မာတိကာသို့ ခုန်သွားရန်

အာဒိစ္စဝံသ

ဝီကီပီးဒီးယား မှ
(အာဒိစ္စဝံသ၊ ရှင် မှ ပြန်ညွှန်းထားသည်)
ဆရာတော် ရှင်အာဒိစ္စဝံသ (၁၈၈၂ — ၁၉၅၁)
ဆရာတော် ရှင်အာဒိစ္စဝံသ (၁၈၈၂ — ၁၉၅၁)
အရှင် အာဒိစ္စဝံသ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ကျောင်းတိုက်အာဒိစ္စဝံသကျောင်းတိုက်
ကျော်ကြားမှုကျမ်းစာပြုစုခြင်း၊ ပကာသနိယကံနှင့် အပ္ပသာဒပဝေဒနိယကံ ဆောင်ခံရခြင်း
အခြားအမည်များဦးအောင်မြတ်ထွတ် (လူထွက်ပြီးနောက်)
ဓမ္မအမည်အာဒိစ္စဝံသ
ရဟန်း အမည်အရှင် အာဒိစ္စဝံသ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား၁၂၄၄ ခုနှစ် နယုန်လပြည့်ကျော် ၁၁
ရမည်းသင်းမြို့နယ်၊ ပင်းစုရွာ
ကွယ်လွန်၁၃၁၃ ခုနှစ် ဝါခေါင်လဆုတ် ၄ ရက် (အသက် ၇ဝ)
ရန်ကုန်မြို့
အိမ်ထောင်ဖက်ဒေါ်ငွေတင့် (လူထွက်ပြီးနောက်)
မိဘဦးလာနှင့် ဒေါ်အုပ်
ဘာသာရေးရာ
တပည့်များအရှင်သေဋ္ဌိလ
လက်ရာများကျမ်းစာပေါင်း (၆၀) ကျော်

အရှင် အာဒိစ္စဝံသ (အင်္ဂလိပ်: Addiccavamsa) သည် မြန်မာနိုင်ငံမှ ထင်ရှားသော ရဟန်းတော်တစ်ဦး ဖြစ်ခဲ့သည်။ ကျမ်းစာပေါင်းများစွာကို ပြုစုခဲ့၏ ။ သို့ရာတွင် ဘိက္ခုနီသာသနောပဒေသကျမ်းကို ရေးသားခဲ့ရာ ပကာသနိယကံနှင့် အပ္ပသာဒပဝေနီယကံ အပြုခံရသောကြောင့် ရဟန်းဘဝမှ ထွက်ရှိခဲ့ရသည်။ မြန်မာနိုင်ငံသာသနာသမိုင်းတွင် ထူးခြားသော ရဟန်းတစ်ပါးအဖြစ် သတ်မှတ်ယူဆကြသည်။ အရှင် အာဒိစ္စဝံသသည် လောကီ လောကကုတ္တရာ အရာရာတို့၌ တိကျမှန်ကန်သည်ဟု ယူဆအပ်သော မိမိ၏ ယူဆချက်ကို သူတစ်ပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ ပြတ်ပြတ်သားသား ပြုလုပ်ရဲ၊ ပြောဆိုရဲ၊ ရေးသားရဲသော အစွမ်းသတ္တိရှိသည်။

ငယ်စဉ်ဘဝ

[ပြင်ဆင်ရန်]

ရှင်အာဒိစ္စဝံသသည် ရမည်းသင်းမြို့ အနောက် တောင်လက် ခရီးလေးတိုင်ကွာ ရမည်းသင်းငါးမြို့အဝင် မြို့လှမြို့ အရှေ့တောင်လက် ခရီးတစ်တိုင်သာသာ ပင်းစုရွာတွင် ၁၂၄၄ ခုနှစ် နယုန်လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့တွင် နံနက် နေဝန်းပေါ်အချိန်တွင် အဖ ဦးလာ၊ အမိ ဒေါ်အုပ်တို့မှဖွားမြင်သည်။ ဦးလာသည် အင်း-အိုင်-လက်ဖွဲ့-ခါးလှည့်-မန္တန် မှော်ပညာကို ကျွမ်းကျင်သော ဗိန္ဓောဆရာတစ်ဦးဖြစ်ကာ ။ ရှင်အာဒိစ္စဝံသသည် တစ်ဦးတည်းသောသားဖြစ်၏ ။

