြုလျက် ရှိသော ရေခပ်ကြေးအိုးကဲ့သို့ပင် ဖြစ်၏။


မြန်မာစာပေ၌ ကလသာအိုးအကြောင်း မတွေ့ရသော်လည်း ပုဂံခေတ်ကျောက်စာများ၌ ကလသာအိုးဟူသော ဝေါဟာရကို အနည်းအပါး တွေ့ရပေသည်။ သက္ကရာဇ် ၅၈၅ ခုနှစ်တွင် ရေးထိုးသော ပုဂံမြို့၊ လေးထောင့်ကန်အရပ် လေးမျက်နှာဘုရား ကျောက်စာတွင် “တန်တိုင်းတွင်း နှိုက်ကား ကသသားအိုး အယောင်နှင့်တူသော တင့်တယ်စွာသော စင်္ကြံထက် ကူလည်းတည်၏” ဟု ပါရှိလေသည်။ ထိုတွင် စင်္ကြံဆိုသည်မှာ အမိုးအကာရှိသော လူသွားလမ်း ခုံမြင့်ဖြစ်၍ စင်္ကြံပေါ်တွင် ကလသာအိုးပုံသဏ္ဌာန်နှင့်တူသော ကူတည်ထားကြောင်း သိရလေသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)