၂၀၁၅ ကိုးကန့်စစ်ပွဲ
| မြန်မာ-ကိုးကန့်စစ်ပွဲ | |||||||||
|---|---|---|---|---|---|---|---|---|---|
| မြန်မာ့ပြည်တွင်းပဋိပက္ခများ၏ တစ်စိတ်တစ်ပိုင်း | |||||||||
ရှမ်းပြည်နယ် (အဝါရောင်) အတွင်းရှိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (အစိမ်းရောင်) | |||||||||
| |||||||||
| စစ်ရင်ဆိုင်သူများ | |||||||||
|
|
| ||||||||
| တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||||
|
|
| ||||||||
| စစ်အင်အား | |||||||||
| မသိရ |
၁,၀၀၀ ခန့် [၁] တပ်ကူအပါအဝင် ၄,၀၀၀ ခန့်[၂] | ||||||||
| အသေအပျောက် | |||||||||
|
၁၂၆ ဦးသေဆုံး ၃၅၉ဦး ဒါဏ်ရာရ[၃] |
၈၀ မှ ၉၀ သေဆုံး ၂၀၀ ကျော် ဒါဏ်ရာရ[၃][၄][၅][၆] | ||||||||
|
စုစုပေါင်း ၃၀၀+ သေဆုံး ၅၀,၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ် | |||||||||
၂၀၁၅ ကိုးကန့်စစ်ပွဲ သည် မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်ပွဲများ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး အစိုးရတပ်မတော် နှင့် ဦးဖုန်ကြားရှင် ခေါင်းဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဟုခေါ်သော ကိုးကန့်တပ်ဖွဲ့ တို့ တိုက်ခိုက်သော စစ်ပွဲလည်းဖြစ်သည်။စစ်ပွဲသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၉)ရက် မှစ၍ ၂၀၁၅ ခုနှစ် ဇွန် (၁၀)ရက် ညသန်းခေါင်ယံတွင် အပစ်ရပ်ကာ ပြီးဆုံးခဲ့သည်။
နောက်ခံ အကြောင်းအရာ
[ပြင်ဆင်ရန်]၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက် တွင် ဗကပ မှ ခွဲထွက်လာသော ကိုးကန့်တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးယူခဲ့သည်။ကိုးကန့်တပ်ဖွဲ့ သည် ဗကပ မှ ခွဲထွက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်များထဲ စစ်တပ် နှင့် ပထမဆုံး ငြိမ်းချမ်းရေးရယူခဲ့သည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။[၇]
၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ငြိမ်းချမ်းရေးနောက်ဆက်တွဲအဖြစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီ က ကိုးကန့်တပ်ဖွဲ့အခြေစိုက်ရာ လောက်ကိုင်မြို့နယ် နှင့် ကုန်းကြမ်းမြို့နယ် ဒေသတို့ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁) အဖြစ် သတ်မှတ်ပေးခဲ့သည်။ဤသို့ဖြင့် ရှမ်းပြည်နယ် အထူးဒေသ (၁)သည် အနှစ် ၂၀ နီးပါး တည်ငြိမ်အေးချမ်းနေရာမှ ၂၀၀၉ ခုနှစ် သို့ အရောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းမှု နှင့် ပတ်သတ်၍ ပြဿနာ ဖြစ်ပွားကာ ငြိမ်းချမ်းရေးပျက်ပြယ်သွားခဲ့ကြသည်။
ကိုးကန့်တပ်ဖွဲ့သည် မြန်မာစစ်တပ်၏ လက်အောက်၌ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေးကို မလိုလားခဲ့ချေ။ ကိုးကန့်အဖွဲ့အနေနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကိုသာ ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် မြန်မာစစ်တပ်က တိုက်ပွဲဖြင့် [၈] ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် နှင့် ဖုန်မိသားစု ကို ကိုးကန့်ဒေသအတွင်းမှ တိုက်ထုတ် ဖယ်ရှားခဲ့သည်။
ဖုန်ကြားရှင် နှင့် မိသားစုသည် ၂၀၀၉ နှစ်ကုန်ပိုင်းတွင် မိုင်းလားဒေသ နှင့် တရုတ်နိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ကိုးကန့် အုပ်ချုပ်သူ ဖုန်မိသားစုကို မြန်မာစစ်တပ်က တိုက်ထုတ်ခဲ့ချိန် ဖုန်ကြားရှင် ၏ တပည့် ပယ်ဆောက်ချိန် နှင့် မြီရှောက်ချန်း တို့သည် ဖုန်ကြားရှင် နှင့် လိုက်မသွားဘဲ စစ်တပ် ၏ အရိပ်ကို ခိုလှုံခဲ့ကြသည်။
၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အရောက်တွင် ပယ်ဆောက်ချိန် သည် လွှတ်တော်ကိုယ်စား လှယ်လောင်း အဖြစ် ဝင်အရွေးခံခဲ့ပြီး အခြေခံဥပဒေ(၂၀၀၈) အရ ပေါ်ပေါက်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သစ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
မြီရှောက်ချန်းသည် လောက်ကိုင် ပြည်နယ်အမတ်ဖြစ်လာပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဦးစီးအဖွဲ့ဝင် နှင့် ဝေ မိသားစု မှ ဝေစန်းသည် ဗိုလ်မှူးကြီး ရာထူးဖြင့် အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ် အကြီးအကဲ ဖြစ်သွားခဲ့ကြသည်။
တစ်ဖက်တွင်လည်း ဖုန်ကြားရှင် မိသားစု က ၎င်းတို့လက်လွှတ်ခဲ့ရသည့် ဒေသကို ပြန်လည် ရရှိရေးအတွက် အစီအမံများ ချမှတ်ကြသည်။ ဦးဖုန်ကြားရှင် ခေါင်းဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကို သားဖြစ်သူ ဖုန်တာရွှင် က ဆက်ခံလိုက်ပြီး တပ်ကို အင်အားကြီးလာအောင် ပြင်ဆင်သည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံအင်တာဗျူးတစ်ခု၌ ဖုန်ကြားရှင်က ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် ကိုးကန့်နယ်မြေကို ပြန်လည်တိုက်ခိုက်သိမ်းယူမည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။[၉][၁၀]
တိုက်ပွဲစတင်ဖြစ်ပွားခြင်း
[ပြင်ဆင်ရန်]ဖုန်ကြားရှင် ထွက်ပြေးသွားခဲ့ရပြီးနောက် ၆ နှစ်အတွင်း တိတ်ဆိတ်အေးချမ်းနေသည့် လောက်ကိုင်ဒေသသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားသည့်အကြောင်းဖြင့် ပထမဦးဆုံး သက်ဝင်လှုပ်ရှားလာခဲ့သည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်လည်ရယူရန် ကြိုးပမ်းနေသော ကိုးကန့်တပ် (MNDAA) သည် ထိုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကွမ်းလုံမြို့နယ် တောက်ရွှေကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲ စတင်ဖြစ်ပွားသည်။
ကိုးကန့်အဖွဲ့သည် ဆက်၍ မော်ထိုက်မြို့ အနီးရှိ မြန်မာ့တပ်မတော်၏ စခန်းများအပါ အဝင် နေရာ ၃နေရာကို ထိုးစစ်ပြုလုပ်ခဲ့သည်။ထိုထိုးစစ်ကို တပ်မတော်က ရဟတ်ယာဉ် ၃ စီး နှင့်ပါ အသုံးပြုပြီး ပြန်လည်ချေမှုန်းခဲ့ပြီး တိုက်ပွဲသည် ပိုမိုပြင်းထန်လာခဲ့သည်။[၇][၈]
အစိုးရ၏ Global New Light of Myanmar သတင်းစာက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ဝင် အင်အား၂၀၀ ခန့်က ကုန်းကြမ်းမြို့နယ် ရှိ တပ်မတော်စခန်းတစ်ခုကို ဆက်လက် တိုက်ခိုက်ခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။[၁၁]
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် လောက်ကိုင်ဒေသသို့ ကူညီကယ်ဆယ်ရေးသွားရောက် ဆောင်ရွက်သည့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ ဝန်ထမ်းများနှင့် သတင်းသမားအနည်းဆုံးနှစ်ဦး ပါဝင်သော ကူညီကယ်ဆယ်ရေး ယာဉ်တန်းတစ်ခုသည် လောက်ကိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ယာဉ်တန်းအဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ထိုအပြစ်ကို ပယ်ချခဲ့သည်။[၁၂] [၁၃]
