ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်
ကက်ရှ်မီးယားပြည်နယ်သည် Union territory၏ အနောက်မြောက်ဘက် ဟိမဝန္တာတောင်တန်းဒေသတွင်တည်ရှိ၍ တောင်ထူထပ်သည့်ပြင်တောင်ထိပ်တောင်ထွတ်တို့မှာနှင်းများ ဖုံးအုပ်လျက် ရှိသည်။ ကသ္ဓီရပြည်နယ်မှာ အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက်တံခါးပေါက်နှင့်ဆက်စပ်နေသည့်ပြင် တိဘက်ပြည်၊ ဆိုဗီယက်နိုင်ငံ၊ ဥရောပတိုက် အရှေ့ပိုင်း ဒေသ တို့နှင့်လည်း ကူးလူးဆက်ဆံရန် လွယ်သဖြင့် ပထဝီဝင်အရ သော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ အထူးအရေးပါသော ပြည်နယ် ဖြစ်သည်။ ထိုပြည်နယ်ကို ရှေးအခါကဟိန္ဒူမင်း များနှင့် မွတ်စလင်မင်းများ နိုင်ရာနိုင်ရာ အုပ်စိုးခဲ့ကြသည်။ ၁၅၈၆ ခုနှစ်တွင် မဂိုဘုရင် အက္ကဗါ၏ လက်အောက်သို့
ကျရောက်ခဲ့သည်။ ၁၈၄၂ ခုနှစ်တွင် အမ္မရစ်ဆာ စာချုပ်အရ ကက်ရှမီးယားပြည်နယ်ကို ဂူလပ်ဆင်း၏လက်သို့ အပ်လိုက်သည်။ ထိုမှစ၍ နောက်ဆုံးစိုးစံသော မဟာရာဇာ ဆာဟရီဆင်း လက်ထက် အထိ သားစဉ်မြေးဆက် အုပ်စိုးခဲ့ကြသည်။ သို့သော် ဗြိတိသျှအစိုးရတို့၏ ဩဇာလွှမ်းမိုးမှု မကင်း သည့်အပြင် အိန္ဒိယ ဘုရင်ခံချုပ်နှင့်လည်း အသင့်အတင့် ဆက်ဆံရလေသည်။
ထိုပြည်နယ်၏ လျှိုမြောင်ချောက်ကမ်းပါးကြီးများ၊ ချိုင့်ဝှမ်း လွင်ပြင်ကြီးများနှင့် စိမ်းစိုသောသစ်တောကြီးများမှာ ကြည်နူးဖွယ်ကောင်းသော ရှုခင်းကြီးများ ဖြစ်ကြသည်။ အိန္ဒုမြစ်နှင့် ယင်း၏လက်တက်များ ဖြတ်သန်းစီးဆင်းသဖြင့်မြစ်ဝှမ်း တစ်လျှောက်၌ မြေဩဇာ ကောင်းမွန်သည်။ ကက်ရှမီးယား ပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၈၂၂၅၈ ခန့်ရှိ၍၁၉၅ဝ ပြည့်နှစ် သန်းခေါင် စာရင်းခန့်မှန်းခြေအရ လူဦးရေ ၄၃၇ဝဝဝဝ ခန့်မျှရှိသည်။ နွေရာသီ မြို့တော်မှာ ဆရီနဂါဖြစ်၍လူဦး ရေ ၂ သိန်း ရထောင်ကျော်မျှ မှီတင်းနေထိုင်သော ကြီးကျယ် စည်ကားသည့် မြို့ကြီးဖြစ်သည်။ ဆောင်းရာသီမြို့တော်မှာ ဂျမ်မူးမြို့ ဖြစ်သည်။
ကက်ရှမီးယားပြည်နယ်တွင် အောက်တိုဘာလမှ မတ်လအထိ နှင်းများ ကျတတ်သည်။ နွေဦးပေါက်လများတွင် မိုးများစွာ ရွာသွန်းလေ့ရှိသည်။ ရာသီဥတုမှာ အပူအအေး မျှတ ညီညွတ် ၍ ကျန်းမာရေးအတွက် သင့်လျော်သည်။ လှပသာယာသော ရှုခင်းများကြောင့်၎င်း၊ မျှတညီညွတ်သော ရာသီဥတုကြောင့်၎င်း၊ ကက်ရှမီးယားပြည်နယ်သို့ ဥရောပတိုက်သားများနှင့် လူချမ်းသာတို့ အများအပြားပင် သွားရောက် အပန်းဖြေလေ့ရှိကြသည်။ ထို အကြောင်းများကြောင့် ကက်ရှမီးယားပြည်နယ်ကို 'ပျော်စရာချိုင့်ဝှမ်း' ဟူ၍လည်းကောင်း၊'အိန္ဒိယကြငှန်းနတ်ဘုံနန်း'ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ပြည်နယ်အတွင်းတွင် မွတ်စလင်ဦးရေမှာ အများဆုံးဖြစ်၍ ဟိန္ဒူအယူဝါဒ၊ ဗုဒ္ဓအယူဝါဒနှင့် ဆစ်ခ်အယူဝါဒီတို့လည်းရှိကြသည်။ အုပ်ချုပ်ရေးဖက်တွင်ကား ဟိန္ဒူများကြီးစိုးသည်။ ဆန်စပါး၊ နှံစားပြောင်း၊ မုယော၊ ရှရီမန်နှင့်သစ်သီးဝလံများ စိုက်ပျိုးဖြစ်ထွန်းသည်။ ထွက်ကုန်များအနက်ရှောစောင်မှာ ကမ္ဘာတွင် ကျော်စောခဲ့သည်။ ၁၈၇ဝ ပြည့်နှစ် ပြင်သစ် - ပရပ်ရှားစစ်ပွဲကြောင့် အငတ်ဘေး ဆိုက်ခဲ့ရာ ရှောစောင်လုပ်ငန်းကို အကြီးအကျယ် ထိခိုက်ခဲ့လေသည်။ သို့သော်ကော်ဇောလုပ်ငန်း ဖြင့် အစားထိုး လုပ်ကိုင်ခဲ့ကြသည်။ ယခုအခါ ကသ္ဓီရပြည်နယ် တွင် ပိုးထည်လုပ်ငန်းမှာ တိုးတက်လျက်ရှိသည်။ ပန်းပု၊ ငွေ ထည်နှင့် စက္ကူလုပ်ငန်းများလည်း တွေ့နိုင်သည်။
ကက်ရှမီးယားလူမျိုးတို့သည် အနုပညာရပ်များတွင် ဝါသနာထုံ၍ ရှေးဟောင်းအနုပညာရပ်များကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း များ ပြုကြသည်။ ရှေးရိုးသီချင်းများကိုလည်း နှစ်ခြိုက်စွာ သီဆိုတတ်ကြသည်။ ၁၉၄၅ ခုနှစ်ခန့်က အနုပညာ ကောလိပ်ကျောင်း ၄ ကျောင်းနှင့် အရှေ့တိုင်းပညာကောလိပ် ကျောင်းများ ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်ကျောင်းကြီးကိုမူ ၁၉၄၉ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့လေသည်။ ယခင်ကအိန္ဒိယနိုင်ငံဟု တွင်ခဲ့သော နိုင်ငံကြီးကို ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဟု ခွဲခြားသတ်မှတ် လိုက် ပြီးနောက် ထိုနှစ်နိုင်ငံစလုံးကပင် ကသ္ဓီရပြည်နယ်ကို မိမိတို့ နိုင်ငံတွင်းသို့ သိမ်းသွင်းလိုကြသည်။ ပြည်နယ်သားအချို့က အိန္ဒိယနှင့် အချို့က ပါကစ္စတန်နှင့်ပူပေါင်းလိုကြသည်။ ၁၉၄၇ ခုနှစ်တွင် ပြည်နယ်တွင်းဆူပူမှုများ စတင်လာခဲ့ သည်။ အနောက်မြောက်နယ်ခြားအရပ်မှ မွတ်စလင်များသည် ပြည်နယ်တွင်းရှိ မွတ်စလင်များကို ကူညီရန်ဟု အကြောင်းပြ လျက် ချင်းနင်းဝင်ရောက် ကြသည်။ ထိုနောက် လုယက် သတ်ဖြတ် ဖျက်ဆီးခြင်းများပြုကြသည်။ နောက်ဆုံး ဆရီနဂါ မြို့တော်ကိုပင် ထိပါးမည့်လက္ခဏာများ ထင်ရှားလာသောအခါ ထိုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းလိုက်ကြောင်း ကြေညာ၍ မဟာရာဇာ စော်ဘွားသည် ဂျမ္မူးနယ်သို့ တိမ်းရှောင်နေလေသည်။ ထိုနောက် ကသ္ဓီရ ပြည်နယ်၏ လုံခြုံရေးအတွက် အိန္ဒိယတပ်မတော်က တာဝန် ယူ၍ ကာကွယ် စောင့်ရှောက်ခဲ့သည်။ ထိုအတောအတွင်း အိန္ဒိယကို လိုလားသော အစ္စလမ်အယူဝါဒီသမား ရှိတ် မဟာမက် အဗ္ဗဒူလာ ခေါင်းဆောင်၍ အုပ်ချုပ်ခဲ့၏။ တစ်ဖန် ပါကစ္စတန်နှင့် ပူးပေါင်းလိုသူ ဆာဒါမဟာမက်အီဗရာဟင် က အဇတ် ကသ္ဓီရအစိုးရအဖွဲ့ကို စင်ပြိုင်ဖွဲ့စည်းလေသည်။ သို့ဖြင့် နယ်ခြားဒေသတွင် အိန္ဒိယတပ်မတော်နှင့် ကျူးကျော်သူတို့ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားကြသည်။ ဤသို့ ကျူးကျော်စော်ကားခြင်းပြုသူတိုှုမှာ ပါကစ္စတန်အစိုးရနှင့် အဆက်အသွယ် မကင်းဟု ကသ္ဓီရအစိုးရနှင့် အိန္ဒိယအစိုးရ တို့က