ငါးနှစ်အရွယ်တွင် ရွာဦးကျောင်း ဦးရီးတော် အရင်း ရမည်းသင်းမြို့ ရွှေဂု၊ ရန်အောင်၊ ဇောင်ခြမ်းတောင် သုံးဂိုဏ်းချုပ် ဓမ္မကထိက မဟာဝိဘင်္ဂဓရ ဘွဲ့တံဆိပ်တောရ ရှင်ဝိလာသထံ၌ သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ နမက္ကာရ၊ အောင်ခြင်း နှစ်မျိုး၊ ရတနာရွှေချိုင့်၊ ပရိတ်ကြီး၊ သဒ္ဒါကြီး၊ သင်္ဂြိုဟ် စသော အခြေခံကျမ်းစာတို့ နှင့် ဗေဒင်လက်ရိုးကို သင်ယူခဲ့သည်။ ဆယ့်လေးနှစ်အရွယ်တွင် ရှင်သာမဏေပြုသည် ဘွဲ့အမည်မှာ ရှင်အာဒိစ္စဝံသဖြစ်၏ ။ သာမဏေပြုပြီး မကြာမီ သုံးဂိုဏ်းချုပ် ဆရာတော်ကြီး ပျံလွန်တော်မူသဖြင့် ပညာသင်ကြားရေး နှောင့်နှေးသွားသည်။ ဆယ့်ခြောက်နှစ်အရွယ်တွင် ရမည်းသင်းနယ် ထောက်ကြံ့ခြင်း ကျောင်းတွင် ဂဏန်းသင်္ချာ သင်ယူသည်။

ရဟန်းပြုခြင်းနှင့် စာပေသင်ကြားခြင်း

[ပြင်ဆင်ရန်]

ထိုနောက် ပျော်ဘွယ်မြို့ ဝေဇယန်ဆရာတော် ရှင်ဝိမလထံ ရောက်၍ ယင်းဆရာတော်၏တူ လေသာ ဆရာတော် ရှင်ဝိလာသထံတွင် ဋီကာကျော်၊ ကင်္ခါ၊ ဝိနည်းငယ်လေးစောင်၊ အဘိဓာန်တို့ကို သင်ယူသည်။၁၂၆၃ ခုနှစ် နတ်တော်လဆန်း ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် ပျော်ဘွယ်မြို့ အိုးကုန်းတိုက် ခဏ္ဍ သိမ်တော်၌ ဝေဇယန်ဆရာတော်ကို ဥပဇ္ဈယ်ပြု၍ ကာရက သံဃာ ၅ဝ ကျော်ခြံရံလျက် ရဟန်းဖြစ်သည်။ ရဟန်းနှစ်ဝါတွင် မန္တလေးသို့ရောက်၍ ဘုရားကြီးတိုက် တိုက်အုပ်ဆရာတော်၏ ကျောင်းသစ်ကြီး၌ နေသည်။ သုံးဝါတွင် ဘုရားကြီးတိုက် မြို့အုပ်ကြီးကျောင်း ဂဏဝါစက ရှင်ဝိသုဒ္ဓထံ၌ သဒ္ဒါ၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ ကစ္စာယနသာရ၊ ဘေဒစိန္တာ၊ ပုဒ်စစ်၊ အဘိဓမ္မာညဝါ၊ ဝိနည်းငါးကျမ်း ပါဠိတော် တို့ကို သင်ယူခဲ့သည်။ ထိုနောက် စစ်ကိုင်းတောင် အရိယဝံသချောင်း၌ သုံးလနေပြီးလျှင် ပခုက္ကူမဟာဝိသုတာရာမတိုက်သို့သွား၍ ပိဋကတ်သင်နည်းကို စုံစမ်းရာ ကျေနပ်မှုမရှိသဖြင့် ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက်သို့ သွားကာ၊ ဋီကာကျော် ယောဇနာ ကျမ်းပြုဆရာတော် ဝေဒ၊ သက္ကတ၊ ဂဏန၊ အင်္ဂလိပ်စသော ဘာသန္တရဆေက ရှင်ဉာဏိန္ဒာသဘထံ သင်ရိုး ပိဋကတ်အဋ္ဌ ကထာစုံနှင့် ပဒရူပသိဒ္ဓိ၊ ဋီကာကျော် သက္ကတဗျာကရုဏ်း ကျမ်းတို့ကို သင်ယူခဲ့သည်။