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ချင်းရွှေဟော် နှင့် လုံထံရွာ အနီး၌ ကြက်ခြေနီကား ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခံခဲ့ရသည်။ ကြက်ခြေနီဝန်ထမ်းတစ်ဦး၊ MRTV4 သတင်းထောက် နှင့် ဒုက္ခသည်တစ်ဦး စုစုပေါင်း ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။[၁၄]
၂၀၁၅ ခုနှစ် ဧပြီ ၁၆ ရက် ညပိုင်းတွင် အစိုးရက ကိုးကန့်တိမ်းရှောင်အဖွဲ့များ တပ်စွဲထားသည့် နှစ်နိုင်ငံနယ်နိမိတ်အနီးရှိ တောင်ကုန်းများကို တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာသည်။
၂၀၁၅ ခုနှစ် ဧပြီ ၁၈ ရက် တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသနေသော ဒဏ်ရာရအရာရှိ စစ်သည်များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် တွေ့ဆုံသည်။ထိုသို့တွေ့ဆုံစဉ် ကိုးကန့်ဒေသတွင်း တိုက်ပွဲများ ပြီးဆုံးခါနီးပြီဟု ပြောကြားခဲ့သည်။[၁၅]
ကိုးကန့် နှင့် တပ်မတော် တို့ တိုက်ပွဲတွင် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့သည်လည်း ကိုးကန့်တပ် (MNDAA) နှင့် အတူတကွ တိုက်ခိုက်နေကြသည်။ တချို့ သတင်းရင်းမြစ်များက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) နှင့် မိုင်းလားတပ် (NDAA) တို့ပါဝင်ခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် KIA သည် မိမိတို့ ပါဝင်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။[၈][၉][၁၆][၁၇][၁၈][၁၉][၁၉][၂၀]
တုံ့ပြန်ဆောင်ရွက်မှုများ
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နေပြည်တော် တွင် တွေ့ဆုံကြစဉ် လောက်ကိုင်အရေးနှင့် ပတ်သက်ပြီး ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် ယင်းကိစ္စအပေါ် တာဝန်ယူရမည် ဖြစ်ကြောင်း သတိပေးစကားပြောဆိုခဲ့သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဗဟို ဌာနချုပ်သည် နှစ်ဖက်တိုက်ခိုက်မှုများကို ရပ်စဲကာ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန်လိုကြောင်း စာထုတ် တိုက်တွန်းသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် တွင် ပြည်ထောင်စုလွှတ်တော် တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်က လောက်ကိုင်ဒေသတွင် လုံခြုံရေး ယူနေသည့် တပ်မတော် စခန်းများအား တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းများနှင့် ထောက်ပံ့အားပေး ကူညီခဲ့သော အဖွဲ့အစည်း ရှုတ်ချကန့်ကွက်ရန် နှင့် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နေကြသော တပ်မတော်သားများအား ချီးကျူးဂုဏ်ပြုရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့သည်။
ယင်းအဆိုကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဖြစ်ကြသည့် ဦးကျော်နီနိုင်၊ ဒေါ်နန့်နီနီအေး၊ ဦးလှဆွေ၊ ဦးလှထွန်း၊ ဒေါက်တာ ဇော်မြင့်မောင် နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဗိုလ်မှူးချုပ် တင့်ဆန်းနှင့် ဗိုလ်မှူးကြီး ခင်စိုးတို့ ထောက်ခံ ဆွေးနွေးခဲ့ကြပြီး အဆိုကို ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ကြသည်။[၂၁]