စွပ်စွဲခဲ့သည်။ ၁၉၄၈ ခု ဇန်နဝါရီလတွင် အိန္ဒိယအစိုးရ က ဤကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တိုင်တန်းတင် ပြခဲ့သည်။ ကုလသမဂ္ဂမှ ပုဂ္ဂိုလ် ၅ဦး ပါဝင်သော စုံစမ်းရေး အဖွဲ့ တစ်ခုကို စေလွှတ်ခဲ့လေသည်။ ကုလသမဂ္ဂ၏ကြိုးစား ချက်ဖြင့် ပစ်ခတ်မှုရပ်စဲရေးကို ဒီဇင်ဘာ ၃၁ ရက်နေ့မှစ၍ ပါကစ္စတန်၊ အိန္ဒိယနှစ်နိုင်ငံစလုံးကပင် လိုက်နာလက်ခံကြ သည်။ သို့သော် အခြားကျန်ရှိသော ပြဿနာများကား မပြီး ပြတ်သေးချေ။
၁၉၄၈-၄၉ ခုနှစ်တွင် ကသ္ဓီရပြည်နယ်၌ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးအတွက် လယ်မြေ ၂၂ဧက ခွဲထက်ပိုမို ပိုင်ဆိုင်သော မြေပိုင်ရှင်တို့၏လယ်မြေကို သိမ်းယူ၍ ထွန်ယက် စိုက်ပျိုးသူ စစ်စစ်တို့အားသာ ဝေငှပေးရန် စီမံထားလေသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ မဟာရာဇာစော်ဘွားကြီးနှင့် ဝန်ကြီးချုပ် ရှိတ်အဗ္ဗဒူလာတို့ သဘောကွဲလွဲကြရကား စော်ဘွားကြီးသည် ဘုံဘေမြို့သို့ ထွက်ခွာသွားလေသည်။
၁၉၅၂ ခု နိုဝင်ဘာလတွင် ကသ္ဓီရပြည်နယ်၌ အစဉ် အလာအရ စော်ဘွားအုပ်ချုပ်မှုစံနစ်ကို ပယ်ဖျက်၍ ပြည်နယ် ဥက္ကဋ္ဌကို ၅နှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်ရန် တိုင်းပြု ပြည်ပြုလွှတ်တော်က ဆုံးဖြတ်ခဲ့ လေသည်။ ပထမဆုံးအကြိမ် ပြည်နယ်ဥက္ကဋ္ဌအဖြစ် ရွေကောက်တင်မြှောက်ခြင်းခံရသူမှာ တိုင်းပြည်မှ ထွက်ခွာသွားသော မဟာရာဇာစော်ဘွားကြီး၏ သား အသက် ၂၁ နှစ်သာရှိသေးသည့် ကာရန်ဆင်းဖြစ်သည်။ ၁၉၅၃ ခု ဩဂုတ်လ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်ရှိတ်အဗ္ဗ ဒူလာနှင့် အပေါင်းပါတစ်စုတို့သည် ကသ္ဓီရ ပြည်အား သီးခြား လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ရန် ကြိုးစားသည်ဟူ၍›င်း၊ ပြင်ပလက်နက် နိုင်ငံကြီးများ၏ ဩဇာကို ခံယူရန် ကြံစည် သည်ဟူ၍›င်း စွပ်စွဲဖမ်းဆီးခံကြရသဖြင့် ပါတီအင်အား အကောင်းဆုံးဖြစ်သူ ဗက်ရှီဂူလမ်မဟာမက်က အစိုးရအဖွဲ့သစ် ကို ဖွဲ့စည်း လိုက်လေသည်။
ကသ္ဓီရပြဿနာကို ဆေးအေးစွာဖြေရှင်းနိုင်ရန် အိန္ဒိယ ဝန်ကြီးချုပ် နေရူးနှင့် ပါကစ္စတန် ဝန်ကြီးချုပ် မဟာမက် အလီတို့ မကြာခဏတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကသ္ဓီရ ဝန်ကြီးချုပ် အဖမ်းခံရပြီးနောက် ဝန်ကြီးချုပ် နှစ်ဦးတို့သည် နယူးဒေလီမြို့၌ တွေ့ဆုံ ဆွေးနွေးကြပြန်သေးသည်။ ဆွေးနွေးမှုများအပြီး ၁၉၅၃ ခု စက်တင်ဘာလ ၂၁ ရက်နေ့ တွင် ကျေညာချက်တစ်စောင်ကို ပူးတွဲထုတ်ဝေခဲ့သည်။ ထို ကျေညာချက်တွင် ကသ္ဓီရပြည်နယ် အုပ်ချုပ်ရေးကို လူထု ဆန္ဒပွဲဖြင့် ဆုံးဖြတ်ရန် သဘောတူကြသည့်အပြင်၊ ဆန္ဒပေးပွဲ ကြီးကြပ်ရေး အရာရှိကို ၁၉၅၄ ခု ဧပြီလကုန်တွင် ခန့်အပ် မည်ဟု ဖော်ပြထားလေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)