ထိုစဉ်အခါက ရဟန်းငါးဝါတွင် မူလ ရည်ရွယ်ချက်အတိုင်း ပိဋကတ် တတ်မြောက်ပြီးဖြစ်၍ ဂဏဝါစက စာချပြုလုပ်လျက် ပါဒသိက္ခာ နယူပဒေသကျမ်းကို ရေးသားခဲ့သည်။ ထို့ပြင် ထိုစဉ်က ထုတ်ဝေသော ဟံသာဝတီသတင်းစာတွင် ပညာဝန် ဦးဘိုးစဟူသော ကလောင်အမည်ဖြင့် ပိဋကတ်ဆိုင်ရာ ခက်ရာ ခက်ဆစ် ဆောင်းပါးတို့ကို အပြိုင်အဆိုင် ရေးသားခဲ့သည်။ ထို့နောက် ရှင်ဉာဏိန္ဒာသဘနှင့်အတူ တွံတေးမြို့ ကျောင်းသစ်ကျောင်း ရှင်နာဂထံရောက်၍ စာပေပို့ချလျက် တစ်ဝါနေကာ၊ ပါဠိဘာသာဖြင့် ကစ္စာယနသင်္ဂဟကျမ်းကို ရေးသားခဲ့သည်။ ထိုနောက် မော်လမြိုင်မြို့ ရတနာဘုံပျံကျောင်း ဆရာတော် ထံ တစ်ဝါ၊ တောင်ငူမြို့ ပိဋကတ္တယာရာမကျောင်း ဆရာတော်ထံ သုံးလနေထိုင်ခဲ့၍၊ မိခင်ကြီး မကျန်းမာသဖြင့် နေရပ်သို့ ပြန်ကာ ပျော်ဘွယ်မြို့ ဥပဇ္ဈာယ် ဆရာတော်ကျောင်းမှာပင် နေထိုင်လျက် ဝါကျွတ်၍ ရှစ်ဝါရတွင် မိခင်ကြီး ကွယ်လွန် အနိစ္စ ရောက်သည်။

တစ်ဖန် ပညာဗဟုသုတဆည်းပူးရန် အရပ်ရပ်သို့ လှည့်လည်ရာ၊ ကသာနယ် မန်လည်မြို့သို့ရောက်၍ မန်လည်ဆရာတော်ကြီးထံ တစ်နှစ်နီးပါး ဆည်းကပ်နေထိုင်ခဲ့သည်။ ထိုနောက် မန္တလေး မစိုးရိမ်တိုက်သို့ရောက်၍ ဆရာတော် ရှင်သောမာဘိသီရိထံတွင် ကိုးဝါမှ ဆဲ့သုံးဝါ အထိ ဂဏဝါစက စာချအဖြစ်ဖြင့် နေစဉ် ပါဠိဘာသာဖြင့် ပဒသင်္ဂဟကျမ်းကို ရေးသားခဲ့သည်။ တစ်ဖန် မော်လမြိုင်မြို့သို့ ရောက်ပြန်၍ ကြံခင်းကျောင်း၌ မဟာနာယကအဖြစ် နေစဉ်၊ မိလိန္ဒပဉှာ နိဿယနှင့် ပဒသင်္ဂဟနိဿယတို့ကို ရေးသားခဲ့သည်။ ထိုစဉ်အခါ ဆယ့်လေးဝါတွင် ဖခင်ကြီး ကွယ်လွန်အနိစ္စ ရောက်သည်။

ကျောင်းတိုက်တည်ထောင်ခြင်း

[ပြင်ဆင်ရန်]