၂၀၁၅ ခုနှစ် ဧပြီ ၁၃ ရက် တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လ သည် ကိုးကန့်ဒေသတွင် ဖြစ်ပွားနေဆဲဖြစ်သော အစိုးရတပ်မတော် နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို အဟန့်အတားဖြစ်စေနိုင်သည့် အ တွက် တပ်မတော်ဘက်မှ လက်ရှိထိုးစစ်များကို ရပ်တန့်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာရန် သမ္မတ ဦးသိန်းစိန် ထံ အိတ်ဖွင့်စာ ပေးပို့တောင်းဆိုခဲ့ပြီး အပစ်ရပ်ရေးကြားဝင်ခဲ့သည်။
၂၀၁၅ ခုနှစ် ဇွန် ၁၂ ရက် တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရန်ဟို့လန် သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော် တွင် တွေ့ဆုံခဲ့သည်။၎င်းက ဖုန်ကြားရှင်ကို ဆက်သွယ်၍ ကိုးကန့်ဒေသ တွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများရပ်စဲရန် ၊ ပြဿနာကို နိုင်ငံ ရေး နည်းဖြင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပါကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။[၂၂]
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခြင်း
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် သမ္မတဦးသိန်းစိန် သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်အုပ်ချုပ်ရေးကြေညာချက် အမှတ်(၁) ဖြင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင်အမှတ် ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး အား စစ်အုပ်ချုပ်ရေးလုပ်ပိုင်ခွင့်များ အပ်နှင်း၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို (၃)လကြာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်သည်။[၂၃] ဆက်လက်၍ သက်တမ်းများ ဆက်တိုးခဲ့သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက် တွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ တည်ငြိမ်အေးချမ်းမှုများ ရရှိနေပြီဖြစ်၍ စစ်အုပ်ချုပ်ရေး အမိန့်ကို ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက အမိန့်ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲများရပ်ဆိုင်းသွားခြင်း
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက် တွင် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA သည် တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာစာထုတ်သည်။ကြေညာချက်တွင် ၁၀ ရက်နေ့ည သန်းခေါင်ယံ အချိန်မှ စတင်၍ အကျိုး သက်ရောက်မည်ဟု ထည့်သွင်းဖော်ပြသည်။
အပစ်ရပ်ရခြင်းသည် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ် အေးချမ်းရေး တရုတ်နိုင်ငံ၏ တောင်းဆိုမှု၊ စစ်ဒဏ် ခံနေရသည့် ပြည်သူလူထု နှင့် ပြုလုပ်ရန်ရှိသည့် အထွေထွေ ရွေးကောက်ပွဲ ၂၀၁၅ ကျင်းပနိုင်ရေးတို့ အတွက် ဖြစ်သည်ဟု ကိုးကန့် အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးထွန်းမြတ်လင်းက အကြောင်းပြချက်ပေးခဲ့သည်။[၂၄]
ထိခိုက်သေဆုံးမှုများ
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် မှ ဧပြီ ၁၆ ရက်ထိ ကိုးကန့်စစ်ပွဲအတွင်း တိုက်ပွဲပေါင်း ၂၅၃ ကြိမ်ဖြစ်ပွားခဲ့ရာတွင် မြန်မာအစိုးရ တပ်မတော်ဘက်က သေဆုံးသူပေါင်း ၁၂၆ ဦးရှိပြီး ဒဏ်ရာရသူပေါင်း ၃၅၉ ဦးထိရှိခဲ့သည်။ကိုးကန့်အလောင်း ၇၄ လောင်းရပြီး ဖမ်းမိအလင်းဝင်သူ ၂၂ ဦးရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်သည်။
ကိုးကန့်တပ် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ကိုးကန့်ဘက်က ထိခိုက် သေဆုံးသူ ၇၀ ခန့်ရှိသည့်အကြောင်း နှင့် အစိုးရတပ်မတော်ဘက်က သေဆုံးဒဏ်ရာရသူ အရေအတွက်သည် အစိုးရသတင်းထုတ်ပြန်ချက်ထက် ပိုများကြောင်း ပြောဆိုခဲ့သည်။[၂၅]
