ဧရာဝတီတံတား (ရတနာသိင်္ဃ)
| ဧရာဝတီတံတား (ရတနာသိင်္ဃ) | |
|---|---|
| သယ်ဆောင်မှု | နှစ်လမ်းသွားကားလမ်းနှင့် လူသွားလမ်း |
| ဖြတ်သန်းမှု | ဧရာဝတီမြစ် |
| တည်နေရာ | စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် |
| အမည် | ဧရာဝတီတံတား (ရတနာသိင်္ဃ) |
| အချက်အလက်များ | |
| တံတားဒီဇိုင်း | သံမဏိသံပေါင်တံတား |
| စုစုပေါင်းအရှည် | ၂၄၈၀ ပေ |
| အကျယ် | နှစ်လမ်းသွားကားလမ်း ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် သုံးပေစီ |
| သမိုင်းကြောင်း | |
| ဆောက်လုပ်သူ | ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၁၄) |
| စတင်ဆောက်လုပ်ချိန် | ၁၆ ဧပြီ ၂၀၁၀ |
| ဖွင့်လှစ်သည့်နေ့ | ၂၄ ဇူလိုင် ၂၀၁၃ |
| လဲပြိုသည့်နေ့ | အောက်တိုဘာ၂၉ ၊၂၀၂၅ (မြန်မာ့ပြည်တွင်းပဋိပက္ခများကြောင့်) |
ဧရာဝတီတံတား (ရတနာသိင်္ဃ)သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့အနီး နွယ်ငြိမ်းကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့ကို ဆက်သွယ်ပေးထားသည့် ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်သည်။ တံတားကြီးသည် ဦးသိန်းစိန် အစိုးရလက်ထက် ဖွင့်လှစ်သော ပေ ၁၈ဝ အထက် တံတားကြီးများအနက် ၃၉ စင်းမြောက် တံတားကြီး ဖြစ်သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဧရာဝတီမြစ်ပေါ်တွင် ၁၄ စင်းမြောက် တည်ဆောက်ပြီးစီးခဲ့သည့် တံတားကြီးတစ်စင်းဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၁၄)က ၂ဝ၁ဝ ခုနှစ် ဧပြီ ၁၆ ရက်မှ စတင်၍ ဆောက်လုပ်ခဲ့သည်။ အုတ်မြစ်နှင့် တံတားတိုင် လုပ်ငန်းများအားလုံး ၂ဝ၁ဝ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ပြီးစီးခဲ့သည်။ တံတားသံပေါင် တပ်ဆင်ခြင်းလုပ်ငန်းကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ကျောက်မြောင်းဘက်ကမ်းမှ စတင်တပ်ဆင် ခဲ့ရာ၊ RP2 တိုင်ကျော်လွန်ပြီး RP3 တိုင်ပေါ်သို့ရောက်ရန် ၁၆ မီတာအလို၌ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ ရစ်ချ်တာစကေးရှိသော အင်အားပြင်း ငလျင်ဒဏ်ကြောင့် RP1 နှင့် RP2 ကြား တံတားသံပေါင် နှစ်ခန်းရေထဲသို့ ပြုတ်ကျပျက်စီး သွားခဲ့သည်။ တံတားသံပေါင် တပ်ဆင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၃ ခုနှစ် မေ ၁၉ ရက် တွင် သံပေါင်ခြောက်ခန်း တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့သည်။[၁]
တံတားအချက်အလက်များ
[ပြင်ဆင်ရန်]တံတားကြီးမှာ နှစ်လမ်းသွား ကားလမ်းတံတား ဖြစ်ပြီး တံတားပေါ်တွင် အကျယ် ၂၈ ပေရှိ နှစ်လမ်းသွား ကားလမ်းနှင့် တစ်ဖက်လျှင် သုံးပေစီရှိသည့် လူသွားလမ်းများ ပါသည်။ ပင်မတံတားအရှည် ၂၂၁၈ ပေ၊ ရွှေဘိုဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၆၆ ပေနှင့် စဉ့်ကူးဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၁၉၆ ပေရှိပြီး စုစုပေါင်းတံတားအရှည်မှာ ပေ ၂၄၈ဝ ရှိသည်။ တံတားအောက် ရေလမ်းကင်းလွတ်နယ်မြေမှာ အကျယ်ပေ ၃၂ဝ နှင့် အမြင့် ၄၇ ပေ ရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်သည်။ တံတားအောက်ထည်မှာ ၁ ဒသမ ၅ မီတာအချင်းရှိ သံကူကွန်ကရစ် လွန်တူးပိုင်တိုင်အုတ်မြစ်နှင့် သံကူကွန်ကရစ်တိုင် ကိုယ်ထည်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိ သံပေါင်နှင့် သံကူကွန်ကရစ် ကြမ်းခင်းဖြစ်သည်။[၂]
ဧရာဝတီတံတား(ရတနာသိင်္ခ)ပြိုကျ ပျက်စီးမှုများ
[ပြင်ဆင်ရန်]ဧရာဝတီတံတား(ရတနာသိင်္ခ) သည်ကျောက်မြောင်းမြို့နှင့် စဉ့်ကူးမြို့တို့ကို ဆက်သွယ်ထားသော တံတားသည် အောက်တိုဘာလ ၂၉ ၊၂၀၂၅ ခုနှစ်တွင်မိုင်းဖောက်ခွဲခံရ၍တံတား ကျိုးကျပျက်စီးခဲ့သည်။တံတား ပြိုကျပျက်စီးမှုဖြစ်ပွားချိန်တွင် စဉ်ကူးမြို့ကိုထိန်းချုပ်ထားသော တအာင်းတပ် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF)တို့ကို ကျောက်မြောင်းဘက်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်ဖြစ်သည်။ လက်ရှိတွင်တံတားပျက်စီးမှုနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲမှုများ ရှိနေသည်။ ဒေသခံအချို့က စစ်တပ်၏ ပစ်ခတ်မှုကြောင့် တံတားကျိုးကျခဲ့သည်ဟု ပြောကြပြီး၊ စစ်တပ်ထောက်ခံသူများဘက်မှမူ တအာင်းတပ် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) တို့က မိုင်းခွဲဖျက်ဆီးခဲ့သည်ဟု စွပ်စွဲထားသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ပေးသည့် ဧရာဝတီတံတား (ရတနာသိင်္ဃ) ဖွင့်လှစ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတရုံး (၂၄-၇-၂၀၁၃)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဧရာဝတီတံတား(ရတနာသိင်္ဃ) စီမံကိန်း ကြည့်ရှု စစ်ဆေး။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတရုံး (၂၄-၁၂-၂၀၁၁)။[လင့်ခ်သေ]
- ↑ ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ခ) ဖျက်ဆီးခံရပြီးကျိုးကျ။ BBC Burmese (၂၉ အောက်တိုဘာ ၂၀၂၅)။ ၃၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။