၁၂၇၆ ခုနှစ် ဝါဆိုဦးတွင် နောက်ပါ သံဃာ ၅ဝ ကျော်နှင့် ရန်ကုန်မြို့သို့ရောက်၍ ပုဇွန်တောင် တောင်လုံးပြန်သုသာန် ဟောင်း၌ အရှင်အာဒိစ္စဝံသဝ ကျောင်းတိုက် အမည်ဖြင့်စာသင်တိုက် စတင်တည်ထောင်ခဲ့သည်။ ၁၂၈ဝ ပြည်နှစ် အစိုးရ ပထမပြန် စာမေးပွဲ၌ အရှင်သေဋ္ဌိလ ပထမကျော် အောင်ခဲ့သည်။ ဆာဘိုးသာ စသော ဒါယကာတို့နှင့် သဘောကွဲလွဲသဖြင် အောင်ပွဲမလုပ်ဖြစ်။ ထိုအကြောင်းကို ပထမကျော်အရေးတော်ပုံစာအုပ် ရေးသား၍ မှတ်တမ်းတင်ခဲ့သည်။

နိုင်ငံခြား ခရီးစဉ်များနှင့် နိုင်ငံခြားဘာသာသင်ယူခြင်း

[ပြင်ဆင်ရန်]

၁၂၈ဝ ပြည့်နှစ် ရဟန်းဆယ့်ခုနှစ်ဝါတွင် နိုင်ငံခြားဘာသာစကား (ဘာသန္တရ) ကို သင်ယူရန် အိန္ဒိယ၊ သီဟိုဠ်၊ အင်္ဂလန်တို့သို့ သွား၍၊ ကိုးနှစ်ကျော် ဘာသန္တရကို သင်ယူခဲ့သည်။ အင်္ဂလိပ်၊ ဟိန္ဒီ၊ ဘင်္ဂါလီ၊ ဂုရုမုခီ၊ အူရဒူ၊ ဂျပန်ဘာသာတို့ကို တတ်မြောက်၍၊ ပြင်သစ်၊ အီတလီ စသော နိုင်ငံများသို့ လှည့်လည်ပြီးလျှင် ၁၂၉ဝ ပြည့်နှစ် နယုန်လဆုတ် ၇ ရက်နေ့ မြန်မာနိုင်ငံသို့ ပြန်ရောက်သည်။ ပြန်ရောက်သောအခါ အရှင်အာဒိစ္စဝံသ ကျောင်းတိုက်တွင် မူလရှိရင်းစာသင်တိုက်အပြင် အစိုးရ အထောက်ပံ့ခံ အထက်တန်းကျောင်း၊ အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်း တို့ကို တိုးချဲ့ ဖွင့်လှစ်သည်။

၁၂၉၃ ခုနှစ်တွင် အသောကမင်းတရားကြီးကျောက်စာတို့ကို မြန်မာဘာသာ ပြန်ဆို၍၊ အသောက ကျောက်စာတော်ကျမ်း ကို ရေးသားခဲ့သည်။ ယင်းကျမ်းကား ရန်ကုန်တက္ကသိုလ်က ဝေလမင်းသားစာပေဆုအဖြစ် ဆုတော် ငွေတစ်ထောင်ဖြင့် ချီးမြှင့်ခြင်းကို ခံရသောကျမ်းဖြစ်သည်။

ရဟန်းများ နိုင်ငံခြားဘာသာသင်ယူခြင်းနှင့် ပတ်သက်သော ပြဿနာ

[ပြင်ဆင်ရန်]

ရဟန်းတော်တို့ ဘာသန္တရသင် ကြားရေးကိုလည်း စတင်ကြွေးကြော်ခဲ့သည်။ ထို့နောက် ဘာသန္တရသင်ကြားရေး ကြွေးကြော်သံလည်း ပိုမိုပြင်းထန်လာသည်။ ကန့်ကွက်သူတို့ကလည်း အပြင်းအထန်ကန့်ကွက်လာကြသည်။ ထိုအခါ ရဟန်းတော်တို့ ဘာသန္တရသင်ကြားသင့် မသင်ကြားသင့် ငြင်းခုံသော ပထမအကြိမ် ဝိဝါဒါဓိကရုဏ်းကြီး ဖြစ်ပေါ်လာသည်။ တစ်သာသနာလုံး တုန်လှုပ်ချောက်ချား၍ တစ်ကမ္ဘာလုံး ကျော်ကြားသွားသည်။ ဘာသန္တရ မသင်ကြားသင့်သောဘက်မှ ရန်ကုန်မြို့ ဘုရားဖြူ ဆရာတော် ရှင်ရာဇိန္ဒက လောကာယ တာဒိဝိနိစ္ဆယကျမ်းကို ရေးသား၍ ကန့်ကွက်ခဲ့သည်။ သင်ကြားသင့်သောဘက်မှ ရှင်အာဒိစ္စဝံသက ဘာသန္တရ လမ်းညွှန်ကျမ်း ကို ရေးသား၍ ဖြေရှင်းခဲ့သည်။