ဒုက္ခသည်များနှင့် အိုးမဲ့အိမ်မဲ့များ ဖြစ်စေမှု
[ပြင်ဆင်ရန်]စစ်ပွဲအတွင်း လူပေါင်း ၄၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ တရုတ်နိုင်ငံဘက် နှင့် ရှမ်းပြည်နယ် လားရှိုးရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခဲ့ကြရသည်။ တရုတ်ဘက်သို့ စစ်ရှောင်ဒုက္ခသည်များ သောင်းနှင့်ချီ၍ အများအပြားဝင်ရောက်လာကြပုံကို တရုတ်ပိုင်သတင်းမီဒီယာများက အကျယ်တဝင့် ဖော်ပြကြသည်။ [၁၁][၂၀][၂၆][၂၇]
၂၀၁၅ခု မတ်လ ၁၃ ရက်နေ့တွင် မြန်မာစစ်တပ်မှ တိုက်လေယာဉ်တစ်စင်းပစ်ခတ်သည့် ဒုံးလက်နက်လမ်းကြောင်းလွဲကာ တရုတ်ပိုင်နက်ထဲသို့ ကျရောက်ပေါက်ကွဲပြီး တရုတ်လူမျိုး (၄) ဦး သေကာ (၉)ဦး ဒဏ်ရာရခဲ့သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ တရုတ်က မြန်မာအား စစ်ရေးနှင့် သံတမန်ရေး အရ ပြင်းထန်စွာသတိပေးခဲ့သည်။[၂၈][၂၉] နယ်မြေကျွံ၍ ဗုံးကြဲမိခြင်းအတွက် လျော်ကြေးပေးကာ မြန်မာအစိုးရမှ တရုတ်အစိုးရကို တောင်းပန်ခဲ့ရသည်။ [၃၀]
၂၀၁၅ ခုနှစ် မေလ ၁၄ ရက်တွင် တရုတ်နယ်မြေထဲ မြန်မာဘက်မှပစ်လိုက်သည့် လက်နက်ကြီးကျည်ကျ၍ အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့သည်။[၃၁]
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟွာချွန်ရင်းက ထိုဖြစ်ရပ်အတွက် မကျေမနပ် ဖြစ်ရကြောင်း ဘေကျင်းတွင်ပြုလုပ်သည့် မေ ၁၅ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ကန့်ကွက်ပြောဆိုပြီး တရုတ်က တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ် မေလ ၁၅ရက် တွင် မြန်မာစစ်တပ်ပိုင် မြဝတီသတင်းဌာနက မြန်မာတပ်မတော်သည် ကိုးကန့် တပ် စွဲထားတဲ့ ပွိုင့် ၂၂၀၂ တောင်ကုန်းကို မေလ ၁၄ ရက် ညက သိမ်းပိုက်ရရှိခဲ့ပြီး အရာရှိစစ်သည် အချို့ ဒဏ်ရာရကာ ကို့ကန့် ဘက်မှ ၁၉ ဦးသေဆုံးသွားကြောင်း ထုတ်ပြန်ခဲ့သည်။
၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက် နှင့် မေလ ၁၄ ရက် တို့တွင် တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီးကျရောက်ခဲ့မှုများ နှင့်စပ်လျဉ်းပြီး တရုတ်နိုင်ငံ၏ ဖိအားပေးမှုကို မြန်မာအစိုးရက လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး နှင့် စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ် လွင်ဦး တို့အား စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့ခံခဲ့ခြင်း နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦး တို့ကို တာဝန်မှ အနားပေးခြင်းများဖြင့် တုံ့ပြန်ဖြေရှင်း ပေးခဲ့ရသည်။
နိုင်ငံခြား အထောက်အပံ့
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် တွင် နေပြည်တော် ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်ပြီး တပ်မတော် က သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် အလင်းဝင်လာသော တရုတ်လူမျိုးထဲမှ (၈) ဦး ၏ ထွက်ဆိုချက်အရ ကိုးကန့်တပ်ဖွဲ့ တွင် တရုတ် ကြေးစားတပ်တွေများ ပါဝင်နေသည်မှာ မှန်ကန်မှုရှိကြောင်း ပြောဆိုခဲ့သည်။[၃၂]
လောက်ကိုင် ဒေသဖြစ်စဉ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခြင်းဟု တပ်မတော်က မှတ်ယူထားပြီး အထောက်အထားများအရ မိုင်းလားအဖွဲ့၊ ဝ-အဖွဲ့၊ KIA အဖွဲ့၊ TNLA အဖွဲ့၊ SSA-ဝမ်ဟိုင်းအဖွဲ့ ပါဝင်ပတ်သက်မှုများရှိနေကြောင်း ၎င်းက ပြောဆိုခဲ့သည်။