ရဟန်းများအတွက် မှုခင်းဥပဒေ ပြဿနာ

[ပြင်ဆင်ရန်]

ထိုနောက် ရှင်အာဒိစ္စဝံသသည်ပင် ရဟန်းသံဃာချင်းချင်း ဖြစ်သော မှုခင်းကိစ္စတို့ကို လူရုံးသို့ ရောက်၍၊ လူဥပဒေဖြင့် မဆုံးဖြတ်စေပဲ၊ ရဟန်းသံဃာတော်တို့ကသာ ဝိနည်းတော်ဖြင့် ဆုံးဖြတ်နိုင်ရန် ဝိနယဓရ ဥပဒေကို ရေးသား၍ ကြွေးကြော် ပြန်သည်။ အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်သည်။ ကန့်ကွက် သူတို့လည်း အကြီးအကျယ် ကန့်ကွက်ကြပြန်သည်။ ထိုအခါ ရဟန်းတော်တို့အတွက် ဥပဒေပြဋ္ဌာန်းသင့်၊ မပြဋ္ဌာန်းသင့် ငြင်းခုံသော ဒုတိယအကြိမ် ဝိဒါဝါ ဓိကရုဏ်းကြီး ဖြစ်လာပြန်သည်။ တစ်သာသနာလုံး တုန်လှုပ်ချောက်ချား ၍ တစ်ကမ္ဘာလုံး ကျော်ကြား သွားပြန်သည်။ ဥပဒေ ပြဋ္ဌာန်းသင့်သောဘက်မှ ရှင်အာဒိစ္စဝံသက ဓမ္မဝိနယပြန်တမ်းကို ရေးသား၍ ဖြေရှင်းခဲ့သည်။

ဘိက္ခုနီသာသနာ ပြဿနာ

[ပြင်ဆင်ရန်]

ထိုနောက် ရှင်အာဒိစ္စဝံသသည်ပင် သာသနာနှစ်ပေါင်း ၁ဝဝဝ ကျော်လောက်က အဆက်ပြတ်လာ၍ ပျောက်ဆုံးသွား သော ဘိက္ခုနီသာသနာကို ဖော်ထုတ်ရန် ဘိက္ခုနီသာသနောပဒေသကျမ်းကို ရေးသားပြန်သည်။ ကြွေးကြော်သံလည်း ပိုမိုကျယ်လောင်စွာ ကြွေးကြော်ပြန်သည်။ ကန့်ကွက်သူတို့လည်း အပြင်းအထန်ဆုံး ကန့်ကွက်လာကြပြန်သည်။ ထိုအခါ ဘိက္ခုနီသာသနာ ဖော်ထုတ်သင့် မဖော်ထုတ်သင့် ငြင်းခုံသော တတိယအကြိမ် ဝိဝါဒါဓိကရုဏ်းကြီး ဖြစ်ပေါ်လာပြန်သည်။ ယခင် အဓိကရုဏ်းနှစ်ခုထက် ကြီးကျယ်သဖြင့် တစ်ပြည်လုံး တစ်သာသနာလုံး တုန်လှုပ်ချောက်ချားလျက်တစ်မ္ဘာလုံး ကျော်ကြားသွားပြန်သည်။

ပကာသနိယကံနှင့် အပ္ပသာဒပဝေဒနိယကံ ဆောင်ခံရခြင်း

[ပြင်ဆင်ရန်]