တစ်ဖက်တွင်လည်း အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် သည် တရုတ်အစိုးရအား ကိုးကန့်အဖွဲ့ကို နယ်စပ်အခြမ်း၌ ကူညီနေသည့် ဒေသခံအရာရှိများ ရှိနိုင်ခြေရှိသဖြင့် ထိန်းချုပ်ရေးဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
သို့သော် တရုတ်အစိုးရက MNDAA သို့ စစ်ရေးအကူအညီ မပေးခဲ့ဟု ပြောကြားခဲ့ပြီး တအောင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ပြောခွင့်ရှိသူကလည်း မြန်မာအစိုးရ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။[၁၈] [၃၃] [၇][၂၈][၂၉][၂၈][၂၉][၃၀]
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် တွင် SSPP/SSA ရှမ်းပြည် တိုးတက်ရေး တပ်မတော်/ ရှမ်းပြည် တပ်မတော် က ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တိုက်ပွဲ တွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိခဲ့၍ တိုက်ပွဲတွင်ပါသည်ဆိုသော စွပ်စွဲချက်ကို ပြန်ရုပ်သိမ်းပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ စာပေးပို့ခဲ့သည်။[၃၄]
အခြားကြည့်ရန်
[ပြင်ဆင်ရန်]
ကိုးကား
[ပြင်ဆင်ရန်]- ↑ 47 Govt Troops Killed, Tens of Thousands Flee Heavy Fighting in Shan State။ irrawaddy.org။
- ↑ http://www.irrawaddy.org/burma/47-govt-troops-killed-tens-thousands-flee-heavy-fighting-shan-state.html
- 1 2 Myanmar says 126 soldiers have been killed in fight with Kokang army။ Xinhua News Agency (19 April 2015)။
- ↑ ABC News။ Myanmar Says Kokang Rebels on the Run Despite Allies' Help။ ABC News။
- ↑ Situation in Myanmar's Kokang region calm down gradually: officer။ GlobalPost။ 22 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2015 တွင် ပြန်စစ်ပြီး။
- ↑ Rebels declare 'unilateral ceasefire' with Myanmar army။ Mizzima။ 27 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 February 2022 တွင် ပြန်စစ်ပြီး။
- 1 2 3 Myanmar Kokang Rebels Deny Receiving Chinese Weapons။ Radio Free Asia။ 11 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2015 တွင် ပြန်စစ်ပြီး။
- 1 2 3 Kokang enlist allies’ help in fight against Burma army။ 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2015 တွင် ပြန်စစ်ပြီး။
- 1 2 Myanmar Army Troops Recover Bodies of 13 Rebels in Renewed Clash။ irrawaddy.org။
- ↑ Thousands Reportedly Cross Into China to Flee Fighting, Airstrikes in Shan State။ irrawaddy.org။
- 1 2 47 Burmese soldiers killed in Kokang conflict: state media။ 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2015 တွင် ပြန်စစ်ပြီး။
- ↑ Red Cross Convoy Ambushed Near Laukkai။ The Irrawaddy (17 February 2015)။ 18 February 2015 တွင် ပြန်စစ်ပြီး။
- ↑ Myanmar, Kokang Rebels Trade Accusations Over Red Cross Attack။ VOA။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2015 တွင် ပြန်စစ်ပြီး။