ကန့်ကွက်သူတို့သည် ဘိက္ခုနီသာသနာ ဖော်ထုတ်သင့် မဖော်ထုတ်သင့် ဟူသော မူလဖြစ်ရင်း အဓိ ကရုဏ်းကြီးကို အရေးမယူပဲ၊ ဘိက္ခုနီသာသနော ပဒေသကျမ်း နိဒါန်းစာမျက်နှာ ၂၄-၂၆ တွင် ပါရှိသော စကားတို့ကို အရေးယူကာ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗားကရာတိုက် ဆရာတော်ရှင်ပဒုမ၊ သာဓုတိုက် ဆရာတော် ရှင်ပညာသာမိ စသော ဆရာတော် ၂၄ ပါးနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ ဂဠုန်ဦးစော၊ ဆရာလင်း၊ ဆရာရိပ် စသော လူဒါယကာ ၂၃ ဦးတို့ ကြီးမှူးလျက် ပရိသတ် ၅ဝဝဝ ခန့် တက်ရောက်၍ ၁၂၉၇ ခုနှစ် တော်သလင်းလဆန်း ၁ ရက် တနင်္ဂနွေနေ့တွင် ဂျူဗလီဟောရုံကြီး၌ ရှင်အာဒိစ္စဝံသအား ပကာသနိယကံနှင့် အပ္ပသာဒပဝေဒနိယကံ တို့ကို ပြုကြသည်။ ပကာသနိယကံနှင့် အပ္ပသာဒပဝေဒနိယကံ ပြုသောဘက်က စာမျက်နှာ ၄၆ ရှိ စာအုပ်ငယ်ကို ရေးသား၍ ဖြေရှင်းခဲ့သည်။

ကံဆောင်ခံရပြီး နောက်ပိုင်းကာလ

[ပြင်ဆင်ရန်]

ရှင်အာဒိစ္စဝံသမှာ ပကာသနိယကံနှင့် အပ္ပသာဒပဝေဒနိယကံ အပြုခံရသော်လည်း ယခင်ကအတိုင်း စာချမြဲချလျက် စာရေးမြဲရေးလျက်ပင်နေသည်။ ၁၂၉၃ ခုနှစ် နယုန်လအထိ ရေးသားပြီးစီးသောကျမ်းပေါင်း ၆ဝ ၏ အမည်စာရင်းကို အသောက ကျောက်စာတော်ကျမ်း အဆုံး ကိုယ်တိုင်ရေးသားသော အတ္ထုပ္ပတ္တိ၌ ပြဆိုလျက် စာရေးမြဲရေးလျက်ပင်နေသည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသောအခါ၌လည်း အရပ်တစ်ပါး သို့ တိမ်းရှောင်ခြင်းမရှိ၊ မိမိကျောင်းတိုက်၌ပင်နေ၍ စာပေပို့ချခြင်း၊ ကျမ်းစာရေးသားခြင်းတို့ဖြင့် သာသနာ့ဝန်ကို ဆောင်ရွက်လျက်ရှိသည်။

လူပြန်ထွက်ရခြင်း

[ပြင်ဆင်ရန်]

၁၃၀၄ ခုနှစ် ဝါခေါင်လဆုတ် ၁၄ ရက်နေ့ အသက် ၆၀ တွင် ရဟန်းဇာတ်သိမ်း၍ လူအဖြစ်သို့ ရောက်သည်။ အမည်ကား ဦးအောင်မြတ်ထွတ်ဖြစ်၏။ ထိုနောက် ဒေါ်ငွေတင့်နှင့် အိမ်ထောင်ပြုကာ ကျောက်မြောင်းရပ်ကွက် ဘယသုဒ္ဓိလမ်း ဇနီးနေအိမ်၌ နေသည်။ လူမှုကိစ္စစီးပွားရေးကို မဆောင်ရွက်ပဲ၊ ကွယ်လွန်သည်တိုင်အောင် စာပေပို့ချခြင်း၊ ကျမ်းစာရေးသားခြင်း အလုပ်တို့ဖြင့်သာ အချိန်ကုန်ခဲ့သည်။ ဆရာကြီး၏ စားဝတ်နေရေးအတွက် ဇနီးဖြစ်သူ ဒေါ်ငွေတင့်က အစစအရာရာ တာဝန်ယူ၍ ပြုစု လုပ်ကျွေးသည်။

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

၁၃၁၃ ခုနှစ် ဝါခေါင်လဆုတ် ၄ ရက်နေ့ အသက် ၇ဝ တွင်ကွယ်လွန်အနိစ္စရောက်သည်။ ရုပ်ကလာပ်ကို အရှင် အာဒိစ္စဝံသကျောင်းတိုက်သို့ယူ၍ ငါးရက်ထားပြီးလျှင် သင်္ဂြိုဟ်ကြသည်။

ရှင်အာဒိစ္စဝံသကား ဇွဲလုံ့လ အလွန်ကောင်းသည်။ ကျမ်းပေါင်းများစွာ ရေးသားခဲ့သည်။ အထူးအားဖြင့် အကြည့်အရှု အသင်အကြား နည်းပါး၍ ကျမ်းအိပ်ဟု သမုတ်သော နိကာယ်ကြီးငါးရပ်ကို တစ်သက်ပတ်လုံး ကွယ်လွန်သည်အထိ အခေါက်ပေါင်းများစွာ ချပို့ခဲ့သည်။ တစ်ခေါက်လျှင် ခြောက်လဖြင့် အပြီးချပို့သည်။ []

နှိုင်းယှဉ်ချက်

[ပြင်ဆင်ရန်]

ရှင်အာဒိစ္စဝံသ မပေါ်ပေါက်မီ ဗုဒ္ဓသာသနာ နှစ်ပေါင်း ၂,၅ဝဝ အတွင်း သာသနာကျိုး၊ လောကကျိုးကိုသည်ပိုးဆောင်ရွက်သွားသော ပုဂ္ဂိုလ်ကြီးတို့ကား -

  1. ပုဂံခေတ် သဒ္ဒနီတိကျမ်းပြု ရှင်အဂ္ဂဝံသ၊
  2. ပင်းယခေတ် အဘိဓာန် ဋီကာကျမ်းပြု စတုရင်္ဂဗလ အမတ်ကြီး၊
  3. ကုန်းဘောင်ခေတ် ကျမ်းများစွာကို ပြုသည်ပြင် လောကီလောကကုတ္တရာတို့၌ မတတ်မသိ မရှိ လောက်အောင် ကျွမ်းကျင်လိမ်မာသဖြင့် (မ-ကာရလောပ)မ-တလုံးကျေ အမည်ရသော တောင်တွင်း သာသနာပိုင် ဆရာတော် ခင်ကြီးဖျော်
  4. ယင်းခေတ် နေတ္တိမဟာဋီကာသစ်နှင့် သုတ်လီလက္ခန် ဋီကာသစ်တို့ကို ပြုသည့်ပြင် သက္ကတကျမ်း များစွာကို မြန်မာပြန်ဆိုခဲ့သော မောင်းထောင် သာသနာပိုင် ဆရာတော်၊
  5. ယင်းခေတ် ပါဠိဘာသာ မြန်မာဘာသာကျမ်းများစွာကို ပြုခဲ့သဖြင့် (ဗုဓ်အစ-ဗုဓ်အလယ်-ဗုဓ် အဆုံး)ဟု တစ်သာသနာလုံး ချီးကျူးခြင်းခံရသော ဆရာတော်ဦးဗုဓ်
  6. အင်္ဂလိပ်ခေတ် ဒီပနီကျမ်းများစွာကို ပြုခဲ့ရာ ပရမတ္ထဒီပနီကျမ်းကို ပြုရာ၌ ဋီကာကျော်ဝယ် အချက်ပေါင်းများစွာကို ပယ်ထားသဖြင့် ဋီကာကျော်ကို ပယ်ရာသလောဟု တစ်သာသနာလုံး တုန်လှုပ် ချောက်ချားသွားသော လယ်တီဆရာတော်ဟူ၍ ပုဂ္ဂိုလ်ကြီး ခြောက်ဦးတို့ဖြစ်သည်။

ယင်း ပုဂ္ဂိုလ်ကြီးတို့ကား ဗုဒ္ဓသာသနာဝယ် ရခဲပေါ်ပေါက်ခဲ့သဖြင့် သမိုင်းမော်ကွန်းဝင် ပုဂ္ဂိုလ်များတွင် အလွန်ထူးခြားသော သမိုင်း မော်ကွန်းဝင်တို့ဖြစ်သည်။ ယင်းအင်္ဂလိပ်ခေတ်မှာပင် ခုနစ်ဦးမြောက် ရှင်အာဒိစ္စဝံသပင်ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)