- ↑ ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရမှု ကိုးကန့်အဖွဲ့ ငြင်းဆို။ VOA (၂၃ ဖေဖော်ဝါရီ ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုးကန့်ဒေသတွင်း တိုက်ပွဲများ ပြီးဆုံးခါနီးပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား။ Eleven Media Group (၁၉ ဧပြီ ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ The Myanmar Times။ Ethnic allies join Kokang fight။ mmtimes.com။
- ↑ Thida Linn။ Military says ethnic groups supplying Kokang rebels။ Eleven Myanmar။
- 1 2 AFP။ Myanmar airstrikes hit Kokang rebels။ mizzima.com။ 10 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2015 တွင် ပြန်စစ်ပြီး။
- 1 2 Burma army claims 26 Kokang rebels killed။ 16 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2015 တွင် ပြန်စစ်ပြီး။
- 1 2 Tens of thousands flee war, airstrikes in Kokang region။ DVB Multimedia Group။ 28 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 March 2015 တွင် ပြန်စစ်ပြီး။
- ↑ ကိုးကန့်တပ်ဖွဲ့အား ထောက်ပံ့ကူညီသူများကို ပြည်ထောင်စု လွှတ်တော် ရှုတ်ချ။ The Irrawaddy (၁၇ ဖေဖော်ဝါရီ ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဖုန်ကြားရှင်ကို ဆက်သွယ်၍ တိုက်ပွဲရပ်ရန်ပြောဟု တရုတ်သံအမတ်ဆို။ The Irrawaddy (၁၃ ဇွန် ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၁/၂၀၁၅) ထုတ်ပြန်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံး (၁၈ ဖေဖော်ဝါရီ ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုးကန့်အဖွဲ့ တဖက်သတ် အပစ်ရပ်။ BBC (၁၁ ဇွန် ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုးကန့်တိုက်ပွဲတွင် မြန်မာအစိုးရတပ်က ၁၂၆ ဦးသေဆုံး။ DVB (၂၀ ဧပြီ ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ By truck, by bike, by foot – the exodus from Laogai။ DVB Multimedia Group။ 18 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 March 2015 တွင် ပြန်စစ်ပြီး။
- ↑ Thousands Displaced by Kokang Fighting Arrive in Lashio။ irrawaddy.org။
- 1 2 3 China threatens 'decisive' response after Myanmar bombing။ Yahoo News Canada (15 March 2015)။
- 1 2 3 Myanmar’s Air Force Back in Kokang Amid After Chinese Ire Over Border Bombing။ irrawaddy.org။
- 1 2 Lun Min Maung , Ye Mon (6 April 2015)။ Myanmar apologises to China over cross-border bombing။ The Myanmar Times။ 6 April 2015 တွင် ပြန်စစ်ပြီး။
- ↑ ကိုးကန့်စစ်ပွဲတွင် အရပ်သား ၅ ဦး ဒဏ်ရာရမှု တရုတ်ကန့်ကွက်။ DVB (၁၅ မေ ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုးကန့်တိုက်ပွဲ ကြေးစားစစ်သားသုံးမှု စစ်တပ်အပြစ်တင်။ VOA (၂၁ ဖေဖော်ဝါရီ ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Post Publishing PCL.။ Myanmar points finger in Kokang - Bangkok Post: news။ http://www.bangkokpost.com။
- ↑ ကိုးကန့်တိုက်ပွဲ အစိုးရစွပ်စွဲချက် မမှန်လို့ SSPP/SSA ပြော။ BBC (၂၄ ဖေဖော်ဝါရီ ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။